မြတ်စံ - "တခုသော ထောင်သင်္ကြန်"


မြတ်စံ - "တခုသော ထောင်သင်္ကြန်"
(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၈

စိတ်အစဉ်ထဲမှာ မှတ်မိနေတဲ့ပုံရိပ်များစွာထဲမှ ဆယ်စုနှစ်ကျော်မျှ အချိန်ကာလအတွင်း ရပ်ဝန်းတစ်ခုထဲမှာ အတူတူနေထိုင်ခဲ့ဖူးသော ဆရာဦးဌေးလှိုင်@ဆရာဌေး @Htay Hlaing ရေးထားတဲ့ ထောင်သင်္ကြန် Postလေးကိုဖတ်မိရင်း…… ဖြတ်ကနဲ ဖြတ်ကနဲပြန်မှတ်မိနေတဲ့ ပုံရိပ်များမှာ အထူးတလည် ပြန်လည်စဉ်းစားစရာ မလိုတော့တဲ့ Recall ပုံရိပ်များပင်ဖြစ်တယ်…။ ဘာပဲပြောပြော ဒါမျိုးတွေကို ပြန်ဖတ်မိ ပြန်မြင်ယောင်မိရင် ငယ်ငယ်တုန်းက ရည်းစားဦးကို လွမ်းတာထက်တောင် ပိုသေးသဗျ…။

 မယုံမရှိနဲ့ဗျ…ခေတ်ဆိုး ခေတ်ကျပ်ကာလကြီးထဲကမှ ဖိနှိပ်မှုအပေါင်းသရဖူဆောင်းထားတဲ့ အကျဉ်းထောင်ထဲမှာ နေထိုင်အသက်ရှင်ခဲ့ရတဲ့ အကျဉ်းသားအားလုံးဟာလည်း လူတွေပါပဲ။ လူတစ်ယောက်အနေနဲ့ လူသားဆန်ဆန် ကိုယ်ရဲ့ပျော်ရွှင်မှုကို လုပ်ယူနေထိုင်ခဲ့ရတာဟာလည်း သဘာဝကျတဲ့ဖြစ်စဉ်တစ်ခုပါ။ ဒုက္ခပင်လယ်ထဲ ကူးခတ်ရင်ဆိုင်နေရချိန်မှာ အာဘောင်အာရင်းသန်သန် ပြောဆိုကြွေးကြော်ခဲ့သူတွေဟာ သူတို့ကိုယ်သူတို့ သမုဒ္ဒရာကြီးကို လက်ပစ်ကူတော့မယ့်ဟန်မျိုးနဲ့ အဲ့ဒီလိုအချိန်ကာလရက်မျိုးမှာ အပျော်ရှာစရာမလိုဘူးလို့ပြောပြီး နေကြတယ်။ မာတယ်ပေါ့ဗျာ…ညဖက်အိပ်တော့မှ တိတ်တိတ်လေး ကြိတ်ငိုကြွေးနေတာလည်းတွေ့ခဲ့ဖူးပါတယ်။

အခါကြီး ရက်ကြီးများပြီးလို့ နိုင်ငံတော် လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်များလွတ်မလားဆိုပြီး မျှော်တလင့်လင့်နဲ့ပေါ့…။ နောက်တော့မှ အာဏာရှင်အစိုးရကလည်း မည်ကာမတ္တလေး အလွှတ်ပြပြီး နိတ္ထိတံသွားတော့ နောက်တနှစ်ကိုစောင့်ရင်း ခဲလေသမျှ ပဲရေပွဖြစ်ကြပြန်တယ်။ အဲ့ဒီသူတွေက အခုများကျတော့လည်း သူတို့ကပဲ တောင်းယူ တိုက်ယူပြီး ဘယ်လိုတွေအနစ်နာခံခဲ့လို့ အခွင့်အရေးတွေကို ဘယ်လိုထိန်းသိမ်းဆောင်ရွက်နေကြောင်းပြောနေပြန်ရေည ...။

