မောင်လူပေ ● ကျွန်တော့ဆရာ ကလေးတွေအကြောင်း

မောင်လူပေ ● ကျွန်တော့ဆရာ ကလေးတွေအကြောင်း
(မိုးမခ) မေ ၃၀၊ ၂၀၁၈

မောင်လူပေဟာ ညံ့ပါတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်ကနေ ကောင်းတာလေးတွေတွေ့ရင် သင်ယူပါတယ်။ နာယူစရာ ရှိရင် နာယူပါတယ်။ ကိုယ့်ဆရာသမားတွေကိုလည်း အမြဲအမှတ်ရနေပါတယ်။ ငယ်ငယ်ထဲက သင်နေရတာ အခုအရွယ်ထိ သင်ယူမဆုံး။ လေ့လာမဆုံး။ မူကြိုအဆင့်လောက်တော့ တတ်ပြီလို့ ကိုယ့်ဟာကိုယ်ထင်နေတာ၊ မူကြိုအဆင့်တောင်မရောက်သေးဘူးလို့ ဒီနေ့မှ သတိပြုမိတော့တယ်။

အလုပ်ကအပြန် မောမောနဲ့ အိမ်နဲ့မနီးမဝေးက အပန်းဖြေစရာပန်းခြံလေးထဲဝင်မိတယ်။ အရိပ်ကောင်းတဲ့ခုံလေးမှာထိုင်။ ကန်ရေကိုဖြတ်တိုက်လာတဲ့လေနုအေးကိုရှုရင်းနဲ့ ဇိမ်ကြနေတာ။ ရာသီဥတုကလည်းပူသကိုး။ အနားမှာ ကလေးအသံတွေ ဆူညံနေတာကို ပထမပိုင်းမှာသတိမပြုမိသေးဘူး။ အမောပြေလောက်ချိန်မှ သတိပြုမိတယ်။ ကိုယ်ထိုင်နေတာ ကလေး ကစားကွင်းနားက ထိုင်ခုံမို့ ကလေးတွေဆော့ကစားနေတာလည်း အတိုင်းသားမြင်နေရတယ်။

ကလေးကစားကွင်းလေးက အသစ်လေးဖြစ်လို့။ အရင်အဟောင်းတွေကိုအကုန်ဖြုတ်ပြီး အသစ်လဲထားတော့ ကလေးတွေ စိတ်ကြိုက်ပေါ့။ စိတ်လွတ်လက်လွတ် ဒန်းစီး၊ လျှောစီး၊ ကြိုးတန်းလျှောက်နဲ့ ကစားနေကြတဲ့ကလေးတွေ၊ သဲပုံနဲ့ဆော့နေတဲ့ ကလေးတွေ၊ လူကြီးတွေကတော့ ဘေးကနေ အရိပ်တကြည့်ကြည့်နဲ့။ မိဘတွေပါသလို တချို့ကတော့ကလေးထိန်း တွေထင်ရဲ့။ အဖိုးအဖွားတွေလည်းပါတယ်။

ဒီကလေးကစားကွင်းထဲမှာ ကစားနေတဲ့မူကြိုအရွယ် ကလေးတွေအနည်းဆုံး အယောက်သုံးဆယ်လောက်ရှိမယ်ထင် တယ်။ မောင်လူပေတို့မြို့လေးက လူမျိုးစုံနေထိုင်ရာမြို့မို့ ကလေးတွေကလည်း အရောင်အသွေးစုံပဲ။ ဖြူဖြူလေးရော၊ ဝါဝါ လေးရော၊ ညိုညိုလေးရော၊ မဲမဲလေးရော ကလေးစုံတယ်။ အုပ်စုလိုက်ဆော့ကစားနေတဲ့ကလေးကအများစု။

ပထမဆုံးသတိပြုမိတာက ကလေးတွေပျော်နေကြတယ်။ မျက်နှာမှာ အပြုံးကိုယ်စီနဲ့။ ဟန်ဆောင်ပြုံးတွေ အပြုံးတုတွေ မဟုတ်တဲ့ စစ်မှန်တဲ့အပြုံးလေးတွေကိုယ်စီ။ ဖြူစင်တဲ့နှလုံးသားပိုင်ရှင်လေးတွေ။ ကလေးအချင်းချင်းလည်း အရင်က သိကြသူတွေမဟုတ်ကြ။ ကစားကွင်းထဲမှာခုမှသိကြပေမဲ့ အတူပျော်ရွှင်ဖို့ ဘာပြဿနာမှမရှိ။ ဘာသာစကားမတူလည်း ခြေဟန်လက်ဟန်နဲ့ဆက်သွယ်ကြတယ်။ ပြီးတော့ ကလေးပီပီ အပီဆော့ကြလေတယ်။ ဒီကစားကွင်းလေးထဲမှာ ပါဝင်ဖို့ အသားအရောင်မပါ၊ လူမျိုးမရှိ၊ ဘာသာရေးမမေး၊ကလေးဖြစ်ဖို့ပဲလိုတယ်။

