ကျော်မောင် (တိုင်းတာရေး) ● တွက်စက်သုံးသည့် စာသင်ကျောင်းများ

ကျော်မောင် (တိုင်းတာရေး) ● တွက်စက်သုံးသည့် စာသင်ကျောင်းများ
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၈

လူတွင်ရှိသော လက်ချောင်းများသည် ရေတွက်ရာတွင် အသုံးဝင်သည်။ လက်ချောင်းဆယ်ချောင်းကို အသုံးပြုကာ တစ်မှ တစ်ရာအထိ ရေတွက်နိုင်ပါသည်။ အခြေခံ အပေါင်းအနုတ်တွက်ချက်ရာတွင် လက်ချောင်းဆယ်ချောင်းသုံးကာ အသုံးပြုနိုင် သည်။ ပမာဆိုရသော် လက်ဆယ်ချောင်းထောင်၊ ငါးချောင်းကိုနုတ်၊ ဘယ်လောက်ကျန်မည်နည်းဟူသော အမေးပုစ္ဆာမျိုး အတွက် အသုံးဝင်သည်။ နှစ်ဆယ်ထဲက ငါးကိုနုတ် ဘယ်လောက်ရလဲဟုမေးသောအခါ လက်ချောင်းဆယ်ချောင်းအပြင် ခြေချောင်းဆယ်ချောင်းကို ထောင်ကြရသည်။ လူတို့တွင် ရှိသော လက်ချောင်း ခြေချောင်းများသည် ရိုးရိုးတွက်ချက်ရာတွင် အသုံးပြုနိုင်သော တွက်ချက်ရေးကိရိယာဟု မှတ်ယူနိုင်ပါသည်။

ငွေရေးကြေးရေးနှင့်ပတ်သက်၍ စိစိစစ်စစ်ရှိသူ တွက်ကပ်သူကို ပေသီးတော်တော်ခေါက်တဲ့လူဟု ပြောကြဆိုကြသည်။ ပေသီး (abacus)ဖြင့် တွက်ချက်ခြင်းကို စိတ်ဝင်စားသောကြောင့် လေ့လာခဲ့ဖူးသည်။ မတတ်မြောက်ခဲ့။ ပေသီးသည်လည်း ရှေးဦးကာလမှသည် ယခုအထိ တစ်ချို့နေရာများတွင် အသုံးပြုလျက်ရှိနေသေးသော အတွက်အချက်ကိရိယာ တစ်ခုဖြစ်ပေ သည်။

စက်မှုကျောင်းသားဟောင်းကြီးတစ်ဦးက သူ စက်မှုတက္ကသိုလ်တက်စဉ်တွင်အသုံးပြုခဲ့သော slide rule ဆိုသည်ကိုပြပြီး ဒါ slide rule ပဲကွဟု ပြောသောကြောင့် မြင်ဖူးခဲ့သည်။ သူက သုံးနည်းကိုပြသည်။ သင်ယူချိန်တွင် စိတ်မပါသောကြောင့် နား လည်သလိုလိုသာရှိပြီး သေသေချာချာနားလည်အောင် မကြိုးစားဖြစ်ခဲ့။ အပေါင်း အနုတ်အတွက် အသုံးပြုခြင်းမဟုတ်ဘဲ အမြှောက်၊ အစား၊ ထပ်ကိန်းများ၊ လော့ဂရစ်သမ်၊ ထြီဂိုနိုမေထြီများ တွက်ချက်ရာတွင် သုံးကြောင်း သိရသည်။

“အဲဒီတုန်းက ဘာကြောင့် ဂဏန်းပေါင်းစက်ကို မသုံးကြတာလဲ” ဟုမေးရာ “ဒို့တက္ကသိုလ်တက်တုန်းက အိတ်ဆောင်ဂဏန်း ပေါင်းစက်တွေက များများစားစားမပေါ်သေးဘူးကွ။ နောက်ပိုင်းရောက်လာတဲ့အခါ သုံးလိုက်ကြတာများ ဒီ slide rule ဆို တာ အခုလို အံဆွဲထဲမှာပဲ ထားလိုက်ရတဲ့အဖြစ်ရောက်သွားတယ်။ အီလက်ထရောနစ်ဂဏန်းပေါင်းစက်တွေက သယ်ရတာ လည်း ဝန်မလေး၊ တွက်တဲ့အခါ ဒီပစ္စည်းထက် မြန်ကလည်း မြန်နဲ့ဆိုတော့ သုံးကြတာပေါ့” ဟု ဖြေသည်။

