ဒေါက်တာစိန်ဝင်း - “မြန်မာနိုင်ငံသားစစ်စစ်၊ နိုင်ငံသားဟောင်းလဲ မဟုတ်ဘူး၊ နိုင်ငံသားအသစ်လဲ မဟုတ်ဘူး”


ဒေါက်တာစိန်ဝင်း - “မြန်မာနိုင်ငံသားစစ်စစ်၊ နိုင်ငံသားဟောင်းလဲ မဟုတ်ဘူး၊ နိုင်ငံသားအသစ်လဲ မဟုတ်ဘူး”
(မိုးမခ အင်တာဗျူး) ဧပြီ ၁၀ ၊ ၂၀၁၈

ကျနော်တို့က ဒီမိုကရေစီအရေးအတွက် တိုင်းပြည်က ထွက်သွားတဲ့လူတွေဗျ။ ဒီပြင်တိုင်းပြည်တွေမှာလည်း သည်လိုလူမျိုးတွေ မျိုးဆက်တွေ ရှိခဲ့တာပါ။ ဒီပြင်တိုင်းပြည်တွေမှာ သည်လိုအရေးကိစ္စတွေကို အလေးအနက်ထား စဉ်းစားပြီး ရှင်းလင်းထားတာတွေ စီစဉ်ထားတာတွေ ရှိပါတယ်။ လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်ဗျာ။ သို့သော်လည်းပဲ တဖက်သတ်ပေါ့ဗျာ။ ကျနော်တို့ကို နိုင်ငံသားဟောင်းဆိုပြီး လုပ်တာကျတော့ .... ကျနော်တို့က နိုင်ငံသားအဟောင်းလဲ မဟုတ်ဘူးဗျ။ နိုင်ငံသားအသစ်လည်း မဟုတ်ဘူးဗျ။ မြန်မာပြည်နိုင်ငံသားပဲ။ အဲဒါကိုတော့ ကျနော်တို့ မလျော့ဘူး။ 

မိုးမခ - ဆရာ နေကောင်းပါလားခင်ဗျ။ ကျန်းမာရေးကော ကောင်းရဲ့လား။

ဒေါက်တာစိန်ဝင်း - ကောင်းပါတယ်ခင်ဗျ။ ကောင်းတယ်ဆိုသော်လည်း ဆေးတွေတော့ စားနေရတာပေါ့။ ကျနော်က နှလုံးရောဂါတော့ ရှိတယ်လေ။ သည်တော့ ဆေးတွေ စားနေရတာပေါ့။ ကျန်တာ အိုကေပါတယ်။

မိုးမခ - ဆိုတော့ ခရီးသွားတာတို့ ဘာတို့အတွက်ကျတော့ကော ဆရာ။

ဒေါက်တာစိန်ဝင်း - ခရီးမသွားတော့ပါဘူး။ အိမ်မှာပဲ နေပါတယ်။ သွားနိုင်လာနိုင်တော့ ရှိပါတယ်။

မိုးမခ - ခရီးသွားတယ်ဆိုလို့ ခုထိလည်း ဆရာတို့ မြန်မာပြည်လည်း မပြန်ဖြစ်သေးဖူးပေါ့နော်။

ဒေါက်တာစိန်ဝင်း - ဘယ်ပြန်ဖြစ်ဦးမလဲ။ အဆင်မပြေသေးပါဘူး။

မိုးမခ - လွန်ခဲ့တဲ့ ၂ နှစ်က ဆရာတို့ မြန်မာပြည်ကို ပြန်ဖို့ လုပ်ကြတယ်။ အဆင်မပြေဘူးလို့ ကြားရတယ်။ အဲဒါက ဘယ်လိုဆက်ဖြစ်နေသေးလဲ။

ဒေါက်တာစိန်ဝင်း - ကျနော်တို့က လျောက်တော့ အဲသည်တုန်းက ပြသနာက ခံဝန်ချက်တွေ ထိုးရတာ။ နိုင်ငံရေးမလုပ်ပါဘူးတို့ ဘာတို့ ခံဝန်ချက်တွေ ထိုးရတယ်။ အဲဒါကို ကျနော်တို့က မကြိုက်ဘူး။ နောက်တခါ တချို့လူတွေက ၀င်ပြောတယ်။ ဒါတွေက waiver  ပေါ့။ (ချွင်းချက်ပေးသည်၊ လျော့ပေါ့ပေးသည် အနေဖြင့်) လက်မှတ်ထိုးစရာမလိုပါဘူးလို့ ပြောတယ်။ သို့သော်လည်း ၀က်ဆိုက်မှာ စာနဲ့ရေးထားတယ်။ written လုပ်ထားတယ်။ ပြီးတော့ မထိုးလည်း ရပါတယ် ဆိုတာကျတော့ ဒါဆို အစကတည်းက ၀က်ဆိုက်ထဲမှာ ထည့်ထားသလဲ။

