ကိုအောင်မှိုင်း - ဒီမိုကရေစီစနစ်အတွက် မြန်မာ့တပ်မတော်အဆင်သင့်ဖြစ်ပြီလား - အပိုင်း ( ၂ )
ကိုအောင်မှိုင်း - ဒီမိုကရေစီစနစ်အတွက် မြန်မာ့တပ်မတော်အဆင်သင့်ဖြစ်ပြီလား - အပိုင်း ( ၂ )
(မိုးမခ) မေ ၃၁၊ ၂၀၁၈
၁၉၆၂ခုနှစ်မတ်လ (၂)ရက်မှာတော့ ဗိုလ်နေ၀င်းဦးစီးပြီး စစ်တပ်က ပြောင်ပြောင်းတင်းတင်းဘဲ အာဏာသိမ်းခဲ့တော့တာ ပါဘဲ။ အာဏာသိမ်းကြေငြာချက်ကတော့ မနက်(၈)နာရီ(၂၅)မိနစ်မှာ “နိုင်ငံတော်အာဏာကို ဗမာ့တပ်မတော်မှ တာဝန် ယူစောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း” ဗိုလ်နေ၀င်းက မြန်မာ့အသံက ကြေငြာလိုက်တာဖြစ်ပြီး မြန်မာတနိုင်ငံလုံးကို စစ် ကြေငြာလိုက်တာလဲဖြစ်ပါတယ်။ အဲဒီမနက်မှာဘဲ တော်လှန်ရေးကောင်စီဖွဲ့စည်းကြောင်း မြန်မာ့အသံကဆက်ကြေငြာခဲ့ က စစ်ဗိုလ် ၁၇ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ဒီနောက် အစိုးရအဖွဲ့ကို ဆက်လက်ဖွဲ့စည်းခဲ့ပါတယ်။မတ်လ ၃ ရက်နေ့ ရောက်တော့ ပြည်နယ်ကောင်စီတွေဖျက်သိမ်းပြီး ပြည်နယ်ဦးစီးအဖွဲ့တွေပြန်ဖွဲ့ခဲ့တယ်။အဲဒီနေ့မှာဘဲ ပြည်သူ့လွတ်တော်နဲ့ လူမျိုးစုလွှတ်တော်ကိုဖျက်သိမ်းလိုက်တဲ့အတွက် ပါလီမန်ဟာ လုံးဝရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒီနေရာမှာ ထူးခြားတဲ့ကြေငြာ ချက်တခုကို ကျနော်တွေ့ မိပါတယ်။ အဲဒါကတော့ ၁၉၆၂ခုနှစ် မတ်လ ၉ ရက်ကြေငြာချက်ဖြစ်ပါတယ်။ တော်လှန်ရေး ကောင်စီကြေငြာချက်အမှတ် ၁၀ ဖြစ်ပါတယ်။ “တော်လှန်ရေးကောင်စီသည် တော်လှန်ရေးကောင်စီဥက္ကဌအား ဥပဒေပြု အာဏာ၊ အုပ်ချူပ်မှုအာဏာနှင့် တရားစီရင်ရေးအာဏာ ဟူသည့် အာဏာသုံးရပ်ကို အပ်နှင်းသည်” ။ တော်လှန်ရေးကောင် စီဆိုတဲ့ စစ်ဗိုလ်အုပ်စုက အာဏာကြီးသုံးရပ်ကို ဗိုလ်နေ၀င်းကို ပေးအပ်ခဲ့တယ်ဆိုဘဲဗျာ။ နားနဲ့မနာ ဖ၀ါးနဲ့သာ နာကြပါလို့ဘဲ ကျနော်တော့ပြောလိုက်ချင်ပါတယ်။ လူထုရဲ့ အခြေခံရပိုင်ခွင့်တွေကို ပက်ပက်စက်စက် စော်ကားဖေါက်ဖျက်တဲ့ လုပ်ရပ် တခုလို့ဘဲပြောရတော့မှာပါ။
