ဇင်လင်း ● အပြုတ်တိုက်မည်ဆိုသော စိတ်ဓါတ်မျိုးဖြင့် ငြိမ်းချမ်းရေး ရမည်ထင်နေသလား

ဇင်လင်း ● အပြုတ်တိုက်မည်ဆိုသော စိတ်ဓါတ်မျိုးဖြင့် ငြိမ်းချမ်းရေး ရမည်ထင်နေသလား
(မိုးမခ) မေ ၂၆၊ ၂၀၁၈

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးပြဿနာသည် အချိန်ကြာလေ အခြေအနေဆိုးလေဖြစ်လာ နေသည်။ တနည်းအားဖြင့် အစိုးရက အေးချမ်းစွာ ဖြေရှင်းရန် ဆောင်ရွက်နေစဉ် အခြေအနေ ပိုမိုရှုပ်ထွေးစေရန် ကြံစည်လုပ် ကိုင်နေသူများ ရှိနေသည်။ ငြိမ်း ချမ်းရေးရရှိရေးအတွက်ဆိုလျှင် အရင်ဆုံးလုပ်ရမည်က စစ်ပွဲများ ရပ်စဲဖို့ ဖြစ်သည်။ စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကို ပြည်သူလူထုက ဆန့်ကျင်နေကြသည်။ သို့သော် စစ်လိုလားသူများက အပြုတ်တိုက်မည်၊ အပြတ်ရှင်းမည်စသည်ဖြင့် ကြွေးကြော်နေကြကြောင်း ကြားသိနေရသည်။ ပြည်တွင်းစစ်ဖြင့် စီးပွားရှာနေကြသူများ ရှိနေပုံရသည်။ စစ်ပွဲများရပ်တန့်ရန် ဆန္ဒပြမှုများကြောင့် ယခု မေလအတွင်း နိုင်ငံနှင့်အ၀ှမ်း တွင် တရားစွဲဆိုခံထားရသော အမှု ၁၄ မှုရှိ၍ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြ တက်ကြွလှုပ်ရှားသူ ၄၅ ဦး တရားရင် ဆိုင်နေရ သည်ဟု ၇ ရက်နေ့စဉ်သတင်း၌ ဖေါ်ပြသည်။ 

ငြိမ်းချမ်းရေး လှုပ်ရှားမှု ကြောင့် ငြိမ်းစုစီပုဒ်မများဖြင့် တရားစွဲဆိုခံရမှုသည် ရန်ကုန်တိုင်းတွင် ၇ မှုဖြင့် ၂၉ ဦး၊ မန္တလေး တိုင်းတွင် ၃ မှုဖြင့် ၇ ဦး၊ ပဲခူးတိုင်းတွင် ၂ မှုဖြင့် ၅ ဦးနှင့် ကချင်ပြည်နယ်တွင် ငြိမ်းစုစီပုဒ်မအပြင် အသရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် တရားရင်ဆိုင်နေရသူ ၄ ဦး စုစုပေါင်း ၄၅ ဦးရှိကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့) နှင့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျုဒ် (ISP Myanmar) တို့က မေလ ၁၆ ရက်တွင် သတင်းထုတ်ပြန် ထားကြောင်း သိရသည်။ တရားစွဲဆိုခံရသူ အများစုသည် အသက် ၂၀ နှင့် ၃၀ အကြား လူငယ်များဖြစ်သည်ဟု ထုတ်ပြန် ချက်များအရ သိရသည်။ တရားစွဲခံရမှု အများဆုံးသည် ရန်ကုန်မြို့ဖြစ်သည်။ မေလ ၁၂ ရက်နေ့က တာမွေလမ်းဆုံ ဂုံး တံတားအောက်၌ စစ်ပွဲများရပ်စဲရေးဆန္ဒပြမှုကြောင့် တက်ကြွလှုပ်ရှားသူ ၁၇ ဦးကို ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။

