
မိုနေးသစ် ● တော
(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၈
(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၈
ကားမီးရောင်ကြောင့် မျက်လုံးတွေ ခဏတာ ပြာဝေသွားခဲ့တယ်။ အဝေးညရှုခင်းတွေကို ငေးနေမိနေချိန် အဝေးပြေးကား လမ်းမဖက်က ကားတစ်စီးမောင်းနှင်လာတာကြောင့် အတွေးများပြတ်တောက်သွားခဲ့ပါတယ်။ ကိုယ့်မွေးရပ်မြေကိုပြန်လာရ တယ်ဆိုတော့ ရင်ထဲမှာလှပ်ကနဲဖြစ်ပြီး အတိတ်ကိုပြန်လည်တွေးမိကာ ရင်ခုန်နေခြင်းလည်း ဖြစ်ပါတယ်။ ကွေ့ကောက်နေတဲ့ အတက်အဆင်းများတဲ့ တာလမ်းမဖက်ကို ကလေးဘဝ ညညတွေမှာ ဝရန်တာဖက်ထွက်ရင်း စောင့်ကြည့်ခဲ့ပါတယ်။ နေ့ရော ညပါ အီဇူးဇူးကား အဝါကြီးတွေက သစ်လုံးတွေသယ်ဆောင်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ ရွာအနောက်ဖက်ကပ်ရက်မှာ တောအုပ်တွေရှိခဲ့ပါတယ်။ ကျွန်းပင်တွေ လက်ညှိုး ထိုးမလွဲရှိနေပါတယ်။ အများအားဖြင့် သက်တမ်းရင့်အပင်ကြီးတွေဖြစ်ပါတယ်။သစ်တောကြိုးဝိုင်းတွေထဲကနေ သက်တမ်းရင့်ကျွန်းပင်အကြီးကြီးတွေကို သယ်ဆောင်နေခြင်းလည်းဖြစ်ပါတယ်။
တန်ဖိုးရှိလှတဲ့သစ်တောတွေ ကျနော်တို့ရွာကလေးရဲ့အနောက်ဖက်မှာတည်ရှိခဲ့ပါတယ်။ ငယ်ငယ်က အမေနဲ့တောထဲထင်း ခုတ်ထင်းခွေခဏခဏလိုက်ဖူးတော့ သစ်ပင်ကြီးကြီးမားမားတွေနဲ့ စုံလင်လှတဲ့တောအုပ်ကြီးတွေရှိခဲ့တယ်ဆိုတာ သိခဲ့ရပါ တယ်။ အိမ်မပြန်ဖြစ်တာကြာတော့ ရွာအနောက်ဖက်ကတောအုပ်တွေ ခုထိကျန်နေသေးလား သေချာမသိတော့ပါ။ ကျနော်တို့ငယ်ငယ်က ကျွန်းတောကြီးတွေရော ခုထိရှိနေသေးလားမသိတော့ပါ။
ကျနော်တို့ရွာကလေးက တောင်ကျချောင်းနှစ်ခုကြားထဲမယ် ရှိနေတာပါ။ ဘယ်ရာသီမဆို ဖြတ်သန်းစီးဆင်းနေတဲ့ချောင်းတွေလည်း ဖြစ်ပါတယ်။ မိုးရာသီဆိုရင်တော့ ကမ်းလုံးပြည့် အရှိန်အဟုန်ပြင်းစွာ တဝေါဝေါစီးဆင်းပါတယ်။ နွေရာသီရောက်ပြီဆိုလျှင်တော့ ရေကြည်နေပြီး ရေထဲကကူးခတ်သွားလာနေတဲ့ငါးတွေကိုပါ ကြည့်နေမြင်နေရပါတယ်။ ရွာကလေးကို အလည်သွားတော့ အကိုတော်တစ်ယောက် အဲဒီချောင်းကလေးထဲ လက်ပစ်ကွန်တစ်ခုနဲ့ ထွက်သွားတယ်။ သူပြန်လာတော့ ပလိုင်းလေးထဲမှာ ဒီနေ့အတွက် ဟင်းစားငါးကလေးတွေပါတယ်။ အမြန်ရေဆေး ချီးဖောက်ပြီး