ဗမာပြည်မှာ အခြေအနေက ပြောင်းနေပြီ။ ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲ အနိုင်ရတယ်။ ဒီမိုကရေစီကို သွားနေပြီ။ ဒါဆိုရင် လွယ်လွယ်ကူကူ ဖြစ်ရမှာပေါ့ဗျာ။ တိုင်းပြည်ထဲ ၀င်တယ်ဆိုရင် တိုင်းပြည်ရဲ့ ဥပဒေတွေနဲ့ မကျေနပ်ရင် ပြန်မောင်းထုတ်လို့ ရတယ်။ မောင်းထုတ်လို့ရတာပဲလေ။ ဒိပြင်တိုင်းပြည်တွေမှာလည်း သည်လိုပဲ မဟုတ်လား။ ဒီလို ရှိပြီးသားဆိုတော့ အခုလို ၀န်ခံချက်ကြီးတွေ ထိုးရတာက မဟန်ဘူးပေါ့ဗျာ။ တိုင်းပြည်ကို ဟိုဟာမလုပ်ပါဘူး၊ ဒီဟာ မလုပ်ပါဘူး။ ကျနော်တို့က ဘယ်လိုတုန်း အဲသလို လုပ်နေလို့လဲ။ အဲသည်တော့ မသွားဖြစ်ဘူး။

မိုးမခ - အဲသည် ၂၀၁၆ အောက်တိုဘာလထဲမှာ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်လာတော့ မြန်မာပြည်သားတွေနဲ့ တွေ့တဲ့အခါကျတော့ အဲသည်လို ခံဝန်ချက်တွေ ထိုးစရာ မလိုပါဘူး။ ဒါဟာ အရင်အစိုးရရဲ့ ကန့်သတ်ချက်သာဖြစ်တယ်။ ဒါတွေကို လိုအပ်သလို ပြုပြင်သွားမယ်။ ပြီးတော့ မြန်မာပြည် ပြန်လည်ထူထောင်ရေးအတွက် မြန်မာပြည်ဖွားများရဲ့ အင်အားကို အထူးလိုအပ်နေတယ်။ ကြိုဆိုနေတယ်လို့ ပြောသွားပါတယ်။ သို့သော်လည်း ပြည်ပရောက်နေတဲ့ မြန်မာပြည်ဖွားများ အိမ်ပြန်ချင်တဲ့အခါ social visa လျောက်ရတယ်။ အဲသည်မှာ (၁) လက်ရှိအလုပ်အကိုင်ကလွဲရင် အခြားဘယ်အလုပ်ကိုမှ အခနဲ့ဖြစ်စေ အခမဲ့ဖြစ်စေ မလုပ်ရဘူး၊ (၂) တည်ဆဲဥပဒေများကို လိုက်နာရမယ်၊ ပြည်တွင်းရေးကို စွက်ဖက်ခြင်း မလုပ်ရဘူး။ (၃) ဥပဒေတွေကို ဖောက်ဖျက်ရင် အရေးယူခြင်းကို ခံယူပါမည် ဆိုတဲ့ သတ်မှတ်ချက်တွေ ရေးထားတယ်။ ပြီးတော့ အဲသည်ခံဝန်ချက်ကို လက်မှတ်ထိုးတာဟာ ကိုယ့်ကိုယ်ကို မြန်မာနိုင်ငံသားဟောင်းတဦးအဖြစ် လက်ခံပြီး social visa လျောက်ထားတဲ့ သဘောတခါတည်း သက်ရောက်သလို ဖြစ်နေတယ်။ အဲသည်အချက်ကို ဆရာ့အနေနဲ့ ဘာထပ်ပြောချင်သလဲ။ မြန်မာနိုင်ငံသားအဖြစ်ကို မစွန့်လွှတ်ဘဲ အခြားနိုင်ငံသားလည်းမခံယူဘဲ တောက်လျောက်နေနေတဲ့ ဆရာတို့အနေနဲ့ ဘယ်လို ပြောမလဲ။

