
နိုလှိုင်း ● ပြန်ရာမဲ့ တောအုပ်
(မိုးမခ) မေ ၉၊ ၂၀၁၈
(မိုးမခ) မေ ၉၊ ၂၀၁၈
၁။
ဆူညံသံများနဲ့ ဝေးရာ ပူလောင်ကွဲအက်လာတဲ့ ကိလေသာမီးများနဲ့ဝေးရာကို ထွက်ပြေးလာခဲ့အပြီးမှာမှ နားထဲအထပ်ထပ်ရွတက်လာတဲ့ ကျယ်လောင်မှုတွေပါပဲ။ ငြိမ်သက်နေမိပေမယ့် အဝေးက လှမ်းပြောတဲ့စကားတွေဟာ နားထဲကိုဘေးကအတင်းကပ်ပြောသလို အလစ်ဝင်လာတယ်။ သံသရာရှည်စေတဲ့ ချစ်ခြင်းမေတ္တာကြောင့်သာ အသံတွေဟာ ပိုကျယ်လောင်လာတတ်သလား မပြောတတ်ပြန်ဘူး။ လေတိုးသလို အကာအကွယ်မရ တိုးဝှေ့ရိုက်ခတ်လာတဲ့ အသံလှိုင်းများ။ အသံတွေဟာ မပြတ်သားမှုကို ဆွဲဆန့်နေတတ်သလား။ အဲဒီလိုလည်း မသေချာပြန်ဘူး။ လိုက်ဖမ်းကြည့်တော့လည်း ပြန်မြင်နေရသလိုအတိတ်တွေ ကြားနေကျစကားတွေ သတိရလွမ်းဆွတ်နေမှုတွေ မမြင်မတွေ့ဖြစ်တာ ကြာရှည်မှုတွေ။ တစ်ယောက်က ခပ်တိုးတိုးရေရွတ်လိုက်ရုံနဲ့ တစ်ယောက်ရဲ့နားထဲလာပြီး ဆူညံပေါက်ကွဲ တုန်ခါနေသလို ဖြစ်ခဲ့တယ်။ စိတ်ကူးလိုက်ရုံနဲ့ အိပ်မက်ထဲမှာလို စိတ်ကူးက အရိပ်ထင်လာမယ်။ ပို့သတဲ့မေတ္တာ တစ်နေရာကလှမ်းရနေမယ်။ အဲဒီလို သတိရစိတ်ကို သံသရာမရှည်ရှည်အောင် ဆွဲဆန့်ထားနေမိတာလည်း ဖြစ်ပါလိမ့်မယ်။
လောကရဲ့အပူမီးတောက်တွေကို ငြှိမ်းသက်နိုင်ဖို့ ငါထွက်လာလိုက်တယ်။ အမွှေးအမျှင်တွေနဲ့ရစ်ပတ်ထားသလို ပုပ်အဲ့နေတတ်တဲ့ချည်နှောင်မှုတွေ။ ထိန်းချုပ်ထားပေမယ့် စိတ်ဆိုတာက တစ်နေရာတည်းမှာတည်နေဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တနေရာတည်းမှာ အရုံခံစားမှုကို ရပ်တန့်ထားဖို့ဆို မဖြစ်နိုင်ခဲ့ဘူး။ ပျံလွင့်လွယ်ခြင်းကို ချည်နှောင်ရတာလောက်ခက်ခဲတာ လောကမှာမရှိဘူး။ မဟုတ်ဘူးလား။ လူ့စိတ်တစ်ခုကနေ အခြားစိတ်တစ်ခု အသိုက်အမြုံတစ်ခု ရှည်လျားစွာတွန့်ကွေးကျနေတဲ့မွေးညင်းတွေလို ဘယ်တော့မှအဆုံးသတ်မှာ မဟုတ်ပါဘူး။
၂။