မေလ ၁၃ ရက်နေ့က စစ်ပွဲများ ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုသူများအား ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်း ဖမ်းဆီးမှု လုပ်ခဲ့ ကြောင်း သတင်းများတွေ့ရသည်။ ဆန္ဒပြမှု စတင်သော တာမွေလမ်းဆုံ ဂုံးတံတားအောက်တွင် တနာရီကြာ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့သည်ဟု ၇ ရက်နေ့စဉ်သတင်းက ဆိုသည်။ ဦးဆောင်ဆန္ဒပြသူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ငြိမ်းချမ်းရေးလှုပ်ရှားသူများက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ပွဲ များ ရပ်တန့်ရေးနှင့် စစ်ဘေးသင့် ပြည်သူများအား လွတ်လပ်စွာကူညီထောက်ပံ့ခွင့် ရရှိရေးအတွက် ငြိမ်းချမ်းရေး လူထု လှုပ်ရှားမှု ချီတက်လမ်းလျှောက် ဆန္ဒပြပွဲကို တာမွေ Ocean စင်တာရှေ့မှ စတင်ကာ မဟာဗန္ဓုလပန်းခြံအထိ ပြုလုပ်ရန် စီစဉ်ထားခဲ့သည်ဟု ဆိုသည်။

သို့သော် စစ်ပွဲများရပ်တန့်ရန် ဆန္ဒပြ တောင်းဆိုသူများ ကြေညာထားသည့် ညနေ ၅ နာရီ မထေိုးမီ တနာရီအလို က တည်းက ၎င်းတို့ကို တန်ပြန်ဆန္ဒပြရန် ‘အမျိုးသားရေးလှုပ်ရှားသူများ’ အပါအဝင် အမည်မသိ လူပုဂ္ဂိုလ်အင်အား ၅၀ ခန့် နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်က ဆန္ဒပြသူများကို တားဆီးရန် တာမွေလမ်းဆုံတွင် ကြိုတင်စောင့်ဆိုင်းနေခဲ့ကြောင်း သတင်းများက ဆိုသည်။ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ မိနစ် ၂၀ ကျော်ကြာ ထိပ် တိုက်တွေ့ချိန်တွင် ဆန္ဒပြသူများကို ‘အမျိုးသားရေးလှုပ်ရှားသူများ’ နှင့် လာရောက်ကြည့်ရှုသော အရပ်ဝတ်လူအချို့က အော်ဟစ်ဆဲဆိုမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဆန္ဒပြသူများက ရှေ့ဆက်တိုးမရ၍ လူစုခွဲနေချိန်တွင် အမည်မသိ လူပုဂ္ဂိုလ်များက ဆန္ဒပြသူများကို ဝင်ရောက် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။ ထိုအချိန် တွင် ရဲတပ်ဖွဲ့ကလည်း ဦးဆောင် ဆန္ဒပြသူများကို ရိုက်နှက် ဖမ်းဆီးခဲ့ သည်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ဖမ်းဆီးခေါ်ဆောင်လာစဉ် အမည်မသိ လူအုပ်စုက ဝင်ရောက်ထိုးကြိတ်ခဲ့သော်လည်း ရဲအဖွဲ့က ထိုသူများကို တစုံတရာ အရေးယူခြင်း မရှိခဲ့ဟု သိရသည်။

ထိုမြင်ကွင်းသည် ဥပဒေစိုးမိုးရေးတာဝန်ယူထားသည့် ပြည်ထဲရေးမှ အရာရှိများအား မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြသူများကို ဖမ်းဆီးအရေးယူသော်လည်း အမျိုးသားရေးလှုပ်ရှားသူများဆိုသည့် အရပ်ဝတ် အကြမ်းဖက်သူများကိုမူ ရဲအဖွဲ့က မည်သည့်အတွက် အရေးမယူသနည်းဟု မေးစရာဖြစ်နေသည်။ ထိုသူများသည်လည်း ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အရ ကြိုတင် ခွင့်ပြုချက်ရယူထား ခြင်း မရှိသဖြင့် ရဲအဖွဲ့အနေဖြင့် တပြေးညီ အရေးယူဖို့လိုသည်။ သို့သော် ထိုအရပ်ဝတ်လူစုကို အရေး မယူခဲ့။ သို့ရာတွင် ဆန္ဒပြရာ၌ ပါဝင်သဖြင့် ဖမ်းဆီးခံခဲ့ရသူ ၈ ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ ဖြင့် ဗဟန်းမြို့နယ် ရဲစခန်းက အမှုဖွင့်ခဲ့ပြီး၊ အာမခံပေးခဲ့ကြောင်း သိရသည်။ ဥပဒေအောက်၌ ကျောသားရင်သား ခွဲခြားမှုရှိနေခြင်းကို အဆိုပါမြင်ကွင်းက သက်သေခံနေသည်။ ၎င်းကိစ္စကိုဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူရန် မှာ ပြည်ထဲရေး၏ တာဝန်ဖြစ်သည်။

