မိုနေးသစ် ● မေမေ
(မိုးမခ) မေ ၂၀၊ ၂၀၁၈
(မိုးမခ) မေ ၂၀၊ ၂၀၁၈
မေမေကရှေးဘယ်နှတန်းအောင်ခဲ့လဲမသိဘူး။ ရေးတတ်ဖတ်တတ်တော့ရှိခဲ့ပါတယ်။ အဖိုးအဖွားတို့ရဲ့တောင်သူလယ်ယာလုပ်ငန်းတွေကို ကူညီလုပ်ကိုင်ရင်း အတန်းတွေမတက်ခဲ့ရဘူးထင်ပါတယ်။ မေမေကစာပေတော့ဝါသနာပါပုံပင် ကျနော်တို့ကိုငါးရာ့ငါးဆယ်နိပါတ်တော်တွေထဲကပုံပြင်တွေကို ပြောပြလေ့ရှိပါတယ်။ မှန်ကန်ဖြောင့်မတ်ခြင်းကိုတန်ဖိုးထားတဲ့နေရာမှာ မေမေက ပထမတန်းပဲဖြစ်မယ်ထင်ပါတယ်။ ငါးပါးသီလလုံခြုံဖို့ ခဏခဏပြောပြရှာပါတယ်။
မေမေ့လက်ရေးတွေကမလှပေမယ့် အဓိပ္ပါယ်ပေါက်အောင်တော့ စာရေးတတ်ပါတယ်။ နေ့စဉ်ကျနော်တို့ရဲ့ကျောင်းဝတ်စုံတွေကိုလျှော်ပေးဖို့ဘယ်တော့မှပျက်ကွက်လေ့မရှိပါဘူး။ ကျနော်သူငယ်တန်း စတက်တော့ ကျောင်းအပ်ပြီးကျနော့်ကိုစာသင်ခန်းထဲတယောက်တည်းထားခဲ့ဖို့ကြိုးစားပေမယ့်မအောင်မြင်ခဲ့ပါဘူး။ မေမေ့အနားကိုကပ်နေပြီး အော်ဟစ်ငိုယိုနေခဲ့တာကြောင့်ပါ။ ဒါကြောင့် မေမေက စာသင်ချိန် တောက်လျောက် အခန်းအပြင်ကနေငုတ်တုတ်ထိုင်စောင့်နေရရှာပါတယ်။ သူငယ်တန်းတနှစ်လုံးလည်းမေမေဒုက္ခခံခဲ့ရှာပါတယ်။ ကျနော့်ကို မဆဲဆိုရက် မရိုက်ရက်ပါ။ မေမေ ကျနော့်ကိုမွေးဖွားခါနီးတော့ ကျနော့်ရဲ့အဖွားမေမေ့ရဲ့အမေကို အိပ်မက်မက်တယ်လို့ခဏခဏပြောဖူးပါတယ်။ အဲဒီနောက်ကျနော်မွေးတော့ကျနော့်ကို အဖွားဝင်စားတာလို့တထစ်ချထင်နေခဲ့တာ ပါ။ ကျနော်ကလည်း မေမေမှမေမေတချိန်လုံးဘယ်သွားသွား တကောက်ကောက်လိုက်တတ်ခဲ့သူပါ။
အဲဒါကြောင့်လည်းမေမေကကျနော့်အပေါ်ပိုပြီးတွယ်တာတာဖြစ်မှာပါ။ ကျနော့်အတွက်ဆိုမေမေအပင်ပန်းအဆင်းရဲအတော်ခံခဲ့ရှာပါတယ်။ ကျနော်ကလည်း အလိုလိုက်ခံရသူပီပီ ဆိုးနွဲ့ခဲ့ပါတယ်။ ကျနော်ကမွေးချင်းထဲမှာအငယ်ဆုံးသားမို့အလိုလိုက်တာလည်းပါမှာပါ။ ငယ်ငယ်က အရုပ်ပစ္စည်းတခုလိုချင်ပြီဆို ကျနော်တနေ့လုံဂျီတိုက်လို့မဆုံးတော့ပါဘူး မေမေမဝယ်ပေးမချင်း ဆန္ဒပြပါတော့တယ်။ မေမေ့မှာကျနော့်အလိုကျ ချက်ချင်းဝယ်ပေးရတတ်ပါတယ်။ တောသူတောင်သားဖြစ်တဲ့မေမေဟာ ရွာဦးကျောင်းဘုန်းတော်ကြီးကျောင်းကိုဥပုသ်စောင့် ဆွမ်းချိုင့်ပို့ မလွတ်ခဲ့ပါ။ အခါကြီးရက်ကြီးများမှာ တရားနာသီလယူမပျက်ခဲ့ပါ။ ငယ်ငယ်ကလေးဘဝ မှာ ကျနော်ကလည်းမေမေ့ကိုကပ်သူမို့ ဘုရားကျောင်းကန်ကိုမေမေနဲ့အတူတူ ခဏခဏလိုက်ဖြစ်ပါတယ်။