မနက်ခင်းဟာ အခြားဆူညံတဲ့အသံဗလံတွေမရှိလည်း သဘာဝအလင်းကပဲဖိတ်လျံကျလာတဲ့ အသံမျှင်မျှင်လေးတွေရှိလိမ့် မယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ဝေးရာကိုပြေးသွားခဲ့ပေမယ့် မနက်ခင်းဆိုမှတော့ အသံတွေက နောက်ကနေအရိပ်လိုလိုက်လာလိမ့်မှာပေါ့။ အဲဒါကိုဘယ်လိုမှ မေ့ဖျောက်ပစ်လိုက်ဖို့မဖြစ်ဘူး။ မေ့ပစ်ထားလည်း တစ်စထက်တစ်စ ရုပ်လုံးပြန်ပေါ်လာနေမှာပါပဲ။ သူတပါးအကြောင်းက ကိုယ့်အရိပ်လိုပဲ အလင်းရောင်ထိုးစိုက်ကျလာတာနဲ့ နဘေးနားပေါ်လာတော့တာပါပဲ။ အဲဒီ အသံတွေ။ အိပ်ယာပေါ်ထိ တိုးရွတက်လာတဲ့အသံတွေ။ နားထဲ တဆစ်ဆစ်ကိုက်လို့ ပိုးကောင်တစ်ကောင်းလို ပြတင်းတံခါးခေါက်သံလို သစ်ကိုင်းပေါ်နားလိုက်တဲ့ငှက်ကလေးရဲ့ခြေအကျလို ဘယ်လိုအနေအထားမျိုးမှာပဲဖြစ်ဖြစ် အဲဒီအသံတွေက ထွက်လာတတ်ပါသလား။ အတိအကျတော့ မသိဘူး။
အရာရာကိုစွန့်လို့ ဆင်းရဲမှုနဲ့တစ်သားတည်း ခြိုးခြံဖြစ်တည်နေထိုင်တော့မယ်လို့သာ ဆုံးဖြတ်ခဲ့တယ်။ အရာရာအားလုံးကို မေ့ပစ်လိုက်တဲ့အခါ နေလို့ထိုင်လို့ အဆင်ပြေသွားလိမ့်မယ်ပဲထင်မိတာပေါ့။ ဒါပေမယ့် အရာရာကိုပစ်ချ ထွက်ခွာလာခဲ့တယ်ဆိုတဲ့ခရီးတစ်ခုပဲ အဖတ်တင်ကျန်ခဲ့တယ်လို့ ဆိုရလောက်အောင်လည်း စွန့်လွှတ်မှုတွေက ပြတ်ပြတ်သားသား မဖြစ်ခဲ့ဘူး။ ရောက်နေရာက တနယ်တကျေးက ကျေးရွာငယ် ချောင်းကွေ့လေးတစ်ခု။ တောအုပ်ထဲ တဲအိမ်ငယ်တစ်လုံး။ အတိတ်ကအရိပ်အငွေ့နဲ့ လုံးဝကိုခြားနားသွားခဲ့ပြီလို့ ပြတ်သားပစ်လို့ရတဲ့နေရာတစ်ခုပဲ။ အမှုန်အမွှားလောက်မျှ အတိတ်ကို ကပ်ငြိတွယ်တာမနေတော့ဘူးလို့ ဆုံးဖြတ်မိခဲ့တာလည်း ဟုတ်တယ်။ ဒါပေမယ့် လောကထဲ ရောက်လာတုန်းကလို အရင်အတိုင်းတစ်ယောက်တည်းပါလို့ တိတ်တိတ်ဆိတ်ဆိတ် ညည်းညူချင်မိပေါ့။ တိတ်ဆိတ်မှုထဲ အဖျားသွေးဟာတက်လာသလို အိပ်ယာဘေး ပူလောင်မှုရွက်ခြောက်တွေ ကျဲဖြန့်နေတယ်။ လူက အုံ့အုံးမှိုင်းမှိုင်း ခြောက်ကပ်စွာ မတ်မတ်ထိုင်နေမိတယ်။ ဒါပါပဲ။ ပတ်ဝန်းကျင်မရှိတော့ဘူးဆိုမှ ပြန်ကြားနေရတဲ့ ပဲ့တင်သံတွေပါပဲ။
