မောင်မောင်စိုး ● နှင်းဆီနီနီနီအိပ်မက်များ - (၁၉၇၅ - ၁၉၈ဝ) - အပိုင်း (၇၃)

မောင်မောင်စိုး ● နှင်းဆီနီနီနီအိပ်မက်များ -  (၁၉၇၅ - ၁၉၈ဝ) - အပိုင်း (၇၃)
(မိုးမခ) မေ ၁၆၊ ၂၀၁၈

● အပြုတ်တိုက်ရေးနှင့် အမြစ်ပြတ်ချေမှုန်းရေး
ထိုစဉ်ကာလ  (၁၉၇၇) က CPB အနေနှင့် ပဲခူးရိုးမ ၆၄ လမ်းစဉ်အား ထပ်တူပြုလိုက်နာခြင်းမရှိတော့သော်လည်း ကိုင်စွဲထား သည့်မူမှာ စစ်အစိုးရအား အပြုတ်တိုက်ရေးဖြစ်သည်။ အလားတူပင် ဗိုလ်နေဝင်း၏မူဝါဒမှာလည်း သောင်းကျန်းသူ အမြစ် ပြတ်ချေမှုန်းရေးဖြစ်သည်။ နိုင်ငံရေးအရဆိုလျင်တော့ အလွန်ရှင်းလင်းသည့်ကာလဟု ဆိုရမည်။ ကြားလမ်းကြောင်းမရှိ။ ငြိမ်းချမ်းရေးမရှိ။ peace talk ဟုဆိုကြသည့် ငြိမ်းချမ်းရေးစကားဝိုင်းမရှိ။ သူသေ ကိုယ်ရှင် စစ်မြေပြင်တွင် ပြတ်ပြတ် သားသားပြင်းပြင်းထန်ထန် စာရင်းရှင်းကြသည့်ကာလဖြစ်သည်။

ထိုကြောင့်လည်း ဤစစ်ပွဲတွင်ပါဝင်သူအားလုံးအတွက် အရေးကြီးသည်မှာ စစ်ရေးအရအောင်ပွဲခံဖို့ဖြစ်သည်။ စစ်မြေပြင်တွင် အသာစီးရဖို့ ဖြစ်သည်။ စစ်ပွဲ၊ စစ်တပ်သည် အရေးပါသည်။ စစ်ဗျူဟာအခင်းအကျင်းသည် အရေးပါသည်။ စစ်သည်အဆုံး အဖြတ်ဖြစ်သည်။

● အရှေ့မြောက်တွင် ရင်ဆိုင်ထားသော အစိုးရတပ်ရင်းတပ်ဖွဲ့များ
တရုတ်-မြန်မာနယ်စပ်တလျောက် အခြေပြု ထားသော CPB တပ်ဖွဲ့များရင်ဆိုင်ထားရသည့် တိုင်းစစ်ဌာနချုပ်များမှာ မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်စသည့် စစ်တိုင်း ၃ တိုင်းနှင့်ဖြစ် သည်။

