ကိုသန်းလွင် ● ဖက်ဆစ်ဝါဒတားဆီးရေး

ကိုသန်းလွင် ● ဖက်ဆစ်ဝါဒတားဆီးရေး
(မိုးမခ) မေ ၈၊ ၂၀၁၈

(၁)
လွန်ခဲ့သော ၇၃ နှစ် ဧပြီလ ၂၈၊ ၁၉၄၅ ခုနှစ်တွင် အီတလီတို့သည် သူတို့၏ခေါင်းဆောင် မူဆိုကိုနီ (Benito Mussolini) အလောင်းကို မီလန်မြို့ဓာတ်ဆီဆိုင်တဆိုင်၏အနီးတွင် ဇောက်ထိုးချိတ်ဆွဲထားခဲ့ကြပါသည်။ နောက် ၂ ရက် ကြာသောအခါ ဟစ်တလာ (Adolf Hitler) သည် စစ်ဖြစ်နေသော ဘာလင်မြို့တော်၏လမ်းများအောက် ဘန်ကာတစ်ခုတွင် မိမိကိုယ်ကိုမိမိ အဆုံးစီရင်ခဲ့သည်။ ဖက်စစ်စနစ်သည် အပြီးသတ်ခဲ့ပြီဟု ထင်ခဲ့ရပါသည်။

ထိုအဖြစ်မျိုး ထပ်မံမဖြစ်ပွားစေရန် နောက်လူတို့က ကမ္ဘာ့ကုလသမဂ္ဂ (United Nations) ကို တီထွင်ဖွဲ့စည်းခဲ့ကြပါသည်။ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအဖွဲ့အစည်းအသီးသီး ထွက်ပေါ်လာခဲ့ပါသည်။ လူ့အခွင့်အရေးနှင့်ပတ်သက်၍ (Universal Human Rights) ကြေညာစာတမ်း ပေါ်ပေါက်ခဲ့ပါသည်။ ဥပဒေလွှမ်းမိုးမှုကို အလေးအမြတ်ပြုခဲ့ကြပါသည်။ ၁၉၈၉ ခုနှစ် တွင် ဘာလင်တံတိုင်းကို ဖြိုချခဲ့ကြပါသည်။ ထို့နောက် ရွေးချယ်တင်မြှောက်ခံရသောအစိုးရများသည် ဥရောပအလယ်ပိုင်း နှင့် တောင်အမေရိက၊ အာဖရိကနှင့် အာရှတိုက်တို့တွင် အသီးသီးပေါ်ပေါက်လာခဲ့ကြပါသည်။ နေရာတိုင်းလိုလို အာဏာရှင် များကျဆုံးပြီး ဒီမိုကရေစီ၏ အရိပ်အရောင်များ လွှမ်းမိုးခဲ့ပါသည်။

(၂)
ယနေ့ကျွန်တော်တို့ ခေတ်သစ်တွင် ဒီမိုကရေစီရှင်သန်တိုးတက်ရေးသည် အကြမ်းဖက်မှုများ၊ လူမျိုးရေးပဋိပက္ခများနှင့် မသ မာသောသူများ၏ ဆိုရှယ်မီဒီယာများကြားတွင် ရုန်းကန်လှုပ်ရှားလျက်ရှိပါသည်။ ကျွန်တော်တို့အဖို့ ပြောစရာရှိသည်မှာ တိုင်းပြည် နိုင်ငံတိုင်းလိုလို၌ လူပေါင်းများစွာတို့သည် လွတ်လပ်စွာနေလိုကြပါသည်။ သို့ပါသော်လည်း ဖက်စစ်ဒါဒ၏ အင် အားသည် တစစနှင့် စုဝေးကာ ဒုတိယကမ္ဘာစစ်အပြီး ဘယ်ကာလနှင့်မျှမတူအောင် ရှေ့သို့ရောက်လာခဲ့ပါသည်။