အခါရက်တွေမှာကောက်ညင်းဆန်ထောင်းပြီး မုန့်ဆီကြော်တွေကြော်ပါတယ်။ ပြီးတော့ ဘုရားကပ်တယ် ဘုန်းတော်ကြီးကျောင်းလှူတယ် နတ်တင်တယ် နောက်ကျနော်တို့ကလေးတွေကိုကျွေးတယ် အိမ်နီးနားချင်းတွေကိုလည်း ဝေလေ့ရှိပါတယ်။
ရွာမှာ ကျနော်တို့နဲ့ဆွေမျိုးနီးစပ်တော်တဲ့ဘကြီးတယောက်ရှိပါတယ်။ အဲဒီဘကြီးက ကျနော်တို့မောင်နှမတွေကိုလည်းချစ်တယ် အိမ်ကိုလည်းအမြဲတမ်းလာလည်လေ့ရှိပါတယ်။ သီတင်းကျွတ်ပြီဆိုအဲဒီဘကြီးအိမ်သွားပြီး ကန်တော့ကြပါတယ်။ ဘကြီးရဲ့ခြံထဲမှာလည်း ဂွေးသီးပင်တွေ သရက်ပင်တွေ ပိန္နဲပင်တွေ ငှက်ပျောပင်တွေစိုက်ပျိုးထားပါ တယ်။ ကျနော်တို့မိသားစုရောက်သွားတိုင်း ဂွေးသီးတွေ ငှက်ပျောသီးသရက်သီး ပိန္နဲသီး များကို ကျနော့်တို့စိတ်ကြိုက်ချကျွေးလေ့ရှိပါတယ်။ ဒါကြောင့်ကျနော်တို့ကလေးများကတော့အဲလိုကန်တော့သွား ရမှာကိုအလွန်ပဲပျော်ရွှင်ခဲ့ကြပါတယ်။ မေမေက ကျနော်တို့ကိုမမေ့မလျော့ပဲဘကြီးနဲ့ အဖွားကိုသေသေချာချာ ရိုရိုသေသေကန်တော့ကြဖို့ပြောပြပါ တယ်။
ကျနော်တို့ရွာနဲ့မလှမ်းမကမ်းချောင်းလေးခြားပြီးရှိနေတဲ့ရွာကလေးမှာ ဦးကြီးတော်စပ်သူ မိသားစုရှိကြ ပါတယ်။ မေမေနဲ့ကျနော်ကတော့ခဏခဏအလည်သွားနေကျရွာကလေးပါ။ မိုးတွင်း တောင်ကျချောင်းလေးထဲရေစီးတွေသန်နေတဲ့အချိန်မှာ မေမေနဲ့ကျနော် ကြောက်ကြောက်နဲ့ ကူးဖြတ်ခဲ့ရပုံတွေကို အခုအချိန်မှာပိုလို့သတိရမိပါတယ်။ ကျနော်တို့သွားတဲ့အခါ လိုလေသေးမရှိချက်ပြုတ်ကျွေးမွေးပြီး ပြန်တဲ့အချိန်မှာ ပြောင်းဖူးမြေပဲ ဟင်း သီးဟင်းရွက်တွေကအစမကျန် တခုခု ပေးလိုက်တာလည်းအမြဲတမ်းပဲဖြစ်ပါတယ်။ ဦးကြီးက ကျနော့်ကို နှီးဖျာနည်း တောင်းရက်နည်း သက္ကယ်ဖြာနည်းသက္ကယ်ရက်နည်းတွေကအစ စိတ်ရှည်လက်ရှည် သင်ပြပေးပါတယ်။ မေမေက အခုပညာသင်နေပေမယ့် လက်မှုပညာဆိုတာဘာ မဆိုတတ်သိထားသင့်တယ်ဆိုပြီး ဦးကြီးသင်ပြပေး တာကောင်းတဲ့အကြောင်း ကျေးဇူးတင်မိတဲ့အကြောင်း တွေပါ ပြောပါတယ်။ ဦးကြီးရဲ့သမီး မမကလည်း အတော်လေးသဘောမနောကောင်းပါ။
ကျနော်တို့အလည်လာတဲ့အတွက်အထူးပျော်ရွှင်ပြီး ဝမ်းသာကြောင်း တဖွဖွပြောပါတယ်။
