ဒေါက်ထက် (ယူကေ) ● ဘိလပ်ကသူရဲ၊ မြန်မာပြည်ကသူရဲနှင့် ဘီရိုကြီး

ဒေါက်ထက် (ယူကေ) ● ဘိလပ်ကသူရဲ၊ မြန်မာပြည်ကသူရဲနှင့် ဘီရိုကြီး
(မိုးမခ) မေ ၂၄၊ ၂၀၁၈

တလောက ဖေ့စ်ဘုတ်တခွင်တွင် အသံထွက်သော ဘီရိုကြီးတလုံးအကြောင်းကို လူအများ ပြောဆိုနေခဲ့ကြသည်။ ကာယ ကံရှင်က live တိုက်ရိုက်လွှင့်ခဲ့သည်ကို လူအများက စိတ်ဝင်တစား ရှိခဲ့ကြပါသည်။ ဒေါက်ထက်သည်လည်း သာမာန် လူသားတဦးဖြစ်သည်မို့ အတော်ပင် စိတ်တော့ဝင်စားခဲ့သည်။ သူရဲ၊ နာနာဘာဝများကို ယုံသူလည်းရှိ၊ မယုံသူလည်း ရှိကြသည်။ ကြောက်စရာကောင်းသည်ဟု ထင်သူလည်း ထင်ကြမည်။ ဘီရိုကြီးက ကြောက်စရာကောင်းသလား ဒေါက် ထက်တယောက် တွေးမိသည်။

ဘီရိုကြီးအကြောင်း ပေါ်ပေါက်ပြီး နောက်တနေ့တွင် ဒေါက်ထက်တယောက် မိမိအလုပ် လုပ်ကိုင်နေသော Sunderland ဆေးရုံ နှလုံးရောဂါပြင်ပလူနာဌာနတွင်ဖြစ်သည်။ ဒေါက်ထက်က လူနာကြည့်အပြီး လူနာ၏ မိသားစုဆရာဝန်ဆီ စာရေး နေချိန် ဖြစ်သည်။

"ရှူး ... ...."
အခန်းထဲတွင်ရှိသော ရေဘုံဘိုင်ခေါင်းက ရုတ်တရက် ပွင့်သွားလေသည်။

အခန်းအတွင်း ဘေးမှ အကူသူနာပြုအင်္ဂလိပ်အမျိုးသမီး ဂျနီဖာက ကြောက်လန့်တကြားဖြင့် ဒေါက်ထက်ကို ပြောလိုက်သည်။

"ရှင်လည်း ဘာမှမလုပ်ပဲနဲ့ ရေဘုံဘိုင်က ပွင့်သွားတယ်နော်"

သူမ အသံက ကတုန်ကရင်ဖြစ်နေသည်။ နဂိုကတည်းကဖြူသော သူမ၏မျက်နှာက သွေးဆုတ်သွားကာ စက္ကူလိုဖြူ သွားလေသည်။

ဒေါက်ထက်က ရယ်လိုက်ပြီး

"မကြောက်ပါနဲ့... လူနာကြည့်ပြီးကာစက ဘုံဘိုင်ခေါင်းကို ပိတ်လိုက်တာ သေချာမကျပ်လို့ နေပါလိမ့်မယ်"

ဒေါက်ထက်ပြောစကားကို ကြားရတော့မှ သွေးဆုတ်နေသော သူမ၏ မျက်နှာ ပြန်လည်၍ သွေးရောင်လွှမ်းသွားသည်။

သူမနှင့် စကားစမြည်ဆက်ပြောရင်း တလောက နှလုံးရောဂါပြင်ပလူနာဆောင်တွင်ပင်ဖြစ်ခဲ့သော အဖြစ်အပျက်တခုကို ပြောပြလိုက်သည်။

"တလောက လူနာကြည့်ပြီးတော့ အခန်းထဲမှာ ကူညီအလုပ်လုပ်နေတဲ့ သူနာပြုက ပြောတယ်"

သူမ အတော် စိတ်ဝင်စားသွားပုံရသည်။

"ခုန လူနာကြည့်ပြီးတော့ ကျမအခန်းတံခါးကို ဂျက်မထိုးထားပဲ သူ့အလိုလို ပိတ်နေတယ်တဲ့"