ဒေါက်တာစိန်ဝင်း - နိုင်ငံရေးမလုပ်ပါဘူးဆိုတာ တော်တော် ဂွကျတယ်။ ဟိုတုန်းက ရေးထားတာ။ အခုကျတော့ ဟိုဟာမလုပ်ရဘူး ဒီဟာ မလုပ်ရဘူးလို့ ဆိုထားတာတွေ ဆက်ရှိနေတယ်။ ပြီးတော့ အဲသည် ဖောင်ကို လက်မှတ်ထိုးလိုက်တာဟာ ကိုယ့်ကိုယ်ကို ဘာအချက်ကို တခါတည်း ၀န်ခံရာရောက်နေသလဲဆိုတော့ အခု ကျနော်ဟာ “နိုင်ငံသားဟောင်း” တဦးဖြစ်သွားပြီလို့ ခံဝန်လိုက်ရာပါ ရောက်သွားတယ်။ ကျနော်တို့က မြန်မာပြည်သားပဲ။ ပြည်တွင်းက ထွက်လာကတည်းက မြန်မာပြည်သားပဲ။ မှတ်ပုံတင်ရှိတယ်။ ဦးသိန်းစိန်လက်ထက်ကတည်းက ကြေညာတယ်။ ဘလက်လစ်စ်ကနေ ဖယ်ရှားပေးတယ်။ သူတို့အဆိုအရ black list ဆိုပေမယ့် ကျနော်တို့အတွက် honor list ပဲ။ အခုနောက်ပြီးတော့လည်း ရင်ကြားစေ့ရေးလုပ်နေချိန်မှာ ဒါတွေ မရှိသင့်တော့ဘူး။ လွယ်လွယ်ကူကူ ဖြစ်ရမယ်။ တခုခု ပြောစရာရှိရင်လည်း ပြောင်ပဲပြော၊ ပွင့်ပွင့်လင်းလင်းပြော။ အေး ခင်ဗျားကို မပေးနိုင်ဘူး။ ဒီအချက် ဒီအချက်တွေကြောင့်ရှိတယ်။ ဒါ့ကြောင့် မပေးနိုင်ဘူး။ သို့သော် ၀န်ခံချက်ထိုးရမယ်ဆိုတာကတော့ မဟုတ်ဘူးပေါ့ဗျာ။

မိုးမခ - ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်ပြီးတော့ ဦးသိန်းစိန်အစိုးရကပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်အစိုးရကပဲဖြစ်ဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသလိုမျိုး၊ လျော့ပေါ့ခွင့်ပေးသလိုမျိုး အားလုံးကို blanket statement ကြေငြာတာမျိုး မရှိခဲ့ဘူး။ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကိုတော့ အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားအဖြစ်ကို မစွန့်လွှတ်ဘဲ နေနေတဲ့သူတွေကျတော့ ဘာထုတ်ပြန်ချက်မှ မရှိဘူးဆိုတဲ့ သဘောဖြစ်နေတာပေါ့ဆရာ။

ဒေါက်တာစိန်ဝင်း - အရင်က ကျနော်တို့ကို black list ထဲမှာ ထည့်ထားတယ်။ black list ဆိုတာက ဗီဇာမပေးဘူး။ နောက်တော့ အပြောင်းအလဲတွေဖြစ်တယ်။ ဒါတွေကို ဖယ်ပစ်တယ်ဆိုတာ ကြေညာတယ်။ ကျနော်တို့ နာမည်တွေက ထိပ်ဆုံးကပေါ့ဗျာ။ အဲသည်ထဲက နာမည်တွေကိုပေါ့ဗျာ။ black list ထဲက ဖယ်ရှားလိုက်တယ်လို့ ကြေညာတယ်။ ဒီတခုပဲ ကျနော်တို့ သိတယ်။ လွတ်ငြိမ်းချမ်းသာခွင့်တွေ ဘာတွေတော့ ကြေညာတယ်တော့ ကျနော် မကြားဘူး၊ မသိဘူး။ ပြီးတော့ ဘလက်လစ်ကနေ ဖယ်ရှားပြီးတော့ ပြန်လာပါ ပြန်လာရင်လက်ခံမယ်၊ တိုင်းပြည်က ပြောင်းလဲနေပါပြီ။ မြန်မာပြည်မှာ ပြန်လာလို့ ရပြီ။ တိုင်းပြည်အကျိုးကိုလည်း လုပ်လို့ရပါပြီလို့ ဖိတ်ခေါ်တယ် ကြေညာတယ်။ ဒါတော့ လုပ်တယ်။ ကျန်တာတော့ မပါဘူး။ ဒါပေမယ့် တဖက်ကနေ ၀န်ခံချက်တွေ ထိုးရတယ်။ နိုင်ငံရေးမလုပ်ပါဘူးတို့ ဘာတို့တွေ ပါနေတယ်။

