လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး - အပိုင်း (၄)

လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး - အပိုင်း (၄)
(မိုးမခ) ဧပြီ ၃၀၊ ၂၀၁၈

● ဂျီနီဗာသဘောတူညီချက်
ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်းတောမြို့နယ် အင်းဒင်ကျေးရွာတွင်ဖြစ်ပွားခဲ့သော ပြဿနာကို တပ်မတော်အနေဖြင့် ဂျီနီဗာကွန်ဗန်းရှင်းနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၁၈ ရက်နေ့က ပြင်ဦးလွင် တပ်နယ်၊ တပ်မတော် အုပ်ချုပ်မှုကျောင်း ကျောင်းဆင်းပွဲမှာပြောခဲ့ပါတယ်။

ဂျီနီဗာသဘောတူညီချက် (Geneva Convention) အကြောင်းအရင်း အကျဉ်းရေးချင်ပါတယ်။

ဂျီနီဗာသဘောတူညီချက်ဟာ ကမ္ဘာစစ်ပွဲကြီးနှစ်ပွဲအတွင်း တွေ့ရှိခဲ့ရတဲ့ လူသားတွေခံစားရတဲ့ အတိဒုက္ခများ (စစ်ပွဲတွင်း ပါဝင်တဲ့စစ်သားများ၊ ဒဏ်ရသူများ၊ သုံးပန်းအဖြစ် အဖမ်းခံရသူများသာမက စစ်ပွဲများကြား ပိတ်မိတဲ့အရပ်သားများအပါ) အပေါ်အခြေခံပြီး သူတို့တတွေရသင့်ရထိုက်တဲ့ အခြေခံလူအခွင့်အရေးများအတွက် အဆင့်ဆင့်ပြင်ဆင်ရေးဆွဲခဲ့တဲ့ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ လိုက်နာရမဲ့ သဘောတူညီချက် စည်းမျဉ်းစည်းကမ်းများဖြစ်ပါတယ်။ ဒါကို ကမ္ဘာ့နိုင်ငံပေါင်း (ဗမာပြည်အပါ) ၁၉၆ နိုင်ငံက လက်မှတ်ထိုးထာပါတယ်။

ဒီသဘောတူညီချက်ဟာ အလွန်ကျယ်ပြန့်များပြားပါတယ်။ ဒါ့ကြောင့် ဥပမာလေးတခုပဲ ထုတ်ပြချင်ပါတယ်။

“စစ်ပွဲမှာပါဝင်ခြင်းမရှိသူများ (လက်နက်ချထားသူများ၊ ဒဏ်ရာရထားသူများ၊ ဖျားနာနေသူများအပါအဝင် အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးထားသူများ) အားလုံးကို လူသားချင်းစာနာမှုအပြည့်နဲ့ (Humanely) စောင့်ရှောက်ကုသပေးရမယ်။ လူမျိုးအရ၊ ဘာသာရေးအရ၊ အသားအရောင်အရ စသဖြင့် အကြောင်းမျိုးမျိုးနဲ့ ခွဲခြားမှုမပြုရ။ ထိုသူတွေအားလုံးအပေါ်အောက်ပါအမှု များမပြုရ။

- နည်းအမျိုးမျိုးဖြင့် သတ်ဖြတ်ခြင်း၊ ကိုယ်ခန္ဓာအစိတိအပိုင်းများကို ဖြတ်တောက်ခြင်း၊ နှိပ်စက်ညှဉ်ပန်းခြင်း။
- ဓားစားခံအဖြစ် ဖမ်းဆီးခြင်း။
- အရှက်ရစေတဲ့၊ ဂုဏ်သိက္ခာထိခိုက်စေတဲ့လုပ်ရပ်များလုပ်ဆောင်ခြင်း၊
- အကျဉ်းရုံးစစ်ဆေးပြီး သေဒဏ်ချ၊ အပြစ်ပေးသတ်ဖြတ်ခြင်း။
(ကိုးကား - Wikipedia)

ဒီနေ့ ကာချုပ်ဦးစီးနေတဲ့တပ်မတော်ကြီး ဒီစည်းကမ်းတွေကို နောင်မှာဘယ်လောက်လိုက်နာနေသလဲဆိုတာ စောင့်ကြည့်ရ ပါလိမ့်မယ်။ သို့သော် တချိန်တခါက အဖြစ်အပျက်အချို့ကိုတော့ ပြောပြချင်ပါတယ်။
----