ဟင်းတစ်ခွက်တည်ပါတော့တယ်။ ရွာကလေးရဲ့ဟင်းတစ်ခွက်အဖြစ်လည်း ချောင်းရိုးကလေးက အသင့်ရှိနေတတ်ပြန်ပါတယ်။ မိုးရာသီဆိုချောင်း ထဲမှာ သစ်လုံးတွေမျောပါလာတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ မတော်တဆဖြတ်ကူးရင်း နစ်မြုပ်သွားတဲ့ရွာသားတွေလည်း တစ်ယောက်စ နှစ်ယောက်စ ရှိခဲ့ဖူးပါတယ်။
ရွာက အမတော်ကလည်း အတော်လေး သဘောမနောကောင်းရှာပါတယ်။ အိမ်ဝင်းထဲစိုက်ထားတဲ့ ဟင်းခပေါင်းသီးတွေ ခူးတယ်။ ပဲသီးတွေခူးပြီးတော့ ဟင်းသီးဟင်းရွက်တွေနဲ့ ဖွယ်ဖွယ်ရာရာ ထမင်းမြိန်အောင် ချက်ကျွေးပါတော့တယ်။ ရွာမှာက ဟင်းတစ်ခွက်အတွက် ပိုက်ဆံကုန်စရာမလိုပါ။ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးထားကြရသည်။ ယုတ်စွအဆုံး ဧည့်သည်လာပါက အိမ်တွင်မွေးထားသောကြက်မကြီးရဲ့ ဥကျင်းထဲကနေ ကြက်ဥနှစ်လုံးသုံးလုံးလောက် သွားနှိုက်လိုက်တော့ ဟင်းကောင်းတစ်ခွက် ထွက်လာပါတယ်။ ဧည့်သည်လာပြီဆို သူ့ထက်ငါ အိမ်လည်ခေါ်တတ်တာ ထမင်းဟင်းတွေ ဖွယ်ဖွယ်ရာရာ ချက်ကျွေးတတ်တာက ကျနော်တို့ရွာဓလေ့ပါ။ သိသိ မသိသိ ခင်ခင် မခင်ခင် ဧည့်သည်ကို ထမင်းဖိတ်ကျွေးရတာကို ဂုဏ်ယူလေ့ရှိကြပါတယ်။
ငယ်ငယ်ကဆို ကျနော်တို့မိသားစုပိုင်ဆိုင်တဲ့ ရွာနားက ဥယျာဉ်ခြံထဲကို ငှက်ပျောဖက်တွေကိုမီးကင်ပြီး ထုပ်ထားတဲ့ထမင်း ထုပ်တွေနဲ့ မနက်စောစောကနေသွားကြပါတယ်။ ရန်ကုန်မြို့ကြီးမှာနေတဲ့သူတွေ ကန်တော်ကြီးတို့ အင်းယားကန်တို့ ပျော်ပွဲစားထွက်သလိုမျိုးပေါ့။ ကျနော်တို့ဥယျဉ်ထဲမှာ သရက်ပင်တွေ ငှက်ပျောပင်တွေ ပိန္နဲပင်တွေ သြဇာပင်တွေ မာလကာပင်တွေ၊ ဆူးပုတ်ပင်တွေ၊ နာနတ်ပင်တွေ၊ ချဉ်ပေါင်တွေ ဗူးတွေ ဖရုံတွေ စုံလင်လှအောင် စိုက်ပျိုးထားပါတယ်။ စမ်းချောင်းလေးတစ်ခုလည်း ဖြတ်စီးနေလို့ ရေအတွက်မပူပင်ရပါ။ ခြံထဲကအလုပ်တွေပေါင်းရှင်းတာ သစ်ပင်စိုက်တာတွေပြုလုပ်ပြီး အဖေကတော့ အဲဒီစမ်းချောင်းလေးထဲက ငါးပုစွန်တွေကို ဟင်းစားတစ်ခွက်လောက်ရအောင် လိုက်ဖမ်းတတ်ပါသေးတယ်။ အမေကတော့ အဲလိုအသက်သတ်တာကို အားမပေးပါ။ ဘုရားတရားမြဲသူမို့ ပါဏာတိပါတာလုပ်တာကို အမြဲကန့်ကွက်ခဲ့ပါတယ်။ ကျနော်တို့ကလေးတွေ အမေ့ရှေ့မှာ အဖေဖမ်းလာတဲ့ ငါးပုစွန်တွေကို လက်နဲ့ပင်မထိရဲပါ။ ဟင်းချက်ပြီး အဖေ့ ကိုပဲ ကျွေးပါသည်။ အမေ့ရဲ့စကားတစ်ခွန်းကတော့ ကလေးတွေကို အကုသိုလ်မပေးနဲ့ပဲ ဖြစ်ပါတယ်။