မပခ  (မြစ်ကြီးနား) နယ်မြေအတွင်းရင်ဆိုင်ထားသည်မှာ ကချင်ပြည်နယ်ရှိ KIA တပ်ဖွဲ့များနှင့် CPB ၁ဝ၁ စစ်ဒေသဖြစ်သည်။ မပခလက်အောက်ခံ ဝိုင်းမော်အခြေစိုက် စစ်ဗျူဟာ  (စဗဟ ၂) လက်အောက်ခံတပ်များဖြစ်သည့် ခလရ ၂၁/ခလရ ၅၆  (ရွှေကူ)/ခလရ ၅၈  (မြစ်ကြီးနား) စသည့်တပ်ရင်းများသည် ချီဗွေ၊ လောခေါင်ဒေသ၊ ဆဒုံးဒေသတို့တွင် ဖြန့်ခွဲလှု ပ်ရှား၍ CPB ၁ဝ၁ နှင့်ရင်ဆိုင်ထားသည်။ အခြားမပခတပ်များ KIA နှင့် ရင်ဆိုင်ထားသည်။ သို့သော် ဝင်ရောက်လှုပ်ရှားသည့် မပခ တိုင်းတပ်များမှာမူ ပုံသေမဟုတ်ပေ။ အလှည့်ကျတပ်ရင်း ၃ ရင်းမှ ၄ ရင်းအထိ ဝင်ရောက်လှုပ်ရှားလျက်ရှိသည်။ အခြား တိုင်းတပ်များမှာ ခလရ ၂၉၊ ခလရ ၃၇  (မြစ်ကြီးနား)၊ ခလရ ၄ဝ  (ဟိုပင်)၊ ခလရ ၄၆  (ပူတာအို)၊ ခလရ ၅၂  (ခန္တီး)၊ ခလရ ၁၅  (မိုးညှင်း)၊ ခလရ ၄၇  (ဗန်းမော်)၊ ကချင် သနက ၁  (ကသာ)၊ ခလရ ၇၄ (မိုးကောင်း) စသည့်တပ်ရင်းများ ဖြစ်သည်။ ထို့ပြင် လိုအပ်ပါက နတခတိုင်းမှ တပ်များဝင်ရောက်လှုပ်ရှားသည်။ မပခတွင် စစ်လက်ရုံးတပ်ဖွဲ့များရှိသည်။ မပခနယ်မြေ အတွင်း ခြေလျင်တပ်မ ဝင်ရောက်လှုပ်ရှားခြင်းမရှိသေးပေ။

ရမခ  (လားရှိုး) နယ်မြေအတွင်း တပ်မတော်မှ တပ်ရင်း ၂ဝ ရင်းခန့် ရှိသည်။ ရမခတိုင်းတိုင်းတပ်များဖြစ်သော ကချင်သနက ၃  (ကွန်လုံ)၊ ခလရ ၂၂ (ကျောက်မဲ)၊ ခလရ ၂၃၊ ခလရ ၃၃  (တန့်ယန်း)၊ ခလရ ၄၁ (သီပေါ)၊ ခလရ ၄၅ (ကွတ်ခိုင်)၊ ခလရ ၆၇  (မိုင်းရယ်)၊ ခလရ ၆၈၊ ခလရ ၆၉  (သိန္နီ) စသည့် ခြေလျင် ၉ ရင်းရှိပြီး ရမခ  (လားရှိုး) တွင် အမြောက်တပ်နှင့် စစ်လက် ရုံးတပ်ဖွဲ့များရှိသည်။ ရမခတိုင်းမှ ဗျူဟာမှူးဦးစီး အမှတ် ၁ စစ်ဗျူဟာ  (စဗဟ ၁) သည် ခလရ၃၃၊ ခလရ ၆၇ တပ်ရင်း များအားဦးစီးပြီး တန့်ယန်း၊ မိုင်းရယ်၊ စိန်ကြော့၊ မိုင်းကောင်ဒေသအားလည်းကောင်း စဗဟ ၂ သည် ခလရ ၂၂ ၊ခလရ ၂၃၊ ခလရ ၄၁ တပ်ရင်းများဖြင့် ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ နမ့်ဆမ်ဒေသများတွင်လည်းကောင်း စစ်ဆင်ရေးတာဝန်ယူလျက် ရှိသည်။