 ကျနော်တို့တွေကတော့ နေထိုင်ရှင်သန်မှုရှင်းပါတယ်…ကိုယ်လုပ်သင့်တဲ့အထဲက လုပ်နိုင်တဲ့အရာကို လုပ်ခဲ့ပြီးလို့ ကိုယ့်ကိုကိုယ်ကျေနပ်ဖို့အရေးကြီးတယ်။ ဖမ်းခြင်း။ ထောင်ချခြင်း။ ပြန်လွှတ်ပေးခြင်းတို့ဟာ သူတို့ (စစ်ထောက်လှမ်းရေး။ သတင်းတပ်ဖွဲ့နဲ့ ဖမ်းဆီးခဲ့သူတွေရဲ့) အလုပ်။ ကိုယ့်အနေနဲ့ နေထိုင်ရှင်သန်နေရစဉ် ကာလအတွင်းမှာ " သမုဒ္ဒရာ ပင်လယ်ကြီးထဲ ရောက်နေချိန်မှာ ရေကူးတတ်လို့ဆိုပြီး လက်ပစ်တွေကူးနေရင်တော့ ခြေကုန်လက်ပန်းကျပြီး သေဖွယ်ရာပဲရှိတယ်။ ရေကူးတတ်ဖို့ထက် ကိုယ်ဖော့တတ်ဖို့ အရေးကြီးတယ် " ဆိုတဲ့ သဘောတရားအတိုင်း စိတ်နဲ့ရုပ်ခန္ဓာကို သဟဇာတဖြစ်အောင် နေထိုင်ခဲ့တယ်။
အော်…ဆရာဌေး ရဲ့Post ကို ဖတ်မိရင်း ဖြတ်ကနဲပေါ်လာတဲ့အတွေးတွေဟာလည်း လွန်ခဲ့တဲ့ အနှစ် ၃၀ ကို တန်းကနဲရောက်သွားပါလား။

အစဉ်အမြဲမေတ္တာများဖြင့်
ကိုမြတ်စံ (10/4/2018)3pm
……………………………………………

လေပြေအေး -  ထောင်သင်္ကြန်
တောင်ငူထောင်ပေါ့ဗျာ ။ ထောင်ဝင်စာလာတဲ့အခါ အိမ်က ထောင်မှာအပ်သွားတဲ့ ငွေစလေးတွေ စုစုထားပြီး သင်္ကြန်မတိုင်ခင်လေး ထန်းလျက်တို့ သာကူ သကြားအုန်းသီး စတဲ့ စတုဒီသာအမယ်လေးတွေ ထောင်ကို ဝယ်ခိုင်းလို့ရတယ်။ တစ်ရက်တော့ ကိုယ်ပိုင်အလှူ အမြဲဖြစ်ခဲ့တယ်။ ထောင်က အိုးငှားပေးတယ်။ ထောင်အရာရှိများကလည်း လိုတဲ့ဘက်က ဖြည့်ဆည်းကြတယ်။ အဲ ... ချက်ပြုတ်စရာ လောင်စာကတော့ နိုင်ကျဉ်းတို့ တီထွင်ထားတဲ့ ထမင်းခြောက်ပုံပေါ်ကို ပလပ်စတစ်ကို မီးတိုက်အရည်ဖျော် အစက်ချ မီးဆွစေတာပါပဲ။ ပလပ်စတစ်အညှော်ကတော့အတော့်ကို ဒုက္ခအပေးဆုံးပါ။ ပလပ်သတစ်မီးစွဲရာက ထွက်လာတဲ့မှိုင်းက အဆုပ်ကိုအဓိက ဒုက္ခအပေးဆုံးပါပဲ။ သို့သော် ဤနည်းကလွဲ့လို့ အခြားမရှိ။ နေ့စဉ်ထောင်တွင်း ချက်ပြုတ်စားသောက်သည့်
ချက်ပြုတ်ခြင်းသည်လည်း ဤနည်းဖြင့်သာ။