ဥယျာဉ်ထဲက ဟင်းသီးဟင်းရွက်တွေခူးရတာ စမ်းချောင်းထဲ ဆော့ကစားရတာတွေကို ကျနော်တို့ကလေးငယ်တွေ အရမ်းပျော်ရွှင်ရပါတယ်။ နေလေးနည်းနည်းမြင့်လာတော့ စမ်းချောင်းထဲ ရေချိုးကြပါတယ်။ ပြီးနောက် သရက်ပင်ကြီးအောက်မှာ ငှက်ပျောရွက်တွေခူးပြီး ခင်းပါတယ်။ ပါလာတဲ့ ငှက်ပျော်ရွက်ထုပ်ထမင်းတွေကို ကျနော်တို့မိသားစုချကာ ပျော်ရွှင်စွာ ဝိုင်း ဖွဲ့စားသောက်ကြပါတယ်။ ငှက်ပျောရွက်မီးကင်ထားတဲ့အနံ့လေးက သင်းသင်းမွှေးနေတာကြောင့် ကျနော်တို့ ထမင်း စားရတာပိုပြီးမြိန်လှပါတယ်။ ပြီးတော့ သရက်ပင်အောက်မှာပဲ ပါလာတဲ့ပုဆိုးလေးတွေဖြန့်ခင်းပြီး တရေးတမောအိပ်လိုက်ကြပါသေးတယ်။ ဥယျာဉ်ထဲမှာက ကျေးငှက်တို့ရဲ့အသံ လေတိုးသံနဲ့ စမ်းရေစီးသံကလွဲလို့ ဘာသံမှမကြားရပါ။ ငြိမ်းချမ်း တိတ်ဆိတ်လှပါတယ်။ ဥယျာဉ်တောင်ကုန်းထိပ်ကနေလှမ်းကြည့်လိုက်တော့ စိမ်းစိုနေတဲ့လယ်ကွင်းတွေ တစ်မျှော်တခေါ်တွေ့ရပါတယ်။ ထိုလယ်ကွင်းတွေရဲ့အဆုံးတစ်ဖက်မှာတော့ တသွင်သွင်စီးဆင်းနေတဲ့ ချည်ချောင်းကြီးရှိနေပါတယ်။ မိုးရာ သီမှာတော့ ရေစီးသန်ပြီးနွေရာသီနှင့် ဆောင်းရာသီဆိုလျှင် ရေနည်းပြီးရေမှာ အလွန်ကြည်လင်နေပါတယ်။ ရေအောက်ကကျောက်စရစ်ခဲလေးတွေရယ် သဲမှုန်လေးတွေရယ် ငါးကလေးတွေ ကူးခတ်နေတာမြင်ရသည်မှာ အလွန်ကြည့်ကောင်းလှပါ တယ်။ ကျနော်တို့ငယ်ငယ်က ချောင်းထဲရေသွားချိုးရတာကို အလွန်ပျော်ရွှင်ခဲ့ပါတယ်။ သဲအိမ်ကလေးတွေ ဆောက်တမ်း ကစားရင်းကျောက်ခဲလေးတွေ ဟိုပစ် ဒီပစ် လုပ်ရင်း ခရုလေးတွေလိုက်ကောက်ရင်း ကျနော်တို့ကလေးငယ်တွေ ပျော်ရွှင်ကြည်နူးမှုမှာ အတိုင်းမသိပါ။
အသက်နည်းနည်းရလာတော့ တောရှုခင်းလေးတွေ တောင်ရှုခင်းလေးတွေစိမ်းစိုနေတဲ့ လယ်ကွင်းလေးတွေကို ပိုချစ်တတ်လာခဲ့ပါတယ်။ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းလေးတွေကို ချစ်တတ်လာပါတယ်။ တောအုပ်တွေ တဖြည်းဖြည်းလျော့ နည်းလာတာကို စိုးရိမ်မိပါတယ်။ တောင်တွေ တောင်ကဂတုံးဖြစ်မှာကို စိုးရိမ်မိပါတယ်။ ဒါပေမယ့် အချိန်နဲ့ဖြစ်ပျက်မှုကို တားဆီးလို့မရနိုင်ပါ။ လူဦးရေတွေတိုးလာတယ် သစ်ပင်ခုတ်တဲ့အရေအတွက်တွေ များလာတယ်။ တောတွေ တစ်နေ့ထက်တစ်နေ့ ပြုန်းတီးလာပါတယ်။ သစ်ပင်စိုက်ဖို့ကျတော့ ဘယ်သူကမှ အထူးဂရုပြုအလေးမထားကြပါဘူး။ တစ်နေ့တစ်နေ့ ထင်းလှည်းတွေဖြတ်သန်းသွားနေတာ မြင်ရဖူးပါတယ်။ ဝါးဖောင်တွေ မျှောချသွားတာ မြင်ရဖူးပါတယ်။
ကိုယ်မှီခိုနေရတဲ့သဘာဝပတ်ဝန်းကျင်ကို ကိုယ်ကပြန်လည်စောင့်ရှောက်မှဖြစ်မယ်ဆိုတာ သတိတောင်မရကြပါဘူး။ ကျနော်တို့ မေ့လျော့ထားလို့မဖြစ်တဲ့နှစ်တွေ ဖြစ်လာနေပါပြီ။ သဘာဝပတ်ဝန်းကျင်အပြောင်းအလဲက ပိုမိုမြန်ဆန်လာပါပြီ။
အရင်တုန်းက ဆောင်းနွေမိုး ရာသီမရွေး ရေအိုင်တွေ မြောင်းတွေနဲ့ရှိနေတဲ့ ကျနော်နေထိုင်တဲ့အိမ်ကလေးမှာ ခုဆိုမိုးရာသီ တစ်ခုကလွဲရင် ရေလုံးဝမရှိတော့ပါ။ ကန်စွန်းပင် မြင်းခွာရွက် အစရှိတဲ့ အပင်ငယ်တွေ ရှင်သန်စိမ်းစိုနေကျ ရေမြောင်းလေးဟာ ခြောက်သွေ့ပတ်ကြားအက်တွေထလို့နေပါတယ်။ နွေရာသီဆို သစ်ရိပ်ဝါးရိပ်တွေ နည်းပါးလို့ အပူဒဏ်ကိုသိသိ သာသာခံနေကြရပါတယ်။
အိမ်ဘေးနားကကျွန်းပင်ကြီးလည်း ကျွန်းရွက်တွေနုနေတာ နှေးလိုက်တာလို့ ထင်မိပါတယ်။ နေပူလာတော့ သစ်ရိပ်ဝါးရိပ်တွေကို တောင့်တကြစမြဲပါ။ နွေရာသီတောဖက်သွားလျှင် သစ်တစ်ပင်ရဲ့အရိပ်က လွန်စွာမှအဖိုးတန်ကြောင်း သိလာပါလိမ့် မည်။ ကျေးငှက်တိရစ္ဆာန်တွေပင် ရေရှိရာသစ်ပင်တွေရှိရာကို ရေကြည်ရာမြက်နုရာ လိုက်ရှာနေကြပါတယ်။ သစ်တောသစ်ပင်ဆိုသည်မှာ တောတိရိစ္ဆာန်တို့ မှီခိုနေထိုင်ရာအိမ်ပဲဖြစ်ပါတယ်။ သစ်တောသစ်ပင်တွေရှင်သန်မှ သတ္တဝါတွေလည်း ရှင်သန်နေထိုင်နိုင်မှာပါ။ ဒါကြောင့် ဥတုရာသီ တောကိုမှီဆိုတဲ့ ဆိုရိုးစကားရှိနေတာဖြစ်မှာပါ။
အမေ့ရွာကလေးကို ကျောင်းပိတ်ရက် တစ်ခေါက်တော့ရောက်ဖြစ်ခဲ့ပါတယ်။ ပေါင်းမိုးတပ်နွားလှည်း လေးနဲ့ တစ်မိသားစုလုံးပျော်ပျော်ပါးပါး သွားခဲ့ကြတာပါ။ ချောင်းကလေးကိုဖြတ်တော့ နွားတွေရေဆာနေတာနဲ့ ခဏရပ်ပြီး နွားတွေရေသောက်နေ တာကို ခဏစောင့်ရပါတယ်။ ကျနော်တို့ဆီကနွားတွေကို မိမိရဲ့အသက်သခင်ကျေးဇူးရှင်တွေအဖြစ် တန်ဖိုးထားကြပါတယ်။ တိရစ္ဆာန်ဆိုပြီးတော့ မညှာမတာ မခိုင်းရက်ကြပါဘူး။ နှင်တံဆောင်ထားပေမယ့်လည်း ချော့မော့ပြီး ဖေ့သားကြီးရေ လုပ်လိုက်ပါဦးကွ ကြိုးစားလိုက်ပါဦးကွနဲ့ ခိုင်းတတ်ကြပါတယ်။ အစာကျွေးချိန်ရောက်လျှင်လည်း အိမ်မှာနွားစာခေါင်းအကြီးကြီး ကိုသစ်လုံးကြီးတစ်ခုနဲ့ အသေအချာထွင်းထားတာပါ။ အဲဒီအထဲ နှမ်းဖတ်ကို အသေအချာနူးအောင်ရေစိမ်ထား ပြောင်းရိုးတွေ ကောက်ရိုးတွေကိုသေချာစဉ်းထား ၊ ပြောင်းဖူးတွေလည်း ရေစိမ်ထား၊ ပြီးတော့ သေချာနယ်ဖတ်ပြီး ဝဝလင်လင်ဖြစ်အောင် ကျွေးမွေးတာပါ။ ဒါကြောင့် တသွေးတမွှေးနဲ့ ဝဖီးနေတဲ့နွားတွေကိုပဲ တွေ့ကြရမှာပါ။ ဘယ်တော့မှလည်း နွားမတွေကို ခိုင်းနွားအဖြစ်အသုံးမပြုကြပါ။ ဘယ်တော့မှ နွားမကို လှည်းတပ်ပြီးလည်း မဆွဲခိုင်းပါ။ နွားမတွေကို နွားနို့ညှစ်ဖို့နဲ့ မျိုးပွားဖို့အတွက်ပဲ အသုံးပြုကြပါတယ်။
လမ်းတလျှောက်သီချင်းလေးတွေဆိုလို့ တောင်ကုန်းလွင်ပြင်တွေကိုဖြတ် တောအုပ်တွေဖြတ် လယ်ကွင်းတွေဖြတ်ပြီးသွားရ တာတကယ့်ကိုပျော်စရာပါ။ လမ်းဘေးကတောအုပ်ထဲ ဝါးရုံတောတွေကိုလည်း ခဏခဏဖြတ်ကြရပါတယ်။ ဖြောင့်တန်းနေတဲ့ ဝါးပင်အကြီးကြီးတွေကို တွေ့ရပါတယ်။
ဘုတ်ငှက် ခါငှက် ဒေါင်းငှက်တွေကအစ တွေ့ရပါတယ်။ အရင်တုန်းက ကျားတစ်ကောင်တလေတောင် ရှိနေတယ်လို့ပြော ပါတယ်။ ကျားဆွဲခံရသူ ဝက်ဝံကုတ်ခံရသူတွေလည်း ရှိခဲ့ပါတယ်။ ယုန်ကလေးတွေ ချေကလေးတွေတော့ တွေ့နိုင်ပါသေး တယ်။ တခါတလေ တောပန်းလေးတွေပွင့်နေတာမြင်ရပါတယ်။ အမေ့ရွာကိုဝင်လာတော့ ရွာဦးကျောင်းက ဆွမ်းစားတုန်းမောင်းခေါက်တဲ့အချိန်ကို ရောက်နေပါပြီ။ ငယ်ငယ်ကမနက်တိုင်း အမေက ဆွမ်းအုပ်ကလေးရွက်ပြီး ရွာဦးဘုန်းတော်ကြီးကျောင်းကို ဆွမ်းသွားပို့ရာကိုအမြဲနောက်က လိုက်ခဲ့ပါတယ်။
အဲဒီဘုန်းတော်ကြီးကျောင်းမှာပဲ ကျနော်တို့ကိုရင် ဝတ်ခဲ့ကြရတာပါ။ ဘုန်းကြီးကျောင်းသားဘဝကတော့ ကုသိုလ်ရမလား ငရဲရမလားမပြောတတ်ပါ။ ကျောင်သားတွေ ကိုရင်တွေနဲ့ ဘုန်းကြီးကျောင်းက ခွေးတွေကိုခေါ်ပြီး မြေနီအင်တိုင်းတောဖက်ကျနော်တို့ထွက်ခဲ့ပါတယ်။ အဲဒီအင်တိုင်းတောဖက်မှာ ပဒတ်တွေအလွန်ပေါများလှပါတယ်။ ပဒတ်တွေက တွင်းထဲမှာ နေ တတ်တဲ့သတ္တဝါတွေပါ။ ဝင်ပေါက်ရယ် ထွက်ပေါက်ရယ် နှစ်ပေါက်ရှိတတ်ပါတယ်။ အပေါက်တစ်ပေါက်ကို ခွေးစောင့်ခိုင်း ထားပြီး ကျနော်တို့ဘုန်းကြီးကျောင်းသားတွေ တူးကြပါတယ်။ ပုဒတ်ထွက်လာရင် ခွေးတွေရော လူတွေပါ ဝိုင်းလိုက်ကြတာပေါ့။