ထို့ပြင် ရမခတိုင်းအတွင်း စစ်ဆင်ရေးဝင်ရောက်နေသော တပ်မမှာ တပ်မ ၉၉ ဖြစ်သည်။ တပ်မ ၉၉ လက်အောက်ခံတပ်ရင်း များဖြစ်ကြသည့် ခလရ ၃၊ ခလရ ၄၊ ခလရ ၇၊ ခလရ ၉၊ ခလရ ၁ဝ၊ ခလရ ၁၂၊ ခလရ ၁၃၊ ခမရ ၁ဝ၃၊ ခမရ ၁ဝ၉ နှင့် ကချင် သနက ၄ စသည့် ၁ဝ ရင်းအနက် ပုံမှန်အားဖြင့် ရှေ့တန်းတပ်မ ၉၉ ဌာနချုပ်၊ နည်းဗျူ ဟာ ၂ ခုနှင့် တပ်ရင်း ၈ ရင်းသည် ရမခ နယ်မြေအတွင်းရှိ မိုးမိတ်၊ ကွတ်ခိုင်၊ မူစယ်၊ နမ့်ခမ်း၊ ကွန်လုံ၊ ဟိုပန်၊ ပန်လုံ ဒေသတွင် ပုံမှန်စစ်ဆင်ရေး ဝင်ရောက်လျက် ရှိသည်။

ရမခ နယ်မြေအတွင်းရှိ တပ်များသည် CPB အရှေ့မြောက်ရှိ ၂ဝ၂ စစ်ဒေသ၊ နမ့်ခမ်းခရိုင်၊ ကွတ်ခိုင်ခရိုင်၊ ကိုးကန့်ခရိုင်၊ တပ်မဟာ ၂ တို့ကို အဓိကရင်ဆိုင်ထားသကဲ့သို့ ဝနယ်ရှိ CPB တပ်ဖွဲ့များအားလည်း ရင်ဆိုင်ထားသည်။ ထို့ပြင် SSPP/SSA ၊ KIA တပ်မဟာ ၄၊ PSLO/PSLA စသည့်တိုင်းရင်းသားလက်နက်ကိုင်များနှင့်လည်း ရင်ဆိုင်ထားသည်။

ရပခ (တောင်ကြီး) နယ်မြေအတွင်း သံလွင်အနောက်ဖက်ကမ်း၌ တိုင်းတပ်များအဖြစ် စစ်ဗျူဟာ ၂  (စဗဟ ၂) လက် အောက်ခံ ခလရ ၅၄၊ ခလရ ၆၄၊ ခလရ ၆၆ ၊ ခလရ ၇၂၊ ခလရ ၇၃၊ ခလရ ၉၄ နှင့်ထူးအောင်တပ်  (ဗထူး) တို့ရှိသည်။ စဗဟ ၂ သည် တောင်ကြီး၊ ပင်လောင်း၊ ပင်းတယ၊ ဆီဆိုင်၊ လွယ်လင်၊ နမ့်စမ်၊ မိုင်းပန်၊ မိုးနဲ၊ မောက်မယ်၊ လင်းခေးနှင့် ကယား ပြည်နယ်အတွင်း စစ်ဆင်ရေးများပြုလုပ်နေသည်။ သံလွင်အရှေ့ခြမ်း စဗဟ ၁ (ကျိုင်းတုံ) လက်အောက်တွင် ခလရ ၄၃၊ ခလရ ၄၉၊ ခလရ ၆၅၊ ခလရ ၃၆၊ ချင်းသနက ၃၊ ချင်းသနက ၄၊ ကချင်သနက ၅ တို့ရှိကြသည်။ စဗဟ ၁ သည် ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းပျင်း၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊တာချီလိတ်တို့တွင် စစ်ဆင်ရေးများ ပြုလုပ်နေသည်။ ထို့ပြင် စဗဟ ၃ အား ခလရ ၇၄၊ ခလရ ၇၅၊ ခလရ ၇၈ တို့ဖြင့်ဖွဲ့စည်းပြီး လဲချား၊ မိုင်းကိုင်၊ မိုင်းရှူး၊မိုင်းနောင်ဒေသတွင် စစ်ဆင် ရေးများပြုလုပ်သည်။

