မောင်လူပေ - လူဝလေးရဲ့ သမိုင်းဝင်ခရီး



မောင်လူပေ - လူဝလေးရဲ့ သမိုင်းဝင်ခရီး
(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၈

တောင်နဲ့မြောက်ကိုးရီးယားတို့ရဲ့ သမိုင်းဝင်တွေ့ဆုံမှု ဒီနေ့ဖြစ်မြောက်တယ်။ မြောက်ကိုးရီးယားက ဘယ်ခေါင်းဆောင်မှ တောင်ကိုးရီးယားကိုမလာခဲ့ဖူးပါ။ သူတို့တွေ့ဆုံတဲ့အခါ ကြားခံနိုင်ငံဖြစ်တဲ့ ချိုင်းနိစ်ကြီးဆီမှာပဲတွေ့ခဲ့ကြတယ်။

ဒီနေ့တော့ မြောက်ကိုးရီးယားခေါင်းဆောင် လူဝလေးလို့ ချစ်စနိုးခေါ်ကြသူ ကင်ဂျုံအွန်ဟာတောင်ကိုးရီးယားမြေပေါ်ကိုရောက်လာခဲ့ပြီ။ တောင်ကိုးရီးယားသမ္မတမွန်းနဲ့ တွေ့ဆုံဆွေနွေးကြတယ်။ တောင်နဲ့မြောက်ကိုးရီးယားကြားမှာ တရားဝင်မချုပ်ဆိုရသေးတဲ့ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုရေး၊ ကိုးရီးယားကျွန်းဆွယ်မှာ နြူကလီးယားလက်နက်တွေ ကင်းစင်ရေးအတွက် ဆွေးနွေးကြတာပါတဲ့။

ဒီသတင်းဟာ ကိုးရီးယားကျွန်းဆွယ်တစ်ခုထဲအတွက်သတင်းကောင်းမဟုတ်။ အနီးက နိုင်ငံတွေဖြစ်တဲ့ ချိုင်းနိစ်၊ ဂျပန်တို့အတွက်သာ သတင်းကောင်းမဟုတ်။ အာရှတိုက်ကြီးနဲ့ကမ္ဘာကြီးအတွက် သတင်းကောင်းတစ်ခုပါပဲ။

အဖေသေလို့သမ္မတဖြစ်လာတဲ့သားငယ်လူဝလေးက သမ္မတဖြစ်လာထဲက သူ့စိတ်ကြိုက်လုပ်ပြခဲ့သူ။ ဒုန်းကျည်တွေစမ်းလိုက်၊ နြူကလီးယားတွေစမ်းလိုက်နဲ့ ကမ္ဘာကို မထေမဲ့မြင်ပြုလုပ်ပြခဲ့သူ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကြီးက ဘယ်လိုပင် စီးပွားရေးပိတ်ဆို့မှုတွေလုပ်လုပ်၊ ချိုင်းနိစ်ကြီးအားကိုးနဲ့ မဖြုံခဲ့သူပေါ့။

နောက်ဆုံးတော့ နောက်ကနေထောက်ပံ့နေတဲ့ ချိုင်းနိစ်ကြီးစကားတွေကိုတောင် နားမထောင်တော့လို့ ထောက်ခံသူကိုယ်တိုင်စိတ်ပျက်ရတဲ့အထိ။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှုကို အရင်က ဖြေလျှော့ပေးထားခဲ့ပေမဲ့ ခုတော့ထိထိရောက်ရောက်ဖြစ်အောင် လုပ်လာခဲ့တာမကြာသေး။

မကြာမီက တာဝေးပစ်ဒုံးကျည်စမ်းသတ်တာအောင်မြင်ခဲ့တာာရယ်၊ နြူကလီးယားစမ်းသတ်မှုအောင်မြင်ခဲ့တာရယ်ကြောင့် နြူကလီးယားထိပ်ဖူးတွေထုတ်လုပ်ပြီး ဒုံးကျည်မှာတတ်ပြီးလောက်ပြီ လို့ ကမ္ဘာက စိုးရိမ်မကင်းဖြစ်ခဲ့ရတယ်။ သူ့ရန်ကိုကြောက်ရတဲ့ ဂျပန်နဲ့တောင်ကိုးရီးယားက လက်နက်တွေ ထပ်ဝယ်၊ လေယာဉ်တွေဖြည့်တင်းကြလေတော့ ကိုးရီးယားကျွန်းဆွယ်က အချိန်မရွေးထပေါက်နိုင်တဲ့ အချိန်ကိုက်ဗုံးတစ်ခုလိုဖြစ်နေလေရဲ့။ ဒီကြားထဲမှာ အမေရိကန်သမ္မတထရန့်က စစ်ရေးနဲ့အရေးယူမယ်နဲ့ ခြိမ်းခြောက်လိုက်၊ လူဝလေးကင်က ပြန်ပြီးခြိမ်းခြောက်လိုက်နဲ့ လေတိုက်ပွဲတွေဆင်ခဲ့တော့။ ရွှေဈေးတွေတက်၊စတော့တွေထိုးဆင်း၊ ကမ္ဘာ့စီးပွားရေးတွေမတည်ငြိမ်တော့။

