လှကျော်ဇော ● သမိုင်းသင်ခန်းစာတရပ်

လှကျော်ဇော ● သမိုင်းသင်ခန်းစာတရပ်
(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၈

ကျွန်မ အခုတလောဖတ်ရတဲ့စာအုပ်တအုပ်ထဲက အကြောင်းအရာတရပ်ကို သမိုင်းသင်ခန်းစာတရပ်အဖြစ် တင်ပြချင်ပါ တယ်။ ၁၉၈၈ ခုနှစ် ၈ လေးလုံးကာလအတွင်းက ပေါ်ထွက်လာတယ်ဆိုတဲ့ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးရဲ့ အိတ်ဖွင့် ပေးစာများအကြောင်းပါ။ အထူးသဖြင့် ၄၁ မျက်နှာပါ စာတန်းထဲကအဖြစ်အပျက်အချို့ကို ထုတ်နုတ်ပြောပြချင်တာပါ။

သမိုင်းမှာမြှုပ်နေတဲ့အချက်တွေပေါ်လာပြီး ဆက်စပ်တွေးတော ဆင်ခြင်ကြည့်ရင် တချို့နိုင်ငံရေးသမားများရဲ့ မရိုးသားတဲ့ လုပ်ဟန်တွေကို တွေ့နိုင်ပါတယ်။ သူတို့စစ်အုပ်စုအဆက်ဆက် လျှာတွေ့အာတွေ့သုံးတတ်လေ့ရှိတဲ့ နိုင်ငံတော်အာဏာကို ဖြတ်လမ်းကရရှိအောင်လုပ်သူများရဲ့လုပ်ဟန်တွေပေါ့။ သူတို့တတွေ ဘာကြောင့် ဒီစကားကြိုက်ရသလဲဆိုတာလည်း နားလည်လိုက်မိပါတယ်။ ကိုယ်စိတ်နဲ့နှိုင်း မရိုင်း ဆိုမဟုတ်လား။

ဒါ့အပြင် ဗမာပြည်ကြီးဘယ်သူတွေကြောင့် ဒီလောက်ကံဆိုးမိုးမှောင်ကျခဲ့သလဲဆိုတာလည်း ပေါ်လွင်လာပါတယ်။ သူတို့တ တွေ ဗိုလ်နေဝင်းကိုဗမာပြည်နိုင်ငံရေးရှေ့မျက်နှာစာရောက်အောင် ဘယ်လိုလုပ်ပေးခဲ့ရတယ်ဆိုတာမျိုးပေါ့။ ဒီနေရာမှာ သမိုင်းနောက်ခံလေးကို အရင်နဲနဲပြောပြချင်ပါတယ်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးကိုဆင်နွှဲနေတဲ့ ဗမာ့မျိုးချစ်တပ်မတော်က ရန်ကုန်မြို့ကို (၃ဝ၊ ၄၊ ၁၉၄၅) မှာ သိမ်းခဲ့ပါတယ်။ (တကယ်တော့ ဂျပန်ကဆုတ်သွားပါပြီ။ ဘာတိုက်ပွဲမှလည်း မဖြစ်လိုက်ရပါဘူး။) (၃၊ ၅၊ ၁၉၄၅) မှာ မဟာမိတ်တပ်တွေ ရန် ကုန်ကို ရောက်ပါတယ်။ (၇၊ ၅၊ ၁၉၄၅) နေ့မှာ ဗမာ့မျိုးချစ်တပ်မတော်မှ ဗိုလ်မှူးကြီးနေဝင်းက စစ်ဦးစီးမှူးကြီးဆိုတဲ့ အမည်နဲ့ ဗမာ့တပ်မတော်က ရန်ကုန်ကိုသိမ်းလိုက်ပြီဆိုတဲ့ အသံလွှင့်မိန့်ခွန်းကို လွှင့်လိုက်ပါတယ်။ ဗမာ့တပ်မတော်က ဘယ်လောက် ဆင်းရဲအပင်ပန်းခံပြီး ဂျပန်ကို ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရကြောင်း အစချီပြီး ပြည်သူလူထုကြီးတရပ်လုံးက တပ်မတော်ကိုဝိုင်း ဝန်းကူညီထောက်ပံဖို့ တောင်းဆိုထားတာပါ။

အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းကမိတ္ထီလာမှာ ဗိုလ်ချုပ်ဆလင်းနဲ့ ဆွေးနွေးဖို့ရောက်နေပြီး၊ ဒီကိစ္စတွေ ဘာမှမသိပါဘူး။ ဒီတော့ ဗိုလ်ချုပ်ဆလင်းက ဗိုလ်ချုပ်အောင်ဆန်းကို မကျေမနပ် တိုင်ပါတယ်။ ဗိုလ်နေဝင်း အဲဒီတုန်းက စစ်ထောက်ချုပ်ပါ။(ထောက်ပံ့ရေးမှူး) စစ်ဦးစီးမှူးက ဗိုလ်ဇေယျပါ။ ဗိုလ်ချုပ်အောင်ဆန်းက ဒီကိစ္စ ရန်ကုန်ရောက်ရင်စုံစမ်းပြီး ကျုပ်အရေးယူ ပါ့မယ်လို့ ကတိပြုလိုက်ပါတယ်။

ဒါက သမိုင်းနောက်ခံဖြစ်ပြီး ဒီနေရာမှာ ဗိုလ်အောင်ကြီးရဲ့ ကယ်တင်ရှင်အခန်းပေါ်လာပါတယ်။ အဲဒီအသံလွှင့်ချက်ကို ဗိုလ် နေဝင်း၊ ဦးကျော်ငြိမ်း၊ ဗိုလ်အောင်ကြီး (၃) ယောက် တိုင်ပင်ရေးတာဖြစ်ကြောင်း၊ အသံလွှင့်တော့ မိမိ (ဗိုလ်အောင်ကြီး)အသံနဲ့လွှင့်တာဖြစ်ပြီး စစ်ထောက်ချုပ် (Quarter Master) အဖြစ်နဲ့ အသံလွှင့်ရင် လူရယ်စရာဖြစ်မှာစိုးလို့မိမိကပဲ စစ်ဦးစီး မှူးလို့ အမည်တပ်လိုက်တာဖြစ်ကြောင်း၊“တော်လှန်ရေးလုပ်နေတာပဲ၊ သူ ဒီရာထူး၊ ငါ ဒီရာထူးလုပ်နေလို့ ဘယ်ဖြစ်မလဲ” စသဖြင့် ဗိုလ်အောင်ကြီးက သူအဲဒီလိုအလျှောက်ကောင်းလို့ ဗိုလ်ချုပ်အောင်ဆန်းစိတ်ဆိုးပြေပြီး၊ ဗိုလ်နေဝင်းကို တပ်က မထွက်ခိုင်းတော့တာတဲ့။

ဒါတွေကတော့ ဗိုလ်အောင်ကြီးရဲ့ ၄၁ မျက်နှာပါ စာတန်းထဲက အချက်အလက်များပါ။ (တကယ်တော့ ဒီစာတန်းဟာ ဗိုလ် အောင်ကြီးက ဗိုလ်နေဝင်းကို မျက်ဖြေလင်္ကာတင်သွင်းတာပါ။)

အဲဒီကာလဖြစ်ရပ်များနဲ့ဆက်စပ်နေတဲ့ကိစ္စတချို့ဖေဖေရဲ့ရေးသားချက်တွေထဲမှာ သွားတွေ့ပါတယ်။ အဲတော့မှ အဖြစ်အ ပျက်တွေဟာ ဆက်စပ်မိသွားပါတော့တယ်။ ဖေဖေကတော့ ဗိုလ်အောင်ကြီးပြောတဲ့ကိစ္စတွေ သိဟန်မတူဘူး။

ဗိုလ်ချုပ်အောင်ဆန်းတို့က ဗိုလ်နေဝင်းကိုစစ်တပ်မှ ထုတ်ပစ်ဖို့စီစဉ်စိုင်းပြင်းခဲ့ခြင်း။ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ဆိုင်းစုမှ သည် မန်ဟိုင်းဆီသို့ ...၊ ယဉ်မျိုးစာပေ၊ နှာ ၄၂)