တော်လှန်ရေးကောင်စီနဲ့ ရာသက်ပန်အာဏာကိုင်ထားလို့မရတာကို အလွန်အကင်းပါးလှတဲ့ ဗိုလ်နေ၀င်းက စောစီးစွာကဘဲ ရိပ်မိခဲ့တယ်လို့ထင်တယ်။ ဦးနေ၀င်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ရေးဆွဲပေးဘို့ ပြန်ကြားရေး တာဝန်ခံဗိုလ်မှုးကြီး စောမြင့်၊ စိတ်ဓါတ်စစ်ဆင်ရေးဌာန ဒုတိယညွန်ကြားရေးမှုး ဦးစောဦး၊ ဦးချစ်လှိုင် (မောင်ချစ်လှိုင် ခေါ် ကိုကိုမောင် ခေါ် တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီဝင် ဗို်လ်စံငွေ) တို့ ၃ ဦး ကို တာဝန်ပေးခဲ့တယ်လို့သိရပါတယ်။ ကျန်တဲ့ လူ ၂ ဦးက မအားလပ်တဲ့အတွက် မောင်ချစ်လှိုင်က မြန် မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့  သဘောတရားဖြစ်တဲ့ “အညမညလမ်းစဉ်” ကို ၂ပါတ်နဲ့ အပြီးရေးပေးခဲ့တယ်လို့ ဆိုပါတယ်။ စာတန်းမူလနာမည်က “ဗမာနည်းကျ ဆိုရှယ်လစ်ဝါဒ” ဖြစ်ပါတယ်။ ဒါကို ဧပြီလ ၃၀ ရက်နေ့မှာ ရတနာပုံရေတပ်စခန်း တပ်မှုးညီလာခံက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်”ကို တပ်မှုးအားလုံးက ချက်ခြင်း သဘောတူလက်မှတ်ရေးထိုးခဲ့ကြရာက ပေါ်လာခဲ့တာဖြစ်ပါတယ်။ စစ်ဗိုလ်ကြီးများအားလုံး ချက်ခြင်း “ဆိုရှယ်”တွေ “လစ်”ကုန်ကြပြီး “အညမည” တွေဖြစ်ကုန် တော့တာပါဘဲ။
တော်လှန်ရေးကောင်စီအစိုးရ တက်တက်ချင်း ၇ ဇူလိုင် ကျောင်းသားအရေးတော်ပုံမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား အမြောက်အများ သွေးမြေ ကျခဲ့ရပါတယ်။ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကိုလဲ ဗုံးခွဲဖျောက်ဖျက်ပစ်ခဲ့ ပါတယ်။ တော်လှန်ရေးကောင်စီအစိုးရခေတ်မှာ အာရှမှာ ဆန်အထွက်ဆုံးနိုင်ငံက ထ္မင်းငတ်ကုန်ကြတယ်။ စစ်တွေမှာ ဆန်လုပွဲပေါ်ပေါက်ခဲ့ရာက စစ်တပ်က ရခိုင်အမျိုးသားတွေကို ပက်ပက်စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။ တရုတ် ဗမာအရေးအခင်းဆိုတာကို စစ်တပ်က လူမျိုးရေးအဓိကရုန်းတခုအဖြစ် ဖန်တီးပြီး ဆန်ပြဿနာကို လမ်းလွှဲခဲ့ပါတယ်။ တရုတ်လူမျိုးအမြောက်အများ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ကျောင်းသားထုကတော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို ပက်ပက်စက်စက် ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်နေတဲ့ကြားကဘဲ အခါအခွင့်ကြုံတိုင်း ဆန့်ကျင်အံတုခဲ့ကြပါတယ်။ ၆၉ ကျွန်းဆွယ်အရေးအခင်း၊ ၇၀ပြည့် တက္ကသိုလ်ရွှေရတုသဘင် လှုပ်ရှားမှုတွေဟာ ထင်ရှားတဲ့သာဓကတွေဘဲ ဖြစ်ပါ တယ်။ စီးပွါးရေးမျက်နှာစာမှာ ပြည်သူပိုင်သိမ်းပြီး လူထုပိုက်ဆံတွေကို လုတာကအစ ၁၉၆၄ ခု မှာ ၅၀တန် ၁၀၀တန်ငွေ စက္ကူတွေကို တရားမ၀င် ငွေစက္ကူတွေအဖြစ် ကြေငြာပြီး လူထုထံက ငွေကျပ် (၁.၂)ဘီလျံလောက် ဓားပြတိုက်ခဲ့ပါသေးတယ်။ ဆိုရှယ်လစ်စီးပွါးရေးစီမံကိန်းဆိုတာတွေကလဲ မအောင်မြင်၊ ငွေစက္ကူတွေကိုလဲ အကန့်အသတ်မရှိ ရိုက်နှိပ်သုံး စွဲခဲ့တာကြောင့် လူထုဟာ ကျောကော့အောင်ခံကြရပါတယ်။ စစ်တပ်ရဲ့  လက်ဝါးကြီးအုပ်စီးပွါးရေးကြောင့် မှောင်ခိုစီးပွါး ရေးလုပ်ငန်းကြီးထွားလာကာ တပြည်လုံး တန်းစီတိုးစားဘ၀တွေ ရောက်ကုန်ကြရတော့ပါဘဲ။
ဒီအခြေအနေမှာ ဥိးနေ၀င်းဟာ တော်လှန်ရေးကောင်စီကာလက လုပ်ဖေါ်ကိုင်ဖက် ၁၆ဦးအနက် ၁၂နှစ်အကြာမှာတော့ ၆ယောက်ဘဲ သူ့နားမှာ ကျန်ခဲ့အောင် လက်ဦးမှုယူကာ ရှင်းလင်းခဲ့တော့တာပါဘဲ။ တိုင်းပြည်ရဲ့ အကြီးဆုံးရာထူးဟူသမျှကိုလဲ သူတဦးတည်းကသာ ရယူ ကိုင်တွယ်ခဲ့ပါတယ်။ တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချူပ်နေ၀င်း၊ နိုင်ငံတော်ကောင်စီ ဥက္ကဌ ဦးနေ၀င်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကကြီးဦးနေ၀င်း၊ သူထက်ကြီးတာ သူဘဲလို့ ပြောရတော့မလောက်အောင် သူပါဘဲ။ ၇၄ဖွဲ့စည်းပုံအရ အစိုးရတရပ် ပေါ်လာတယ်။ ဦးနေ၀င်းကတော့ နိုင်ငံတော်သမ္မတကြီး ဦးနေ၀င်း ဖြစ်သွားပြန်တော့တာပါဘဲ။ လူထုဘ၀ကတော့ ငတ်သထက်ငတ်လာ ကြပ်သထက်ကြပ်လာလို့ဘဲ ပြောရမှာပါ။ ဦးနေ၀င်းရဲ့ ဆေးမြီးတိုဖြစ်တဲ့ ဆိုရှယ်လစ်အယောင်ဆောင် စီမံကိန်းက လုံးဝ မအောင်မြင်ခဲ့ပါဘူး။ အလုပ်သမားတွေ လယ်သမားတွေ ၀န်ထမ်းတွေအပါ အ၀င် ကုန်သည်ပွဲစားတွေပါ မကျန် ထ္မင်းမ၀တဲ့ အခြေအနေကို ရောက်ခဲ့ကြရပါတယ်။ ၁၉၇၄ ခုနှစ် မေလ မှာတော့ ပုလိပ် ချည်မျှင်စက်၊ မြစ်ငယ်မီးရထားစက်ရုံ၊ ချောက် ရေနံချောင်း ရေနံမြေတွေမှာ အလုပ်သမားလှုပ်ရှားမှုတွေ စတင်ပေါ်ပေါက် လာပြီ၊ ၁၉၇၄ ခုနှစ် ဇွန်လ မှာတော့ မဆလ ခေတ်မှာ အလုပ်သမားထုရဲ့  ကြီးမြတ်တဲ့ သမိုင်းဝင်အလုပ်သမားသပိတ်ကြီး မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့ပါတယ်။