စင်ကာပူနန်ယန်းတက္ကနော်လော်ဂျီတက္ကသိုလ်မှ ထုတ်ပြန်ထားသော “စာမေးပွဲခန်းမအတွင်း တွက်စက်များအသုံးပြုခြင်း ဆိုင်ရာ လိုက်နာရန်ညွှန်ကြားချက်” တွင် slide rule (slide ruler ဟု သုံးနှုန်းထားသည်) ကို အသုံးပြုနိုင်ကြောင်း ထည့်သွင်း ရေးသားထားသည်ကို တွေ့ရသည်။

ကလေးအရွယ်တုန်းက ပစ္စည်းတစ်ခုတွေ့သောအခါ ဘာပစ္စည်းလဲဟု လူကြီးတွေကို မေးခဲ့ဖူးသည်။ အဲဒါ ဂဏန်းပေါင်းစက်ဟု ဆိုသောအခါ ဂဏန်းတွေကို ပေါင်းပဲ ပေါင်းနိုင်တာလားဟု ပြန်နောက်ခဲ့ဖူးသည်။ ထိုအခါ တွက်စက်လို့လည်း ခေါ်တယ်ဟု ပြောသည်ကို သဘောကျပြီး တွက်စက်ဟုသာ ညွှန်းဆိုသုံးစွဲခဲ့ပါသည်။ တွက်စက်ဆိုသည် ပေါင်းနုတ်မြှောက်စား လုပ်ခြင်း ဖြစ်ပြီး အတန်းကျောင်းများနှင့်မဆိုင်၊ အင်ဂျင်နီယာကျောင်းသူကျောင်းသားများ၊ စာရင်းကိုင်များ၊ ဈေးရောင်းသူများ၊ ကုန်သည်များနှင့်သာဆိုင်သည်ဟု အမှတ်မှားခဲ့ပါသည်။ အိမ်တွင်သုံးသော ရိုးရိုးတွက်စက်ကိုယူပြီး သချာင်္ပုစ္ဆာများတွက်ရာ တွင် အဖြေမှန် မမှန် တိုက်ခြင်းမျိုးလောက်တွင်သာ အသုံးပြုခဲ့ပါသည်။

နယ်မြို့သို့ အလည်အပတ်ရောက်သည့်အခါ သချာင်္တော်ကြောင်း ကြွားဝါပြသသည့်အနေဖြင့် လူကြီးတစ်ယောက်ကို တွက် စက်ကိုင်စေကာ ဂဏန်းများကို ခု ဆယ် ရာ ထောင် အထိ စိတ်တွက်ဖြင့်ပေါင်းပြ၏။ တွက်စက်ဖြင့် တွက်နေသော အဖြေနှင့် ပြန်တိုက်ပြီး အဖြေမှန်ရသည်ကိုတွေ့သည့်အခါ နယ်ခံများကြား မော်ကြွားခဲ့ဖူးပေသည်။

ရွှေပြည်ကြီးရှိ စာသင်ကျောင်းများတွင် တက္ကသိုလ်ဝင်တန်းဟုခေါ်သော အထက်တန်းပြီးသည်အထိ တွက်စက်ဖြင့်တွက်သည့် သင်ခန်းစာမရှိခဲ့။ စာသင်ကျောင်းများရှိ စာသင်ခန်းများထဲတွင် တွက်စက်မသုံးခဲ့ရ။ ယခုထက်တိုင်လည်း အသုံးပြုကြခြင်း၊ အသုံးပြုတတ်အောင် သင်ကြားပေးကြခြင်း ရှိနေသည်ဟု မကြားရသေး။

