ရခိုင်ဒေသအခြေအနေ တိုးတက်ဖြစ်ထွန်းဖို့ HRW တိုက်တွန်းမည်



ရခိုင်ဒေသအခြေအနေ တိုးတက်ဖြစ်ထွန်းဖို့ HRW တိုက်တွန်းမည်
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၈

ရခိုင်ဒေသမှာရှိနေတဲ့ ဘင်္ဂါလီတွေရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖြစ်ထွန်းမှု မရှိဘူးဆိုရင် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံနေသူတွေ ပြန်ဝင်လာကြမှာမဟုတ်ဘူးလို့
ရန်ကုန်မှာ ရောက်ရှိနေတဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) အမှုဆောင်ညွှန်ကြားရေးမှူးက သတင်းထောက်တွေကို ဧပြီ ၂၇ မှာ ပြောကြားလိုက်ပါတယ်။

လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖြစ်ထွန်းမှု ဆိုတဲ့ထဲမှာ "နိုင်ငံသားဖြစ်ခွင့်" ဆိုတဲ့အချက်လည်း ပါဝင်တယ်လို့ အမှုဆောင် ညွှန်ကြားရေးမှူး Mr. Kenneth Roth က ပြောပါတယ်။

မကြာသေးခင်က ရခိုင်ဒေသ ပဋိပက္ခမှာ အစိုးရရဲ့ ဖြေရှင်းပုံက အဲဒီဒေသအတွင်း နေထိုင်သူ အများအပြား ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရလောက်အောင် အလွန်အကျွံ ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

HRW အဖွဲ့ဟာ မြန်မာပြည်လူ့အခွင့်အရေး အခြေအနေတွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

ကုလ လုံခြုံရေးကောင်စီ

ရခိုင်ပြည်နယ်က အခြေအနေတွေကို လေ့လာကြည့်ရှုဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို လာမယ့် ရက်ပိုင်းအတွင်း ရောက်လာမှာပါ။
ဒါဟာ လိမ့်မယ်။ ဒါဟာ ရခိုင်ဒေသ သြဂုတ်လ ပဋိပက္ခနောက်ပိုင်း ကုလသမဂ္ဂက မြန်မာပြည်ကို စေလွှတ်တဲ့ အဆင့်အမြင့်ဆုံး ကိုယ်စားလှယ်အဖွဲ့ ဖြစ်ပါတယ်။

ကုလ ကိုယ်စားလှယ်အဖွဲ့ လာရောက်ချိန်မတိုင်ခင် သူတို့အဖွဲ့ မြန်မာနိုင်ငံကို လာရောက် လေ့လာခြင်း ဖြစ်တယ်လို့ HRW က ပြောပါတယ်။

ရခိုင်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အာဏာပိုင်တွေထဲက တချို့ကို ပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်ဖို့ ကုလ အဖွဲ့ကို တိုက်တွန်းမယ်လို့ HRW အမှုဆောင် ညွှန်မှူးက ဆိုပါတယ်။

အများ ပြည်သူ မထိခိုက်စေရေးအတွက် ပစ်မှတ်ထားပိတ်ဆို့မှုကို ရွေးချယ်သင့်တယ်လို့ သူက ဆိုပါတယ်။

"မြန်မာပြည်အခြေအနေနဲ့ ပတ်သက်ပြီး ကုလ လုံခြုံရေးကောင်စီက ဘာမှ မလုပ်တာကို ကျနော်တို့ စိတ်ပျက်နေပါတယ်" လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

ဥရောပ ပိတ်ဆို့မှု

ဥရောပနိုင်ငံများအဖွဲ့က မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုပိတ်ပင်တဲ့ ပြဋ္ဌာန်းချက်ကို မနေ့ကပဲ နောက်ထပ် တနှစ်သက်တမ်းတိုးလိုက်ပါတယ်။

ပိတ်ဆို့မှုမှာ လက်နက်နဲ့ တခြားဖိနှိပ်ချေမှုန်းရေးသုံးပစ္စည်းများ ရောင်းချမှု၊ စစ်ဘက်ဆိုင်ရာသင်တန်းပို့ချမှု၊ ထောက်လှမ်းရေးပစ္စည်း ရောင်းချမှုတို့ ပါဝင်နေပါတယ်။

လုံခြုံရေးတပ်ဖွဲ့ အရာရှိတချို့အပေါ် ပစ်မှတ်ထား ပိတ်ဆို့တားမြစ်မှုတွေ ချမှတ်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
တဦးချင်း ပစ်မှတ်ထား ပိတ်ဆို့မှုတွေ ချမှတ်တဲ့အခါ ခရီးသွားလာမှုပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများ ထုတ်ယူသုံးစွဲနိုင်ခြင်း မရှိ စေဖို့ ထိန်းချုပ်ခြင်းတွေပါဝင်မယ်လို့ သိရပါတယ်။

မြန်မာပြည် လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါ နိုင်ငံတို့ကတော့ တဦးချင်း ပစ်မှတ်ထား အရေးယူမှုတချို့ကို ချမှတ်ထားပြီး ဖြစ်ပါတယ်။

Comments