တကယ်တော့ ဒေါက်ထက်လည်း တံခါးကို ဂျက်မထိုးပါ။ သူမကလည်း မထိုးပါတဲ့။ ဒုက္ခလှလှနှင့်ကား တွေ့ချေပြီ။

"ပြီးတော့မှ ပြင်ပလူနာဌာနက ဆရာဝန်သူရဲအကြောင်း ဆက်ပြောတာပေါ့"

"ဟုတ်လား"
သူမက ပို၍ စိတ်ဝင်စားသွားသည်။

"မနက်စောစော လူနာတွေမလာခင် ဆရာဝန်တယောက် ဂျူတီကုတ်အဖြူဝတ်ပြီး လူနာစမ်းသပ်ခန်းထဲ ဝင်သွားတာ တွေ့ လိုက်တယ်တဲ့"

"နောက်တော့ အခန်းဖွင့်ပြီး လိုက်ရှာတော့ ဘယ်သူမှမတွေ့တော့ဘူး"

ဒုတိယကမ္ဘာစစ်အတွင်းက ပြင်ပလူနာဌာန နေရာတွင် ဒဏ်ရာရလူနာအများအပြား ကုသခဲ့ကြသည်။ သေသူအတော်များများ ရှိခဲ့သည်ဟု ပြောကြသည်။

အင်္ဂလိပ်လူမျိုးများက မိမိနှင့်ခင်နေသူကိုသာ သူရဲတစ္ဆေအကြောင်း ပြောလေ့ရှိကြသည်။ သူတို့ပြောတာကို မယုံမည်စိုး၍ ထင်သည်။

သူမနှင့် စကားပြောအပြီး ရန်ကုန်ဆေးရုံကြီးတွင် သူရဲခြောက်သည်ဆိုပြီး နာမည်ကြီးသော လူနာဆောင်များကို သတိရ မိသည်။

ဒေါက်ထက် ဆရာဝန်ဆမ ရကာစအချိန်ဖြစ်သည်။ ၁၉၈၈ အရေးအခင်းများကြောင့် ဆေးတက္ကသိုလ်များကို ပိတ်လိုက် သည်ကြောင့် ဒေါက်ထက်တို့ အလုပ်သင်ဆရာဝန်ဆင်းပြီချိန်တွင် နောက်ထပ်အလုပ်သင်များ မရှိတော့ပေ။ ရန်ကုန်ရောက် ကာစ ဒေါက်ထက်လည်း အလုပ်လက်မဲ့ဘဝ ရသောနှထပ်ကွမ်း စီနီယာဟောက်စ်အော်ဖစ်ဆာအလုပ်ကို ဝမ်းပမ်းတသာဖြင့် လျောက်ခဲ့သည်။ အောက်ခြေသိမ်း ဆေးလှည့်ပတ်ထိုး အီးစီဂျီရိုက်ဟူသော ဟောက်စာဂျင်များ၏ အဌာရဿ အပါးမျိုးစုံကို ကျေကျေနပ်နပ်ကြီး ထပ်ပြီးကွမ်းခဲ့ရသည်။ ဟောက်စာဂျင် ထရိန်နင်းဆိုတာ ချိုနဲ့လားဟု မေးရမလားမသိ။

ရန်ကုန်ဆေးရုံကြီး ခွဲစိပ်ကုဌာန လူနာဆောင် ၁၃-၁၄ တွင် တာဝန်ကျရင်း အရိုးရုံဘက်တွင်လည်း တာဝန်ဆင်းရသည်။ ထိုစဉ်က ၁၃-၁၄ တွင် ခွဲစိပ်ပါမောက္ခက ဆရာကြီးဦးထွန်းဇံမောင် ဖြစ်သည်။ အရိုးဌာန အလုပ်ဆင်းသူများက သူရဲခြောက် ခံရပြီး ညအိပ်လျှင် စောင်လာဆွဲ၊ ခြေထောက်လာဆွဲ လုပ်တတ်သည် ပြောကြသည်။ ဒေါက်ထက်တယောက် ခြေထောက် အဆွဲမခံခဲ့ရပေ။ အလုပ်အတူတူတာဝန်ကျသူတယောက်ကတော့ သူမ ခြေထောက်အဆွဲခံရကြောင်း ပြောသည်။ ဒေါက် ထက်လည်း ဘယ်အချိန် ခြေထောက်လာဆွဲမလည်း စောင့်ရင်းဖြင့်ပင် အိပ်ပျော်သွားခြင်းဖြစ်သည်။ သူရဲက လာဆွဲသော် လည်း ပင်ပမ်းလွန်းသဖြင့် အိပ်မောကျနေသောကြောင့် မသိသည်လည်း ဖြစ်နိုင်သည်။