မေလ ၁၄ ရက် က မဟာဗန္ဓုလပန်းခြံအတွင်း ငြိမ်းချမ်းရေးကဗျာရွတ်ဆိုမှုတွင် ပါဝင်သူ ၃ ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း ၇ ရက်နေ့စဉ်သတင်း၌ ဖေါ်ပြသည်။ စစ်ပွဲများရပ်တန့်ရန် ငြိမ်း ချမ်းရေးလှုပ်ရှားသူများကို ရဲတပ် ဖွဲ့က ငြိမ်းစုစီပုဒ်မ ၁၉၊ ၂၀ တို့ဖြင့် အမှုဖွင့်ထားပြီး ကချင်ပြည်နယ်ရှိ ငြိမ်းချမ်းရေးလှုပ်ရှားသူများကို တပ်မတော်က ပုဒ်မ ၅၀၀ ဖြင့် အမှုဖွင့်ထားကြောင်း ‘အသံအဖွဲ့’ မှ မောင်ဆောင်းခက ပြောသည်။ ရန်ကုန်တွင် တမှုတည်း ၁၇ ယောက် တရားစွဲခံထားရသည်ဟု ဆိုသည်။ ပဲခူးတိုင်း နတ်တလင်းမြို့တွင် ကျောင်းသား ၃ ယောက် ထပ်အမှုဖွင့်ခံထားရသည်ဟု မောင်ဆောင်းခက ပြောသည်။ ငြိမ်းစုစီမတင်သောကြောင့် တရားစွဲခံရသူများရှိသကဲ့သို့ ငြိမ်းစုစီတင်လျက်နှင့်လည်း တရားစွဲခံနေရသည့် အမှုများရှိသည်ဟု ၎င်းက ဆိုသည်။ သို့သော် မြန်မာနိုင်ငံရဲတပ် ဖွဲ့(နေပြည်တော်) ပြောရေးဆိုခွင့် ရှိသူ ရဲမှူးကြီးမျိုးသူစိုးက ငြိမ်းချမ်းရေးဆန္ဒပြသူများ တရားစွဲဆိုခံရမှုသည် ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်ခြင်းကြောင့်ဖြစ် သည်ဟု ပြောဆိုထားသည်။

ထို့ပြင် စစ်ပွဲများရပ်တန့်ပေးရန် တောင်းဆိုဆန္ဒပြမှု ဖြစ်စဉ်အတွင်း သတင်းမီဒီယာသမားများကိုလည်း ခြိမ်းခြောက်ပြော ဆိုမှုများဖြစ်ပွားခဲ့သည်။ သို့သော် တာဝန်ကျ ရဲဝန်ထမ်းများက သတင်းထောက်များအား အကာအကွယ်မပေးခဲ့သော ကြောင့် ‘မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ’ က ရှုတ်ချကြောင်း မေလ ၁၈ တွင် ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ သည်။ “မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ” ၏ တိုင်ကြားချက်အရ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ‘သတင်းမီဒီယာကောင်စီ’ ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဇေယျာလှိုင် က RFA သတင်းသို့ပြောကြားခဲ့သည်။