ကျွန်မ အတိုချုပ်ပဲ ရေးပါရစေတော့။ ဖေဖေကတော့ တော်တော်ပြည့်ပြည့်စုံစုံ ရေးထားပါတယ်။ တော်လှန်ရေးအပြီး ရန်ကုန်မှာ ခေါင်းဆောင်တွေစုံကြတော့၊ ဘာကိစ္စကြောင့်မှန်းတော့မသိ။ ဗိုလ်နေဝင်းကို ဗိုလ်ချုပ်အောင်ဆန်းက အတော် မကျေမနပ်ဖြစ်နေပြီး တပ်ကထုတ်ပစ်ဖို့ အထိလုပ်ခဲ့ကြတယ်။ ဒါပေမဲ့ မထုတ်ဖြစ်ခဲ့။ အကြောင်း (၂) ကြောင်းရှိပုံရ တယ်။ တကြောင်းကတော့ဗိုလ်နေဝင်းရဲ့အကင်းပါးပြီးကောက်ကျစ်လှည့်စားနိုင်မှု၊ ဘယ်အချိန်ဘယ်သူတွေနဲ့ပေါင်းပြီး ဘယ်သူ တွေနဲ့ခွာရမယ်။ ဘယ်သူတွေကို ကန်ထုတ်နင်းချေရမယ်ဆိုတာကို နားလည်ကျင့်သုံးတတ်မှုကြောင့်တကြောင်းလို့ ဖေဖေ က သုံးသပ်ထားပါတယ်။

ဥပမာတရပ်အဖြစ်နဲ့ ဖေဖေရေးထားတာကတော့ တော်လှန်ရေးအပြီး ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်ပြန်ရောက်တော့ နေစရာ မရှိ ကလေးတွေနဲ့ ဒုက္ခရောက်နေချိန်မှာ ဗိုလ်နေဝင်း သူဘယ်နည်းနဲ့ရထားမှန်းမသိတဲ့ (သူကိုယ်တိုင်လည်း နေထိုင်နေတဲ့)        တာဝါလိန်းကုန်းပေါ်ကအိမ်ကြီး (အခုပြတိုက်လုပ်ထား) ပေါ် ဗိုလ်ချုပ်တို့မိသားစုကို တင်ပေးလိုက်ပါတော့တယ်။ သူက ကုန်း အောက်ခြေကအိမ်မှာ ပြောင်းနေလိုက်ပါတယ်။ ဒီတင်ဗိုလ်ချုပ်အနေနဲ့ မိမိအပေါ်ဒီလောက်လေးစားရင် မိမိကိုင်တွယ်ပြုပြင်လို့ရနိုင်တယ်လို့ တွက်ဆသွားဟန်ရှိပါတယ်တဲ့။

ဗိုလ်နေဝင်းကို တပ်ကထုတ်မပစ်လိုက်နိုင်တဲ့ နောက်တကြောင်းကတော့ အဲဒီကာလနိုင်ငံရေးအခြေအနေကြောင့်ပါ။ ထိုအ ချိန်ဖဆပလအဖွဲ့ချုပ်ကြီးထဲ နိုင်ငံရေးသမားဟောင်း လက်ယာသမားများဝင်လာကြလို့ လွတ်လပ်ရေးတိုက်ပွဲအတွက် အ ခက်အခဲတွေရှိနိုင်တယ်။ တော်လှန်ရေးထဲကလာကြသူ လူငယ်များအချင်းချင်းကြား ညီညွတ်မှဖြစ်မယ်လို့ ဗိုလ်ချုပ်က တွက် ဆခဲ့တယ်တဲ့။ ဖေဖေကိုလည်း ဒီသဘောထားအတိုင်းထားဖို့ ပြောခဲ့တယ်တဲ့။

ဒါတွေကတော့ တော်လှန်ရေးများအတွင်း အချောင်သမားများ ဘယ်လိုဝင်ရောက်နေရာယူတတ်တယ်ဆိုတာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတဲ့ဖြစ်စဉ်တရပ်ပါ။ ပည်သူလူထုကြီးတရပ်လုံး သတိဝိရီယထားပြီး တော်လှန်ရေးတရပ် (သို့မဟုတ်) အ ရေး တော်ပုံတရပ်အတွင်း သဏ္ဌာန်မျိုးစုံနဲ့ပေါ်တတ်တဲ့အချောင်သမားများကို သတိထားကြပါလို့ သတိပေးချင်ပါတယ်။ ဒီလို အချိန်မှာ ဘုံပျောက်ကိန်းဆိုက်နိုင်သူများက ဘယ်တော့မှငြိမ်ခံနေမှာမဟုတ်ဘူး။ နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနိုင်တယ်ဆိုတာ ကို သတိရှိကြပါ။

လှကျော်ဇော
၃၊ ၄၊ ၂ဝ၁၈

Comments