ဒီနောက် ၁၉၇၄ခုနှစ် ဒီဇင်ဘာလ ဦးသန့်အရေးအခင်း၊ ၁၉၇၅ ဇွန် ၆ ကျောင်းသားသပိတ်၊ ၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက် မှိုင်းရာပြည့် နိုင်ငံရေးလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ပြန်ပါတယ်။ မှိုင်းရာပြည့်ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်းသား အမြောက်အများကို စစ်အစိုးရက ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့ပါတယ်။ ကျောင်းသားအတော်များများ လဲ ရာသက်ပန် ကျောင်းထုတ်တာ ခံခဲ့ကြရပါတယ်။ ကျနော်နဲ့အတူ ကျောင်းသား ၄၁ ယောက်ကတော့ ရာသက်ပန်ကျောင်း ထုတ်ခံခဲ့ရတဲ့အပြင် မန္တလေးနန်းတွင်း စစ်ခုံရုံးက ထောင်ချတာ ခံခဲ့ရပါတယ်။ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး ကတော့ (၁၆ ဇွန် ၇၆) ရက်စွဲမှာ သေဒဏ်ပေးတယ်ပြောပြီး အင်းစိန်ထောင်မှာ ကြိုးပေးခဲ့ပါတယ်။ မှိုင်းရာပြည့်နိုင်ငံရေး လှုပ်ရှားမှုအဆက်ဖြစ်တဲ့ မီးမောင်းလှုပ်ရှားမှုနဲ့အတူ တနိုင်ငံလုံး လူဖမ်းပွဲကြီးတွေကို စစ်အုပ်စုအနေနဲ့ ပက်ပက်စက်စက် လုပ်တော့တာပါဘဲ။
ဒီနေရာမှာ ကျနော်တင်ပြချင်တာက စစ်တပ်အတွင်းမှာလဲ ဦးနေ၀င်းနဲ့ မဆလရဲ့  လူထုအပေါ် အနိုင်ကျင့် ဖိနှိပ် ရမ်းကားမှုတွေကို မကြိုက်တဲ့ တပ်မှုးငယ်တွေရဲ့  လှုပ်ရှားမှုပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ဗိုလ်ကြီး အုံးကျော်မြင့် ခေါင်းဆောင်တဲ့ တပ်တွင်းအရာရှိငယ်တွေရဲ့ လှုပ်ရှားမှုဘဲဖြစ်ပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်ကတော့ သေဒဏ်ပေးတာခံခဲ့ရပြီး ကြိုးပေး ခံခဲ့ရပါတယ်။။ ဒီလိုဘဲ ၁၉၇၈မှာ မန်းငွေအောင်၊ မန်းဒါဝိတ် စတဲ့ ကရင်အမျိုးသားများ ရဲ့ လှုပ်ရှားမှုတခု ပေါ်ပေါက်ခဲ့ပါသေးတယ်။ ဗိုလ်နေ၀င်းရဲ့  မင်းသားခေါင်းဆောင်းဘို့ လုပ်ထားတဲ့ မဆလပါတီမျက်နှာဖုံး ကလဲ တဖြေးဖြေး အစွယ်တွေထွက်လာတော့တာပါပေါ့ဗျာ။
