မောင်လူပေ - လိုက်ကြမလား အီသီယိုးပီးယား

A construction crane stands among office buildings over the city center in Addis Ababa, Ethiopia. (Sean Gallup/Getty Images)
မောင်လူပေ - လိုက်ကြမလား အီသီယိုးပီးယား 
(မိုးမခ) မေ ၁၊ ၂၀၁၈

အီသီယိုးပီးယား တဲ့။

မြန်မာတွေ ဒီနာမည်နဲ့မစိမ်းပါဘူး။ ဒီနာမည်ကြားရင် အစာရေစာပြတ်လတ်မှုကြောင့် အရိုးပေါ်အရေတင်ဖြစ်နေကြတဲ့ ကလေးငယ်ရုပ်ပုံလေးတွေ ပြေးမြင်ကြလိမ့်မယ်။ အစားအသောက်တစ်ခုခုကို အငမ်းမရ စားသောက်မိရင်တောင် အီသီယိုးပီးယားကပြန်လာတာလားလို့ မေးတတ်ကြသေး။ အရှေ့အာဖရိကရဲ့ ကုန်းတွင်းပိတ်နိုင်ငံ။ စားစရာမရှိလို့ ငတ်သေရတဲ့နိုင်ငံ။ အဲဒါ တချိန်က အီသီယိုးပီးယားရဲ့ရုပ်ပုံလွှာ။

အခုအချိန်မှာတော့ အီသီယိုးပီးယားဟာ ကမ္ဘာ့စီးပွားရေးဖွံ့ ဖြိုးမှု အလျှင်မြန်ဆုံးနိုင်ငံတစ်ခု ဖြစ်လို့နေပါပြီ။ အာဖရိကတိုက်မှာလည်း သူသာလျှင် ဖွံ့ဖြိုးမှုနှုန်းအမြန်ဆုံးပါပဲ။ ၂၀၀၄ကနေ ၂၀၀၉ အထိ နှစ်စဉ် ၁၀%ကျော် တိုးတက်ခဲ့တယ်။ ဂျီဒီပီတိုးနှုန်းကလည်း ၂၀၀၄ကနေ ၂၀၁၄ ဆယ်နှစ်အတွင်းမှာ ၁၁%နီးပါးရှိတယ်။ အခု၂၀၁၈မှာတောင်၈%နီးပါးမှန်းထားလေရဲ့။

နိုင်ငံထဲကရှိသမျှ ရေနံနဲ့သဘာဝသယံဇာတတွင်းထွက်ပစ္စည်းတွေထုတ်ရောင်းပြီး အခုလိုတိုးတက်လာတာမဟုတ်။ သူတို့နိုင်ငံအတွက် လိုအပ်နေတဲ့ လမ်းတွေဖေါက်၊ တံတားတွေဆောက်၊ အိမ်တွေဆောက်၊ ဆည်တွေဆောက်၊ စိုက်ပျိုးရေးတွေတိုးချဲ့၊ စက်မှုကဏ္ဍတို့ချဲ့၊ အလုပ်တွေလုပ်ရင်း တိုးတက်နေကြတာ။ သူတို့ကို အဓိကထောက်ပံ့ပေးတာကတော့ ဆွေမျိုးပေါက်ဖေါ်ကြီးပါပဲ။ ပေါက်ဖေါ်ကြီးရဲ့အကူအညီနဲ့ ရှေ့သို့ ချီတက်နေကြတယ်။