(မဆလခေတ်) မှာ အလွန်အောင်မြင်ကျော်ကြားခဲ့တဲ့ လက်ဝဲစာရေးဆရာကြီး သခင်မြသန်းဟာ ထောင်အကြိမ်ကြိမ်ကျ ပြီးနောက် (ကိုးကိုးကျွန်းကလည်း ပြန်ရောက်လာပြီးနောက်) ၁၉၆၀ ခုနှစ်နှောင်းပိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီရှိရာ ပဲခူး ရိုးမသို့ မဆလအစိုးရကို လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲဖို့ ရောက်ရှိသွားပါတယ်။ သူ့ကို ၁၉၆၈ ခုနှစ်မှာ ညောင်လေး ပင်မြို့နယ် ပဲနွယ်ကုန်းရွာအနီးက ပဲခူးရိုးမတောစခန်းတခုမှာ မဆလတပ်က ဖမ်းမိသွားပါတယ်။ သူနဲ့အတူ ရဲဘော်အချို့ လည်းဖမ်းမိသွားတာပါ။ အဲဒီဖမ်းမိသူအားလုံးကို တန်းစီရပ်ခိုင်းထားပြီး မဆလစစ်သားများက တယောက်ပြီး တယောက် ပစ်သတ်ပါတယ်။ သခင်မြသန်းဘေးမှာရပ်နေတဲ့ ကိုယ်ရံရဲဘော်ခဲနီကိုပစ်သတ်အပြီး သူ့အလှည့်အရောက်မှာ စစ်ဗိုလ်က "ခင်ဗျားဘယ်သူလဲ" လို့မေးတော့ "ငါ သခင်မြသန်း" လို့ ဖြေလိုက်တော့ သူ့စာဖတိပရိသတ်တဦးဖြစ်နေတဲ့ စစ်ဗိုလ်လေးက မသတ်တော့ပဲ၊ ညောင်လေးပင်တပ်စခန်းကိုခေါ်လာပြီး ရဲစခန်းကိုအပ်လိုက်တယ်တဲ့။ (အနာဂတ်နိုင်ငံတော်သား သခင်မြ သန်း၊ ကွယ်လွန်ခြင်း အနှစ် (၃၀) မြောက်ရေးသားချက်များ။ ၂၀၀၆။ နှင်းဆီလွင်ပြင်။ နှာ-၁၀၁-၁၀၂)

ဒီလိုနည်းနဲ့ စစ်မြေပြင်မှာဖမ်းမိသမျှ ကွန်မြူနစ်တွေကို (မြို့ပေါ်မှာ ကွန်မြူနစ်တွေရှားလို့ မင်းတို့ကိုတောထဲကခေါ်လာခိုင်းတာမဟုတ်ဘူးဆိုတဲ့ ဗိုလ်နေဝင်းနုတ်မိန့်နဲ့) သတ်ပစ်ခဲ့ရာမှာ ဂျပန်တော်လှန်ရေးအတွင်း သူရဲကောင်းများဖြစ်တဲ့ ဗိုလ်သိန်း၊ ဗိုလ်အာဠာဝက စတဲ့ နာမည်ကြီးတပ်မှူးများပါ သတ်ပစ်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့စစ်မြေပြင်အတွင်းဖမ်းမိတဲ့အမျိုးသမီးများကတော့ အသတ်မခံရခင် ဘဝငရဲခန်းကိုဖြတ်သန်းကြရပါတယ်။

ကျွန်မတို့ပါတီရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် (ပေါလစ်ဗျူရို-P.B) ရဲဘော်ကျော်မြ (ကွယ်လွန်) ရဲ့ပထမဇနီး ရဲဘော်ဒေါ်မညွန့် အကြောင်း ပြောပြပါရစေ။

ရဲဘော်ကျော်မြရော၊ ဒေါ်မညွန့်ရော စစ်တွေဇာတိ၊ ရခိုင်လူမျိုးများပါ။ ကျောင်းနေဖက်သူငယ်ချင်းများဖြစ်ပြီး၊ ကျောင်းအပြီး ကျောက်ဖြူမှာ ကျောင်းဆရာအဖြစ် အမှုထမ်းနေစဉ် (၁၉၄၀) မှာ လက်ထပ်ခဲ့ကြပါတယ်။ အဲဒီအချိန်ကစလို့ ဇနီးမောင်နှံ-နှစ်ယောက် နိုင်ငံရေးကို ဒိုးတူဘောင်ဘက်လုပ်ဆောင်လာရာမှာ နယ်ချဲ့အင်္ဂလိပ်ဆန့်ကျင်ရေး ဂျပန်တော်လှန်ရေးများ အတွင်းပါဝင်ခဲ့ကြပြီး ၁၉၄၆ မှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်တိုင်း) ကို ဖွဲ့စည်းခဲ့ကြပါတယ်။