မိုးရာသီမိုးတအားရွာနေတဲ့အချိန်တွေဆို တောင်ကျချောင်းရေမို့ရေအလုံးအရင်းကျလာတတ်ပြီး တခါတလေ ကျနော်နဲ့မေမေရွာကိုမပြန်နိုင်တော့ပဲ ညအိပ်ပြီး ဦးကြီးတို့ရွာမှာပဲရေပြန်အကျကို ပြန်စောင့်ရတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။
ဖေဖေကသစ်တောဌာနမှာ အလုပ်လုပ်ပါတယ်။ မေမေကတော့ အိမ်ထောင်ကိုထိန်းသိမ်းပြီး ကျနော်တို့အတွက် လိုလေသေးမရှိအောင်ပြုစုယုယပေးတဲ့ ကျေးဇူးရှင်မေမေဖြစ်ပါတယ်။ သဘောကောင်းလှတဲ့ဖေဖေ့အတွက် ဌာနကရောခင်မင်ရင်းနှီးသူတွေပါပေါကြွယ်လှသမို့ ကျနော်တို့အိမ်မှာ ဧည့်သည်ပြတ်လေ့သိပ်မရှိလှပါ။ အပင်ပန်းအဆင်းရဲခံပြီးမညည်းညူတတ်ပဲအမေကအိမ်ရှင်မပီပီ တာဝန်ကျေပွန်စွာဧည့်ခံ ချက်ပြုတ်ကျွေးမွေးလေ့ရှိပါတယ်။ မေမေ့မှာ ပြည့်ဝပြီးလှပတဲ့အပြုံးတခုကို ပိုင်ဆိုင်ထားပါတယ်။ မေမေပြုံးတဲ့အခါရွှေသွားလေးပေါ်ပေါ်လာတတ်တာကိုလည်းမြင်ယောင်မိပါတယ်။ ကျနော့်မေမေရဲ့ရပ်မျိုးဆွေမျိုးတွေကလည်း ကျနော့်ကို နင့်အမေက ရုပ်ကလေးလည်းလှပြီး စိတ်ဓာတ်ပါဖြူစင်ပြီးသဘောမနောကောင်းတဲ့သူတယောက်ဖြစ်တယ်လို့ ပြောပြကြပါတယ်။
ကျနော်တို့ကျောင်းနေတဲ့အချိန်ကစပြီး မေမေ့မှာ အဝတ်စားကောင်းကောင်း ဝယ်ရတယ်လို့မရှိသလောက်ပါ။ အမြဲတမ်းခြိုးခြံချွေတာပြီး သားသမီးတွေအတွက်ပညာရေးကိုပဲဦးစားပေးလေ့ရှိပါတယ်။
ကျနော်တို့ရဲ့ဖေဖေမေမေ တွေက အစစထက်ပညာရေးဖက်မှာ လေ့လာသင်ယူဖို့ သင်ခန်းစာတွေအများ ကြီး ပေးပါတယ်။ တိုက်တွန်းခဲ့ပါတယ် ဒါကြောင့်လည်း ကျနော်တို့မှာငွေကြေးဥစ္စာမပြည့်စုံကြပေမယ့်လည်း အတန်းပညာလေးနဲ့အလုပ်တခုကိုရှာဖွေကာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ကြတာပါ။ မေမေ နဲ့ဖေဖေက အမြော်အမြင်တွေရှိခဲ့တဲ့အတွက် ကျနော်တို့လမ်းဟာ ဆူးခလုတ်တွေသိပ်မရှိခဲ့တာ ထင်ပါတယ်။
ကျနော်တို့အဝတ်အစားတွေစုတ်ပြဲလာခဲ့ရင်လည်း သေသေသပ်သပ်ချုပ်ပေးတတ်ပါတယ်။ ကျောင်းဝတ်စုံအင်္ကျီအဖြူတွေကိုလည်း ဖြူစင်အောင်အစွန်းအထင်းတွေမရှိအောင် သေသေချာချာ နေ့စဉ်လျှော် ပေးတတ်ပါတယ်။ ကျနော်တို့အတွက်အစိုးရိမ်အကြီးဆုံးသူမှာမေမေပါ။ ကစားခုန်စားလုပ်ကြတဲ့အခါထိခိုက်မိမှာကို စိုးရိမ်ကြီးတတ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဘော်လုံးကန်တာတို့ ရေကူးတာတို့လုပ်မယ်ဆိုရင်မေမေကခွင့်မပြုပါ။