အခြားသောနိုင်ကျဉ်း ဤသို့နှယ် လှူကြ။ ဒါန်းကြ။ ရပ်ကွက်လမ်းထဲလိုပါပဲ။ နိုင်ကျဉ်းတိုက် ၄ တိုက်ကို တစ်တိုက် တစ်ရက် လှည့်လည် ပရိတ်ရွတ်ကြတယ်။ ထောင်ဝန်ထမ်းတွေပါ ပါဝင်ခဲ့ကြတယ်။ ဓမ္မဝန္နံအလုပ်တွေ ဆွေးနွေဖြစ်ကြတယ်။ ရိုးရိုးအကျဉ်းသားတွေက လက်တကမ်းမှာရှိနေတဲ့
ခွက်တွေ ပလုံးတွေ တီးပြီး ကသူက က၊ ဆိုသူက ဆိုကြပြီး၊ ထောင်ပတ်ခါ မဟာသင်္ကြန်ကို ဆင်နွှဲကြပါတယ်။

 ထောင်အပြင်ဘက်မှာလည်း လော်စပီကာတညံညံနဲ့ ရေပက်ခံသူတိုကလည်း တညံညံ။ မွန်းလွဲ ၂ နာရီ ထောင်ပြန်ဖွင့်ချိန်မှာ ၄ တိုက်ကို မြို့တော်ခန်းမအဖြစ် သတ်မှတ်ပြီး မြို့တော်ဝန် ဦးမျိုးမြင့် (၈၈ သာယာဝတီ သပိတ်ခေါင်းဆောင်) က ဝန်ထမ်းရဲ့မိုးကာကို ရွှေစက္ကူအပိုင်းအစများ ကပ်လျက်
မြို့တော်ဝန်ဝတ်ရုံအဖြစ် ဖန်တီးဝတ်ဆင်ကာ ထောင်ဝင်စာက ကြွပ်ကြွပ်အိတ်များကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ခါ ဆက်ချည်နှောင်ထားသောကြိုးကို သံချေးတက်သံပြားကို သွေးထားသော ကြက်သွန်လှီးနေကျ ဓါးဖြင့်ဖြတ်လို့ ဖွင့်လှစ်လိုက်သည်နဲ့တပြိုင်နက်တည်း ရွှေသံစဉ် ကိုဝင်းမော်ရဲ့ ထောင်တွင်းဂီတသင်တန်းသားများရဲ့ ZODIAC တေးဂီတဝိုင်းရဲ့ သံစဉ်တေးသွားများ ပျံလွင့်လာပါတော့တယ်။ တချိန်တည်းမှာပဲ အတာသင်္ကြန်ပွဲနွှဲလာသူ အကျဉ်းသားအပေါင်းကို ၄တိုက် ချိုးရေကန်အတွင်းမှ ရေများကို အပေါ်သို့ မြောက်ပင့် ပက်ဖျန်းစေခြင်းဖြင့် ရေပန်း ပြုလုပ်၍ အတာရေ စတင်သွန်းလောင်းကြလေသည်။ ဂီတစာဆို ဘဂဝါအရှင်ဇဝနရဲ့ စားသာများကို ဂီတမှူး ကိုဝင်းမော်ရဲ့ သံစဉ်များဖြင့် စပ်ပေးလိုက်သောသီချင်းများကို အဆိုတော်များဖြစ်ကြကုန်သော ကိုအောင်ခိုင်မင်း (96)၊ ဦးအေးဆွေ(9999 ပဲခူး)၊ ကိုမြတ်စံ (သုံးရောင်ခြယ်)၊ အဆိုတော်များနဲ့အတူ မိုးမခ (တောင်ငူ)၊ အောင်ကျော်မိုး (96)၊ ညှပ်ကြီး (စက်မှုကျောင်းသား/ပြည်) ၊ စောမြင့်နိုင် (9999/ ဗဂိုး) စတဲ့ ဂီတပညာရှင်များရဲ့ ရဲရဲတောက်တေးသွားများဖြင့် အတာကူးရင်း ...
လေပြေအေး
(သတိရသလောက်လွမ်းလိုက်တယ်ထောင်သင်္ကြန်ရေ)

Comments