ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၈)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၈)
(မိုးမခ) မေ ၁၈၊ ၂၀၁၈

ပညာရေး၊ ဥပဒေရေးနှင့် တရားစီရင်ရေးစသည့် လောကီအမှုကိစ္စ အ၀၀တွင် ဘာသာရေး အရိပ်အငွေ့များ လွှမ်းမိုးမှုကင်းဖို့ ကြိုးစားနေကြချိန်တွင် တိဗက်တို့ ကတော့ သူ့အိပ်မက်တွေကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဆဲပင်ဖြစ်သည်။ သူတို့က Secularism ကို သိပ်လိုလိုလားလား မရှိတတ်ကြ။ တိဗက်လူမျိုး ခုနှစ်သန်းကျော်တွင် သုံးပုံတစ်ပုံက ဘုန်းကြီးသီလရှင်များဖြစ်နေကြပါသည်။ ဘာသာတရား၏ အဆုံးအမ များက တိဗက်လူမျိုးတို့၏ ရိုးတွင်းချဉ်ဆီအထိ စိမ့်ဝင်နေကြပြီး သူတို့၏ နေ့စဉ် လုပ်ငန်းများတွင် ဘာသာရေးဆိုင်ရာ လုပ်ဆောင်ချက်များက ပိုများနေလေ့ရှိသည်။ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာပွဲများ၊ မင်္ဂလာဆောင်၊ မွေးနေ့စသည့် အခမ်းအနား ပွဲလမ်းသဘင်များကို ဘာသာရေးအရိပ်အောက်တွင် ကျင်းပပြု လုပ်နေကြခြင်းဖြစ်သည်။ ထို့ကြောင့်လည်း တိဗက်လူမျိုးများကို "အခုမှ အလယ်ခေတ်က နိုးထလာကြ သူများအဖြစ်" အနောက်ကမ္ဘာက ကင်ပွန်းတပ်ခြင်း ဖြစ်ပါလိမ့်မည်။ အယူသီးတယ်ပဲပြောပြော အစွဲအလမ်းကြီးတယ်ပဲဆိုဆို တိဗက်လူမျိုး တို့ကတော့ ဘာသာရေးအရောင်ကင်းသည့် လောကီသီးသန့်ဝါဒခေါ် Secularism ကို လက်ခံလေ့ မရှိ သူများဖြစ်သည်။

တိဗက်လူ့အဖွဲ့အစည်း၏ အဓိကအချက်မှာ ဘာသာတရားပင်ဖြစ်သည်။ တိဗက်တို့၏ နေ့စဉ် ဖြတ်သန်းနေသည့်ဘ၀က ရိုးစင်းလွန်းလှသည်။ သူတို့အများစု၏ နေ့စဉ် လုပ်ငန်းများတွင် ဘုရားရှိခိုးခြင်း၊ ပုတီးစိပ်ခြင်း၊ ဂါထာမန္တန်ရွတ်ဆိုခြင်းစသည့် ဘာသာရေး ဆိုင်ရာကျင့်ဝတ်များကို မဖြစ်မနေပြုလုပ်ရမည့် နေ့စဉ်လုပ်ငန်းတစ်ခုအဖြစ် အသားပေးလုပ်ဆောင် နေခြင်းဖြစ်သည်။ အရွယ်ရင့်ပြီးသူတိဗက်တို့၏ လက်ထဲ တွင်ရောက်ရှိနေသော လက်ဖြင့်ဝှေ့ ယမ်းပြီး စိပ်ရသည့် ပုတီးကုံးကြီးသည် အိပ်ချိန်နှင့် အလုပ်လုပ်ချိန်မှလွဲ၍ အမြဲတမ်းလိုလို လည်ပတ်နေရသည်ကို တွေ့မြင်နိုင်ပါသည်။ အိမ်များ၊ တိဗက်ဘုန်းတော်ကြီးကျောင်းများ၏ထိပ်တွင် တိဗက်သာသနာ့အလံများကို တလူလူလွင့်ထူထားတတ်ကြသေးသည်။ တစ်ချို့ကျောင်းများ အိမ်များတွင် ခြံဝန်းအပြည့်နီးပါး ကြိုးများဖြင့် သွယ်တန်းထားကြသည့် ရောင်စုံသာသနာ့ အလံကလေး များကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ သူတို့၏ရည်ရွယ်ချက်က သက်ရှိသူတော်စင်များနှင့် ကွယ်လွန်ပြီးကြ သော သူတော် စင် သူတော်ကောင်းများကို ပူဇော်ပသသည့်အနေဖြင့် စေတီများ၊ နတ်ကွန်းများနှင့် ကျောင်းကန်ဘုရား ပုထိုးများ တွင် ရောင်စုံ တိဗက်သာသနာ့ အလံများကို လွင့်ထူထားခြင်းဖြစ်ပါသည်။ မိဘများ အနေဖြင့် မိမိတို့၏ ရင်သွေးငယ်များကို အသက်ခုနှစ်နှစ် အရွယ်ရောက်လာလျှင် သာသနာ့ဘောင်သို့ အရောက်ပို့ဆောာင်ပေးတတ်ကြသည်။ ထို့ကြောင့် တိဗက် လူငယ်တိုင်းက ကိုရင်ဝတ်ဘူး၊ ဘုန်းကြီးဝတ်ဘူး (လားမားဖြစ်ဖူး) ကြသူများ သာဖြစ် သည်။ သည်ဓလေ့မှာ မြန်မာ့ဓလေ့နှင့် အတူတူပင်ဖြစ်သည်။

Tibetan Buddhism ကို Lamaism ဟု ခေါ်ဆိုကြသူတွေလည်း ရှိပါသည်။ တိဗက် လားမားများကို အင်္ဂလိပ်စာပေက Tibetan Monk ဟု ပြန်ဆိုပြီး Lama ဟူသော စကားလုံးနှင့် monk ဟူသော စကားလုံးများသည် ဝေါဟာရ ဖလှယ်ထားခြင်းမျှ သာဖြစ်သည်ဟု ဆိုကြသူတွေလည်း ရှိပါသည်။ သည်နေရာ တွင် စဉ်းစားစရာတစ်ခု ရှိပါသည်။ တိဗက်လားမား (Lama)နှင့် (Monk) က အတူတူပဲလား။ ဒါမှမဟုတ် တခြားစီလားဟူသည်က သံသယဖြစ်စရာရှိနေပြန်ပါတော့သည်။ တစ်ချို့လားမား (Lama)များက Monk များဖြစ်နိုင်ကြပေမယ့်လည်း Monk ဟု ခေါ်ဝေါ်သမုတ်ထားသူ အားလုံးကတော့ လားမား (Lama) များ မဟုတ်ကြပါ။ အဘယ့်ကြောင့်ဆိုသော် အရည်အသွေးပြည့်ဝသည့် လားမားတစ်ပါးဖြစ်ဖို့ အနှစ်နှစ်ဆယ်ကနေ နှစ်ဆယ့် ငါးနှစ်အထိ ကျမ်းစာသင်ယူခြင်း၊ ပုတီးစိပ်ခြင်း၊ တရားဘာဝနာ ပွါးများခြင်းတို့ကို အပြင်းအထန်ကြိုးစားအားထုတ်ရသောကြောင့်ပင်ဖြစ်ပါသည်။ လားမား (Lama) ဆိုသည်မှာ ဆရာ (Guru) သို့မဟုတ် ဘာသာရေးခေါင်းဆောင်၊ ဘာသာရေးဆရာ (Spiritual teacher) ဟုအဓိပ္ပါယ်ရပါသည်။ လားမားများသည် လူဝင်စားဖြစ်မည့် ပုဂ္ဂိုလ်ထူးများဖြစ်ပြီး နောင်ဘ၀တွင် တဖန်ပြန်လည်မွေးဖွားခြင်းနှင့်ပတ်သက်၍ သူတို့မှာ ရွေးချယ်ပိုင်ခွင့်များစွာရှိ နေကြသည်ဟု တိဗက်လူမျိုးများက ယုံကြည်ထားကြ လေသည်။

တိဗက်လူမျိုး သုံးပုံတစ်ပုံက သာသနာ့ဝန်ထမ်း ရှင်ရဟန်းများသာဖြစ်ကြောင်း စာဖတ်သူသိပြီးဖြစ်သည်။ တိဗက်လူမျိုး သုံးဦးမှာ တစ်ဦးက သာသနာ့ ၀န်ထမ်းဖြစ်နေ ပါသည်။ တိဗက်လူမျိုးများသည် မဟာယာနဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်ကြ များဖြစ်ပြီး သူတပါးကို ဦးစားပေးတတ်ခြင်း၊ ကိုယ်ကျိုးမဖက်ခြင်း၊ ချစ်ခြင်းမေတ္တာ တရားနှင့် ကိုယ်ချင်းစာတရားကို ယုံကြည်မြတ်နိုးတတ်ကြ သူများဖြစ်သည်။ ဘ၀မှာ အဆိုး လောကဓမ်တွေနဲ့ ကြုံတွေ့ရသည့်အခါမှာပင် သူတပါးအပေါ် အပြစ်မတင်ရက် တတ်ကြ။ အတိတ်က မိမိရဲ့ အဆင်ခြင်မဲ့မှုတွေရဲ့ အကျိုးဆက်ဟုသာ ခံယူတတ်ကြသူ များဖြစ်သည်။ သည်းခံခြင်း၊စာနာနလည်ခြင်းနှင့် သူတပါးအပေါ် မေတ္တာကြီးမားစွာ ထားခြင်းဖြင့်သာလျှင် သံသရာကလွတ်မြောက် နိုင်သည်ဟု တိဗက်လူမျိုးများက အခိုင်အမာယုံကြည်ထားကြလေသည်။ လူဝင်စားလားမားကြီးများ ကို တိဗက်လူမျိုး တို့က ဘုရားအလောင်းတော်ကြီးများအဖြစ် ယုံကြည်ကိုးကွယ်တတ်ကြပါသေးသည်။