တခါကကျနော့်အကိုတယောက်အမေမသိအောင် ဘော်လုံးကန်ကစားရင်း ဖြစ်ချင်တော့ မတော်တဆဖြစ်ရင် လက်ကျိုးလာခဲ့ပါတယ်။ မေမေ့မှာတဖွဖွရင်နာမဆုံးပြောလို့မဆုံးတော့ပါ။ တော်တော်လေးလည်းစိတ်မကောင်းစိုးရိမ် သွားခဲ့ပါတယ်။ နောက်ကျနော်တို့လည်း ဘော်လုံးကန်ခွင့် ပါမစ်ပိတ်သွားပါတော့တယ်။
မေမေကလှူရေးတန်းရေးလည်း ရက်ရောပါတယ်။ လက်ထဲမှာရှိတာလေးတွေကိုပေးချင်ကမ်းချင်ကျွေးချင်မွေးချင်တဲ့စေတနာလည်းရက်ရောသူပါ။
နောက်ပိုင်း မိသားစုကများပြီးဝင်ငွေနည်းလာတဲ့ အချိန်မှာ မလှူမတန်းနိုင်တော့တဲ့အတွက်လည်း စိတ်မကောင်းဖြစ်ခဲ့ရမယ်ထင်ပါတယ်။ မေမေ့မွေးရပ်မြေ ကို မပြန်ဖြစ်တာ လည်း ချို့တဲ့ တဲ့အခြေအနေမို့ နဲ့တူပါတယ်။ ကိုယ်ကသာ ပေးချင် နေပြီး သူများ ဆီကအကူအညီတောင်းခံဖို့ကျတော့ဝန်လေး တတ်သူပါ။ ဒါကြောင့်သူ့ဆွေမျိုးညီအကိုမောင်နှမတွေဆီ မှာ အကူအညီယူလေ့ ဘယ်တုန်းကမှမရှိခဲ့ပါ။
မေမေ့ရဲ့ပစ္စည်းမဲ့မာနတော့ မဟုတ်ပေမယ့် အားနာ တတ်တဲ့ ငဲ့ကွက်တတ်တဲ့ စိတ်ကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။ မေမေ့မှာ အမြဲတမ်းပြုစုစောင့်ရှောက်ရမယ့် အမတယောက်လည်းရှိခဲ့ပါတယ်။ အမကမွေးရာပါနှလုံးရောဂါသည်တယောက်ပါ။ အမြဲတမ်းမောမောနေတတ်တာကြောင့်အမကျောင်းသွား ကျောင်းပြန်အမြဲလိုက်ပို့ပေးရပါတယ်။ မေမေကတော့မမောမပန်းနိုင်ပါ သားသမီးအတွက်ပညာရေး ကပထမအရေးကြီးဆုံးမို့ မညည်းမညူအမြဲတမ်း သားသမီးအတွက်ဆို ပါရမီဖြည့်ပေးတတ်သူပါ။
ငယ်ငယ်ကတော့ကျနော်လည်းမေမေ့အပေါ်မှာ ဆိုးဖို့သာသိတတ်ခဲ့သူပါ။
မေမေ့ရွာကိုတခေါက်သွားတော့ရွာလည်လမ်းမှာ နွားချေးတွေရှိလို့ လမ်းဆင်းမလျှောက်ဘူးဆိုပြီး ကျနော်ဂျီကျဖူးပါတယ်။ မေမေကတော့ကျနော့်ကိုချီပိုး ပြီး သွားပေးရပါတယ်။ တရွာလုံးကသူများတွေကတော့ ကျနော့်ကို ပြောစမှတ်ပြုကြရပါတော့တယ်။