ရပခနယ်မြေအတွင်း သံလွင်အနောက်ခြမ်းတွင် တပ်မ ၇၇ မှ၎င်း သံလွင်အရှေ့ခြမ်းတွင် တပ်မ ၈၈ က၎င်း စစ်ဆင် ရေးဝင်ရောက်သည်။ တပ်မ ၇၇လက်အောက်ခံတပ်ရင်းများဖြစ်ကြသည့် ရှမ်းသနက ၁၊ ခလရ ၂၊ ခလရ ၆၊ခလရ ၈၊ ခမရ ၁ဝ၁၊ ခမရ ၁ဝ၂၊ ခမရ ၁ဝ၄၊ ခမရ ၁ဝ၅၊ ခမရ ၁ဝ၆၊ ခမရ ၁ဝ၇၊ စသည့် ၁ဝ ရင်းအနက်မှ တပ်ရင်း ၈ ရင်းသည် ရှေ့တန်းတပ်မ ၇၇ ဌာနချုပ်၊နည်းဗျူ ဟာ ၂ နှင့်အတူ ရှမ်းပြည်အလယ်ပိုင်း မိုင်းရှူး၊ ကျေးသီးနယ်အတွင်း စစ်ဆင်ရေးဝင်ရောက်လျက်ရှိသည်။ တပ်မ ၈၈ လက်အောက်ခံ တပ်များဖြစ်ကြသည့် သနက ၁ ၊ သနက ၂ ၊ သနက ၆၊ ကယားသနက ၁၊ ချင်းသနက ၁၊ခလရ ၁၊ ခလရ ၅၊ ခလရ ၁၁ ၊ ခလရ ၁၄၊ ခမရ ၁ဝ၈ စသည့် တပ်ရင်းများအနက်မှ ပုံမှန်တပ်ရင်း ၈ ရင်းနှင့် ရှေ့တန်းတပ်မ ၈၈ ဌာနချုပ် ၊ နည်းဗျူ ဟာ၂ ခုသည် သံလွင်အရှေ့ခြမ်း ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယောင်း၊ တာချီလိတ်၊ မိုင်းဆတ်နယ်မြေအတွင်း ပုံမှန်စစ်ဆင်ရေးဝင်ရောက်လျက်ရှိသည်။ တပ်မများသည် စစ်ဆင်ရေးလိုအပ်လျင် နဗဟ ၃ ခု တပ်ရင်း ၁ဝ ရင်းလုံး အသုံးပြုကြသည်။ ထို့ပြင် တပ်မများသည် တိုင်းတပ်ကဲ့သို့ ဒေသအတည်တကျ မရှိဘဲ စစ်ဆင်ရေးလိုအပ်ချက်အတိုင်းသွား ရောက်လှုပ်ရှားကြသည်။

သို့ဖြစ်ရာ ၁၉၇၇ ခုနှစ်အတွင်း အစိုးရတိုက်ခိုက်ရေးတပ်ရင်း ၅ဝ ကျော် ၆ဝ နီးပါး  (စုစုပေါင်းတပ်ရင်းများ၏ တဝက်ကျော်ခန့်) သည် ရမခနှင့် ရပခ စစ်တိုင်းနယ်မြေများအတွင်း ရှိနေသည်။ သို့ဖြစ်ရာ အဆိုပါစစ်တိုင်း ၂ ခုအတွင်း တပ်မတော်၏ တိုက် ခိုက်ရေးအင်အားမှာ ၃ဝဝဝဝ ခန့်၊ စစ်လက်ရုံးတပ်ဖွဲ့များနှင့် ပြည်သူ့စစ်များပါ ထည့်သွင်းတွက်ချက်ပါက စစ်အင်အား ၄ဝဝဝဝ ခန့်ရှိနိုင်ပြီး CPB တပ်ဖွဲ့အင်အားထက် ၂ ဆအနေအထားတွင်ရှိသည်ကို တွေ့ရမည်။ ထို့အပြင် မဆလအစိုးရ အနေနှင့် တပ်မ ၆၆ ကိုဖွဲ့စည်းပြီးပြီဖြစ်၍ စစ်ကူအရံအင်အား ၅ဝဝဝ ခန့်ရှိနေပေသည်။