ဒီအဖြစ်ကို မကြိုက်ဆုံးနိုင်ငံကတော့ ချိုင်းနိစ်ကြီးပေါ့။ သူ့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြောက်ကိုးရီးယားသာ တကယ်စစ်ဖြစ်ခဲ့ရင် သန်းပေါင်းများစွာသောပြည်သူတွေ ချိုင်းနားထဲရောက်လာကြမှာ။ ဒီလိုဝန်ပိုတွေကိုထမ်းရတဲ့အပြင် အာရှတိုက်တစ်ခုလုံးရဲ့မတည်ငြိမ်မှုကြောင့် စီးပွားရေးတွေထိုးဆင်းမဲ့အရေး တွေးပူနေပုံရတယ်။

ပြီးတော့ အမေရိကားရဲ့ ခေတ်မှီလက်နက်တွေက သူ့နိုင်ငံရဲ့ လက်တကမ်းအကွာနိုင်ငံတွေဖြစ်တဲ့ တောင်ကိုးရီးယား၊ ဂျပန်တို့မှာစုပုံလာတာကိုလည်း လက်မခံနိုင်။ ဒီနိုင်ငံတွေကတရုတ်နဲ့ပြေလည်မှုမရှိခဲ့တဲ့ သမိုင်းကြောင်းတွေနဲ့မို့ မယုံကြည်ရတဲ့အခြေအနေ။ အမေရိကန်က သူ့ရဲ့နာမည်ကြီး ဒုံးကျည်ကာကွယ်ရေးစနစ်တွေ တောင်ကိုးရီးယားနဲ့ဂျပန်မှာတတ်ဆင်မယ်ဆိုတဲ့အခါ တောက်လျှောက်ဆန့်ကျင်ခဲ့တယ်။ ဒီဒုံးကျည်တွေက သူ့နိုင်ငံနဲ့နီးလှတာမို့ သူ့ရဲ့နိုင်ငံတော်လုံခြုံရေးကို ထိခိုက်တယ်လို့ အမြဲပြောနေခဲ့သူ ချိုင်းနိစ်ကြီးပါ။

သူကန့်ကွက်နေတဲ့ကြားကပဲ ရွှေ့လျှားနိုင်တဲ့ ဒုံးခွင်းဒုံးတွေကို တောင်ကိုးရီးယားနိုင်ငံအနှံ့တတ်ဆင်နေတာ ပြီးသလောက်ရှိနေပြီ။ ဂျပန်ကလည်း တတ်ဆင်နေပြီ။ ဒီနိုင်ငံတွေမှာအပြီးအပြတ်တတ်ဆင်ပြီးသွားရင် အဲဒီနိုင်ငံတွေကနေ ချိုင်းနားဆီကို အချိန်မရွေး ဒီဒုန်းကျည်တွေနဲ့ အချိန်တိုအတွင်း တိုက်ခိုက်လာနိုင်တဲ့အစွမ်း အမေရိကားက ရသွားပြီ။ ချိုင်းနိစ်ကြီးရဲ့ အာရှတိုက်မှာ စစ်ရေးစွမ်းအားကြီးမားလာမှုကို အမေရိကားက ချိန်ခွင်လျှာညှိတဲ့သဘောပေါ့။

စစ်ရိပ်တွေဝေမဲ့အခြေအနေကနေ အခုလိုပြောင်းပြန်လှန်လိုက်နိုင်တာ လူဝလေးအတွက်ရော တောင်ကိုးရီးယားသမ္မတမွန်းအတွက်ရော ကြီးမားတဲ့အောင်မြင်မှုပါပဲ။