နည်းနည်းလေးကြီးလာတော့ တောထဲထင်းခွေသွားရင်လည်း မေမေနဲ့ကျနော်လိုက်ပါတယ်။ မေမေကကျနော်ပင်ပန်းမှာစိုးပြီးထင်းတွေလျှော့ထမ်းဖို့ပြောပါတယ်။ မေမေပင်ပန်းမှာစိုးတဲ့အတွက် ကျနော်လည်းတတ်နိုင်သမျှကူညီထမ်းပိုးခဲ့တာပါ။ တမိုးတွင်းစာထင်းခြောက်တွေရပြီဆိုမှ ကျနော်တို့သားအမိထင်းခွေတာကိုရပ်ပါတယ်။ တောထဲကခူးပြီးရလာတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့အိမ်ပြန်ရောက်တဲ့အခါ ချက်ပြုတ်ပြီး ကျနော်တို့စားသောက်ဖို့ ထမင်းဟင်းတွေကိုလည်း သေချာ စီစဉ် ပေးခဲ့ ပါတယ်။
မေမေက ရွာမှာယောင်္ကျားသားတွေသာလုပ်နိုင်တဲ့ လှည်းမောင်းတာ လယ်ထွန်ယာထွန်တာ တွေကို လည်း လုပ်တတ်ကိုင်တတ်ပါတယ်။ ရွာကမေမေတို့လယ်တွေယာတွေကိုလည်းကိုယ်တိုင်ထွန်ယက်စိုက်ပျိုး ခဲ့ရတယ်လို့လည်းပြောပြပါတယ်။ ကျနော်တို့ငယ်ငယ်ကတော့ အဝတ်အထည်တွေ ခုခေတ်လောက်ပေါပေါများများမရှိသေးပါ။ တောမှာတော့ အဝတ်အစား အထည်တွေကို ကိုယ်ပိုင်ရက်လုပ် ဝတ်ဆင်ကြရပါတယ်။ အချိန်အားရရင် အိမ်မှာစိုက်ပျိုးထားကြတဲ့ဝါတွေကိုကောက်ကြပါတယ်။
ဝါဆွတ်တယ်လို့လည်းခေါ်ပါတယ်။ မေမေကရ လာ တဲ့ဝါတွေကို လက်လှည့်ဝါကြိတ်စက်ကလေးနဲ့ အစေ့တွေထုတ်ပါတယ်။ ပြီးရင်နေလှန်းပြီးတော့ တုတ်ကလေးတချောင်းနဲ့လိပ်ပြီး ဝါတောင့်လေးတွေဖြစ်အောင် ဝါဖန့်ပါတော့တယ်။ အတောင့်လေးတွေဖြစ်နေမှ ဗိုင်းငင်ရတာ အဆင်ပြေမှာလို့ မေမေကပြောပြပါတယ်။ ရစ်လုံးရယ် ရစ်ဘီးတွေရယ်ပါဝင်တဲ့ ဗိုင်းငင်တဲ့ဘီးကလေးနဲ့ မေမေဗိုင်းငင်ပါတော့တယ်။ ဗိုင်းငင်တဲ့နေရာမှာလည်းကျွမ်းကျင် တဲ့သူမှချည်ကောင်းအောင်ရစ်နိုင်တာပါ။
မေမေကတော့ ချည်ငင်တဲ့ နေရာလည်းအတော်လေးကျွမ်းကျင်သူပါ။
ချည်လုံးတွေအများကြီးရ လာအောင် မေမေ ကအချိန်အားရရင်ရသလို ဗိုင်းငင်နေတတ်ပါတယ်။ ချည်ရလာတော့ ချည်ခင်ကနေ ချားလေးတခုနဲ့ ချည်ဆေးဆိုးဖို့ ချည်ကွင်းလေးတွေရအောင် ချည်ရစ်ရပါသေးတယ်။ ချည်ကွင်းလေးတွေရလာတော့
ချည်တွေကိုခိုင်ခံ့အောင်ထမင်းရည်နဲ့နယ်ရတာတို့ ဓာတ်ဆေးဆိုး တာတို့ပြုလုပ်ရပြန်ပါတယ်။ ကိုယ်စိတ်ကြိုက်အရောင်တွေရပြီ ဆိုမှ ရလာတဲ့ချည်တွေကို ယက္ကန်းရက်ဖို့အတွက်လွန်းဖောက်ရပြန်ပါတယ်။ ကိုယ်ယက်မယ့်အထည်အဆင်အတွက် အတိုင်ချည်တွေကို လည်း အိမ်မှာ အငှါးတိုင်လေးတွေစိုက်ပြီးဖောက်ဖို့ ချည်ရစ်ရပါတယ်။ ယက္ကန်းရက်မယ့်ယဉ်သွားတွေထဲချည်တွေကိုစိတ်ရှည်လက်ရှည် တချောင်းခြင်း ထိုးရတာပါ အတိုင်အဖောက်ညီအောင်အရောင်ကိုက်အောင်ထိုးရတာမို့ လက်ဝင်လှပါတယ်။ မျက်လုံးကောင်းကောင်းနဲ့ မေမေလွန်းဖောက်တာကို ကျနော်တို့စိတ်ဝင်တစား စောင့်ကြည့်ဖူးပါတယ်။ ပြီးရင် ယက္ကန်းစင်ပေါ်မှာ အထည်ယက်လို့ရပါပြီ။