မိုးမခ - ဟုတ်ကဲ့ဆရာ။ အဲသည်မှာ social visa လျောက်တဲ့ဆီမှာ ၀န်ခံချက်ထိုးခိုင်းတဲ့ဆီမှာ ရေးထားတာက မြန်မာနိုင်ငံသားဟောင်းတွေအတွက်လို့ ဆိုထားတယ်လေ။ မြန်မာနိုင်ငံသားအဖြစ် ဆက်လက် ခံယူထားတဲ့သူတွေကို ပြောတာမဟုတ်ဘဲ အခြားနိုင်ငံသားခံယူထားသူတွေ အခြားခရီးသွားလက်မှတ်ကိုင်ထားသူတွေ ကိုင်ဆောင်ထားသူလို့ ဆိုထားတယ်။ ဆရာတို့အတွက်ကျတော့ မြန်မာနိုင်ငံသားအဖြစ် မစွန့်လွှတ်ခဲ့ဘူး၊ black list ကလည်း ဖယ်ရှားထားပြီးသားဖြစ်နေတယ်။ ပြန်ဖို့ကိုလည်း ဖိတ်ခေါ်ထားတယ်။ ပြန်ဖို့အတွက် ပြင်ဆင်တဲ့အခါကျတော့ ဆရာတို့လို မြန်မာနိုင်ငံသားမစွန့်လွှတ်သူ မြန်မာနိုင်ငံသားဟောင်းလို့ ၀န်မခံသူအတွက်ကျတော့ ကဏ္ဍတခုအဖြစ် ပါမလာဘူး။ သည်တော့ social visa လျောက်ပြန်ရင်လည်း ခံဝန်ချက်တွေ ပါလာပြန်ရော၊ နိုင်ငံသားဟောင်းလို့ ကိုယ့်ဖာသာကိုယ် စွန့်လွှတ်တဲ့ ပုံစံကို လက်မှတ်ထိုးရသလို ဖြစ်နေပြန်ရော ဆိုတော့ အခု မြန်မာအစိုးရလုပ်ထားတာက အဝေးရောက် မြန်မာနိုင်ငံသားတွေကို သည်ကန့်သတ်ချက်တွေထဲမှာ ကိုယ့်ဖာသာကိုယ် ချုပ်မိနေအောင် လုပ်ထားသလို ဖြစ်မနေဘူးလား။ သည်တော့ ဆရာတို့ကိုယ်တိုင်က သံရုံးကို ဆက်သွယ်ပြီးတော့ ငါတို့က မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ထားတာမဟုတ်ဘူး။ ငါတို့ တိုင်းပြည်ကို လွတ်လပ်စွာ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ဖို့အတွက် ငါတို့ကို မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ် ထုတ်ပေးပါလို့ တောင်းဆိုထားတာ၊ မေးမြန်းထားတာကော မရှိဘူးလား။

ဒေါက်တာစိန်ဝင်း - ကျနော်တို့ စပြီးတော့ စုံစမ်းပါတယ်။ သံရုံးထံကိုပေါ့။ ဒါပေမယ့် ဘာသံမှ မကြားဘူး။ နောက်ပြီးတော့ ဒီလိုကိစ္စမျိုးတွေဆိုတာ မခက်ပါဘူး။ ဘယ်လိုအခြေအနေမျိုးတွေမှာ ဘယ်လို procedure နဲ့ တောင်းရတယ်၊ ဘယ်လောက်ကြာတယ်ဆိုတာ သတ်မှတ်ပေးဖို့ လွယ်လွယ်လေးပဲ။ ခြွင်းချက်ရှိတယ်ဆိုရင်လည်း ခြွင်းချက်နဲ့ သတ်သတ်လုပ်ပေါ့။ ယေဘူယျအားဖြင့် နိုင်ငံခြားသားလည်း မခံယူထားဘူး၊ မြန်မာနိုင်ငံသားတွေ အပြင်ရောက်လာတဲ့သူတွေကို ပြန်လက်ခံမလား မလက်ခံဘူးလား၊ ဘယ်လိုပုံစံနဲ့ လက်ခံမလဲ။ ဘယ်လောက်ကြာမလဲဆိုတာ စသည်အားဖြင့် တခုခုတော့ ကြေညာရမယ်လေ။ အခုဟာက နှစ်ပေါင်းကြာပြီဗျ။ မနေ့တနေ့ကမှ ဖြစ်တာ မဟုတ်ဘူးလေ။ သည်တော့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း သိဖို့ လုပ်ဖို့ လိုတယ်လေ။ ကျနော်တို့ ၀က်ဆိုက်တွေ တယ်လီဖုံးတွေ ရှိပါတယ်ဆိုပြီးပြောနေပေမယ့် ဒါကို သီးသန့် ထုတ်ပြန်ထားတာ မတွေ့ဘူးဗျ။ ပြီးတော့ အစောက ပြောထားတဲ့ အခြားအဆင်ပြေတာနဲ့ လက်ခံတယ်။ မြန်မာနိုင်ငံသားဟောင်းဆိုရင်တော့ လက်ခံတယ်။ ကျနော်တို့က နိုင်ငံခြားသားမဟုတ်ဘူးလေ။