စစ်ပွဲရပ်ရန် တောင်းဆိုဆန္ဒပြခဲ့သူများကို အရပ်ဝတ်နှင့် လူများက ၀င်ရောက်ဖမ်းဆီးခြင်း၊  သတင်းမီဒီယာသမားများကို လည်း ဖမ်းဆီး ရိုက်နှက်ရန် ခြိမ်းခြောက်ပြောဆိုခြင်းများ ရှိကြောင်း ‘မြန်မာသတင်းသမားများ ကာကွယ်ရေးအဖွဲ့’ က ဆိုသည်။ ရဲတပ်ဖွဲ့အနေဖြင့် စစ်ပွဲများအတွင်းဖြစ်စေ၊ ရုန်းရင်းဆန်ခတ်အခြေအနေများတွင်ဖြစ်စေ၊ ဥပဒေအရ သတင်း ထောက်နှင့် မီဒီယာသမားများကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သော်လည်း တာမွေ Ocean စင်တာရှေ့ဖြစ်စဉ်တွင် ခြိမ်းခြောက်ခံရသူများအား ရဲဝန်ထမ်းများက ကာကွယ်စောင့်ရှောက်မှု မပေးခဲ့ကြောင်း၊ လူ့အခွင့်အရေး ကော်မရှင်ထံ သို့လည်း ထုတ်ပြန် ကြေညာချက်ကို ပေးပို့သွားမည် ဖြစ်ကြောင်း ‘မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ’ က ဆိုသည်။

ဖေါ်ပြပါ ဖြစ်စဉ်ကို လေ့လာကြည့်ပါက ရန်ကုန်ကဲ့သို့သော အထင်ကရ မြို့ကြီးမှာပင် တရားဥပဒေစိုးမိုးရေးကို တာဝန်ယူရ မည့် ပြည်ထဲရေးလက်အောင်ခံ ရဲတပ်ဖွဲ့သည် မိမိတို့၏ တာဝန်နှင့် ကျင့်ဝတ်ကို လိုက်နာမှု မရှိသကဲ့သို့ ဖြစ်နေသည်။ ယနေ့ခေတ်သည် သတင်းနည်းပညာခေတ်ဖြစ်သည်ကို ရဲတပ်ဖွဲ့အပါအ၀င် အစိုးရ အရာထမ်းအမှုထမ်းများ မမေ့ကြဖို့ လိုသည်။ ဆိုရှယ်မီဒီယာတွင် ဓါတ်ပုံများနှင့်တကွ ပေါ်လွင်ထင်ရှားစွာ သတင်းများထွက်ပေါ်ခဲ့ပြီးဖြစ်သဖြင့် ဖြစ်စဉ်အမှန်ကို ပြည်သူအများက သိနေကြပြီးဖြစ်သည်။ သို့သော် အရပ်ဝတ်များ၏ ပြဿနာကို တာဝန်ယူဖြေရှင်းရမည့်အစား တာဝန် ရှောင်ကြသည့် ဖြစ်စဉ်မှာ ဥပဒေစိုးမိုးရေးတာဝန်ရှိသူများ မလုပ်သင့်သည့် ကိစ္စဖြစ်သည်။ ထို့ပြင် ငြိမ်းချမ်းရေးလိုလားသူ များက စစ်ပွဲများရပ်ရန် ဆန္ဒထုတ်ဖေါ်ခြင်းသည် အစိုးရ၏ မူဝါဒနှင့် လွဲချော်ခြင်းမရှိသဖြင့် ဤကိစ္စမျိုးကို ညှိနှိုင်းဖြေရှင်းပေး လျှင် ရနိုင်ပါလျှက်၊ ယခုကဲ့သို့ ရိုက်နှက်ဖမ်းဆီးခြင်းသည် အစိုးရအပေါ် ပြည်သူလူထု အကြည်ညိုပျက်စေရန် တမင်လုပ် ခြင်းလားဟု ဝေဖန်သုံးသပ်စရာလည်း ဖြစ်နေသည်။