ဤဖက်ဆစ်ဝါဒ ဦးဆောင်လာမည့်လက္ခဏာများတွင် ရွေးချယ်တင်မြှောက်ခံရသည့် ပါတီများကအာဏာကို ပို၍ တောင်းဆို လာခြင်းကစပါသည်။ ဟန်ဂေရီ၊ ဖီလိပိုင်၊ ပိုလန်နှင့် တူရကီနိုင်ငံတို့တွင် အုပ်ချုပ်သည့်အစိုးရများက လုပ်ပိုင်ခွင့်ကို ပိုမို တောင်းဆိုလာကြသည်ကို တွေ့ရပါသည်။ ထိုသူတို့အားလုံးမှာ အမေရိကန်နိုင်ငံ၏ မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါသည်။ ဂျာမနီ နိုင်ငံတွင် စည်းလုံးညီညွတ်သောဥရောပကောင်စီကို အလိုမရှိသူတို့က အတိုက်အခံပါတီအဖြစ် အင်အားတောင့်တင်း လာပါသည်။ ရုရှားပြည်တွင် အာဏာရှင်စနစ်၏ ဗြောင်ကျကျလုပ်ဆောင်မှုများကို မမြင်ချင်အဆုံးဖြစ်နေပါသည်။ ရုရှားသည် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပါသည်။ ခရိုင်မီးယားကို အတင်းအကြပ် သိမ်းပိုက်ပါသည်။ နိုင်ငံခြားနိုင်ငံများတွင် ဒီမိုကရေစီစနစ် ရွေးကောက်များကို ဝင်ရောက်နှောင့်ယှက်သည်ကို တွေ့နေရပါသည်။ နိုင်ငံရေးလုပ်ကြံမှုများကို ကျူးလွန် နေပြီး KGB ခေတ်က ခေါင်းမာမှု၊ ကြမ်းကြုတ်မှုများကို သတိရစေပါသည်။ ပူတင်ကနောက်ထပ် ၆ နှစ်သက်တမ်းအတွက် မကြာမီက ရွေးချယ်ခံထားရပါသည်။ ဗင်နီဇွဲလားတွင် မာဒူရိုက (Mr. Nicholas Maduro) က နောက်လထဲတွင် အတုအ ယောင် ရွေးကောက်ပွဲတွင် အနိုင်ရရှိဦးမည်ဖြစ်ပါသည်။ တရုတ်ပြည်တွင် ရှီဂျင်ပင်းသည် ဘာမှ လုပ်ရည်ကိုင်ရည်မရှိသော ကွန်ဂရက်က သူ၏သမ္မတသက်တမ်း အကန့်အသတ်ကို ပယ်ဖျက်သောဥပဒေကို ပြဌာန်းစေခဲ့ပါသည်။

မြေထဲပင်လယ်တ၀ိုက်နိုင်ငံများကိုကြည့်လျင် ယခင်က အာရပ်နွေဦး၏ ကောင်းမွန်သောမျှော်လင့်ချက်များမှာ ပျက်ပြယ် ကုန်ကြပါသည်။ အီဂျစ်ပြည်တွင် စစ်ခေါင်းဆောင် စီစီ (Abdel Fattah el-Sisi) မှာ မကြာမီက ရွေးချယ် တင်မြှောက်ခံရပါသည်။ သူကလုံခြုံရေးကိုအကြောင်းပြပြီး သတင်းထောက်များနှင့် နိုင်ငံရေးအရ ဆန့်ကျင်သူများကို ထောင်သွင်းအကျဉ်းချထားသူ ဖြစ်ပါသည်။ ရရှားနှင့်အီရန်တို့၏ကျေးဇူးကြောင့် ဆီးရီးယားတွင် အာဆဒ် (Bashar-al-Assad) မှာ နယ်မြေအားလုံးနီးပါး ပြည်လည်ရရှိနေပါပြီ။ အာဖရိကတွင် သက်တမ်းအရှည်ဆုံးမှာ အကျင့်အပျက်ဆုံးခေါင်းဆောင်များဖြစ်ပြီး သူတို့အန္တရာယ် မှာ အာဖရိကားတွင် တနှစ်ထက် တနှစ် အဆတိုးပွားလာနေပါသည်။

ထို့ပြင် ဖက်ဆစ်ဝါဒ သက်ဆိုးရှည်စေရေးအတွက် အများဆုံးလှုံ့ဆော်ပေးနေသည်မှာ ဒေါ်နယ်ထရန့်ဖြစ်ပြီး သူ၏ သမ္မတ သက်တမ်းစသည်နှင့် ပို၍ ပို၍ သိသာလာခဲ့ပါသည်။
လွတ်လပ်မှုရရှိရန်မှာများပြားစွာသောချဲလင့်လုပ်မှုများကို ခံရပါသည်။ ထိုအထဲတွင် အမေရိကန်၏ခေါင်းဆောင်မှုမှာ အလို အပ်ဆုံး ဖြစ်ပါသည်။ ဤသည်များမှာ ၂၀ ရာစု တလျှောက်လုံးဖြစ်ခဲ့သည့်အဖြစ်အပျက်များမှ ထင်ရှားသိသာ သောအချက် တစ်ခုဖြစ်ပါသည်။ သို့ပါသော်လည်း အမေရိကန်သမ္မတ၏အပြောနှင့် လုပ်ဆောင်မှုနှင့် တကွလုပ်ဆောင်ရန်ပျက်ကွက်မှု များကိုကြည့်လျင် အမေရိကားသည် ကမ္ဘာကိုဦးဆောင်သူအဖြစ်မှ တဖြည်းဖြည်း လျော့ကျလျက်ရှိပါသည်ကို တွေ့နိုင်ပါ သည်။