ဒေါက်ထက်ဆေးကျောင်းသားဘဝကလည်း ရန်ကုန်ပြည်သူ့ဆေုးံကြီးအရိုးဆောင်တွင် လူနာစောင့်အဖြစ် လိုက်အိပ်ဘူး သည်။ ဒေါက်ထက်တို့ဆေးမန်းဘောလုံးအသင်း ရန်ကုန်တွင် ဆေးတက္ကသိုလ်ပေါင်းစုံဘောလုံးပွဲတွင် ပါဝင်ဆင်နွှဲရင်း သူ ငယ်ချင်းကလက်ကျိုးသွား၍ လူနာစောင့် လုပ်ရခြင်း ဖြစ်သည်။ သူငယ်ချင်းက ကွယ်လွန်သူအဆိုတော်ခင်မောင်တိုး၏ ယောက်ဖတော်ဖြစ်သည်။ နှစ်ယောက်သား အပြိုင်အဆိုင် ဟောက်ကြလေသောကြောင့် ဖြစ်မည်ထင်သည်။ ထိုစဉ်ကလည်း ခြေထောက် အဆွဲမခံခဲ့ရပေ။

ခွဲစိပ်ရောဂါဌာနတွင် တာဝန်ထမ်းဆောင်ပြီးနောက် အမျိုးသမီးဆေးရုံဒပ်ဖရင်သို့ သွားရောက် တာဝန်ထမ်းရသည်။ ဒပ်ဖရင် တွင် အလုပ်သင်ဆရာဝန်များ နားနေဆောင်က သူရဲခြောက်သည်ဟု နာမည်ကြီးသည်။ အခန်းအတွင်း အိပ်နေသူများကို တံခါးလာခေါက်ပြီး ထွက်ကြည့်လျှင် မည်သူမှ မရှိဟု ဆိုသည်။ တံခါးဂျက်ချပြီးအိပ်လျှင် သူ့အလိုလို တံခါးပွင့်နေတတ်သည်ဟု ပြောကြသည်။ တခါတရံအမျိုးသမီးငိုသံများ ကြားရသည်ဟု ဆိုကြသည်။ အလုပ်သင်ဆရာဝန်များ နားနေခန်းက ကိုယ်ဝန်ပျက်လျှင်သားအိမ်ခြစ်ချသော အခန်းနှင့်နီးပြီး လူနာ အသေအပျောက်များသော နေရာဖြစ်သည်။ အအိပ်ကြီးသော ဒေါက် ထက်ကိုတော့ မည်သည့်သူရဲမှ လာမခြောက်ခဲ့ဘူး ထင်ပါသည်။ သို့မဟုတ် သူရဲက လာခြောက်သောအချိန်တွင် ဘယ်လိုခြောက်ခြောက်မနိုးသောကြောင့် သူရဲစိတ်ပျက်ပြီးထွက်သွားခြင်းလည်းဖြစ်နိုင်သည်။ ဒေါက်ထက်က အိုဂျီမမများကို ပို ကြောက်ရသည်မို့ သူရဲကိုမကြောက်တော့ပါ။ ဒေါက်ဘိနပ်စီးမမများနှင့် ရင်ဆိုင်မလား ဆံပင်ဖားလျားနှင့် သူရဲမကိုရွေးမလား ဆိုလျှင် ဒေါက်ထက်တွင် အဖြေရှိပါသည်။