၃။
နေ့တာဟာရှည်လွန်းပါတယ်။ မျက်တစ်မှိတ် လျှပ်အပြက်မှာ ချက်ခနဲ့လင်းသွားတဲ့အသိဥာဏ်ကို တဒင်္ဂဖမ်းယူမိလိုက်သလို မဟုတ်ပဲ တမေ့တမောကုန်ဆုံးနေရတာမျိုး။ တစ်ခုခုကို စိတ်ဝင်တစားစီးမျောနေတာမှမဟုတ်ရင် ပျင်းရိစွာ ကျော်ဖြတ်နေရသလို ပြီးဆုံးစေသလိုမျိုးပါပဲ။ အဲဒီလို နေ့တာတွေ။ အလင်းရောင်ရှိတဲ့ ဆူညံမှု နေ့တာတွေ။ သစ်ပင်ခြေရင်းက ယိမ်းထိုးနေတတ်တဲ့ အလင်းရောင်တွေ။ ခပ်တိမ်တိမ်ချောင်းပေါ်ကျလာတဲ့ အလင်းရဲ့ လှုပ်ရှားနေတဲ့အရိပ်တွေ။ ဒါတွေကို မြင်တွေ့နေတဲ့ မပြတ်သားနိုင်သေးတဲ့စိတ်။ အဲဒီစိတ်ဟာ ရေနဲ့ပက်လိုက်သလို အေးမြကြည်လင်မသွားသေးဘူး။ မျက်လုံးအအကြည်ဓာတ်မှာ ပူလောင်မှုဟာ ရုတ်တရက်တော့ ချက်ချင်းလျော့ပါးမသွားနိုင်ဘူး။ ဒါဆို ဘာတွေလုပ်နေမိတာလဲ။ ဒီနေရာအထိရောက်အောင်ထွက်လာတာ ဘာအကျိုးဖြစ်ခဲ့ပြီလဲ။ မသိဘူး။
နှုတ်ဖျားက တဖွဖွရွတ်ဆိုနေတဲ့ တရာတော်ကို ပိုးပြီးတိုးညင်းလိုက်ဖို့ ပိုပြီးပါးလျားသွားအောင်ပြုမူလိုက်ဖို့ကိုသာ စိတ်ကူးကြည့်နေမိတယ်။ ထိုင်နေတဲ့စိတ်ကို တစ်နေရာမှာ ပစ်ချထားဖို့လည်း တွေးနေမိတယ်။ ဒါပေမယ့် အဲဒါကမလွယ်ကူဘူးဆိုတာလည်း သိနေပြန်တယ်။ လူ့ခန္ဓာကိုယ်ကြီးကိုကျောက်ချရပ်နားထားပေမယ့် အတွင်းစိတ်ကူးတွေဟာ ဘယ်တော့မှရပ်တန့်မနေတတ်ဘူး မဟုတ်လား။ နားထဲ ပိုးမွှားတစ်ချို့ အော်မြည်လာတယ်။ တိတ်ဆိတ်မှုထဲကရုန်းထွက်လာတဲ့ ဆူညံလာပုံကို ခြောက်အိပ်မက်လို အတိုင်းသားကြားရတယ်။ အမှောင်ထဲ ကျိန်းစပ်နေတဲ့မျက်လုံးတွေ။ တစ်စက်စက်ကျနေတဲ့ ရေစစ်ပိတ်သားအောက်က ရေကြည်တွဲလွဲတွေ။ ထုံကျဉ်ကိုက်ခဲလာတဲ့ အသိတွေ အားလုံးကိုခဏခဏနဲ့ အချိန်အကြာကြီး ဖြတ်ကျော်ငြီးငွေ့လာမိသလိုပါပဲ။
၎။