တက္ကသိုလ်ရောက်မှ ရိုးရိုးတွက်စက်မဟုတ်ဘဲ Scientific Calculator ဟုခေါ်သော အဆင့်မြင့်တွက်စက်ကို ပယ်ပယ် နယ်နယ် သုံးရခြင်းဖြစ်သည်။ ဆရာ ဆရာမတွေက သေသေချာချာသင်ပြကြသည်ကို ဂရုစိုက်နားထောင်ရ၊ ကိုယ်တိုင်တွက် ချက်ရ ပြုလုပ်ကြရသည်။ တတ်ကျွမ်းသူ သူငယ်ချင်းများထံ အပြေးကပ်ကာ ပညာယူရသည်။ သုံးစွဲနည်းစာအုပ်များ၊ လက်စွဲစာအုပ်များ၊ တွက်စက်ဝယ်ယူရာတွင် တပါတည်းပါလာသော သုံးစွဲသူလမ်းညွှန်များကို စုဆောင်းရှာဖွေကာ လိုက် ဖတ်ရသည်။ ဒီတွက်စက်က ဒီလုပ်ငန်းဆောင်တာကို မရ၊ သူ့ထက်ကောင်းတဲ့ နောက်ဆုံးပေါ်တွက်စက်မှ ဒီအတွက် အချက် ကို လုပ်နိုင်တာဟုဆိုလျှင် ထိုနောက်ဆုံးပေါ်တွက်စက်အား ရှာဝယ်ရသည်။ တွက်စက်မနှိပ်တတ်လျှင် ပုစ္ဆာဆက်တွက်လို့မရ။ ထိုကိရိယာကို သုံးတတ်အောင် လေ့လာရခြင်းဖြင့် အချိန်ကုန်လွန်ခဲ့ရသည်များ ရှိခဲ့ပေသည်။ ထိုအချိန်တုန်းကလည်း အတန်းကျောင်းတွေမှာ တွက်စက်သုံးနိုင်အောင် သင်ကြားပေးကြရင် ကောင်းမှာပဲဟူသောအတွေး မဝင်ခဲ့။

အကယ်၍ တွက်စက်များအား အတန်းကျောင်းများတွင် အသုံးပြုဖို့ သတ်မှတ်လိုက်ပါလျှင် ရွှေပြည်ကြီး၏ သချာင်္ဘာသာရပ် သင်ကြားမှုသည် အဘယ်မျှလောက် ရွေ့သွားနိုင်မည်လည်းဆိုသည်ကို ယခုအခါ စဉ်းစားကြည့်မိသည်။ ကျနော်တို့ နောက် ကျနေပြီလားဟုလည်း တွေးမိပါသည်။

စင်ကာပူတွင် ၂ဝဝ၈ ခုနှစ်မှ စတင်ကာ Primary 5 တွင် တွက်စက်အသုံးပြုခြင်းအား စတင်သင်ကြားစေခြင်းနှင့် ၂ဝဝ၉ ခုနှစ်တွင် Primary 6 ကျောင်းသူကျောင်းသားများအား တွက်စက်ပိုမိုအသုံးပြုတတ်အောင် သင်ပေးသော သင်ခန်းစာများ၊ တွက်စက်ဖြင့် တွက်ချက်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်ဖြစ်ကြောင်းဖတ်ရှုရသည်။

ထိုသို့ သုံးစွဲခွင့်ပြုနိုင်အောင် သင်ကြားခွင့်ပြုနိုင်အောင် ခွင့်မပြုမီအချိန်က Primary အဆင့်တွင် တွက်စက်သင်ဖို့ သုံးဖို့ လိုအပ် မလိုအပ်ခြင်းများနှင့်ပတ်သက်၍ တာဝန်ရှိသူအပိုင်း၊ မိဘအုပ်ထိန်းသူများအပိုင်းတွင် အကြိတ်အနယ်ပြောကြဆိုကြသည်များရှိခဲ့ကြောင်းလည်း လေ့လာရပါသည်။ တွက်စက်အသုံးပြုခွင့်ပေးလိုက်ခြင်းကြောင့် စာသင်သားတို့တွင် ဖြစ်ပေါ်လာ နိုင်သောအချက်များကို မိဘဆရာများတွေးပူကြလေ့ရှိသည်။ ဥပမာအားဖြင့် တွက်စက်သုံးခြင်းသည် ကိုယ်ပိုင်အရည်အသွေးအသုံးပြုခြင်းကို လျော့ကျသွားစေနိုင်သည်ဟူသောအချက်၊ တွေးခေါ်ခြင်းအလေ့ကို အားနည်းသွားစေနိုင်သည်ဆိုသည့်အချက်၊ စာသင်သားတိုင်း တွက်စက်ကို ဝယ်ယူအသုံးပြုနိုင်မည် မဟုတ်ဟု ထောက်ပြသောအချက် စသည်တို့ဖြစ်သည်။ အကျိုးနှင့် အပြစ်တို့တွင် အကျိုးများနိုင်ပါသည့်အကြောင်း ဆိုင်ရာပညာရှင်တို့မှ ထောက်ပြဆွေးနွေးထားသည်များရှိသည်။ ကျောင်းများတွင် အသုံးပြုနိုင်သော တွက်စက်အမျိုးအစားများအား ဖော်ပြညွှန်ကြားပေးသည်များလည်း ရှိပေသည်။

