ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - သဒ္ဓါလွန် ပညာနုံ့တဲ့ လစ်ဘရယ်ဝါဒ (Liberalism )


ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - သဒ္ဓါလွန် ပညာနုံ့တဲ့ လစ်ဘရယ်ဝါဒ (Liberalism )
(မိုးမခ) ဧပြီ ၂၈၊ ၂၀၁၈

 (ငယ်ပေါင်းတွေပြန်ဆုံတဲ့ စကားဝိုင်းလေးပါ)

ပြောနေတာကတော့- "ဗောဓိပက္ခိယသင်တန်း"နဲ့ပတ်သက်ပြီး "ဣနြေ္ဒငါးပါး"မှာ အချင်းချင်းဆန့်ကျင်ရာမှ
ပေါင်းစည်းညီညွတ်ပြီး ခွန်အားရှိ(ဗလ) ဣနြေ္ဒရ(ဣနြေ္ဒ)ဖြစ်သွားကြတဲ့ သဒ္ဓါနဲ့ပညာအတွဲ၊ သမာဓိနဲ့ ဝီရိယအတွဲ အကြောင်းပါ။

*သဒ္ဓါက ဘာနှင့်ကြုံကြုံ အလွယ်တကူယံတတ်တဲ့သဘော၊
*ပညာက ဘယ်သူ အပြောကောင်းကောင်း စုံစမ်းစပ်စုတတ်တဲ့သဘော၊
ဒီဆန့်ကျင်ဘက်တရားနှစ်ခုက တစ်တွဲ။

*သမာဓိက အေးဆေးတည်ငြိမ်တဲ့သဘော၊
*ဝီရိယက "အာတာပီ"ဆိုတဲ့အတိုင်း အပူတပြင်းလှုပ်ရှားတတ်တဲ့သဘော၊
ဒီဆန့်ကျင်ဘက်တရားနှစ်ခုကလဲ တစ်တွဲ။

"ဗောဓိပက္ခိယ=ဗောဓိအသင်းဝင်"အဖြစ် အတူတွဲထမ်းဆောင်ကြရင်း အချင်းချင်း သဘောကွဲနေကြတဲ့ တရားတွဲနှစ်တွဲ။

 ဒါက သုတမယအသိ၊ စိန္တာမယအသိကာလမှာ ဖြစ်လေ့ဖြစ်ထ အကွဲအပြဲပါပဲ။

 ("နိုင်ငံရေးလိုပြောရင်တော့- ပါတီထောင်စ သက်နုကာလမှာ အချင်းချင်း အမြင်မကြည်ကြသေးတဲ့ ပါတီတွင်းသဘောထား ကွဲလွဲမှုသဘောမျိုးပေါ့"လို့ ကြားညှပ်လိုက်သေးတယ်။)

နောက်တော့ "ဘာဝနာမယ"အဆင့်ရောက်ဖို့ သတိကဦးဆောင်စည်းရုံး၊ ဝီရိယက အားဖြည့်၊ ပညာက မြှင့်တင်ပေးတဲ့အခါ.. သတိပဋ္ဌာန်, သမ္မပ္ပဒါန်, ဣဒ္ဓိပါဒ်အဆင့် ရောက်လာတော့ ...  သဒ္ဓါနဲ့ ပညာကလဲ- ဆင်ခြင်ပြီးယုံကြည်၊ ယုံကြည်ချက်နဲ့ ဆင်ခြင်အဖြစ် မျှတသွားလို့  *ဣနြေ္ဒအဆင့် ဗိုလ်အဆင့်ထိ မြင့်တက်သွားတယ်။

သမာဓိနဲ့ ဝီရိယတို့လဲ - တည်တည်ငြိမ်ငြိမ် ကြိုးစား၊ ကြိုးစားမှုမလစ်ဘဲ တည်ငြိမ်အဖြစ် ဣနြေ္ဒအဆင့်, ဗိုလ်အဆင့် တက်သွားကြတယ်။

 ဒီနှစ်တွဲ အပေးအယူမျှရေးမှာ သတိတရားရဲ့  စိတ်ရှည်ရှည် စည်းရုံးနိုင်မှု (သတိပဋ္ဌာန် အားထုတ်မှု) ဟာ အဓိက အတွင်းရေးမှူးကောင်းတစ်ယောက် ဖြစ်နေလို့ပဲ။ ဒါကြောင့် သတိပဋ္ဌာန် (သတိရှေ့သွားရှိတဲ့ သဒ္ဓါ, ဝီရိယ, သမာဓိ, ပညာ တရား ငါးခု အပေါင်း) တို့ဟာ ပါတီတွင်းဒီမိုကရေစီရဲ့ သရုပ်သကန်ပဲ ဆိုပြီး ဆွေးနွေးမိကြတာ။