တစ်လကျော်လောက်က ချိုင်းနိစ်ကိုလျှို့ဝှက်ရထားနဲ့သွားပြီး ဆွေးနွေးခဲ့တဲ့ လူဝလေးကင်ကို ချိုင်းနိစ်သမ္မတကြီးစီကျင်းပင်က နားချနိုင်ခဲ့ပုံရပါတယ်။ တကယ်စစ်ဖြစ်လာခဲ့ရင် အမေရိကန်ထက် သူတို့က အဆပေါင်းများစွာအထိနာမယ်ဆိုတာလည်း တွက်မိသွားပုံလည်းရပါတယ်။ဒါကြောင့် အမဲကနေ အဖြူဖက်ကို ခဏအတွင်းပြောင်းလည်းသွားတယ်ထင်ပါရဲ့။

ချိုင်းနိစ်ရဲ့သြဇာသက်ရောက်မှုဟာ မြောက်ကိုးရီးယားခေါင်းဆောင်တွေအပေါ်မှာ အများကြီးရှိခဲ့ပါတယ်။ တကမ္ဘာလုံးက စီးပွားရေးပိတ်ဆို့ထားတဲ့ကြားက အခုလိုဆက်လက်ရပ်တည်နိုင်တာ ချိုင်းနိစ်ကြီးကြောင့်ပါ။ ဒါ့အပြင် ကမ္ဘာပေါ်က သူနဲ့အဆင်ပြေတဲ့နိုင်ငံတွေမှာလည်း မြောက်ကိုးရီးယားစားသောက်ဆိုင်တွေဖွင့်ပြီး နိုင်ငံခြားဝင်ငွေရအောင် ရှာနေပါသေးတယ်။

ရန်ကုန်မြို့ ဆရာစံကွန်ဒိုဘေးမှာရှိတဲ့ မြောက်ကိုးရီးယားစားသောက်ဆိုင်ဟာ နိုင်ငံအတွက်ဝင်ငွေရှာပေးရာလုပ်ငန်းတစ်ခုပါ။ ညနေပိုင်းဆိုရင် မြောက်ကိုးရီးယားစားသောက်ဆိုင်ကအလုပ်လုပ်တဲ့မိန်းကလေးတွေ ရိုးရာအင်္ကျီလေးတွေဝတ်လို့ လမ်းမပေါ်ထိထွက်ပြီး နေပူမိုးရွာမရှောင် မတ်တတ်ရပ်ရင်း စားသုံးသူကိုဆွဲဆောင်ခေါ်ယူနေကြတာကို မြင်ဖူးကြပါလိမ့်မယ်။ ဒီဆိုင်တွေကရရှိငွေတွေစီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ ချိုင်းနိစ်ဘဏ်တွေအထိပိတ်ဆို့ဖို့ဆိုတာ ချိုင်းနိစ်ကြီးသဘောတူမှ ဖြစ်နိုင်တာ။

ဒါကြောင့်မို့ အခုတိုးတက်မှုအတွက် အမေရိကန်သမ္မတထရန့်က ချိုင်းနိစ်သမ္မတစီကို ကျေးဇူးတင်စကားပြောတယ်။ တပည့်ကျော်ကို လက်ခံလာအောင်ဆုံးမပေးတဲ့အတွက် ကျေးဇူးပါပဲပေါ့။

အမေရိကန်သမ္မတထရန့်နဲ့ လူဝလေးကင်တို့နှစ်ယောက်က ဒီနှစ်ဇွန်လနောက်ပိုင်းတွေ့နိုင်အောင်စီစဉ်နေကြတယ်။ ချိုင်းနိစ်ကြီးဆီမှာပဲတွေ့ဖို့များတယ်။ အရင်ကတော့ မြောက်ကိုးရီးယားခေါင်းဆောင်က အမေရိကန်သမ္မတနဲ့တိုက်ရိုက်တွေ့ဆုံတာမျိုး မရှိဘူးသေးလို့တွေ့ဖြစ်ရင်လည်း သမိုင်းဝင်တွေ့ဆုံမှုဖြစ်လာဦးမှာပဲ။

အမေရိကန်ဖက်ကတော့ မြောက်ကိုးရီးယားအပေါ် စစ်ရေးအရ အရေးယူနိုင်မှုကို မရုတ်သိမ်းထားဘူး။ တွေ့ဆုံမှုအပေါ်မူတည်ပြီး အောင်မြင်မှုအတိုင်းအတာအရ ပြန်လည်သုံးသတ်မယ် လို့ သမ္မတထရန့်က ပြောပါတယ်။