နိုင်ငံခြားသားအဖြစ်လည်း မခံယူဘူးဆိုသော်လည်း သူနေထိုင်တဲ့နိုင်ငံက ခရီးသွားလက်မှတ်နဲ့ ပြန်လာပြန်တော့လည်း ဗမာနိုင်ငံသားမဟုတ်တော့ဘူးလို့ သူတို့က လျောက်လွှာနဲ့ ခံဝန်ချက်နဲ့ ၀န်ခံခိုင်းထားသလို ဖြစ်နေတယ်လေ။ ကျနော်တို့က မြန်မာနိုင်ငံသားပဲဗျ။ ကျနော့်မှာ မှတ်ပုံတင်ရှိတယ်။ ကျနော့် အဖေတွေ အမေတွေကိုလည်း အားလုံးက သိနေကြတာပါပဲ။ မြန်မာနိုင်ငံသားတွေပဲ။ ပြန်လာရင် ပြန်လက်ခံဖို့ officially ဖြစ်ဖို့ လိုတယ်။ ကျနော်တို့ ထွက်လာကတည်းက အပြင်မှာ နေဖို့ ထွက်လာတာမဟုတ်ဘူး၊ ပြန်ဖို့။ ဒါကို သူတို့အနေနဲ့က အားလုံး ပြောင်းလဲနေပါပြီလို့ ပြောထားတယ်။ သည်တော့ ကျနော်တို့မှာ ခရီးသွားလက်မှတ်လိုတယ်။ လက်ခံတဲ့ တိုင်းပြည်က ခရီးသွားလက်မှတ်ထုတ်ပေးတယ်။ ဒါက ထုံးစံပဲ။ ဒါကို တဖက်လှည့်ပြီးတော့ ခင်ဗျားတို့ကိုင်လာတာ နိုင်ငံခြားခရီးသွားလက်မှတ်နဲ့ နိုင်ငံခြားသားပဲလို့ ပြောတာ သတ်မှတ်တာက မဟုတ်သေးဘူးဗျ။ ကျနော်တို့ ကြားသိနေရတာတွေ ရှိနေတယ်။

ပြီးတော့ ကျနော်တို့ကို ဖိတ်ခေါ်ပါတယ်။ လာကြပါ။ ၀ိုင်းဝန်းကြပါလို့ ပြောနေတယ်။ တိုင်းပြည်မှာ လိုအပ်ပါတယ်လို့ ပြောကြပြန်ရော။ တကယ်တန်းက ဒီကိစ္စကို ပြေလည်စေဖို့က ဘာမှ ခက်တာမဟုတ်ပါဘူး။ ဒီလို ရှိတယ်။ ဒီအတွက် လုပ်စရာရှိတာက သည်လိုရှိတယ်။ နိုင်ငံကူးလက်မှတ်ပြန်လျောက်ပေးဖို့ဆိုရင် သည်လို လုပ်ပေးလို့ ရတယ် ဆိုရင် ဖြစ်ရမှာပေါ့။

ကျနော်တို့က အဟောင်းတွေ အသစ်တွေကို ပြောနေတာ မဟုတ်ဘူး။ ကျနော်တို့က ဘယ်တုန်းကမှ အခြားနိုင်ငံသား မခံယူဘူး။ သူများတိုင်းပြည်မှာ စီတင်ဇင်မဟုတ်ဘူး။ မြန်မာပြည်သား စစ်စစ်။ မိဘတွေကလည်း မြန်မာပြည်သားစစ်စစ်။ ဘိုးဘွားတွေကလည်း မြန်မာပြည်သားစစ်စစ်။ ကျနော်တို့မှာ ဖြတ်သန်းမှုရှိတယ်။ ဒါကို ကျနော်တို့ကို မြန်မာနိုင်ငံသားဟောင်းလို့ ခံဝန်ချက် ထိုးခိုင်းလိုက်တာနဲ့ ကျနော်တို့က ဘာဖြစ်သွားလဲ။ ကျနော်တို့ကို ခင်ဗျားတို့က မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပါတယ်ဆိုတာကို လက်ခံပြီးတော့ ကျနော်တို့ကို မြန်မာနိုင်ငံသားတဦးအနေနဲ့ နိုင်ငံကူးလက်မှတ် ဘယ်တော့ ထုတ်ပေးမှာလဲ။ သူတို့မှာ procedure ရှိရမယ်လေ။ အခုကျတော့ အချိန်တွေကို ဆွဲပြီးတော့ နှစ်ပေါင်းများစွာ ကြာနေရတာကတော့ အဓိပ္ပါယ် မရှိဘူးလေ။

မိုးမခ - အင်း ... မနှိုင်းကောင်း နှိုင်းကောင်းပေါ့ဆရာရယ်။ ရခိုင်ပြည်မြောက်ပိုင်းဒေသက အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ခ်ျနယ်စပ်ကိုကျော်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ လက်တလောမှာကို သိန်းနဲ့ချီပြီး ရှိလာတယ်။ အခုသူတို့ကို နိုင်ငံတကာဖိအားတွေ ပြည်ပက စွက်ဖက်တာတွေနဲ့ သူတို့ကို မြန်မာအစိုးရက ပြန်လည်စိစစ်ပြီး လက်ခံနေတဲ့ လုပ်ငန်းစဉ်တွေ ရှိနေတယ်။ ရှိလာတယ်။ နှစ်ပေါင်းများစွာ မြန်မာပြည် ဒီမိုကရေစီရေး လူ့အခွင့်အရေး လွတ်လပ်ရေးအတွက် ၈၈ အရေးတော်ပုံကို အနီးဆုံးထား စဉ်းစားရင် နှစ်ပေါင်း ၃၀ နီးပါးက စလို့ ပြည်ပကို ရောက်ရှိသွားတဲ့ မြန်မာနိုင်ငံသားတွေဆိုတာ သိန်းနဲ့ ချီပြီး ရှိတယ်။ သူတို့က ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ မြန်မာပြည်အရေး လှုပ်ရှားခဲ့ကြရတာ။ စစ်အစိုးရအဆက်ဆက်က လူ့အခွင့်အရေးချိုးဖောက်လို့ နေရပ်ကို စွန့်ခွာခဲ့ကြရတာ။ အဲသည်လို မြန်မာနိုင်ငံသားတွေ ဆရာတို့တွေလို မိသားစုတွေအနေနဲ့ဆိုရင် ဆရာ ဘယ်လိုပြောမလဲ။