ဒေါက်ထက်ငယ်ငယ်က သူရဲအလွန်ကြောက်တတ်သည်။ ပျဉ်းမနားမြို့ ဗိုလ်ချုပ်လမ်းမရှိ အဖိုးအဖွားအိမ်တွင် အမေနှင့်နေ ခဲ့သော ငယ်ဘဝကို သတိရမိသည်။ အဖိုးအဖွားအိမ်တွင် အိမ်သာက ဝင်းခြံအနောက်ထဲ သပ်သပ် ရှိလေသောကြောင့် အိမ် သာတက်မည်ဆိုလျှင် အိမ်ပြင်ထွက်ရသည်။ ဒေါက်ထက်တို့ငယ်ငယ်က ရေနံဆီမီးခွက်ကို သုံးခဲ့ကြရသည်။ မီးခွက်ထဲတွင် ရေနံဆီထည့်ပြီး မီးစာကို မီးမထွန်းမီ လိုသလောက် ဆွဲထုတ်ရသည်။ မီးစာတိုသွားလျှင် မီးငြိမ်းသွားတတ်သည်မို့ သတိ ထားရသည်။ အိမ်သာတက်ရင်း မီးသေသွားလျှင်ကား မျက်စေ့မှိတ်၍ သိသမျှ တတ်သမျှ ဘုရားစာကို အကုန်ရွတ် ဖတ်ရ သည်။ အိမ်သာတက်ပြီးလျှင်ကား အိမ်ဘက်သို့ အသားကုန် ပြေးလေ့ရှိသည်။

ဒေါက်ထက်အတွက် ဆရာဝန်ဖြစ်ရသောအကျိုးတခုမှာကား သူရဲမကြောက်တတ်တော့ခြင်းပင် ဖြစ်သည်။ ဆေးတက္ကသိုလ် ကျောင်းတော်မှ ဆရာသမားများ၏ ကျေးဇူးတော်များကြောင့်ဖြစ်မည်။ ဒုအမ်ဘီ အလောင်းခွဲရင်း အလောင်းကောင်များကို ကြောက်ဖို့တောင် မေ့သွားသည်။ ဆရာများက ဆုံးမတော်မူ မုန့်ဟင်းခါးအဝကျွေးတတ်သောကြောင့် ဆရာများကိုကြောက် စိတ်က ပိုကြီးခဲ့သည်။ သက်ရှိက သက်မဲ့ထက် ပို၍ ကြောက်စရာကောင်းကြောင်း ဒေါက်ထက် သင်ခန်းစာကောင်းကောင်း ရခဲ့သည်။

လူသားဆိုသည်မှာကား ကြောက်တတ်ကြပေသည်။ သို့သော်လည်း ပို၍ကြောက်စရာတခုခု ပေါ်လာလျှင် ပထမ မိမိ ကြောက်စရာဟု ထင်ထားသည့်အရာမှာ ကြောက်စရာ မဟုတ်တော့ပေ။ ယခုမူကား ဆရာများကိုလည်း ဒေါက်ထက် မကြောက်တော့ပါ။ လေးစားသမှုတော့ ရှိပါသည်။ ဒေါက်ထက်ဘဝတွင် ပို၍ကြောက်ရသော စာမေးပွဲများ၊ ဖြေရှင်းရခက်သော ပြဿနာများက ပို၍ကြောက်ခဲ့ရသည်။

ဒေါက်ထက်အသက်ရလာသည်နှင့် ဘာကိုကြောက်သလည်းဟု မိမိကိုယ်မိမိ မေးကြည့်မိပါသည်။ ဒေါက်ထက်တယောက် သံသရာ အကြွေးကိုတော့ တကယ်ကို ကြောက်ပါသည်။

ဘိလပ်ကသူရဲ၊ မြန်မာပြည်ကသူရဲနှင့် အသံထွက်သည်ဆိုသော ဘီရိုကြီးတို့ကို ကြောက်စရာဟု ဒေါက်ထက် မမြင်ပါ။ ထို သူရဲများနှင့် အသံထွက်သည်ဆိုသော သက်မဲ့ ဘီရိုကြီးတလုံးထက် လောဘ၊ ဒေါသအပြည့်ဖြင့်လူများက အများကြီးပို၍ ကြောက်စရာကောင်းသည်ဟု ဒေါက်ထက် ကောက်ချက်ချမိပါသည်။   

ဒေါက်ထက် (ယူကေ)
0