ခင်ဗျားပြောလို့ ကျုပ်ကလဲ ဆက်လိုက်ရဦးမယ်.. တစ်ယောက်က ထလုပ်တယ်။ အားလုံးက လောကုတ်လောကီ စာသမားချင်းအတူတူ ဒီပုဂ္ဂိုလ်က လောကီစာပေမှာ လက်ဝဲလက်ျာ အစုံသမား
ဆိုတော့ သူ့စကားနားစွင့်နေရတယ်။

ခုန မောင်ရင်ပြောတဲ့ သဒ္ဓါနဲ့ ပညာ အချိုးမညီ အယူမမျှတဲ့ကိစ္စကို အဋ္ဌကထာဆရာ သုံးသပ်ချက်နဲ့
ပခုက္ကူဆရာတော်ကြီး အနက်ပြန်ပုံကြည့်ပြီး ကျုပ်ဖတ်ဖူးတဲ့ လစ်ဘရယ်ဝါဒအကြောင်း စဉ်းစားခဲ့ဖူးတယ်။

"ဟိုးဆရာ ... တရားကြောင်းကနေ ဘယ်နှယ်လစ်ဘရယ်ရောက်သွားတလဲ" လို့တစ်ယောက်က ထဟန့်သေးတယ်။

"အသာနားထောင်ပါလေ၊ ဆက်စပ်လို့ ရောက်သွားတာပေါ့" ဆိုတော့ ...

 "အေး ဟုတ်ပါပြီဗျာ ..ဖရားနီကြီးကတော့ အနီရောင်အခိုးတွေ လွှတ်ဦးမယ်ထင်တယ်" နဲ့ ထ လုပ်သေးတယ်။

တစ်ယောက်က "မောင်ရင်က ဒီဝိုင်းမှာ နားထောင်သမားသက်သက်မို့လား၊ ကြုံတုန်း အေးအေးနားထောင်စမ်းပါ" ဆိုတော့မှ ငြိမ်သွားတယ်။

 ကိုယ်ကတော့ သူ့အကြောင်းသိပြီးမို့ ခပ်ပြုံးပြုံး နဲ့ မေးဆတ်ပြပြီး ငြိမ်နေလိုက်တယ်။

" ဒီနေရာမှာ အဋ္ဌကထာဆရာက ... "ဗလဝသဒ္ဓေါ ဟိ မန္ဒပညော မုဓပ္ပသန္နော"လို့ ဆိုတယ်မို့လား၊ ဒါကို ပခုက္ကူဆရာတော်များ အနက်ပေးပုံက- "ဗလဝသဒ္ဓေါ = မဆင်မခြင် မြင်သမျှအကုန် သိမ်းကြုံးယုံတတ်ပြီး၊
မန္ဒပညော = ကြောင်းကျိုးရှေ့နောက်, မထောက်မဆ လူနုံအသည်၊ မုဓပ္ပသန္နော = သဒ္ဓါ မစူး, တဏှာပူးသဖြင့်, ခပ်ရူးရူး ကြည်ညိုတတ်လေ၏၊ (ဝါ) သဒ္ဓါ မထက်,တဏှာ စွက်၍, ပေါ့ပျက်ပျက်
ကြည်ညိုတတ်လေ၏ .. တဲ့။ ...
* သဒ္ဓါ မစူး, တဏှာ ပူး သဖြင့် (ဝါ) သဒ္ဓါမထက်, တဏှာစွက်၍" ဆိုတာ ...
* ယုံကြည်ချက် ခိုင်ခိုင်မာမာထက်ထက်သန်သန် မရှိဘဲ ကိုယ်ကျိုးစီးပွားကို ငဲ့ကွက်ပြီးတော့" လို့ ဆိုတာပဲဗျ။
* သာသနာက အမည်ခံ ကိုယ်ကျိုးကို အဓိထားသူများလို့ ပြောတာပဲ။
ဒါကြောင့် ပညာနုံ့ သဒ္ဓါလွန်သူဟာ တွေဝေ ယိမ်းယိုင်တတ်တယ်၊ မပြတ်သား မထက်မြက်ဘူး၊ သာသနာကိုလဲ ကျော်ကြားမှုအရ အမည်ခံ ယုံကြည်မှုပဲ။ လောကကျိုး, သာသနာကျိုး မကြည့်ဘဲ ကိုယ်ကျိုးကြည့်တယ်။ ဒီလိုလူမျိုးက ဒရဝမ်လုပ်ခိုင်းဖို့ အဆင့်တောင် မဖြစ်နိုင်ဘူး၊ စိတ်မချရဘူး၊ အလွန်ဆုံး တံမျက်လှည်း အမှိုက်ကျုံးလောက်ပဲ တန်တယ် လို့ ပြောလိုက်တာပဲ " ဆိုတော့ ...