လွတ်လပ်ရေးတိုက်ပွဲများမှာ ဖဆပလများနဲ့အတူပါဝင်ခဲ့ကြပြီး လွတ်လပ်ရေးရပြီး ရွေးကောက်ပွဲအတွက်ပြင်ဆင်နေစဉ်မှာပဲ၊ ၁၉၄၈ ခုနှစ် အစိုးရက လယ်သမားခေါင်းဆောင်များကို စတင်ဖမ်းဆီးလာလို့ ဦးကျော်မြတို့အားလုံး တောခိုပြီး လက်နက် ကိုင်တော်လှန်ရေး လုပ်ကြရပါတော့တယ်။

ရဲဘော်ကျော်မြက ရခိုင်ပြည်နယ်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပြီး ဒေါ်မညွန့်ကတော့ စစ်တွေခရိုင်ကော်မတီ ဝင်ဖြစ်ပါတယ်။ စစ်တွေခရိုင် တောဖျားချောင်း အလယ်ပိုင်းတနေရာမှာ ပြည်နယ်ရုံးရဲ့အခြေခံစခန်း အခိုင်အမာချထားပြီး ပတ်ဝန်းကျင်ဒေသတလျှောက် လှည့်လည်လှုပ်ရှားကြပါတယ်။ ပြောက်ကျားစစ်ကို တဖက်ကဆင်နွှဲရင်း၊ လူထုလုပ်ငန်းများ (အထူးသဖြင့် လယ်သမားများကိုစည်းရုံးခြင်း) ကို လုပ်ဆောင်ကြပါတယ်။ ၁၉၆၅ ခုနှစ် (စက်တင်ဘာလ-သိပ်မသေချာပါ။)ဗမာ့တပ်မတော် (မဆလခေတ်) က ထိုးစစ်ဝင်လာရာမှာ စခန်းအတိုက်ခံရပါတယ်။ ရဲဘော်များ ကစဥ့်ကလျား ဆုတ်ခွာရာမှာ အမျိုးသားရဲဘော် (၄) ယောက်ကျဆုံးပြီး ဒေါ်မညွန့်နဲ့ သူ့ကိုယ်ရံ ခမီးအမျိုးသမီးလေးတို့ (၂) ဦး ဒဏ်ရာနဲ့ ဖမ်းမိသွားပါ တယ်။ သူတို့နှစ်ယောက်စလုံးကို စစ်သားများက ဝိုင်းဝန်းစော်ကားပြီးနောက် လှံစွပ်ထိုးသတ်ပစ်ခဲ့ပါတယ်။

၁၉၇၀ ခုနှစ်များမှာလည်း စစ်တွေခရိုင်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ နောင်ရောင်းရွာ (ခမီးလူမျိုးများနေထိုင်တဲ့ရွာ)ကိုမဆလ တပ်ထိုးစစ်ဝင်စဉ် သက်ကြီးအမျိုးသားများ (လူငယ်များထွက်ပြေးကုန်) နဲ့ကလေးများကို တဲတတဲမှာစုထား၊ အမျိုးသမီးများ ကိုသပ်သပ်ခွဲပြီး တဲတတဲမှာစုထားပြီး၊ အဲဒီတပ်ရွာမှာ စခန်းချထားတဲ့ကာလတလျှောက် (တပတ်ကျော်) အချိန်မရွေး အ ကြိမ်ကြိမ်စော်ကားကြပါတယ်။

ဒါတွေကတော့ တပ်မတော်က ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုများထဲက ဥပမာတချို့ကိုသာ ကောက်နုတ်ဖော်ပြလိုက်တာပါ။