တကိုယ်ကောင်း မဆန်တတ်သူများတွင် လူဝင်စားလားမားကြီးများသည် စံပြပုဂ္ဂိုလ်ထူး ကြီးများဖြစ်ကြသည်။ သူတို့မှာ ကိုယ်လွတ်ရုန်းလိုစိတ်အလျဉ်းမရှိကြ။ ကိုယ်တိုင် သိသော သံသရာချုပ်ပြတ်ကြောင်းလမ်းကို သူတပါးတို့အား ညွှန်ပြရန် အလို့ငှာ လူ့လောကသို့ တဖန်ပြန်လာကြသည့် လားမားကြီးများ၏ မေတ္တာတရားမှာ ထုထည် ကြီးမားလွန်းလှသည်။ တိဗက်လူမျိုးများအတွက် အထင်ရှားဆုံးသော ဘုရား အလောင်းမှာ ဘုန်းတော်ကြီး ဒလိုင်းလားမားပင်ဖြစ်သည်။

တရုတ်ပြည်မကြီးက တိဗက်ပြည်ကို ၀င်ရောက်မသိမ်းပိုင်မီ ၁၉၅၀ပြည့်နှစ်၊ အောက်တိုဘာလ ၇ ရက်မတိုင်မီ နေ့တွေတုန်းကတော့ တိဗက်ပြည်ကလေးက ဆူညံသံကင်းပြီး အေးချမ်းတိတ်ဆိတ်လွန်းလှသည်။ သည်တုန်းကဆိုလျှင် ဘုန်းတော်ကြီး ဒလိုင်း လားမားသည်ပင် နိုင်ငံ့ခေါင်းဆောင် တိုင်းပြည်ရဲ့ အရှင်သခင်ဖြစ်သလို သာသနာပိုင် ဘာသာရေးခေါင်းဆောင်လည်း ဖြစ်သည်။ သူ့အနေအထားက တိဗက်နိုင်ငံအတွက် တိဗက်ပုပ်ရဟန်းမင်းကြီးတစ်ပါးပင်ဖြစ်သည်။ ဘုန်းတော်ကြီးကို တိဗက်လူမျိုးများက ဒီတဘ၀အတွက်သာမက နောင်ဘ၀သံသရာ ကောင်းကျိုးအတွက်ကိုပါကြည့်၍ ယုံကြည်လေးမြတ်စွာ ကိုးကွယ်လေ့ရှိပါသည်။ ထို့ကြောင့်ဖြစ်မည် ထင်ပါသည်။ တိဗက်လူမျိုးအများစု၏ အိမ်များ၊ဆိုင်များတွင် မြန်မာဗုဒ္ဓဘာသာ အိမ်များကဲ့သို့ ဘုရားစင်တွင် ဘုရားဆင်းတုတော်များကို တွေ့မြင်ရခဲသည်။ သို့သော် ဘုန်းတော်ကြီး ဒလိုင်းလားမားရုပ်ပုံတော်ကိုတော့ဖြင့် အိမ်တိုင်းနီးပါး ဈေးဆိုင်တိုင်းနီးပါးတွင် တွေ့မြင်ရ လေ့ရှိပါသည်။

ဘုန်းတော်ကြီးက သူတို့အတွက် သက်ရှိဘုရားပင်ဖြစ်သည်။ တိဗက်လူမျိုးများသည် ဘာသာတရားကို ဦးထပ်ပန်ဆင်တတ်ကြသူများဖြစ်သည်။ ဘာသာရေးနှင့်ယှဉ်လျှင် စီးပွါးရေး၊ ပညာရေး၊ နိုင်ငံရေးတို့က ဘာသာရေး၏ နောက်တွင် ရှိပါသည်။ အေဒီ ၁၁၀၀-၁၄၀၀ ကို အလယ်ခေတ်ဟု သမိုင်းပညာရှင်တို့က ဆိုပါသည်။ သည်အလယ် ခေတ်မှာ ကံကျွေးချစနစ်ခေါ် ပဒေသရာဇ် လူ့အဖွဲ့အစည်း တစ်ခု အားကောင်းခဲ့ဖူး ပါသည်။ မင်းမျိုးမင်းနွယ်နှင့် မြေပိုင်ရှင်တို့ အခွင့်ထူးခံခွင့်ရသော ကာလတစ်ခု ပင်ဖြစ်သည်။ တစ်ချိန်တုန်းကတော့ တိဗက်ပြည်ကြီးမှာလည်း ကံချွေးချ စနစ်ဆန်ဆန် ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ရဖူးသည့် ခါးသီးသော အတိတ်သမိုင်းတို့ အမှန်တကယ်ပင် ရှိခဲ့ဖူးပါသည်။

ဆက်လက်ဖော်ပြပါဦးမည်။
ကိုသစ် (သီတဂူ)
၅၊၁၆၊၂၀၁၈

Comments