အထည်ယက်ရာမှာလည်း လေးလုံးနင်းတာနဲ့ နှစ်လုံးနင်းတာရှိပါတယ်။ လေးလုံးနင်းတဲ့အထည်တွေကပိုစိပ်ပြီးပိုလည်းထူပါတယ်။ ကျနော်တို့ဒေသအခေါ်ကတော့ လေးနင်းအင်္ကျီ လေးနင်းပုဆိုး လေးနင်းစောင် အစရှိသဖြင့်ခေါ်ဝေါ်ကြပါတယ်။ ကျနော်တို့ညီအကိုတွေရယ်ဖေဖေ့အတွက်ရယ် အထည်တွေကိုမေမေကိုယ်တိုင် ရက်ပြီး ချုပ်ပေးတတ်ပါတယ်။ ယက္ကန်းနဲ့ရက်ထည်တွေက လက်ဖြစ်ချည်ထည်တွေဖြစ်လို့ ထူထဲခိုင်ခန့်ပါတယ်။
မေမေရက်ပေးတဲ့အထည်လေးတွေ ခုလိုအချိန်မှာပိုလို့လွမ်းမိပါတယ်။ တောသူတောင်သားတွေအနေနဲ့တောထဲသွားထင်းခုတ်မှိုချိုးမျှစ်ချိုး သွားရ တယ် နွားကျောင်းသွားရတယ်။ အဲဒီလိုသွားရတဲ့အခါအဝတ်အထည်တွေကတောထဲဆူးတောထဲသစ်ကိုင်းထဲ တွေဖြတ်တိုးရတဲ့အခါ ဆူးခက်တွေနဲ့ထိမိငြိမိတတ်လို့ လက်လုပ်ချည်ထည်တွေက တော်တော်တန်တန်မပြဲမစုတ်ပဲခံနိုင်ရည်ရှ်ိပါတယ်။ ဒါကြောင့်တောသူတောင်သားတွေကတော့ချည်သားထူထူတွေကိုပို ဝတ်ဆင်ကြပါတယ်။ မေမေကျွမ်းကျင်တာတခုရှိပါသေးတယ်။ နေ့စဉ်ထမင်းဟင်းအချက်အပြုတ်ကျွမ်းကျင်တာပါ။ မေမေကရှိသမျှ ဟင်းလေးနဲ့အဆင်ပြေအောင်စားချင်စဖွယ်ဖြစ်အောင်လည်း ချက်တတ်ပါတယ်။ ကျနော်တို့ရွာတွေမှာ မီးဖိုတွေကိုအိမ်ကြမ်းပြင်ပေါ်မှာတင်ထားကြပါတယ်။ သစ်သားဘောင်လေးခုကို ကွပ်ထားပြီးအထဲမှာမြေကြီးအပြည့်ခင်းထားပါတယ် အဲဒီအပေါ်မှာအုတ်ခဲဖြစ်ဖြစ်သံချောင်းတွေဖြစ်ဖြစ်အိုးတည်လို့ရအောင်ခွင်လုပ်ပြီး မီးဖိုအဖြစ်ချက်ပြုတ်ကြပါတယ်။ အဲဒီမီးဖိုလေးရှေ့မှာမိုးလင်းပြီဆိုတာနဲ့ မေမေရယ်ချွေးတလုံးလုံး တပြုံးပြုံးနဲ့ မိသားစုစားဖို့ ချက်ပြုတ်ကြော်လှော်ပါတော့တယ်။ ကျနော်တိုရွာမှာ ချောင်းတွေပဲရှိလို့ ချောင်းငါးတွေကိုစားသုံးရ ပါတယ်။ ချောင်းထဲကရလာတဲ့ရေချိုငါးတွေက ပိုပြီးလေးပင်တဲ့အရသာရှိပြီးပိုစားလို့ကောင်းတယ်လို့ခံစားမိပါတယ်။ လက်ပစ်ကွန်တွေ ငါးတာဆည် တွေယက်သဲ့တွေနဲ့ဖမ်းရသမျှငါးလေးတွေကို ချက်ပြုတ်စားသောက်ရတာပါ။ မြို့တွေမှာလို ငါးဒိုင်တွေငါးဈေးတွေ ဘာတွေတော့မရှိပါ။ ငါးဖမ်းလို့ရလာတဲ့သူတွေဆီက ဆန်နဲ့လဲပဲနဲ့လဲ အလဲအလှယ်လုပ်ပြီး စားသောက်ကြရပါတယ်။