ညမှာ လခြမ်းကွေးလေးဟာ ငြိမ်သက်လျက် တည်နေရဲ့။ သစ်ရိပ်ဝါးရိပ်မှာ အေးမြကြည်လင်မှုဟာ တွန့်လိန်လို့ အတင်းတိုးဝှေ့ကျလာတယ်။ ဆူညံသံဟာ ညမှာလည်း ရုန်းကန်မှုကိုဖန်တီးလို့ လှုပ်ခါနေပြန်တယ်။ ပြတ်ရှလာတဲ့အေးစက်မှုမှာ တိတ်ဆိတ်ချင်ယောင်ဆောင်လို့ တည်းတည်းလေးနဲ့ရပ်နေပြန်ရဲ့။ ပေါက်ကွဲတော့မယ့် ချိန်ကိုက်လက်နက်ဗုံးလိုပဲ သတိရစိတ်ဟာ စူးနစ်လာတယ်။ ပျံ့လွင့်နေမှုဟာ ခေါက်ခနဲပုံကျလာတယ်။ အဝေးက တယောသံကိုအနီးကပ်ဆွဲယူ ငြိမ်သက်နေမိသလိုမျိုး တည်ငြိမ်နေတဲ့စိတ်ကပဲ မတည်ငြိမ်မှုမှာ ပိုထင်ရှားပြလာနေတယ်။ လခြမ်းကွေးရဲ့ လေအလွင့်မှာငြိမ်ကျသွားတဲ့ အေးစက်မှုရဲ့ ကျောင်းသင်္ကန်းအကွယ်က သစ်ပင်ထိပ်ဖျားမှာ အဲဒီလတစ်စင်းပဲ ယီးလေးဆွဲ တွဲလွဲခိုလို့။
နားကျည်းချက်တစ်ခုဟာ တစ်ချိန်ချိန်မှာ ပြန်ပြီးမနာကျင်တော့သလိုမျိုးလည်း ဖြစ်တတ်သေးသလား။ ဆန္ဒနောက်မှာ အဆင်အခြင်မဲ့မှုလိုက်သွားသလိုမျိုး သံကြိုးဟာပိုးချည်မျှင်ပမာ ပြတ်တောက်သွားတတ်သလား။ ထူထူထဲထဲ အုပ်မိုးထားတဲ့ စိတ်ကူးတွေ ပိုပြီးပါးလျားသွားတယ်။ စိတ်လိုက်မာန်ပါမှုဟာ မသေချာခြင်းဖြစ်လာတယ်။ အဝေးကိုထပ်မျှော်ကြည့်လိုက်မိပြန်တယ်။ အကြည့်ပဲစွဲထင်လာတဲ့ပုံရိပ်တွေ ဖျတ်ခနဲထွက်လာခဲ့တဲ့ ပုံရိပ်တွေက ညအနက်မှာ ပိုခြောက်ခြားအောင်ဖော်ပြနေခဲ့တာပါပဲ။ အသံတွေနဲ့ ဝေးရာပြေးထွက်ခဲ့ပြီဆိုမှ အသံတွေက ပိုပြီးနှိုးဆွ ခြောက်လှန့်နေကြတော့တာပါပဲ။ အာရုံမှောက်မှားမှုပဲ ဖြစ်မှာပေါ့။ တိတ်ဆိတ်မှုဟာ နားကွဲမတတ် ပိုပြီးကျယ်လောင်လာတာ အဆုံးစွန်ဆုံး စိတ်ရဲ့လှည့်စားမှုတွေပါပဲ။
စိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့တာလားတဲ့။ အဲဒီ ကိုယ်တိုင်ပြန်မေးနေဖြစ်တဲ့မေးခွန်းမှာ ကိုယ်ကိုယ်တိုင် တုန်လှုပ်နေမိတယ်။ ကိုယ့်စိတ်မှာ ဆူညံခြောက်လှန့်နေတာကလည်း အဲဒီမေးခွန်းပဲ ဖြစ်နေခဲ့တယ်။ ဘာမှ အရာမထင် မပြတ်သားခြင်းတွေပေါ့။ သူတို့ စိတ်နောက်ကို ထပ်ချပ်မကွာလိုက်လာကြပြီ။ ကြမ်းတမ်းတဲ့လမ်းမှာ ရှေ့ကပိတ်ကွယ်ထားကြပြီ။ အခက်အခဲအသွင်နဲ့ စိတ်ကိုအနိုင်ယူဖို့အတွက် ကြိုးစားနေပြီ။