ဒေါက်တာစိန်ဝင်း - ပြောရတော့ ခက်တယ်ဗျာ။ ကျနော်တို့က စထွက်ကတည်းက မြန်မာပြည်စီတီဇင်၊ မြန်မာပြည်သား။ မြန်မာမှတ်ပုံတင်ရှိတယ်။ ဘာကဒ် ညာကဒ်တွေ မဟုတ်ဘူး။ ဘယ်နှစ်ခုနှစ်က စလုပ်လုပ် မှတ်ပုံတင်စလုပ်ပေးကတည်းက ကျနော်တို့ ပါတာပဲ။ ကျနော့် မိဘဘိုးဘွားတွေ ပါတာပဲ။ ဖြေရှင်းပေးသင့်တဲ့လူတွေကို တိုင်းပြည်က ဒီမိုကရေစီကို သွားနေပါပြီ။ ပြောင်းလဲနေပါပြီ၊ ရင်ကြားစေ့နေပြီ ဆိုပြီး ပြောနေကြပြီးတော့ အဲသည်အချိန်မှာ နိုင်ငံသားဟောင်းဆိုပြီးတော့ ဇွတ်သွင်းလိုက်ပြီးတော့ ရှိရင်းသား နိုင်ငံသားကိုတောင်မှ ပြုတ်သွားအောင် လုပ်နေတယ်၊ ပျက်ပြယ်သွားအောင် လုပ်နေတယ်လို့ ကျနော်တို့ မြင်နေတယ်။ အဲဒါတော့ မဟုတ်တော့ဘူး။

မိုးမခ - သည်တော့ အခုလို ရှုမြင် ဆုံးဖြတ်ထားပုံကို အခြေခံပြီး ဆရာတို့ ဘာဆက်လုပ်မလဲ။

ဒေါက်တာစိန်ဝင်း - ကျနော်တို့ ပြောထားတယ်။ ပြောနေတယ်။ လူသိရှင်ကြားလည်း ပြောမယ်။ အားလုံး ကျနော်တို့လိုပဲ ပြည်တွင်းက ထွက်လာတယ်။ မြန်မာနိုင်ငံသားစစ်စစ်တွေပဲ။ အချိန်ယူပြီး လုပ်နေတယ်ဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမယ့် အချိန်ကို သည်ထက် မြန်မြန်လုပ်ရမယ့် ကိစ္စလေ။ နှစ်ပေါင်းအကြာကြီး ဆွဲထားရမယ့်ကိစ္စ မဟုတ်ဘူး။ ဥပဒေလုပ်နိုင်တဲ့ ပါလီမန် ရှိတယ်။ ပါလီမန်မှာလည်း ပြည်သူလူထု တိုက်ရိုက်ရွေးကောက်ထားတဲ့ အမတ်တွေ ကိုယ်စားလှယ်တွေ ရှိတယ်။ အသံထွက်လာရမယ်။ အဲလိုဖြစ်အောင် ကျနော်တို့ တိုက်တွန်းမှာပဲ။ လုပ်မယ်ဆိုတာက ကျနော်တို့ လုပ်နိုင်သလောက်ပေါ့ဗျာ။ စီတီဇင်ရှစ်ဆိုတာကို ၃၊ ၄ မျိုး မထားသင့်ဘူး။ စီတီဇင်က စီတီဇင်ပဲ။ ပြတ်ပြတ်သားသားရှိရမယ်။ ကျနော်တို့က သူများနိုင်ငံသားမခံထားဘူး။ ဒီမှာ ရောက်နေတယ်။ ပြန်ဖို့ အခြေအနေပေးတယ်။ ဖိတ်လည်း ဖိတ်ခေါ်ထားတယ်။ တိုင်းပြည်အတွက် လုပ်ကြပါတဲ့။ ပြန်လည်း ပြန်ချင်တယ်။ ပြန်လာဖို့လည်း စိတ်ကူးထားတယ်။ ဆုံးဖြတ်ထားတယ်။ အဲသည်အချိန်မှာ အဆုံးအဖြတ်ကို ပေးဖို့က ဘယ်သူလဲဆိုတာ ကျနော် မပြောချင်ဘူး။ လက်ညိုးလည်း မထိုးချင်ဘူး။ မြန်မာပြည်မှာ ပါလီမန်ရှိပြီ၊ ရင်ကြားစေ့ရေးဆိုပြီး သွားနေကြတယ်။ သည်အချိန်မှာ သူတို့ ဆုံးဖြတ်ရမယ်၊ မြန်မြန် ဆုံးဖြတ်ရမယ်။ ဘာကြောင့်လဲဆိုတော့ နှစ်တွေ ကြာနေရင် တိုင်းပြည်ရဲ့ သိက္ခာနဲ့ မညီဘူးဗျ။ ဘယ်တိုင်းပြည်မှ ဆိုရှယ်ဗီဇာဆိုပြီးတော့ ဈေးနှုန်းပေါင်းများစွာနဲ့ လက်မှတ်တွေထိုး ဒါတွေ အမျိုးမျိုး ရှိနေတာ မဖြစ်သင့်ဘူး။ facts တွေတော့ တောင်းရမယ်၊ ပေးရမယ်၊ ဒါတွေတော့ ရှိရမယ် လက်ခံတယ်။