ကလေးတွေမို့ သူတို့ဆော့ကစားတာကြမ်းရင်ကြမ်းမယ်၊ တခြညးကလေးကို ထိမိခိုက်မိ ရှိရင်ရှိမယ်။ တမင်ကို အညှိုးနဲ့ မဟုတ်။ မိဘတွေက ဘေးကနေ ဂရုစိုက်ပေးနေတော့ ဒီလိုဖြစ်ဖို့လည်းနည်းတယ်။ အားလုံးသောကလေးတွေဟာ ကစားကွင်းထဲမှာ ဖြူဖြူစင်စင်ကစားနေကြလေရဲ့။ Diversity is unity. ဆိုတာ သူတို့လေးတွေမှအစစ်။ ငြိမ်းချမ်းရေး တရား တွေ၊ ညီညွတ်ရေးတရားတွေလည်း ဟောပြဖို့မလိုပဲ သူ့အလိုလို ညီညွတ်ပြီး ငြိမ်းချမ်းနေကြနေကြတဲ့ ရိုးသားတဲ့ နှလုံးသား ပိုင်ရှင်ကလေးတွေပေါ့။ ဒါကြောင့်မို့လည်း အခုပဲတွေ့ကြတဲ့သူတွေဟာ နှလုံးသားခြင်းရင်းနှီးလွယ်ကြတယ်။ ချက်ခြင်းပဲ အတူတွဲပြီးဆော့ကစားနိုင်ကြတယ်။

ဒီကလေးတွေအရွယ်ကနေ ကြီးပြင်းလာတဲ့လူကြီးတွေကြတော့ ဒီကမ္ဘာပေါ်မှာ အတူယှဉ်တွဲနေထိုင်ကြတဲ့အခါ မတူညီမှု တွေကို အကြောင်းပြုပြီး ပြဿနာပေါင်းစုံနဲ့။ ညီညွတ်ဖို့ဆိုတာ လမ်းစတွေပျောက်လို့။ ဘာသာရေးအကြောင်းကြောင့်ကွဲကြပြဲကြ။ လူမျိုးရေးအကြောင်းနဲ့ ကွဲကြပြဲကြ။ ကလေးဘဝမှာ ညီညွတ်ခဲ့ကြပေမဲ့ ကြီးလာပြီဆိုရင် အရောင်ဆိုးခံရပြီး ဖြူစင်မှုတွေပျောက်လို့ မညီညွတ်ကြတော့။ သူတစ်လူငါတစ်မင်း။ ငါဆိုတဲ့အတ္တတွေ ရှေ့တန်းမှာ။ တယောက်ကို တယောက် ချောက်တွန်းဖို့လည်းဝန်မလေး။ ဘယ်သူသေသေ ငတေမာဖို့ လုပ်ရဲသူတွေလည်းမနည်းလှ။ ငြိမ်းချမ်းရေးတို့ ညီညွတ်ရေးတို့ တရားတွေဟောနေပေမဲ့ လက်တွေ့မှာ တိုက်ကြခိုက်ကြ၊ သေကြ။

အသက်ရလာလေလေ၊ ပြုံးခြင်း၊ ရယ်ခြင်းနည်းလာလေလေ။ အားလုံးက တစ်နေကုန်လို့ လေးငါးခါလောက်တောင် ရယ်ခြင်းပြုံးခြင်းအမှုကို ပြုမိကြပါရဲ့လားမသိ။ ကလေးတွေကတော့ အမြဲလိုလို ပြုံးလို့ပျော်လို့၊ ရယ်လို့မောလို့။ လောဘတွေ ဒေါသတွေ မောဟတွေများလာတဲ့အခါ အရယ်အပြုံးနည်းသွားပြီပေါ့။ ဟန်ဆောင်အပြုံးတုတွေပြုံးတတ်တဲ့ စက်ရုပ်တွေဖြစ် လာကြတယ်။ နှလုံးသားကလာတဲ့ ဖြူစင်တဲ့အပြုံးတွေ ပျောက်လာကြတယ်။ ပြုံးခြင်းရယ်ခြင်းကြောင့်လည်း နှလုံးသားတွေ နီးစပ်လွယ်တာ သတိပြုမိတယ်။

ဒီနေ့မှာ မူကြိုအရွယ်ကလေးတွေဆီက သင်ခဲ့ရတဲ့သင်ခန်းစာကို ပြောရရင်တော့ ရွှေပြည်တော်ကြီးမှာ စစ်မှန်တဲ့ငြိမ်းချမ်း ရေးရဖို့၊ တိုင်းရင်းသားအားလုံးညီညွတ်ကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက်ဆိုရင် ဘက်ပေါင်းစုံ၊ အဖွဲ့စုံမှာ ယုံကြည်ချက်တွေ ခံယူချက်တွေ ရှေ့တန်းမတင်ပဲ အရောင်အသွေးကင်းပြီး ဖြူစင်ရိုးသားတဲ့ နှလုံးသားတွေ ရှိဖို့ လိုအပ်တယ်ဆိုတာပါ။ ဒါ့အပြင် ရင်ထဲကလာတဲ့ စစ်မှန်တဲ့အပြုံးတွေလည်း လိုအပ်ပါတယ်။ လက်ဆွဲနှုတ်ဆက်တဲ့အခါ ကြည့်ကောင်းအောင်ပြုံးတဲ့ အပြုံးတုမျိုးမဟုတ်။ ဒါမှလည်း နှလုံးသားအဖြူရောင်တွေ အခြေခံတူလို့ ပေါင်းစည်းဖို့ လွယ်ကြပါ့ မယ်။

မောင်လူပေကို အတွေးသင်ခန်းစာပေးခဲ့ကြသော ဖြူစင်တဲ့နှလုံးသားပိုင်ရှင်၊မူကြိုအရွယ်ကလေးတွေကို လေးစားစွာဖြင့်။

ချစ်တဲ့
မောင်လူပေ

Comments