တချိန်တည်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို မေလကုန်တွင် ကျင်းပ ရန် သဘောတူ ထားသော်လည်း လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများအရ သတ်မှတ်ချိန်အတိုင်း ကျင်းပရန် မသေချာတော့ဟု သတင်းထွက်လာသည်။ အစိုးရနှင့် အပစ်ရပ်အဖွဲ့များအကြား အဓိကညှိနှိုင်းနေသည့် အချက်များသည် ၂၀၁၇ မေလတွင် ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး၌ သဘောတူရန် ကျန်နေသည့်အချက်များ ဖြစ်ပြီး နိုင်ငံရေးတွင် ပြည်ထောင်စုမှ ခွဲမထွက်ရကိစ္စ၊ လုံခြုံရေး၌ တခုတည်းသော တပ်မတော်တည်ဆောက်ရေးကိစ္စတို့ ပါဝင် ကြောင်း တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်အချို့က ပြောသည်။

၂၁ ရာစုပင်လုံကို တနှစ်လျှင် နှစ်ကြိမ်ကျင်းပရန် သဘောတူထားသော်လည်း (ယခု)မေလအတွင်းမကျင်းပနိုင်သဖြင့် တနှစ်ကျော်ကြာသည်အထိ မကျင်းပနိုင်သည့်အခြေအနေဖြစ်သည်။ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို၂၀၁၇ ဒီဇင်ဘာတွင် ကျင်းပရမည်ဖြစ်သော်လည်း မကျင်းပနိုင်၍ ၂၀၁၈ ဇန်န၀ါရီလကုန်ပိုင်းသို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ သို့ရာတွင် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ လူထုတွေ့ဆုံပွဲများနှင့် ပတ်သက်၍ မပြေလည်မှုများရှိ၍ ဧပြီလကုန် (သို့မဟုတ်) မေလဆန်းသို့ ပြောင်းလဲခဲ့သည်။ ထို့နောက် မေလကုန်ပိုင်းသို့ ထပ်မံသတ်မှတ် ရက်ရွှေ့ခဲ့ရာ ယခု မေလ အလယ်ရောက်သည်အထိ သတ်မှတ်ချိန်အတိုင်း ကျင်းပနိုင်ရန် မသေချာဖြစ်နေကြောင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များက ပြောသည်။ ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်၌ ကျင်းပသည့် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် လက်မှတ်ထိုး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်း ဆောင်များ၏ NCA အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ၌ ၂၁ရာစု ပင်လုံကို ဧပြီလကုန် (သို့မဟုတ်) မေလဆန်းတွင် ကျင်းပရန် သဘောတူခဲ့သည်။ သို့သော် အဆင်သင့်မဖြစ်၍ မေလကုန်တွင် ကျင်းပရန် ဧပြီလလယ်က နေပြည်တော်၌ ကျင်းပသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အလွတ်သဘော ဆွေးနွေးပွဲ၌ သဘောတူခဲ့သည်။