မိုးမခ - အခုလို အဝေးရောက် မြန်မာနိုင်ငံသားအဖြစ် မစွန့်လွှတ်ပဲ ရပ်တည်နေကြသူတွေဟာ အခုလို အချိန်တွေ အကြာကြီးဆွဲပြီးထားတဲ့အောက်မှာ ဒီမိုကရေစီအရေးတော်ပုံအောက်ကနေပြီး အဝေးရောက်လာရတဲ့ မျိုးဆက်တခုဟာ ပျောက်ဆုံးသွားရတော့မှာမျိုး စတေးပစ်လိုက်ရတော့တာမျိုး ဖြစ်နေရတယ်၊ ပြုံးတီးသွားရတယ်။ အလကားဖြစ်သွားရတယ်ဆို ဘယ်လို ပြောမလဲ။

ဒေါက်တာစိန်ဝင်း - အေးဗျာ။ ရှိမှာပေါ့ဗျာ။ အဲဒါကတော့ ရှိမှာပေါ့။ သို့သော်လည်းပဲ ဒါကိုတော့ ရှင်းရမယ်လေ။ ဘယ်သူက လုပ်နေသလဲဆိုတာ ရှင်းရမယ်လေ။ ကျနော်တို့က ဒီမိုကရေစီအရေးအတွက် တိုင်းပြည်က ထွက်သွားတဲ့လူတွေဗျ။ ဒီပြင်တိုင်းပြည်တွေမှာလည်း သည်လိုလူမျိုးတွေ မျိုးဆက်တွေ ရှိခဲ့တာပါ။ ဒီပြင်တိုင်းပြည်တွေမှာ သည်လိုအရေးကိစ္စတွေကို အလေးအနက်ထား စဉ်းစားပြီး ရှင်းလင်းထားတာတွေ စီစဉ်ထားတာတွေ ရှိပါတယ်။ လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်ဗျာ။ သို့သော်လည်းပဲ တဖက်သတ်ပေါ့ဗျာ။ ကျနော်တို့ကို နိုင်ငံသားဟောင်းဆိုပြီး လုပ်တာကျတော့ .... ကျနော်တို့က နိုင်ငံသားအဟောင်းလဲ မဟုတ်ဘူးဗျ။ နိုင်ငံသားအသစ်လည်း မဟုတ်ဘူးဗျ။ မြန်မာပြည်နိုင်ငံသားပဲ။ အဲဒါကိုတော့ ကျနော်တို့ မလျော့ဘူး။ ဘယ်တော့မှ မလျော့ဘူး။ အဲဒါပါပဲ။

မိုးမခ - ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာ(ဦး) စိန်ဝင်းကို ပြန်မိတ်ဆက်ပေးရမယ်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့  မြန်မာပြည်နယ်စပ်မှာ ဖွဲ့စည်းခဲ့တဲ့ အဝေးရောက်ညွန့်ပေါင်းအစိုးရရဲ့ ၀န်ကြီးချုပ်ဖြစ်ပါတယ်။ စစ်အစိုးရက ၉၀ခုနှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲမပေးဘဲ ဖမ်းဆီး နှိမ်နှင်းမှုတွေ တိုးမြှင့်လုပ်ကိုင်လာတဲ့အတွက် နိုင်ငံရေးရပ်တည်ချက် လိုအပ်ချက်အဖြစ် ပြည်ပမှာ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ကို ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှုသမိုင်းမှာ အခမ်းကဏ္ဍတခုကနေ တောက်လျောက် လှုပ်ရှားခဲ့ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ခုနှစ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက်၊ ၂၀၁၂ မှာ ပါတီကို ပြန်လည်ဖွဲ့စည်းပြီး ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက် အနိုင်ရတဲ့နောက်မှာ ဒေါက်တာစိန်ဝင်းက ပြည်ပမှာ ထူထောင်ရပ်တည်ထားတဲ့ အဝေးရောက်ညွန့်ပေါင်းအစိုးရကို ကိုယ်တိုင်ဖျက်သိမ်းခဲ့ပါတယ်။