ကျနော်တို့ဘုန်းကြီးကျောင်းသားတွေရော ကိုရင်တွေပါ အလွန်ပျော်ကြပါတယ်။ ရလာတဲ့ပုဒတ်တွေကို အရေခွံဆုတ်ကျောင်းရောက်တဲ့အခါ တခြားဆွမ်းဟင်းတွေပါရောပြီး ဟင်းပေါင်းချက်စားကြပါတယ်။ ဘုန်းကြီးကျောင်းသားဘဝမှာ စားရ တဲ့ ဟင်းပေါင်းက အမြိန်ဆုံးဖြစ်ပါတယ်။
မိုးရာသီဆိုရင်တော့ အင်တိုင်းမြေနီတောဟာ မှိုကျင်းတွေဖြစ်နေတာပါပဲ။ ပေါလိုက်သမှ မှိုတွေ မှိုရတဲ့မျက်နှာဆိုသလို ဖျာတွေအချပ်လိုက်ခင်းထားတဲ့အတိုင်း မှိုခင်းကြီးတွေကို တွေ့ရတတ်ပါတယ်။ တောထဲမှာ မန်လာဖူး တောက်တာဖူးတွေ ကပြင်းကင် ပလင်းရွက်တွေကိုလည်း တပွေ့တပိုက် ခူးပြန်ကြရုံပါ။
အမေကတော့ တောထဲကို ပလိုင်းကလေးလွယ်ပြီး ထွက်သွားတတ်ပါတယ်။ ပြန်လာတဲ့အခါ ဟင်းသီးဟင်းရွက်တွေ ပလိုင်း နဲ့ အပြည့်ပြန်ပါလာပါတယ်။ ကျနော်တို့မခေါ်တတ်တဲ့ ဟင်းသီးဟင်းရွက်တွေလည်း ပါပါတယ်။ အမေချက်ပြုတ်ကျွေးတဲ့ အရသာရှိရှိ ဟင်းသီးဟင်းရွက်ဟင်းတွေကို ခုချိန်လွမ်းမိပါတယ်။
အမေတို့ရွာကလေးက အမေတို့ခြံထဲမှာ နွားနဲ့လှည့်ဆွဲရတဲ့ ဆီကြိတ်ဆုံတစ်ခုလည်းရှိပါတယ်။ ကျနော်တို့ငယ်ငယ်က ဆီကြိတ်ဆုံမှာ အလှည့်ကျစီးရပါတယ်။ ဆီသင်းနံ့မွှေးမွှေးလေးတွေနဲ့ ကျနော်တို့ပျော်ကြရပါတယ်။ ဆီကြိတ်ဆုံကနေ ဆီနဲ့ရောနေတဲ့ကြိတ်ဖတ် ဆီဆွေးတွေကိုတော့ ဟင်းအဖြစ်ကြော်စားရပါတယ်။ ဆီကြိတ်ဆုံကရတဲ့ နှမ်းဆီ ပဲဆီတွေက အရောင်လည်းလှပြီး အရမ်းမွှေးပါတယ်။ ခုခေတ် အရောအနှောတွေ ဓာတုပစ္စည်းတွေပေါတဲ့ခေတ်မှာ အမေ့ဆီကြိတ်ဆုံလေးကို ပိုလို့တမ်းတမိပါတယ်။
နေ့ခင်းဖက်တော့ အလုပ်အကိုင်တွေလုပ်ကြ ညပိုင်းဆိုရင်တော့ ခဏတာ အနားယူချိန်ရကြပါတယ်။ လူပျိုကာလသားတွေလည်း ညပိုင်းဆို အပျိုအိမ်တွေကိုသွားလည်ကြတဲ့ဓလေ့ ရှိပါတယ်။ မိန်းမပျိုတွေက ဗိုင်းငင်တာတို့ ချည်ရစ်တာတို့ လုပ်နေတဲ့အချိန် လူပျိုကာလသားတွေက လာလည်ရင်း စကားထာဝှက်တာတို့ ရယ်စရာပြောတာတို့ စကားနိုင်လုတာတို့နဲ့ အပန်းဖြေကြပါတယ်။