ဤအတောအတွင်း မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့် စစ်ရေးတင်းမာမှုများရှိနေခြင်းအပေါ် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၏ မေလ ၁၅ ရက် ‘မြန်မာနိုင်ငံဆိုင်ရာ သတင်းထုတ်ပြန်ချက်’ တွင် ဖော်ပြထား သည်။ အဆိုပါပြည်နယ်နှစ်ခုတွင် ကာလရှည် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ပြည်သူများ ကြီးစွာဒုက္ခရောက်ရကြောင်းနှင့် နှစ်ဖက်အဖွဲ့အစည်းအနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုမှ တဆင့် စစ်ရေးတင်းမာမှု အခြေအ နေများကို ဖြေရှင်း ရန် တိုက်တွန်းထားသည်။ နေရပ်စွန့်ခွာ ဒုက္ခသည် (IDPs) တသိန်းခန့်ရှိနေသည့် ကချင်ပြည်နယ်တွင် ဧပြီလဆန်းမှစ၍ လူ  ၇,၄၀၀ ခန့် အသစ်ထပ်မံ နေရပ်စွန့်ခွာခဲ့ရကြောင်း ဖော်ပြထားသည်။ ပဋိပက္ခဒဏ်ခံစားရသည့် ဒေသများတွင် နေထိုင် သည့် ပုဂ္ဂိုလ်များနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ခွင့် ပေးရန် မေတ္တာ ရပ်ခံကြောင်း ကုလသမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြားစိတ်ဝင်စားစရာ သတင်းတရပ်မှာ မြန်မာအစိုးရက ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပါက  တက်ရောက်ရန် ‘ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနိုင်းရေး ကော်မတီ’ (ခေါ်) မြောက်ပိုင်းမဟာမိတ်အဖွဲ့ (FPNCC ) အား တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း (Mr Sun Guoxiang) က အကြံပြုတိုက်တွန်းသည် ဟု RFA သတင်းက ဖေါ်ပြသည်။ တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်က FPNCC အဖွဲ့အား တွေ့ဆုံဆွေးနွေးရန် မေလ ၁၈ ရက်က ဖိတ်ကြားခဲ့ပြီး တရုတ်ပြည် ကူမင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း FPNCC အဖွဲ့၏ မေလ ၁၈ ရက်နေ့ ထုတ်ပြန် ကြေညာချက်၌ ဖေါ်ပြခဲ့သည်။ ၎င်းဆွေးနွေးပွဲတွင် တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေး ၀ိုင်းဝန်းဆောင်ရွက်ရန်၊ နိုင်ငံရေး၊ ဒေသတည်ငြိမ်ရေး ပြဿနာရပ်များကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာရန်ကိစ္စများ ဆွေးနွေးကြသည်ဟု သိရသည်။ FPNCC အဖွဲ့အနေဖြင့်လည်း လက်ရှိ နိုင်ငံရေးပြဿနာများကို တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အဖြေရှာရန် အသင့်ရှိသည်ဟု ဆွေးနွေးခဲ့ကြောင်း ကြေညာချက်၌ ဖေါ်ပြထားသည်။

လက်ရှိ KIA တပ်များ တိုက်ခိုက်ခံနေရသည့် ဖြစ်စဉ်တွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့(FPNCC) က အကူအညီပေးခြင်း မရှိသော်လည်း၊ စောင့်ကြည့်လျှက်ရှိသည်ဟု ဆိုသည်။ FPNCC အဖွဲ့တွင် ပါဝင်သော အဖွဲ့ ၄ ဖွဲ့စလုံး တပ်မတော်၏ ထိုးစစ်ဆင်ခြင်းခံနေရသဖြင့်  ကိုယ့်နေရာ၌ ကိုယ်နေပြီး၊ သတိအနေအထားဖြင့် စောင့်ကြည့်နေကြသည်ဟု ဦးလနန်က ပြောကြောင်း ဘီဘီစီက ဆိုသည်။ အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်ပါက ပြည်တွင်းစစ်သည် မည်သူ့အတွက်မျှ အကျိုးမရှိကြောင်း မြင်နိုင်ပါသည်။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ တပ်မတော်၏ ထိုးစစ်ဆင်မှုများ အမြန်ဆုံး ရပ်ဆိုင်းပေးရန်နှင့် စစ်ပြေးဒုက္ခသည်များအား အရေးပေါ်ကူညီပေးရန် ကချင်နိုင်ငံရေးပါတီ ၄ ပါတီဖြင့် ဖွဲ့စည်း ထားသည့် KPMC က သမ္မတ ဦးဝင်းမြင့်ထံ ဧပြီ ၁၈ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်ဟု ဆိုသည်။
ကချင်ပြည်နယ်အတွင်း အခြေအနေများသည် နိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို များစွာထိခိုက်စေသည့်အပြင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ယုံကြည်မှုတည်ဆောက်ရေးကို လွန်စွာ ထိခိုက်စေ သည်ဟု စာတွင်ဖေါ်ပြထားသည်။

မကြာသေးမီ မေလ ၅ ရက်နေ့က မွန်ပြည်နယ် ရေးမြို့၌ မွန်လူမျိုးအလိုက် ‘အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ’ ကျင်းပခဲ့ကြောင်း သိရသည်။ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားပြီး သော် လည်း အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) နှင့် တပ်မတော်ကြား သေနတ်သံကြားနေရဆဲဖြစ်သည် ဟု မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ ‘နိုင်ထောမွန်’ က ရေးမြို့တွင် ကျင်းပလျက်ရှိသော မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