မဆလခေတ်က စစ်တပ်တတပ်လုံးလဲ မဆလပါတီဝင်တွေ ဖြစ်ကုန်ကြတယ်။ ဇွတ်ဝင်ကြရတာ ဖြစ်ပါတယ်။ မြန်မာ့ ဆိုရှယ်လမ်းစဉ်ဆိုတာ ဘာလဲ၊ ဘယ်လိုရည်ရွယ်ချက်ရှိသလဲ၊ ဘယ်သူတွေရေးထားတာလဲ၊ ဘာကြောင့်ပါတီဝင်ရတာလဲ စတဲ့ ဘယ်မေးခွန်းမှ မေးစရာတွေးစရာမလိုဘဲ စစ်သားဆိုတာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင် ရမယ်ဆိုတာနဲ့တင် လုံလောက်တဲ့ အကြောင်းပြချက်ဖြစ်ခဲ့ကာ တပ်မတော်ကြီးတခုလုံးလဲ “လစ်” ခဲ့ရပါတော့တယ်။ ၀န်ထမ်းတွေလဲ “လစ်” ကြ၊ အလုပ်သမားတွေ လယ်သမားတွေလဲ လစ်ကြနဲ့  အဲဒီကာလကို “လစ် လစ် လစ်” ကာလလို့တောင် နာမည်ပေးရမလို ပါဘဲ။ ကျောင်းသားကြီးတွေက “လမ်းစဉ်လူငယ်” ခလေးတွေက “တေဇ လူငယ်”တွေ ဖြစ်ကုန်ကြပြန်တယ်။ ဗိုလ်နေ၀င်း ဘယ်လောက်တောင် လူထုကိုမယုံသလဲဆိုရင် ကျေးရွာအုပ်ချူပ်ရေးအထိကို စစ်သားတွေနဲ့ အစားထိုးခဲ့ပါတယ်။ မဆလ ပါတီဝင်တွေနဲ့ အစားထိုးခဲ့ပါတယ်။ လူတော်တွေ မလိုဘူး။ စာတတ်တတ် မတတ်တတ် မဆလပါတီဝင်ဆို တရားသူကြီး ဖြစ်နိုင်တယ်။ မဆလ အမာခံဆိုရင် ဓားပြလဲ လူကောင်းဘဲ ဆိုတဲ့ခေတ်ပေါ့ဗျာ။ တိုင်းပြည်ကို သူတို့ ၀ိုင်းဖျက်ခဲ့ကြတာပေါ့။ အဓိကတရားခံကတော့ စစ်တပ်လို့ ပြောရမယ်ထင်ပါတယ်။ လူထုအပေါ် လက်နက်အားကိုးနဲ့ အနိုင်ကျင့်ခဲ့ကြလို့ ပြောရတာပါ။ ခက်တာက ဗမာ့တပ်မတော်ဟာ အတွေးအခေါ်အရ ချွတ်ခြုံကျနေတာက အဓိကပြဿနာလို့ထင်တယ်။
ဗိုလ်နေ၀င်းက ဦးနေ၀င်းထံကို အာဏာတွေလွှဲပေးလိုက်တာ ဘာနဲ့ သွားတူသလဲဆိုရင် ကနေ့ ဗိုလ်ချူပ်မင်းအောင်လှိုင်က ဗိုလ်ချူပ်မင်းအောင်လှိုင်ကို ပင်စင်သက်တိုးပေးလိုက်သလို ဖြစ်နေတော့တာပေါ့ဗျာ။ ခက်တာက စစ်တပ်မှာ ရာထူးလုပ်ပိုင်ခွင့်များလာတဲ့အမျှ လုပ်ချင်တာလုပ်လေ့ရှိတဲ့ သာဓကတွေက မိုးမဆုံးမြေမဆုံးဖြစ်နေတော့တာပါဘဲ။ စစ်တပ်ရဲ့ အဆင့် အသီးသီးမှာကို ဒီလုပ်ဟန်တွေက ထ္မင်းစားရေသောက်လိုဖြစ်နေတာပါ။ အဓိကအတွေးအခေါ်က အဖေကြီးအတွေးအခေါ် လို့ ကျနော်တော့ နာမည်ပေးထားပါတယ်။ ဆိုလိုချင်တာက ဦးနေ၀င်းဟာ တပ်မတော်ရဲ့ အဖေကြီးလို့ သူ့ကိုယ်သူ သတ် မှတ်လိုက်သလို ကျန်တဲ့ စစ်တပ်တတပ်လုံးကလဲ ဥိးနေ၀င်းကို အဖေကြီးလို့ အသိအမှတ်ပြုလိုက်ရတာပါဘဲ။ ဒိလိုလုပ်ဟန်တွေကို တော်လှန်ရေးကောင်စီထဲက ပုဂ္ဂိုလ်တချို့ ကိုယ်တိုင်မကြိုက်ကြပါဘူး။ ဗိုလ်မှုးကြိးမောင်လွင်ဆိုရင် ဗိုလ်နေ၀င်းကို လုံးဝမကြည်ညိုနိုင်တဲ့အတွက် စောစောဘဲ တပ်က အငြိမ်းစားပေးခံခဲ့ရတာပါ။ ၁၉၇၁ခုနှစ်လောက်မှာတော့ မူလ တော်လှန်ရေးကောင်စီဝင် ၁၆ ဦး က ၁၀ဦးက ဖြုတ် ထုတ် ဖမ်းနဲ့ အတော်များများ လမ်းဘေးရောက်ကုန်ကြပြီဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လဲ စစ်အာဏာရှင်စနစ်ရဲ့ သားကောင်တွေဘ၀ကို ပြန်ခံကြရပြန်တာဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော် ထောက်ပြချင်တာက စစ်တပ်ကို တလက်ကိုင်တပ်ဖြစ်ဘို့ အဖေကြီးအတွေးအခေါ်ဆိုတာမျိုး လိုပါ တယ်။ အဘကြီး အတွေးအခေါ်လို ဟာမျိုးပေါ့ဗျာ။ အဖေကြီးဟာ တတိုင်းတပြည်လုံးရဲ့ ကျေးဇူးရှင်ဖြစ်တယ်။ စစ်တပ်ရဲ့  ကျေးဇူးရှင်လဲဖြစ်တယ်။ အဖေကြီးကို ကာကွယ်ရမယ်။ အဖေကြီးအတွက် အလုပ်အကျွေးပြုရမယ်ဆိုတဲ့ “ကျေးဇူးခံ ကျေးဇူးစား အတွေးအခေါ်” ကို စစ်တပ်ထဲ ရိုက်သွင်းဘို့လိုပါတယ်။ အဖေကြီးက ဒီနေရာကိုပေးထားတာ၊ အဖေကြိးက ငါတို့ စစ် တပ်ကို ကျွေးထားတာ။ အဖေကြီးကိုမထိနဲ့ အဖေကြိးထိရင် တို့ရန်သူ ဆိုတဲ့ အတွေးအခေါ်ကို တပ်ထဲ ရိုက်သွင်းခဲ့တာပေါ့ ဗျာ။ ဗိုလ်နေ၀င်းကလဲ “လူတော်လူကောင်း” ဆိုတဲ့ ဆောင်ပုဒ်ကို “လူကောင်း လူတော်”ဆိုပြီး ခပ်ထုံထုံစစ်ဗိုလ်တွေ၊ ဖေါ်လံဖားတွေ၊ သစ္စာခံတွေ၊ လက်မရွံ့ တွေကို သူဘေးနားမှာ စုစည်းတော့တာပါဘဲ။ တကယ့်လူတော်တွေအတော် များများကတော့ ထွက်တဲ့လူ ထွက်ရ။ ထုတ်ခံရတဲ့သူ ထုတ်ခံရ၊ ထောင်ထဲထည့်ခံရတဲ့သူ ထည့်ခံရနဲ့ ဗမာ့တပ်မတော်အဆင့်အတန်းဟာ အရည်အချင်းအရရော အတွေးအခေါ်အရရော အတော်ကို ထိခိုက်ခဲ့ရတယ်လို့ပြောရမယ်ထင်ပါတယ်။
ဒါကြောင့် ဗိုလ်ချူပ်ကျော်ဇောက ဗမာ့တပ်မတော်ရဲ့ သိက္ခာအကျဆုံးလုပ်ရပ်ကို ပြောပါဆိုရင် တပ်မတော်ယူနီဖေါင်းဝတ်ထားပြီး နိုင်ငံရေးအာဏာ ငမ်းငမ်းတက်လိုချင်နေမှုပါပဲလို့ ဦးကျော်ဇံသာရဲ့  ၂၀၀၄ ခုနှစ် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ အထိမ်းအမှတ် ဘီဘီစီအင်တာဗျူးမှ ဖြေဆိုသွားခဲ့တာ သတိရမိ ရကြောင်းပါဗျာ။
ကိုအောင်မှိုင်း
အပိုင်း (၃)ဆက်ရေးပါဦးမည်
Comments