လူကြီးမိဘတွေကလည်း လူငယ်သဘာဝ ပျော်ရွှင်ကြတာကို နားလည်ခွင့်လွှတ်ပေးတတ်ကြပါတယ်။ ရွာမှာ အလှူတစ်ခုပဲ လုပ်လုပ် မင်္ဂလာဆောင်ပဲရှိရှိ သာရေးနာရေးကိစ္စပဲပေါ်ပေါ် ကာလသားသမီးအဖွဲ့က ကြိုတင်စုဝေးအစီအစဉ်တွေချကာ လိုလေသေးမရှိအောင် လုပ်ကိုင်ဆောင်ရွက်ပေးကြပါတယ်။ ထမင်းကျွေးတာဝန်ကျတဲ့သူတွေက မိမိအိမ်မှ စားပွဲဝိုင်းဖျာ ဟင်း ပန်းကန် ထမင်းပန်းကန်ကအစ ယူသွားပြီး ကိုယ့်ထမင်းဝိုင်းကို ကိုယ်တာဝန်ယူကာ ကျွေးမွေးကြရပါတယ်။
ကျနော်တို့ဒေသရဲ့ ရိုးရာဓလေ့လေးတွေမှာလည်း ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြပါတယ်။ အတာသင်္ကြန်ရက်မှာ သက်ကြီး ရွယ်ကြီးတွေကို တရော်ကင်ပွန်းများနဲ့ ခေါင်းဆေးမင်္ဂလာပြုပေးကြပါတယ်။ နောက်ကိုယ်တတ်နိုင်သမျှ ဝတ္တုပစ္စည်းများနဲ့ သက်ကြီးပူဇော်ပွဲများလည်း ကျင်းပကြပါတယ်။ ကဆုန်လ ညောင်ရေသွန်းပွဲတော်ရောက်လျှင်လည်း ဘုရားကုန်းတော်အနီး က ဗောဒိညောင်ပင်မှာ သွားပြီးရေသွန်းလောင်းကြပါတယ်။
သင်္ကြန်တွင်းမှာ ရွာဦးဘုန်းတော့ကြီးကျောင်းကို ဥပုသ်လာစောင့်တဲ့သူတွေကိုလည်း ကျွေးမွေးလှူဒါန်းခြင်းဖြင့် ဒါနကုသိုလ်ကိုလည်း တစ်တပ်တအားယူကြပါသေးတယ်။
သီတင်းကျွတ်ပြီဆို ကျနော်တို့လူငယ်တွေ အိုးစည်အရှည်တွေကို စုကြပါတယ်။ တောထဲသွားပြီး တိုးနယားအတွက် လျှော်ပင်တွေ သွားခုတ်ကြပါတယ်။ လျှော်ပင်တွေရလာတဲ့အခါ ကျောက်တုံးပေါ်မှာ လျှော်ကြိုးဖြူဖြူတွေရတဲ့အထိ ထုကြပါတယ်။ ပြီးရင် တိုးနယားကို အလှဆင်ကြရပါတယ်။ အိုးစည်အတွက် ပတ်စာလုပ်တဲ့အဖွဲ့ကလည်း ပတ်စာအတွက်ပြင်ဆင်နေ ကြပါပြီ။ အိုးစည်တွေကိုသားရေတွေတင်းအောင် နေထုတ်လှန်းကြပါတယ်။ ပတ်စာတွေသေချာကပ်ပြီး အိုးစည်တွေစမ်းပြီး တီးကြပါတယ်။
ညပိုင်းရောက်ပြီဆိုတော့ တိုးနယားရုပ်ထဲလူဝင်ကပြီး အိုးစည်တွေပြိုင်တီးကာ တခြားရွာတွေကို ကျနော်တို့လူငယ်တွေ လှည့်လည်သွားလာ ကြပါတယ်။ ရွာအဝင်ရောက်ပြီဆိုတာနဲ့ အိုးစည်တွေသံပြိုင်တီးကာ ဘုန်းကြီးကျောင်းထဲထိ ဝင်ကြပါ တယ်။ ဆရာတော်ဘုရားထံလာရောက်ကန်တော့ကြခြင်းဓလေ့ပါ။ ဆရာတော်ဘုရားမှ အိုးစည်အဖွဲ့အား ငှက်ပျောသီးမုန့် ဆီကြော် အစရှိသည်တို့နဲ့ ဧည့်ခံကျွေးမွေးလေ့ရှိပါတယ်။ လူငယ်တွေပျော်ရွှင်ကြတဲ့ သီတင်းကျွတ်ပါ။ ဆီမီးထောင်ချတယ်လို့ခေါ်တဲ့ဓလေ့တစ်ခုလည်း ရှိပါသေးတယ်။ ရွာတစ်ရွာမှ ကာလသားသမီးများစုကာ ဖယောင်းတိုင်ထွန်းထားသည့် ဆီမီးခွက်များနဲ့တခြားရွာသို့ သွားကာဘုန်းကြီးကျောင်း ဘုရားသို့သွားကာပူဇော်သည့် ပွဲလည်းဖြစ်ပါတယ်။