ဒီလိုရေးလိုက်တော့ တို့နိုင်ငံနဲ့ တူလိုက်တာလို့ ထင်ကြလေမလားပဲ။ ဟုတ်ကဲ့။ အတော်လေးဆင်တူခဲ့တာပေါ့။ နှစ်လေးသန်းကျော်က ပထမလူသားရဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ခဲ့တဲ့နိုင်ငံ၊ လူသားအစ အီသီယိုးပီးယားကတဲ့။ နှစ်ပေါင်းထောင်ချီတဲ့ ယဉ်ကျေးမှုရှိတယ်။ အရင်ကဘုရင်အုပ်စိုးခဲ့။ နောက်တော့ ဒီမိုကရက်အစိုးရ၊ စစ်တပ်ထောက်ခံတဲ့ဆိုရှယ်လစ်အစိုးရ၊ ခုတော့ ဖက်ဒရယ်ဒီမိုကရက်တစ် အီသီယိုးပီးယားတဲ့။ ဘယ်လိုပင်နာမည်ပြောင်းပေမဲ့ အာဏာရှင်တပိုင်းတွေပဲ အစဉ်အဆက်အုပ်ချုပ်ခဲ့တာ။ သူတို့ကိုယ်ပိုင်ဘာသာစကား၊စာပေ၊ ပြက္ခဒိန်တွေကိုပဲ ရုံးသုံးအဖြစ်သုံးနေတယ်။ ရယ်စရာပြောရရင် မြန်မာနဲ့ အီသီယိုးပီးယားတို့ဆင်တူပုံက နိုင်ငံတော်အလံတောင် ခပ်ဆင်ဆင်ရယ်။ သူ့အလံက စိမ်း၊ဝါ၊နီ။ ကိုယ့်အလံက ဝါ၊စိမ်း၊နီ။

 

တိုးတက်လာမှုကြတော့ မတူဘူးဗျ။ မြန်မာပြည်ကြီးထက်အများကြီး သာသွားတယ်။ တိုင်းပြည်ကို အာဏာရှင်တွေအုပ်ချုပ်သွားတာတူပေမဲ့ သူတို့က အများကြီးရှေ့ရောက်သွားတယ်။ ကိုယ်တွေက နောက်မှာကျန်ခဲ့တယ်။ ဒါဆိုရင် ဘာလို့ဒီလိုဖြစ်ရတာလဲလို့ မေးချင်နေပြီထင်ရဲ့။

သူတို့နိုင်ငံလည်း လူမျိုးရေးပြသနာ၊ ဘာသာရေးပြသနာတွေနဲ့ ပတ်လည်ရိုက်နေတဲ့နိုင်ငံဗျ။ တပ်ကလည်းအလွန်အားကောင်း။ ဌာနဆိုင်ရာအစိုးရအရာရှိကြီးတွေအတော်များများက တပ်ကပြောင်းလာတဲ့ အသွင်ပြောင်းတွေချည်းပဲ။ အစိုးရအဖွဲ့ပဲ အရပ်သားတွေ။ သူတို့လည်း ပေါက်ဖေါ်ကြီးကို အားကိုးရတယ်။ တရားအားထုတ်၊ တရုတ်အားထားရတယ်။

ဒီလို အစစအကုန်တူပေမဲ့ မတူတဲ့အရာတစ်ခုရှိတယ်။ အဲဒါကတော့ တရားဥပဒေစိုးမိုးမှုပဲ။ သူတို့နိုင်ငံက အများစုသောပြည်သူတွေက တရားဥပဒေကို လေးစားလိုက်နာကြတယ်။ ဌာနဆိုင်ရာလူကြီးတွေကလည်း လာဒ်စားမှုအလွန်နည်းပါးတယ်။ အာဏာရှင်နိုင်ငံခြင်းတူပေမဲ့ ဒါတွေကွာခဲ့လေတော့ နိုင်ငံတိုးတက်မှုခြင်း မတူခဲ့ဘူးပေါ့။