 "အင်း-လေနီကြမ်းတော့ ထန်စပြုပြီဟေ့".. လို့ ဟိုတစ်ယောက်က ထလုပ်လို့ အသာလက်ကုတ်ပြီး

"လုပ်ပါ လုပ်ပါ။  အဲဒါနဲ့ လစ်ဘရယ် ဘယ်လိုတော်လဲ၊ အဲ- ဘယ်လို ပတ်သက်လဲ" ဆိုတော့မှ ...

"လာပါလိမ့်မယ်လေ.." ဆိုပြီး ...

" သဒ္ဓါလွန်ပညာနုံ့သမားဟာ ရိုးသားတယ်၊ သဘောကောင်းတယ်၊ အားနာတတ်တယ်လောက်ပဲ အများက သိကြတာ၊ အမှန်က ရိုးသားတာမဟုတ်ဘူး၊ ကိုယ်ကျိုးကြည့်တာ၊ အားနာတယ်ဆိုတာလဲ ကိုယ်ကျိုးပျက်မှာ စိုးလို့ အမုန်းမခံတာပဲ၊ အယုံလွယ်တယ်ဆိုတာကိုက ကိုယ်ကျိုးငန်းငန်းတက် ကြည့်လွန်းလို့ တွေ့သမျှ ယုံတာပဲ။
ခုပြောတာ ဟုတ်မဟုတ် သေချာအောင် ... ဗုဒ္ဓဘာသာကို ယတြာအဖြစ် ကိုးကွယ်နေသူတွေကြည့်၊ "လောဘော အတ္ထံ နဇာနာတိ = လောဘလွန်လျင် ကြောင်းကျိုးမမြင်"ဆိုတာ ဒါပြောတာပဲ။
ဒီလူမျိုးကို နိုင်ငံရေးမှာ"လယ်ဘရယ်ဝါဒီ" ခေါ်တာပဲ" တဲ့။

"ဟုတ်ဟုတ် မဟုတ်ဟုတ် ... ဘယ်လိုဆက်စပ်တယ်ဆိုတာတော့ နဲနဲစိတ်ဝင်စားလာပြီဟေ့၊ ဆက်ဟ!" လို့ ထောက်ပေးလိုက်တယ်၊ (သူ့ခမျာပြောအားရှိပါစေ ဆိုပြီးတော့ပါပဲ)။ သူကလဲ ကိုယ့်တော့ နဲနဲပိုလေးစားလို့ ဘာမှ ပြန်မပြောဘဲ သူ့စကားကို ဆက်တယ်။