အထက်တွင်ဖေါ်ပြထားသကဲ့သို့ တဖက်နှင့်တဖက် အပြတ်အသတ်တိုက်ခိုက်မှုများအတွင် နှစ်ဖက်သေကြေဒဏ်ရာရမှု များမှာ မနည်းလှပေ။ ၁၉၇၆ ခုနှစ်အတွင်း နှစ်ဖက်သေကြဒဏ်ရာရမှုများနှင့်ပတ်သက်ပြီး တပ်မတော်မှတ်တမ်းများတွင် အောက်ပါအတိုင်း ဖော်ပြသည်ကိုတွေ့ရသည်။ အကျအဆုံးမှတ်တမ်းများနှင့်ပတ်သက်၍ တဖက်နှင့်တဖက် ဖေါ်ပြပုံတူညီ လေ့မရှိသော်လည်း အနီးစပ်ကိုးကားစဉ်းစားနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။

● ၁၉၇၆ ခုနှစ်အတွင်း ကျဆုံးဒဏ်ရာရမှုများ
မပခ စစ်ဌာနချုပ်နယ်မြေ

အစိုးရစစ်တပ် ကျဆုံး ၁၅၅ ဦး
ဒဏ်ရာ ၂၈၁ ဦး
လက်နက်ကိုင်အဖွဲ့များ ကျဆုံး ၁၆၂ ဦး
ဖမ်းမိ ၃၃၂ ဦး
လက်နက်ချ ၅၈ ဦး

ရမခ စစ်ဌာနချုပ်နယ်မြေ

အစိုးရစစ်တပ် ကျဆုံး ၁၅၆ ဦး
ဒဏ်ရာ ၄၆ဝ ဦး
လက်နက်ကိုင်အဖွဲ့များ ကျဆုံး ၁၆၃ ဦး
ဖမ်းမိ ၇၁ ဦး
လက်နက်ချ ၇ဝ ဦး

ရပခ စစ်ဌာချုပ်နယ်မြေ
စုစုပေါင်းစာရင်းဖေါ်ပြခြင်းမတွေ့ပါ

ရတခ စစ်ဌာနချုပ်နယ်မြေ
အစိုးရစစ်တပ် ကျဆုံး ၁၇ဝ ဦး
ဒဏ်ရာ ၆၂၄ ဦး
လက်နက်ကိုင်အဖွဲ့များ ကျဆုံး ၂၅၅ ဦး
ဖမ်းမိ ၁၅၈ ဦး
လက်နက်ချ ၁၃၂ ဦး

ရကတ/နတခ စစ်ဌာနချုပ်နယ်မြေ

မရှိ

နမခ စစ်ဌာနချုပ်နယ်မြေ
မဖော်ပြ

နပခ စစ်ဌာနချုပ်နယ်မြေ
အစိုးရစစ်တပ် ကျ ဆုံး ၂၅ ဦး
ဒဏ်ရာ ၃၂ ဦး
လက်နက်ကိုင်အဖွဲ့များ ကျဆုံး ၅၄ ဦး
ဖမ်းမိ ၅၇ ဦး
လက်နက်ချ ၂၇ ဦး

လပခ စစ်ဌာနချုပ်နယ်မြေ
အစိုးရစစ်တပ် ကျဆုံး ၉၇ ဦး
ဒဏ်ရာ ၃၅၉ ဦး
လက်နက်ကိုင်အဖွဲ့များ ကျဆုံး ၁၄၇ ဦး
ဖမ်းမိ ၇၅ ဦး
လက်နက်ချ ၂၉ ဦး
(တပ်မတော်သမိုင်း၊ စတုတ္ထတွဲ၊  (၁၉၇၄-၁၉၈၈) မှ