၅။
ဘယ်လိုတွေးတွေး စိတ်ကူးဟာမရှင်းဘူး ဖြစ်နေတယ်။ အမြင်အကြား အာရုံခံရုပ်ဝတ္ထုတွေအားလုံး မကြည်လင်ဘူး ဖြစ်နေသေးပါရဲ့။ ကိုယ်က တည်ငြိမ်စွာကျောခိုင်းလာခဲ့တာလား စိတ်လှုပ်ရှားစွာ ထွက်ပြေးမိခဲ့တာလားဆိုတာတော့ အဖြစ်အပျက်တွေကပဲ သက်သေခံနေခဲ့ပါတယ်။ နောင်တဆိုတဲ့ မကြားချင်ဆုံးစကား ကိုယ်တိုင်ပြန်ပြောနေရသလိုဖြစ်နေတယ်။ လာလမ်းအတိုင်း လှည့်ပြန်ဖို့စိတ်ကူးမှာ လှောင်ရယ်သံတွေစွန်းထင်းနေတယ်။ ကပ်ငြိနေတဲ့ စွဲလမ်းမှုကို မဖြေနိုင်ပဲ ရုန်းထွက်ဖို့ကြိုးစားနေမိသလား ပြန်တွေးကြည့်ရဦးမယ်။ အားမစိုက်ထားပေမယ့်လည်း နားထဲ ဒီစောက်သံတွေပဲ ကြားနေရတော့တာပဲ။ ဒီညကောင်းကင်ပြင် လအပြည့် ငါ့နားရွက်ကိုဖြတ်ပြီး ချောင်းရေမှာမျှောချလိုက်ဖို့ အိပ်ရာပေါ်က ထလာရသလို့ ရုတ်ချည်းအားယူကုန်းထခဲ့မိတယ်။
ကောင်းသောနေ့ပါလို့ပြောအပြီးမှာပဲ
အားကုန်ပြေးထွက်လာခဲ့
ကောင်းမွန်သော ခွဲခွာခြင်း
ကောင်းမွန်လာတော့မယ့် စင်ကြယ်စိတ်
လေဟာ လရောင်ကိုလှုပ်ရှားဖို့ မစွမ်းနိုင်သလို
အလင်းရောင်ကိုဖောက်ဝင်နေတဲ့ မြားချက်လို
ငိုရှိုက်သံမှအစ
ချိုအီသောတယောပြားလေးထဲက လွင့်ဝဲလာတဲ့
လွမ်းဆွတ်ဖွယ်ဂီတတေးသံ တိုးတိုးလေးမှအစ
ကောင်းသောညပါလို့ နှုတ်ဆက်သွားသူတစ်ယောက်
အဲဒီကမှ ဆိတ်ငြိမ်ရာပတ်ဝန်းကျင်
သစ်ရွက်ရဲ့ လှုပ်ရမ်းနေတဲ့အရိပ်
အဲဒီကမှ ကောင်းကင်
နက္ခက် ကြယ်တာရာ
လာလမ်းသို့လှည့်အပြန်
ပိုမိုအိပ်မရတော့သူတစ်ဦး
ပြီးတော့ ကျကွဲလုဆဲဆဲ ကြေကွဲစိတ်
ငြိမ်သက်လှုပ်ရှားနေစဉ်မှာပဲ
နောက်တစ်နေ့ကို အားယူပြုံးပြတတ်အောင်
အားစိုက်လေ့ကျင့်ခဲ့ရ
ကြိုးစား စောင့်စည်းနေခဲ့ရသလို
ဝဲကတော့ထဲက လွတ်ထွက်လာတဲ့ငါး
ငါစွဲကိုစွန့်မယ့် ငါ ငါ ငါ။ ။
နိုလှိုင်း
၂၀၁၇ နိုဝင်ဘာ ၁
Comments