သားကြီးငါးကြီးဖြစ်တဲ့ဝက်သားအမဲသားကတော့ရှားလှပါတယ်။ အမဲသားကတော့သတ်လေ့သတ်ထမရှိပါ။ နွားတွေကို လယ်ယာလုပ်ငန်းတွေမှာခိုင်းဖို့မွေးမြူထားရတော့ ကျေးဇူးရှင်အဖြစ်သတ်မှတ်ထားပြီးတော့စားလေ့စားထလည်းသိပ်မရှိကြပါ။ မေမေကတော့အမဲသားကိုရာသက်ပန်ရှောင်သူပါ။ ငါတို့ကနွားနဲ့ဖက်ပြီးအလုပ်လုပ်လာခဲ့ရတော့ နွားသားစားမယ်ဆိုကျေးဇူးရှင်အသားကိုစားရ သလိုခံစားရလို့ တသက်လုံးရှောင်ဖြစ်တာလို့ ပြော ပြ လေ့ရှိပါတယ်။ လယ်ထဲကိုင်းထဲ ချောင်းရိုးမြောင်းရိုးထဲကရလာတဲ့ဖားလေးငါးလေးတွေလောက်သာ ဟင်းစားဖြစ်ပြီး ရှာဖွေ စားသုံးရပါ တယ်။ ဧည့်သည်တွေလာရင် တော့အိမ်မှာမွေးထားတဲ့ ကြက်တွေကို ဟင်းအဖြစ်အသုံးပြုရုံကလွဲလို့မရှိဘူးပေါ့။
မေမေကတော့ ပါဏာတိပါတာရှောင်ကျဉ်ပါတယ်။ အသားမှာလည်းကြားသားမြင်သားဆို မစားပါဘူး။ ကျနော်တို့ကိုလည်း သူတပါးအသက်မသတ်ဖို့ အမြဲပဲပြောဆို ဆုံးမတတ်ပါတယ်။
ကျနော်တို့ရွာမှာဆို မနက်မိုးမလင်းခင်အစောကြီးထကြရပါတယ်။ မေမေထပြီဆို မေမေနဲ့ကပ်ပါးလေးကျနော်လည်းအိပ်ယာကထပါပြီ။ ထမင်းဟင်းအိုးတွေအစောကြီးထချက်တာက ရွာဦးကျောင်းအရုဏ်ဆွမ်းမီဖို့ အစောကြီးထချက်ပြုတ်တာပါ။ အုန်းမောင်းခေါက်တာနဲ့ထတတ်တဲ့အကျင့်ကတောသူတောင်သားတွေအဖို့နေသားကျနေပါပြီ။
လယ်ထွန်သွားယာထွန်သွားဖို့ မနက်စောစောထ ထမင်းကြမ်းစားဖို့အတွက်ပြင်ဆင်ကြရပါတယ်။ ညကကျန်တဲ့ထမင်းကျန်ဟင်းကျန်တွေကို စားပြီးအလုပ်စောစောသွားတဲ့သူကသွားကုန်ကြပါပြီ။ ကျနော်ကမေမေနဲ့အတူမီးဖိုဘေးမှာ အိပ်ငိုက်ချင်ချင်ဖြစ်နေပါတယ်။
ရွာမှာဘုရားပွဲစပြီဆိုတော့ကျနော်တို့ကလေးငယ်တွေပျော်နေကြပါတယ်။ မုန့်လေပွေတွေပေါက်ပေါက်ဆုပ်တွေကိုအိမ်တိုင်းပြင်ဆင်ပြုလုပ်ထားကြပြီး မြို့ကလာရောင်းတဲ့အိုးပုတ်ချိုးရုပ်တွေ ကိုလည်းဝယ်ကြရတော့မှာမို့ပါ။ မေမေတို့ကတော့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် ဆန်တွေဖြူစင်အောင်ပြာတီးထားကြရပါပြီ။ လှူဖွယ်ဝတ္တုပစ္စည်းတွေကိုလည်းအဆင်သင့်ဖြစ်အောင်ပြင်ဆင်နေကြပါပြီ။
မေမေငယ်ငယ်က ကျနော်တို့ဒေသမှာအလံနီတွေကြီးစိုးနေတဲ့အချိန်ပါ။ ညဖက်ဆိုမီးခွက်သေချာမထွန်းရဲ ထစ်ခနဲဆိုအိမ်မှာမနေရဲလို့တောထဲသွားပုန်းနေရတဲ့ အခြေအနေတွေလို့မေမေခဏခဏပြောပြပါတယ်။