တွက်စက်နှင့်ပတ်သက်၍ စင်ကာပူမှ Secondary School ကျောင်းသားတစ်ဦး တွက်ချက်နေသော သချာင်္မေးခွန်းနှစ်ပုဒ်ကို ပြန်ပြောင်းမျှဝေပါမည်။

ပုစ္ဆာ (၁)  အောက်ပါတို့ကို ငယ်စဉ်ကြီးလိုက် စီပါရန်
0.6, -0.6, (-0.6)2, sqrt(0.6), 0.3

ပုစ္ဆာ (၂)  {(4.02)x (sqrt (24.96))} / {19.99}
(က) တွက်စက်မသုံးဘဲ အနီးစပ်ဆုံးအဖြေကို ခန့်မှန်းပါရန်
(ခ) တွက်စက်သုံးပြီး အဖြေကို ဒသမ သုံးနေရာအထိ ရေးပါရန်

ငယ်စဉ်ကြီးလိုက် စီခိုင်းသော ပုစ္ဆာကိုတွက်ရာတွင် တွက်စက်သုံးပြီး တွက်ခိုင်းခြင်းဖြစ်သည်။ တွက်စက်သုံးသောကြောင့် စာဖြေသူသည် ရလာသော ကိန်းများကို ငယ်စဉ်ကြီးလိုက် စီပြရုံသာဖြစ်သည်။ ပုစ္ဆာ (၂) တွင် တွက်စက်မသုံးဘဲ ခန့်မှန်းခြင်း၊ တွက်စက်သုံးပြီး တွက်ပြခိုင်းခြင်းဖြင့် တွက်ချက်မှုကို ကွန့်မြူးနိုင်ပေသည်။ ပုစ္ဆာတွင် (sqrt (24.96)) ဟုပါရှိရာ (sqrt (25)) = 5 ဟု နီးစပ်ယူတွက်နိုင်ခြင်းဖြင့် အဖြေကို တွက်ချက်ခန့်မှန်းနိုင်သည်။ သို့သော် တွက်စက်ဖြင့် တွက်ချက်ခြင်းဖြင့် တိကျ သောအဖြေကို ရယူနိုင်သည်။ ရရှိသောအဖြေနှစ်ခုကို နှိုင်းယှဉ်ခြင်းအားဖြင့် ပုစ္ဆာတွက်သူကျောင်းသားသည် တွက်စက်၏ သဘော တွက်စက်၏အသုံးကျပုံကို အလိုလိုသိရှိသွားနိုင်သည်။

လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲကြခြင်းများ၊ စက်မှုတော်လှန်ရေးဆိုသည်များအား ပြုလုပ်ခဲ့ကြ နှိုးဆော်ခဲ့ ကြသည်။ ကျနော်တို့ ရွှေပြည်ကြီးတွင်လည်း ကွန်ပျူတာတတ်မြောက်ရေး၊ အင်တာနက်အသုံးပြုနည်းများ တွင်ကျယ်ရေးများ နှင့်အပြိုင် တွက်စက်အသုံးပြုတွက်ချက်ရေးအား စာသင်ကျောင်းများတွင် သင့်တော်သောအရွယ်မှ စတင်ပေးခြင်းဖြင့် မြန်မာများ၏ ရှိပြီးသားဖြစ်သော သချာင်္စွမ်းရည်ကို ထပ်ဆင့်မြှင့်တင်သင့်ပေသည်။