ရွာခံလူပျိုကာလသားများကလည်း အိမ်မှာရှိတဲ့မှန်ချပ်ကြီးကြီးတစ်ချပ်စီရယ် သနပ်ခါးတို့ဖတ်နဲ့ သနပ်ခါးမိတ်ကပ်ပေါင်ဒါ အစရှိတဲ့အလှပြင်ပစ္စည်းတွေယူလာကြပါတယ်။ ဘုန်းကြီးကျောင်းသို့အဝင်လမ်းတစ်ဖက်တစ်ချက်စီမှာ နေရာယူထားကြပါ တယ်။ ဧည့်သည်ဆီမီးခွက်ကိုင် ကာလသားသမီးတို့ ဝင်လာချိန်မှာဆီးကြိုပြီး မှန်နဲ့ရှေ့မျက်နှာကိုပြထားပါတယ် ။အဲဒီမှန်ရှေ့မှာပဲ ဆီမီးခွက်ကိုင်ထားသူရဲ့မျက်နှာကို အလှပြင်ပေးပါတော့တယ်။ အဲလိုတသီတစ်တန်းကြီးတစ်ယောက်ချင်းမှန်ထောင်လိုက်အလှပြင်ပေးလိုက်နဲ့ ဘုန်းကြီးကျောင်းရှေ့လမ်းမမှာ လူတန်းရှည်ကြီးဖြစ်နေပါတော့တယ်။ တစ်ယောက်ကို တစ်ယောက် စရင်း နောက်ရင်း နဲ့ပျော်စရာအလွန်ကောင်းလှတဲ့ကျနော်တို့ ဒေသရဲ့ ဓလေ့ထုံးစံတစ်ခုလည်းဖြစ်ပါတယ်။ပြီးရင်ဘုရားကိုဆီမီးပူဇော်ကြတယ် ဘုန်းကြီးကျောင်းပေါ်တက်ပြီးဝတ်ပြုကြတယ်။
အဲဒီပွဲလေးကို သနပ်ခါးပါးတို့ပွဲလို့လည်း ခေါ်ကြပါသေးတယ်။ ကျနော်တို့ဒေသကလူတွေကတော့ဆီးမီးထောင်ချတယ်လို့ပဲ နှုတ်ကျိုးနေကြပါပြီ။
ခုလိုအချိန်ဆို စတုဒီသာမဏ္ဍပ်တွေကိုရွာအဝင်လမ်းမှာဆောက်ကာ လာလာသမျှတို့အား ထမင်းဟင်းများနဲ့ဧည့်ခံကျွေးမွေးတဲ့ စတုဒီသာ အလှူပွဲတွေလည်း ရွာတွေမှာကျင်းပပြုလုပ်နေကြပါပြီ။
တောရိပ်တောင်ရိပ်နဲ့အေးချမ်းလှပတဲ့ရွာကလေးမှာ လောဘဒေါသတွေသိပ်မရှိတတ်ကြပါ။ လယ်ယာစိုက်ပျိုးမယ် ဝမ်းစာ အတွက်ဖူလုံပြီဆို ပျော်ရွှင်မယ် လှူမယ်တန်းမယ် အစရှိတဲ့စိတ်ထားလေးတွေနဲ့ ငြိမ်းချမ်းနေတတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အပူကူးစက်စရာ ကိစ္စတွေလည်းကင်းဝေးနေမယ် ထင်ပါတယ်။
ငယ်ငယ်ကမွေးဖွားခဲ့တဲ့ဇာတိမြေရဲ့ ရနံ့ကိုတဝကြီးရှူရှိုက်မိချိန်မှာ ရင်ထဲက အပူတွေငြိမ်းအေးလို့ သွားပါတယ်။ ရွာပြန်တဲ့လမ်းကလေးမှာ ကျနော့် စိတ်တွေကြည်နူးလန်းဆန်းနေပါတော့တယ်။
မိုနေးသစ်
Comments