"လစ်ဘရယ်ဝါဒ (Liberalism) ဆိုတာကို အင်္ဂလိပ်ကတော့ "သဘောထားကြီးတဲ့ဝါဒ၊ လွတ်လပ်စွာ တွေးခေါ်ခွင့် ပြုတဲ့ နိုင်ငံရေးဝါဒ"လို့ အဓိပ္ပါယ်ဖွင့်တယ်၊ သူတို့ဆီမှာ လစ်ဘရယ်ပါတီဆိုတာ ရှိတာကိုး..။
ဒါကို ကိုယ်က"ဝိဘဇ္ဇအမြင်"နဲ့ စဉ်းစားကြည့်တာ။
ဦးတည်ချက်ရှိရှိနဲ့ မူဝါဒအခိုင်အမာနဲ့ ရပ်တည်တဲ့ ပါတီတစ်ခုဆိုရင် ... ကိုယ့်ပါတီဝင်တွေဟာ ကိုယ်ထင်ရာကိုယ် လွတ်လပ်စွာတွေးခေါ် ထင်မြင် ယူဆခွင့်ပြုသင့်လား။ သူ့အမြင် ကိုယ်အမြင်ကို တင်ပြခွင့်ရှိပေမယ့် ထင်မြင်ချက်တိုင်းကို ခွင့်ပြုထားလို့ ဘယ်ဖြစ်မလဲ။ ကိုယ့်ပါတီရဲ့မူဝါဒနဲ့မကိုက်ရင် ဝေဖန်ထောက်ပြ ပြုပြင်ပေးရမှာပေါ့၊ ပြုပြင်လို့မရရင် ပါတီသန့်စင်ရေးလုပ်ပြီး ထုတ်ပယ် ရမှာပေါ့၊
ဒီလိုမဟုတ်ရင် 'တစ်ယောက်တစ်ပေါက် ပါတီ' ဖြစ်သွားမှာပေါ့။
ကိုယ်ဖတ်ဖူးတဲ့ (ဟိုပုဂ္ဂိုလ်ပြောသလို) အနီရောင်ဆရာကြီးကတော့ သူ့ပါတီမှာ
"လစ်ဘရယ်ဝါဒကို ဆန့်ကျင်ကြ" လို့ကို ကြွေးကြော်ထားတယ်။
သူအလိုအရ ဒီဝါဒရှိသူများဟာ ကိုယ်နဲ့ရင်းနှီးဆက်စပ်မှုရှိသူများကို မှားမှန်းသိလျက် မူအရ ဝေဖန်ဆွေးနွေးမှုမပြုဘဲ မျက်နှာလွှဲနေတတ်တယ်။ (ဒါ ဘက်လိုက်တာ၊ ဆန္ဒာဂတိလိုက်တာပဲ)။
ပြီးတော့ - ရှေ့တင်တော့အားနာသလို၊ အချင်းချင်းသင့်မြတ်စေချင်သလိုလို ဝေ့လည်ကြောင်ပတ်လုပ်ပြီး
အမုန်းခံမပြောဘဲ ကွယ်ရာမှာအတင်းပြောတတ်တာ။
ကိုယ်တာဝန်ယူတဲ့အပိုင်းမှာ တာဝန်ရှိသူ လွဲမှားနေတာသိလျက် မလုပ်, မရှုတ်, မပြုတ် ဆိုသလို
လူပါးလူနပ်လုပ်ပြီး ကင်းကင်းနေတာ။
ကိုယ်တိုင်လဲ ပါတီကချမှတ်ထားတဲ့မူကို မလေးစားဘဲ ထင်ရာစိုင်းတာ။
မူဝါဒအရ ဆွေးနွေရမယ်ကိစ္စကိုကျတော့ ဘေးချိတ်ပြီး ပုဂ္ဂိုလ်ရေးကျတော့တိုက်ခိုက်တာ။
ကိုယ့်ကိုယ်ကိုယ် အရေးပါသူကြီးလို့သတ်မှတ်ပြီး ဆရာကြီးလုပ် ရေသာခိုအချောင်လိုက်တာ၊
ဆရာကြီးဟန်နဲ့ အကန်တော့ခံချင်တာ။
ကိုယ်မှာတာကို ဝန်ခံတာ၊ ပြုပြင်တာ မလုပ်ဘဲ "ဒါဟာ လွတ်လပ်စွာတွေးခေါ်ခွင့် လစ်ဘရယ်ဝါဒပဲ
ဆိုပြီးဆင်ခြေပေးတာ။ ဒါတွေဟာ လစ်ဘရယ်ဝါဒရဲ့ ပြယုဂ်တွေပဲတဲ့။

ဒါတွေဟာ သဒ္ဓါလွန်ပြီး ပညာနုံ့သူတွေလိုပဲ မဟုတ်လား၊ *ဟိုက သာသနာကအမည်ခံ ကိုယ်ကျိုးက အဓိက ထားတယ်။ ဒီက ပါတီက အမည်ခံ ကိုယ်ကျိုးက အဓိက ထားတယ်၊ ဒါပဲကွာတယ် မဟုတ်လား ..."
ဆိုပြီး သူ့စကားကို ရပ်လိုက်တယ်။

ဟိုတစ်ယောက်က ပါးစပ်အဟောင်းသားနဲ့ ငေးနေပြီး အံ့သြ နေတယ်။

 ကိုယ်ကတော့ ...
"ဒီကိစ္စမှာ ခင်ဗျားလောက် စာဖတ်မစုံလို့ ဘာမှ ပြန်မဆွေးနွေးလိုက်နိုင်ဘူးဗျာ၊ ဒါပေမယ့် "မောင်ရင်ပြောတာတွေဟာ စဉ်းစားစရာတွေပါပဲ" ..." လို့ မှတ်ချက်ပေးလိုက်မိတယ်။

အဲဒီကျမှ နောက်ကောက်နဲ့ အပြတ်လှဲတော့တာ ...
"အေး ခင်ဗျားလဲ ဟုတ်မလိုလိုနဲ့ တွေဝေတာပဲ၊ အဲဒါ လစ်ဘရယ်ဝါဒ ပဲဗျ"တဲ့။

တိန် ...
ကဲ ... မှတ်ကရော။

(ငယ်ပေါင်း စာစုံထိုး ဂျပိုးတွေဆုံမိတဲ့ လွတ်လပ်ပွင့်လင်း အချင်းချင်းစကားဝိုင်းလေးကို အမှတ်တရ မှတ်တမ်းတင်လိုက်တာပါ။ ဘာပဲဖြစ်ဖြစ် အခိုက်အတန့်လေးတော့ ငယ်ဘဝလေးပြန်ရောက်သွားသလို
ပျော်ရွှင်ကြည်နူးသွားခဲ့တာအမှန်ပါပဲ။)

ဝေဖန်ဆန်းစစ်နိုင်ကြပါစေ။

(၁၅.၄.၁၈-နေ့မှာ ပြန်ရေးလိုက်တယ်)

အပ္ပမာဒေန သမ္ပာဒေထ...!!!
0