မေမေဟာဘယ်တော့မှလောဘမကြီးတတ်ပါ။ ကိုယ့်အင်ကိုယ်အားနဲရရှိလာတဲ့ငွေလေးကိုပဲချွေတာသုံးစွဲတတ်သူပါ။ လောဘကြီးသူတွေနဲ့တွေ့တဲ့အခါတိုင်း သူတို့လိုလောဘမတက်ဖို့လောဘတက်တဲ့အခါဒေါသတွေပါ ပါလာတတ်ပြီး ကိုယ့်စိတ်တွေညစ်ညမ်းသွားတဲ့အကြောင်းဥပမာ ဥပမေယျတွေနဲ့ ကျနော်တို့ကို ပြောဆိုဆုံးမတတ်ပါတယ်။ မေမေ သူများမကောင်းကြောင်းပြောဆို နေတာအိမ်လည်ပြီးအတင်းအဖျင်း ပြောဆို နေတာကို ကျနော်ငယ်ငယ်လေးကတည်းက တခါမှမတွေ့ဘူးပါ။ သူများအကြောင်းကိုစပ်စပ်စုစုလုပ်အတင်းပြောတတ်တဲ့အဖွားကြီးတွေနဲ့လည်းအပေါင်းအသင်းမလုပ်တတ်ပါ။ မေမေဟာကျနော်တို့အတွက် စံပြဖြစ်ခဲ့ရပါတယ်။ ဘယ်အရာမဆိုတကိုယ်ကောင်းစိတ်မထားဖို့ မျှတတဲ့ကိုယ်ချင်းစာစိတ်မွေးဖို့ အမြဲပြောတတ်ပါတယ်။ လှူရေးတန်းရေးလည်း နှမျောတွန့်တိုစိတ်မရှိတတ်ပါ ကိုယ်ပေးမှကိုယ်ရမှာ ပေးဆပ်ခြင်းဆိုတာ ပေးနိုင်လေအကျိုးရှိလေလို့ အမြဲပြောဆို ဆုံးမတတ်ပါတယ်။
ကျနော်ဆယ်တန်းအောင်တော့အလုပ်ရှာဖို့အိမ်ကထွက်လာခဲ့ရပါတယ်။ တခါမှမေမေ့အပါးကမခွဲခွာဘူးလို့ မေမေမျက်ရည်တွေကျနေပါတယ်။ မြို့မှာတဝဲလည်လည်နဲ့ အလုပ်ရဖို့အတော်လေးကြိုးစားခဲ့ရပါတယ်။ မေမေကတော့အလုပ်မရရင်လည်း အိမ်ပြန်လာပါလားသား ရယ် လို့ပြောချင်ပေမယ့်လည်း ဝင်ငွေမရှိတဲ့ မေမေ့မှာ သားကိုကျွေးမွေးဖို့စောင့်ရှောက်ဖို့ အင်အားမရှိရှာပါ။ မေမေဆေးရုံတက်ရတဲ့အချိန်ရောက်မှရွာကိုကျနော်တခေါက်ပြန်ရောက်ခဲ့ပါတယ်။
မေမေအတော်လေးကျသွားပါလား ကျနော်အတော်လေးစိတ်မကောင်းခဲ့ပါ။ အလုပ်အကိုင်ကလည်းအဆင်မပြေတော့ မေမေ့ကိုကျနော်မပြုစုနိုင်ပါဘူး။ မေမေရဲ့မွေးကျေးဇူးကျွေးကျေးဇူးတွေကိုကျနော်နည်းနည်းလေးမှဆပ်ခွင့်မရခဲ့ပါဘူး။ မေမေကြွေကျတဲ့သတင်းက အဝေးကိုရောက်လာတယ်။ ကျနော့်အတွက်တော့ရွှေတောင်ကြီးပြိုကျသွား တာ ပါပဲ။ ဘာနဲ့မှနှိုင်းမရတဲ့ ကမ္ဘာ ကျနော့်ဘဝမှာမရှိတော့တာအကြေကွဲရဆုံးပါ။
ခုတော့ မေမေမရှိတဲ့ ရွာကို ကျနော်ပြန်မလာချင်တော့ဘူးမေမေ။ မေမေမရှိတော့ပေမယ့် မေမေရဲ့ ပုံရိပ်တွေကတော့ နှလုံးသားထဲမှာ အမြဲစွဲထင်ကျန်ရစ်နေပါတယ်။
မိုနေးသစ်
Comments