အခုလို သမိုင်းနဲ့ချီတဲ့ ကိုးရီးယားကျွန်းဆွယ်အရေးအခင်းကို ပြေလည်သွားဖို့အဓိက ဖိအားပေးနိုင်သူ ချိုင်းနိစ်ကြီးက ကျွန်တော်တို့ မြန်မာနိုင်ငံ အလုံးစုံငြိမ်းချမ်းရေးရဖို့လည်းကူညီပေးနိုင်သူကြီးပါ။ အခုအထိ အစိုးရစစ်တပ်နဲ့အဆင်မပြေဖြစ်နေကြတဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကို နောက်ကွယ်ကထောက်ပံ့နေသူကလည်း သူပါပဲ။

တိုင်းပြည်နယ်စပ်ဒေသ မတည်ငြိမ်မှုကြောင့် နှစ်ဖက်လုံးက စစ်တိုက်ရင်း အမြတ်ထွက်ခဲ့ကြတယ်။ ကျောက်စိမ်း၊ရွှေ၊သစ်၊သတ္တုစတဲ့သဘာဝသယံဇာတတွေခိုးထုတ်၊ ဘိန်းဖြူ၊ရာဘဆေးပြားစတဲ့မူးယစ်ဆေးတွေဖြန့်နဲ့ ရတဲ့ငွေတွေက ချိုင်းနိစ်ကြီးဆီကိုစီးဆင်း။ လိုအပ်တဲ့လက်နက်အပါအဝင် အရာရာအားလုံးကို ပြည်တွင်းကိုပြန်သယ်နဲ့ အသက်ရှင်နေကြတာ နှစ်ဖက်လုံးဖက်မှာ ကြာလှပေါ့။ သယံဇာတ စားခွက်လုရင်း တိုက်နေကြတဲ့ ပြည်တွင်းစစ်။

ချိုင်းနိစ်ကြီးကိုသာ ဗဟိုအစိုးရက မျိုးမျိုးမြက်မြက်အခွင့်အရေးပေးပြီးဆွဲဆောင်နိုင်ရင် ဟိုကလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ထောက်ပံ့နေတာလျှော့လာမှာပဲ။ ဒါမှလည်းဒုတိယပင်လုံဆီ အမြန်ချီတက်နိုင်ပါလိမ့်မယ်။

ချိုင်းနိစ်ကြီးအရမ်းလိုအပ်နေတဲ့ မြစ်ဆုံဆည်လိုပရောဂျက်တို့ ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့၊ ရေနံ ဂက်စ်ပိုက်လိုင်းတို့ ပိုးလမ်းမစီမံကိန်းကြီးတို့မှာ မြန်မာနိုင်ငံအစိုးရက လှပစွာကစားနိုင်ရင် ကိုယ်လိုချင်တာတောင်းဆိုခွင့်ရမဲ့အနေအထား။

တရုတ်အားထား တရားအားထုတ်နေရတဲ့ နိုင်ငံရေးအခြေအနေတစ်ခုကနေ ရုန်းထွက်နိုင်မဲ့လမ်းကြောင်း လောလောဆယ်မရှိသေး။ အခုတောင် ကုလလုံခြုံရေးကောင်စီမှာ ရိုဟင်ဂျာကိစ္စကြောင့် မြန်မာနိုင်ငံအရေးယူခံရမဲ့အရေးကနေ ကာကွယ်ပေးခဲ့တ မကြာသေးပါဘူး။ နယ်စပ်ခြင်းမိုင်ထောင်ချီထိစပ်နေတဲ့ မြန်မာနိုင်ငံက ချိုင်းနိစ်ကြီးလုံခြုံရေးအတွက်ပါအလွန်အရေးပါတဲ့အနေအထားမို့ ဒီအခြေအနေကို လှပစွာကစားနိုင်ဖို့ပဲလိုတယ်။

လူဝလေးရဲ့သမိုင်းဝင်ခရီးနေ့လိုပဲ မြန်မာနိုင်ငံ တဝှမ်းလုံး ငြိမ်းချမ်းပါပြီဆိုတဲ့ သမိုင်းဝင်နေ့မျိုးကိုလည်း မျှော်လင့်လျှက်ပါဗျာ။

ချစ်တဲ့
မောင်လူပေ

Comments