ဒီအချိန်မှာ ကျွန်မ ဘာဖြစ်လို့ ဒီအကြောင်းတွေပြန်ရေးရတာလဲ။

၁။ ဗမာပြည်ကြီးလွတ်လပ်ရေးရစေဖို့၊ လွတ်လပ်ရေးရပြီးရင် ပြည်သူတွေချမ်းသာဝပြောစေဖို့ဆိုတဲ့ အလွန်မြင့်မြတ်တဲ့ ရည် ရွယ်ချက်များနဲ့တည်ထောင်ဖွဲ့စည်းခဲ့တဲ့ဗမာ့တပ်မတော်ကြီးကို ပြည်တွင်းစစ်သွေးအိုင်ထဲမှာ နစ်မြှုပ်စေပြီး တပ်မတော်သား များလက်တွေမှာလည်း ပြည်သူတွေသွေးတွေပေစေခဲ့ရုံမျှမက စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပစ် တာမပါဘူးဆိုပြီး နောက်ဆုံးအချိန်ထိ တပ်မတော်ကို ကျိမ်စာအမျိုးမျိုးတိုက်၊ မိမိကိုယ်ကျိုးစီးပွားအတွက် တတပ်လုံးကို ခိုး-ဆိုး-လုယက်-သတ်ဖြတ်-မုဒိန်းကျင့်ခိုင်းပြီး၊ တလက်ကိုင် ကြေးစားတပ်ဖြစ်အောင် ဘယ်သူတွေက ဘာကြောင့်လုပ်ခဲ့တယ်၊ စစ်အာဏာရှင်စနစ်ဟာ ဘယ်လိုဖြစ်တည်လာတယ်၊ အဲဒီစနစ်အောက်မှာ အထက်ပါဖြစ်ရပ်မျိုးတွေကို အမှောင်ချထားနိုင် တယ်၊ ဒါ့အပြင် ဘာကြောင့် ဗမာပြည်သူတွေ (တိုင်းရင်းသားများအပါ) အခုအထိ တပ်မတော်အပေါ် အမြင် မကြည်မလင် ဖြစ်နေရတယ်ဆိုတာတွေကို အခုခေတ်လူငယ်များ (တပ်မတော်သားများအပါ) သိစေချင်လို့ပါ။ ၂၀၂၀ မှာ တိုင်းရင်းသား ပါတီကမဲများကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အတွက် တွက်ချက်ပြီးမျှော်လင့်နေပုံရတဲ့ ဦးရဲထွဋ်ကိုလည်း မဖြစ်နိုင်ပါလို့ ပြော ချင်တာလည်း ပါပါတယ်။ တိုင်းရင်းသားများအနေနဲ့ ဒီချုပ်အပေါ် မကျေလည်တာတွေရှိနိုင်ပေမဲ့ စစ်တပ်ကိုလိုလား-အစားထိုးဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

၂။ ဧပြီ (၁၈) ရက်နေ့ ကာချုပ်မိန့်ခွန်းမှာ ဂျီနီဗာသဘောတူစာချုပ်ကို ထည့်သွင်းညွှန်းဆိုပြောဆိုလိုက်ခြင်းက ဗမာ့တပ်မ တော်ကို စည်းကမ်းဘောင်တခုအတွင်း သွင်းလိုက်တာဖြစ်ပါတယ်။ ကာချုပ်အနေနဲ့ သူ့စကားအပေါ် သူဘယ်လောက် တာ ဝန်ခံတယ်ဆိုတာ သိပ်ကြာကြာစောင့်ကြည့်စရာမလိုပါဘူး။ အင်းဒင်ရွာလူသတ်မှုရဲ့ အဆက်အမှုများ (ရိုက်တာသတင်း ထောက်များအမှု၊ ဒုရဲမှူး မိုးရန်နိုင်အမှု) ဘယ်လိုအဆုံးသတ်မလဲ ဆိုတာကြည့်ရင် သိနိုင်ကြောင်း ထောက်ပြချင်တာလည် ပါပါတယ်။

ကာချုပ်မင်းအောင်လှိုင်ဦးစီးတဲ့ ဗမာ့တပ်မတော်အနေနဲ့ လောလောဆယ်မှာတော့ အပြောနဲ့လက်တွေ့မကိုက်ညီဘဲ တိုင်း ရင်းသားပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်လျှက်ရှိဆဲဖြစ်နေလို့၊ ပိုမိုပွင့်လင်းလာတဲ့ခေတ်ကြီး အတွင်း ဒါတွေကိုအမှာင်ချမထားနိုင်တော့ဘူး။ လူထုကလည်း ဆက်သည်းမခံနိုင်တော့ဘူး။ ဒါ့ကြောင့် တပ်မတော်အနေနဲ့ အမြန်ဆုံး ဒီအခြေအနေတွေကိုပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာတွေကို သတိပေးပါရစေ။

လှကျော်ဇော
၂၉၊ ၄၊ ၂၀၁၈။
0