 ဒေါက်တာစိန်ဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်း၏အကို ဦးဘ၀င်း၏ သားတဦးဖြစ်ပါတယ်။ ဦးဘ၀င်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ၁၉၄၇ ဇူလိုင် ၁၉  ရက်နေ့မှာ အခြားအာဇာနည်များနဲ့အတူ လုပ်ကြံခံရပြီး ကျဆုံးခဲ့ပါတယ်။ ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မဟာမိတ်ပါတီအဖြစ် ဒေါက်တာစိန်ဝင်းက အမျိုးသားဒီမိုကရေစီပါတီကို ထူထောင်ပြီး လက်တွဲဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။  နောက်တကြိမ် ၂၀၁၅ ပါတီစုံရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD  ပါတီ အပြတ်အသတ်အနိုင်ရပြီး အစိုးရကော လွှတ်တော်ပါ စိတ်တိုင်းကျ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

အဲသည်ကတည်းက ဒေါက်တာစိန်ဝင်းမိသားစုဟာ ဒီမိုကရေစီနည်းကျ တက်လာတဲ့ NLD အစိုးရနဲ့ လွှတ်တော်တို့ရဲ့ ပြဌာန်းထားတဲ့ ဥပဒေ စည်းမျဉ်းများနဲ့အညီ ဂုဏ်သိက္ခာရှိစွာ အဝေးရောက် မြန်မာနိုင်ငံသားများအနေနဲ့ ပြည်တော်ပြန်ဖို့ လျောက်ထားခဲ့ကြသော်လည်း ယခုအချိန်ထိ ကန့်သတ်ချက်များစွာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

(ပြန်ဖတ်ချင်ရင် ဖတ်ဖို့ -  http://moemaka.com/archives/53772 (ဒေါက်တာစိန်ဝင်းနဲ့ အင်တာဗျူး) http://moemaka.com/archives/52678 (ဆရာဇနီး ဒေါ်စီစီသွယ်၏ အိပ်ဖွင့်ပေးစာ))

၂၀၁၆ အောက်တိုဘာကတည်းက ကြိုးပမ်းခဲ့သော်လည်း အရာမထင်ပါ။ ဒေါ်စုက ခံဝန်ချက်တွေ လက်မှတ်ထိုးစရာမလိုပဲ မြန်မာတွေ အိမ်ပြန်ခွင့်ရရမယ်။ မြန်မာတွေ ၀ိုင်းဝန်းတဲ့ အားကို လိုတယ်လို့လည်း ပြောသွားပါတယ်။ သို့သော်လည်း ခံဝန်ချက်တွေ ရှိနေတုန်းပါပဲ။ မြန်မာနိုင်ငံသားတဦးအနေနဲ့ အိမ်ပြန်ခွင့်ဆိုတာထက်“ နိုင်ငံသားဟောင်းအဖြစ် အိမ်ပြန်ဖို့ ” အခွင့်အလမ်းကိုသာ မြန်မာပြည်အစိုးရအဆက်ဆက်က ဖွင့်ထားပါတယ်။ ၂၀၁၇ ဒီဇင်ဘာမှာ ဒေါက်တာစိန်ဝင်းဇနီး ဒေါ်စီစီသွယ်က သူ့ခင်ပွန်း “က၀ိအို” အိမ်ပြန်ချင်လှပါပြီလို့ ပေးစာရေးပြီး တောင်းဆိုခဲ့ပါတယ်။ ဘာမှ ထူးလာတာ မတွေ့ရပါဘူး။

ကဝိအိုရဲ့ အိမ်ပြန်ချိန်။ မြန်မာနိုင်ငံသား ကဝိအိုအိမ် ပြန်ချင်လှပြီ။ တယောက်တလှည့် ဝိုင်း၍ကူလှည့်ပါ။
ဒီသတင်းလေးကိုပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးဦးထင်ကျော်နှင့်နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့၏ “နား”သို့ အမြန်ဆုံးရောက်အောင် ဆောင်ကြဉ်းပေးပါ။
ကဝိရဲ့ အိမ်ပြန်ချိန်၊ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် နှစ်ပေါင်း၂၈နှစ်ကြာ ပြည်ပတွင် အစဉ်တစိုက်လှုပ်ရှားပေးခဲ့သော အသက်၇၄နှစ်အရွယ် ကဝိအိုကြီး အိမ်ပြန်ချင်လှပြီ။ မြန်မာသီချင်းတွေ နားထောင်ပြီး အလွမ်းဖြေနေလေရဲ့။
အမိမြေ နင်းခွင့်ရရေး … အများသူငှာ ၀ိုင်းဝန်းကူညီလှည့်ပါ။ http://moemaka.com/archives/62103
 ဒီနေ့မှာတော့ဖြင့် ဒေါက်တာစိန်ဝင်းနဲ့ မိုးမခ ထပ်မံတွေ့ဆုံပြီး ဆရာ့ရဲ့ အတွေးအမြင် သဘောထားကို မေးမြန်း တင်ပြလိုက်ပါတယ်။

Comments