ကမ္ဘာ့နိုင်ငံများ၏ ပူးပေါင်းမှုကိုရယူမည့်အစား “နိုင်ငံတိုင်းသည် မိမိဘာသာတာဝန်ယူရမည်” ဟူသောမူဝါဒကို ချမှတ်ခဲ့ပါ သည်။ တဖြည်းဖြည်းနှင့် အမေရိကန်နိုင်ငံသည် ကုန်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကဏ္ဍတို့တွင် မပါဝင်တော့ဘဲ တကိုယ်ကောင်းမူဝါဒများသာ ချမှတ်ခဲ့ပါသည်။

သံတမန်ရေးရာတို့တွင် တက်ကြွစွာပါဝင်ရမည့်အစား အိမ်နီးချင်းနိုင်ငံများကို စော်ကားမော်ကား စကားများကို ပြောကြားခဲ့ သည်။ အရေးကြီးသော အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များကိုပစ်ပယ်ခဲ့သည်။ပြည်ထဲရေးဌာန (State Department) ၏ အရေးကြီးသောအခန်းကဏ္ဍကို လစ်လျူရှုခဲ့သည်။ လွတ်လပ်သောလူ့အဖွဲ့အစည်း၏ စံချိန်စံညွှန်းများနှင့် ဒီမိုကရေစီ တည်ဆောက်ရန်အတွက် အရေးကြီးသော အစိတ်အပိုင်းများကို မထေမဲ့မြင်ပြုခဲ့သည့်အတွက် သူသည် အာဏာရှင်တို့ကို ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ပေးသလိုဖြစ်ခဲ့ပါသည်။ အာဏာရှင်တို့သည် လူမှုအခွင့်အရေးချိုးဖောက်မှုအတွက် အမေရိကန် နိုင်ငံ၏ရှုံ့ချခြင်းကို ကြောက်စရာမလိုတော့ပါ၊ သူ၏စကားလုံးများ သူ့အပြောအဆိုများမှာ ၎င်းတို့ကို အားပေး ရာရောက်သဖြင့် ကိုးကားစရာပင်ဖြစ်နေတော့သည်။

(၃)
ထိုမလိုလားအပ်သော အကျိုးဆက်ကိုကာကွယ်ရန် ဘာတွေလုပ်ဖို့လိုသနည်း။ အဆိုပါခေါင်းဆောင်ကြီးများ တက်လာကြ သည်မှာ ဒီမိုကရေစီမဲများအရသာဖြစ်ပါသည်။ မီဒီယာကို ပိုင်စိုးထားသည့်အပြင် အစိုးရကချမှတ်လိုက်သောစကားအတိုင်းလိုက်လုပ်ကြမည့်လူများကလည်း အဆင်သင့်ရှိကြပါသည်။ ဤသည်ကို ကျွန်တော်တို့လည်း မြင်ဘူးခဲ့ကြပါသည်။ သတင်း မီဒီယာများနှင့် လက်တွေ့ဖြစ်ရပ်များတွင် သူတို့ဘက်ကအနိုင်ရ၍ သူတို့လိုချင်သည့်နည်းအတိုင်းဖြစ်ပါသည်။ သို့ပါသော် လည်း ပြည်သူအများစုလိုအပ်သည်က တခြားဖြစ်ပါသည်။

ထို့ကြောင့်အမှန်တရားကို မျက်ကွယ်မပြုရန် လိုပါသည်။ လွတ်လပ်သောစာနယ်ဇင်းများသည် တိုင်းပြည်၏ရန်သူမဟုတ် ကြပါ။ သူတို့သည် ပြည်သူတို့၏အကျိုးကို ကာကွယ်စောင့်ရှောက်ကြရမည့်အလုပ်ကို လုပ်ပါသည်။ ဒုတိယအချက်မှာ ဥပ ဒေ၏လွှမ်းမိုးမှုဖြစ်ပါသည်။ မည်သူမျှ ဥပဒေ၏အထက်တွင် မရှိရပါ၊ တိုင်းပြည်၏သမ္မတသည်လည်း ဥပဒေများကို လေးစား လိုက်နာရမည် ဖြစ်ပါသည်။ ကျွန်တော်တို့သည် မိမိတို့ကျရာနေရာမှာနေ၍ အမှန်တရားကို ဖော်ထုတ်ကြဖို့ လိုပါသည်။

ကိုသန်းလွင်
Ref: Can we Stop Fascism, or is it too late, Madeleine Albright New York Times April 6 2018.

Comments