အထက်ပါစာရင်းအရ ၁၉၇၆ ခုနှစ်အတွင်း ရကတနှင့်နတခ စစ်ဌာနချုပ်နယ်မြေအတွင်း တိုက်ပွဲမရှိခဲ့ဘဲ ကျန်တိုက်ပွဲဖြစ်ရာ စစ်တိုင်းများအနက် မပခ၊ ရမခ၊ ရတခ၊ နပခ၊ လပခ စစ်ဌာနချုပ် ၅ ခု နယ်မြေအတွင်း အစိုးရတပ်မှ စုစုပေါင်း ကျဆုံး ၆ဝ၃ ဦး၊ ဒဏ်ရာရရှိသူ ၁၇၅၆ ဦးရှိခဲ့ပြီး လက်နက်ကိုင်အဖွဲ့များဖက်မှ ကျဆုံး ၇၈၁ ဦး၊ ဖမ်းဆီးမိသူ ၆၉၃ ဦးနှင့် လက်နက်ချ သူ ၃၁၆ ဦးရှိသည်။ စာရင်းဖေါ်ပြခြင်းမပြု သည့် စစ်တိုင်း ၂ ခုအနက် နမခစစ်တိုင်းအတွင်း CPB ဗိုလ်သက်ထွန်းတပ်ဖွဲ့များနှင့် တိုက်ပွဲအနည်းငယ်သာဖြစ်၍ အကျအဆုံးနည်းနိုင်သော်လည်း ရပခ စစ်တိုင်းအတွင်းတွင် တိုင်းတပ်သာမက တပ်မ ၂ ခုပါလှုပ်ရှားနေပြီး အစိုးရတပ်ရင်းတပ်ဖွဲ့များ အများဆုံးရှိ သည့်စစ်တိုင်းဖြစ်ရုံသာမက CPB တပ်ဖွဲ့များ၏ အဓိက စစ်ဆင်ရေးများရှိသည့်နယ်မြေဖြစ်ရာ နှစ်ဖက်ကျဆုံးဒဏ်ရာစာရင်းသည် လက်ရှိအကျအဆုံး များသည်ဆိုသည့် မပခ၊ ရမခ၊ ရတခ စစ်တိုင်းနယ်မြေထက် ပိုနိုင်သည်မှာမလွဲဧကန်ဖြစ်သည်ဟုဆိုရပေမည်။  ( ယခုခေတ်တွင် အဆိုပါ ရပခ စစ်တိုင်းနယ်မြေအား အရှေ့အလယ်ပိုင်းတိုင်း (ရလခ) ခိုလန်နှင့် တြိဂံတိုင်း (ကျိုင်းတုံ) ဟု စစ်တိုင်း ၂ ခု ထပ်မံဖွဲ့စည်းပြီး စစ်တိုင်း ၃ ခု ဖွဲ့စည်းထားပြီဖြစ်သည်။

၁၉၇၇ ခုနှစ်ကာလပိုင်းသည် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့် ကာလဖြစ်သည်။ CPB အနေနှင့်လည်း ၁၉၇၅ ဗဟိုကော်မတီသစ်ပြန်လည်ဖွဲ့စည်းပြီး ၁၉၇၅ ခုနှစ် အောက်တိုဘာလ မှ စတင်သည့် ၇၅၁ဝ စစ်ရေးစီမံကိန်းကိုCPB ဗဟိုစစ်ကော်မရှင်က ရေးဆွဲအကောင်ထည်ဖေါ်ခဲ့ပြီး အဆင့်လိုက် နှစ်အလိုက်တိုးမြှင့်လာခဲ့ရာ တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပေတော့သည်။ သို့ဖြစ်ရာ မိမိတို့ အရှေ့မြောက်ရောက်သည့် ၁၉၇၆/၇၇ ကာလပိုင်းသည် တိုက်ပွဲ ကြီးငယ်များစွာ ပြင်းထန်စွာဖြစ်ပွါးနေသည့်ကာလပိုင်း ဆိုရပါမည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

Comments