တွက်စက်သည် သချာင်္ဘာသာရပ်တခုတည်းနှင့် သီးသန့်သက်ဆိုင်သည်သာ မဟုတ်ဘဲ တွက်ချက်ရသော တခြားဘာသာရပ် များ ဥပမာ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များနှင့်လည်း သက်ဆိုင်ပါသည်။ ဘောဂဗေဒကဲ့သို့ ဘာသာရပ်မျိုးတွင်လည်း တွက်စက်ကို အသုံးပြုစေခြင်းဖြင့် စာရင်းအင်းပညာ အခြေခံတို့ကို သင်ကြားမှုပြုနိုင်ပါလိမ့်မည်။

လေ့လာမိသော တစ်ခုမှာ ယခုကာလ ကလေးသူငယ်များ လူငယ်လူရွယ်များသည် စူးစမ်းလိုစိတ်ပိုမိုများပြားလာခြင်းဖြစ် သည်။ ပမာပြရသော် လက်ကိုင်ဖုန်းတစ်ခုကို သူတို့အားပေးကာ သုံးခိုင်းကြည့်ပါလျှင် နာရီပိုင်းအတွင်းတွင် ထိုဖုန်းရှိ လုပ် ငန်းဆောင်တာများအား လက်ရှိ သာမန်အသုံးပြုသူထက် သာအောင် ကလိနိုင်ကြသည်ကို တွေ့ရလေသည်။ တွက်စက်ဆို သောကိရိယာကိုလည်း သူတို့အား အသုံးပြုခွင့်၊ စိတ်ရှိလက်ရှိ ကလိခွင့်ပေးလိုက်ပါလျှင် အကျိုးများပေလိမ့်မည်။ စနစ်တကျ သင်ကြားပြသသော ဆရာ ဆရာမများမှ အနည်းငယ် ဖေးမပေးဖို့သာ လိုပါသည်။

စာသင်သား လူငယ်မောင်မယ်များ တွက်စက်သုံးခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးအချို့ကို စာတမ်းအချို့မှ ထုတ် နုတ်ဖော်ပြရသော် ...
- တွက်စက်များသည် သင်ကြားရေး အထောက်အကူပြုကိရိယာဖြစ်ခြင်း။
- ကိန်းဂဏန်းများအားဖော်ပြရာတွင် ဥပမာပြပုစ္ဆာများပုံစံဖြင့် ဖန်တီးထားသည်မှ လက်တွေ့နယ်ပယ်များတွင် အသုံးပြုလျက် ရှိသော ကိန်းဂဏန်းများသို့ ပြောင်းလဲကာ ပုစ္ဆာဖန်တီးနိုင်ခြင်း။
- အချိန်ကုန် သက်သာစေခြင်း၊ ထပ်တလဲလဲတွက်ချက်ခြင်းကြောင့် ငြီးငွေ့လာမှု မဖြစ်ပေါ်တော့ခြင်း။
- အတန်းမြင့်လာလေလေ တွက်စက်များရှိ လုပ်ငန်းဆောင်တာများအား ပိုမိုအသုံးပြုလာနိုင်စေသော သင်ကြားမှုများအား ချဲ့ထွင်နိုင်စေခြင်း။
- တွက်ပုံတွက်နည်းများ၊ စဉ်းစားပုံ စဉ်းစားနည်းများအတွက် အချိန်ပိုပေးနိုင်ခြင်း စသည်တို့ဖြစ်ပါသည်။

တွက်စက်များ အသုံးပြုကြခြင်းဖြင့် အတွက်အချက်ပညာအား အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်သောအခါ အဆင့်မြင့်မြင့် ရင် ဘောင်တန်းနိုင်ရန် ကျနော်တို့ ဆောင်ရွက်ကြဖို့ လိုနေပြီဖြစ်ပါကြောင်း တွက်သည့်စက်များ အသုံးကျနိုင်စေရေးအတွက် ရည်ရွယ်ကာ ရေးသားလိုက်ရပါသည်။

တွက်စက်သုံးသည့် စာသင်ကျောင်းများ လျင်မြန်စွာ ပေါ်ထွန်းလာဖို့ မျှော်လင့်မိပါကြောင်း။

Comments