အခုဆိုရင် နိုင်ငံအတွက်အဓိကလိုအပ်နေတဲ့ လျှပ်စစ်မီးအတွက် မီဂါဝပ် ၆၆၀၀ ကျော်ထုတ်ပေးနိုင်တဲ့ ရေအားလျှပ်စစ်စက်ရုံတည်ဖို့ နိုင်းမြစ်ပေါ်မှာ ရေကာတာကြီးတစ်ခု တည်ဆောက်နေတာ ၆၀%ပြီးသွားပြီ။ ပိုလျှံတဲ့ လျှပ်စစ်တွေကို အိမ်နီးချင်းနိုင်ငံတွေအတွက်ရောင်းမယ်ဆိုပဲ။ မြန်မာပြည်က မြစ်ဆုံစီမံကိန်းနဲ့ ခပ်ဆင်ဆင်ပေါ့။ ဒါပေမဲ့ လုံးဝ (လုံးဝ) မတူဘူးဗျ။ အဲဒီရေကာတာကြီးအတွက်ကုန်ကြမဲ့ငွေ ဒေါ်လာငါးဘီလီယံကို အီသီယိုးပီးယားနိုင်ငံအစိုးရက အကုန်ခံပြီးတည်ဆောက်နေတာ။ ရေကာတာအတွက် ချိုင်းနိစ်ဆောက်လုပ်ရေးကုမ္ပဏီတွေကို ငှားထားတာပဲရှိတယ်။ ကျွမ်းကျင်ပညာရှင်တွေကလွဲရင် အလုပ်သမားတွေအားလုံး သူတို့လူမျိုးတွေချည်းပဲ။ ၁၀၀%အီသီယိုးပီးယားပိုင် ရေကာတာကြီးပေါ့။ ထွက်သမျှလျှပ်စစ်ကို တနိုင်ငံလုံးက လိုအပ်တဲ့နေရာအားလုံးကိုပေးမယ်။ ပိုတာကိုပဲ ရောင်းမှာပါတဲ့။

နိုင်ငံအနှံ့လွမ်းခြုံပြီး အိမ်နီးချင်းနိုင်ငံတွေအထိ ချိတ်ဆက်ပေးမဲ့ မီးရထားလမ်းတွေလည်း ဆောက်နေပြီ။ အတော်တောင်ပြီးနေကြပြီ။ ဒီမီးရထားစီမံကိန်းကြီးကတော့ ချိုင်းနိစ်ကြီးရဲ့ ရင်းနှီးမြှုတ်နှံမှုကအများဆုံးပါ။ မြို့တော်တခွင်က လျှပ်စစ်ရထားစီမံကိန်းတွေလည်း သူတို့လက်ရာ။

နိုင်ငံကြီးတစ်ခုလုံးမှာ စိုက်ပျိုးရေးအတွက် ပလပ်မြေတွေငှားတယ်၊ စက်ရုံသစ်တွေတည်ထောင်တယ်။ စက်မှုဇုံတွေတစ်ခုပြီးတစ်ခုဖေါ်ဆောင်တယ်။လုပ်ငန်းခွင်အတွက် သင်တန်းတွေပေးတယ်။ လိုအပ်ချက်အရ ချိုင်းနားကြီးဆီလည်း ပညာသင်တွေပို့ထားတယ်။ ဒီလိုနဲ့ နိုင်ငံထဲက ပြည်သူတွေသန်းပေါင်းများစွာ အလုပ်ရကြတယ်။ ချိုင်းနိစ်ကြီးနဲ့တွဲပြီး လုပ်ကြတယ်ဆိုပေမဲ့ အဓိကထိပ်ပိုင်းနေရာတွေပဲနေရာပေးတယ်။ ကျန်တဲ့အလုပ်သမားတွေက ပြည်တွင်းကလူတွေ။ အခုဆိုရင် ၁၉၈၀ခုနှစ်လောက်က ချိုင်းနိစ်ကြီးတိုးတက်ခဲ့တဲ့လမ်းကြောင်းပုံစံကိုလိုက်ဖို့ အသင့်အနေအထားရောက်နေပြီ။ လိုအပ်တဲ့ စက်ရုံတွေရှိတယ်၊ အဆောက်အဦ၊ လမ်းတံတား၊ ရေ၊မီး၊ သယ်ယူပို့ဆောင်ရေး၊ တန်ဖိုးနည်းနည်းနဲ့လုပ်ပေးမဲ့ ကျွမ်းကျင်လုပ်သား၊ အားလုံးအဆင်သင့်ပဲ။

ကျွန်တော်တို့ဘာလုပ်ကြမလဲ။ ဒီလိုပဲ ကိုယ့်အချင်းချင်းတွေ ရန်ဆက်ဖြစ်နေကြမှာလား။ ဘာသာရေး လူမျိုးရေးမုန်းတည်းအောင် သွေးထိုးနေကြမှာလား။ အားလုံးညီညီညွတ်ညွတ်နဲ့ ဥပဒေအတိုင်း အလုပ်လုပ်ပြီး အီသီယိုးပီးယားနောက် လိုက်ကြမှာလား။

ချစ်တဲ့
မောင်လူပေ
0