“လက်မှတ်ထိုးပြီးသား တချို့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်အကြားမှာ သေနတ်သံတွေ ကြားနေရဆဲ၊ မကြေလည်မှုတွေရှိရင် ဆက်လက်ဆွေးနွေးအဖြေရှာ ရမှာပါ။  တနိုင်ငံလုံးမှာ ငြိမ်းချမ်းရေးအဓွန့်ရှည်အောင်  တဖက်နဲ့ တဖက်တွေ့ဆွေးနွေးပြီး ယုံကြည်မှုတွေ တည်ဆောက်သွားရမယ်။ ငြိမ်းချမ်းရေးကို တည်ဆောက် တဲ့နေရာမှာ အပြန် အလှန် ယုံကြည်မှုတွေ ထားရှိပြီးတော့ ငြိမ်းချမ်းကာလကြာရှည်အောင် ဆက်လက်ဖြေရှာဖို့ လိုတယ်။” ဟု နိုင်ထောမွန်က မွန်ဘာသာဖြင့် ပြောကြား သွားကြောင်း မွန်သတင်းအေဂျင်စီ သတင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တံခါး အမြဲတမ်း ဖွင့်ထားပြီး၊ လက်မှတ်မထိုးရသေးသော (EAOs) တိုင်းရင်းသားအဖွဲ့များ အချိန်မရွေး လက်မှတ် ထိုးနိုင်သည်ဟု  ဆိုထားသည်။ သတ်မှတ်ချိန်အတွင်း လက်မှတ်မထိုးလျှင် တံခါးပိတ်ပြီ ဆိုတာမျိုး မလုပ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပွင့်လင်းစွာ ကြေညာပြောဆိုထားသည်။ သို့ရာတွင် တပ်မတော်က စစ်ဆင်ရေးများမရပ်သဖြင့် EAOs အများစု က စိတ်မသက်မသာ ရှိနေသည်။ တပ်မတော်အနေဖြင့် အစိုးရ၏ မူဝါဒကို သဘောတူပါက စစ်ရေးနည်းနာဖြင့် အကျပ်ကိုင်မှုများကို မကျင့်သုံးသင့်တော့ဟု ယူဆသည်။ ငြိမ်းချမ်းရေးထောက်ခံလိုလားကြောင်း ဆန္ဒထုတ်ဖေါ်သည့် ပြည်သူများကိုလည်း စစ်အစိုးရခေတ်လုပ်နည်းလုပ်ဟန်များဖြင့် အရေးမယူသင့်တော့ဟု ဆိုချင်သည်။ ထိုဆန္ဒဖေါ်ပြသူများသည် ငြိမ်းချမ်းလိုသူများဖြစ်သဖြင့် ပြည်ထဲရေးအာဏာပိုင်တို့က ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပြီးပြေစေနိုင်သည်။ အကြမ်းနည်းဖြင့် တုံ့ပြန်သည့်အတွက် ရလဒ်မှာ လူထု၏ ယုံကြည်မှုပျက်ပြားစေခြင်းသာ အဖတ်တင်ကျန်ပေသည်။ အလားတူ စစ်ရေးဖိအားဖြင့် ဖြေရှင်းမှု၏ ရလဒ်သည် EAOs အများစုက (အစိုးရအပေါ် ယုံကြည်နားလည်ကြသော်လည်း) တပ်မတော်အပေါ် ယုံကြည်မှု မရှိဖြစ်လာနိုင်သည်။ ထိုသို့ယုံကြည်မှုပျက်ပြားလာပါက အစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုရလဒ်များ အဟောသိကံ ဖြစ်နိုင်သည်ကို သတိပြု စေချင်သည်။ အပြုတ်တိုက်မည်ဆိုသော စိတ်ဓါတ်မျိုးဖြင့် ငြိမ်းချမ်းရေးရလိမ့်မည်ဟု မျှော်လင့်လျှင် အမှားကြီး မှားလိမ့်မည်ဟု နှိုးဆော်လိုက်ပါရစေ။

Comments