ဇွန်မိုး - အိပ်မက်ကမ္ဘာ

ကာတွန်းစောငိုလက်ရာပါ။ ဟိုအစိုးရလက်ထက်တုန်းက ဆွဲခဲ့တာပါ။


ဇွန်မိုး - အိပ်မက်ကမ္ဘာ
(မိုးမခ) မေ ၉၊ ၂၀၁၈

ဟိုဘက်ကမ်းက မီးထိန်ထိန်
ဒီဘက်ကမ်းက မီးထိန်ထိန်
ဆီမီးထိန်ထိန် လင်းပါတဲ့
မနှင်းတို့အိမ်… မနှင်းတို့အိမ်… အိန် ..အိန်.. တိန်.. တိန်

ကြယ်မြင်လမြင် ဆယ်ပေပတ်လည် ဝါးတဲလေးအတွင်းရဲ့  ထောင့်တထောင့်မှာ မီးခွက်အလင်းရောင် မှုန်ဝါးဝါးအောက် ဆီမဲ့ ဆံပင်ကို တဗြစ်ဗြစ်ကုတ် မျက်စိစုံမှိတ်ကာ အသံစူးစူးကလေးနဲ့ စာကျက်နေတဲ့ ဘုတ်ဆုံမအသံကို အဝေးက ကြားနိုင်တယ်။

ဟဲ ဘုတ်ဆုံမ နင့်မှာလည်း တခါလာလဲ ဟိုဘက်ကမ်းက မီးထိန်ထိန် ဒီဘက်လမ်းက မီးထိန်ထိန် အော်မနေနဲ့တော့၊ နင့်မီးက ဘယ်တော့မှ ထိန်လာမှာမဟုတ်ဘူး။

အဲဒီ မီးထိန်တာကိုရပ်ပြီး၊ ဟို အင်ဂလိ ဘိုစာလေး ဘာလေး ဖတ်အုံး။ ယိုးဒယားလား၊ မလေးလား အလုပ်သွားလုပ်နေတဲ့ နင့်ဦးကြီး - ရုပ်ရှင်ထဲကလို နိုင်ငံခြားက ပြန်လာပြီး ဟိုဖက်စပ်တို့ ဒီဖက်စပ်တို့နဲ့ ကုန်မနီ လုပ်တဲ့အခါ နင်က ဘိုစာတတ်ရင် သူ့ဆိုင်မှာ အလုပ်ရမှာအေ့ - မအေးစိန်က သူ့ရင်ခွင်ထဲမှာ ကွေးကွေးကလေး အိပ်နေတဲ့ ရှစ်လသားရွယ် သားငယ်လေး ဂျိုးတူးအား မထွက်တော့တဲ့ နို့ကိုတိုက်ရင် ပြောဆိုလိုက်တယ်။

သူအမေပြောတာကို ခေါင်းတချက်ငြိမ့် နှာတချက်ရှုပ် မျက်လုံးပွတ်ကာ အနားတွေလိမ်ခေါက် မဲညစ်ညစ် စာအုပ်ကလေးကို ပေါက်ပြဲနေတဲ့ လွယ်အိတ်ထဲမှထုတ်ပြီး - စီအေတီ - ကတ် - ကြောင်။ ဒီအိုဂျီ - ဒေါ့ - ခွေး၊ အေအန်တီ အန့် - ပလော်စိတ်၊ အေပီပီအယ်အီး - အယ်ပဲ - ပန်းသီး …

ဟဲ့ မဟုတ်သေးဘူးထင်တယ်။ ဘယ်ကပေါက်ပေါက်ရှာရှာ ပန်းက ဘယ်လိုအသီးရှိမှာလဲ။ ဖြစ်မယ့်ဖြစ် ပန်းပွင့်တို့၊ ပန်းဂေါ်ဖီပွင့်တို့ ဖြစ်မယ်ထင်တယ်။ မျက်လုံးဖွင့် သေသေချာချာ ဖတ်ပါအေ။ နင်နော် … ငါတို့ကို ဘိုစာမတတ်ဘူးဆိုပြီး မဖြီးနဲ့။

အို အမေကလည်း သမီးဖတ်တာ မှန်ပါတယ်။ စာအုပ်ထဲမှာ ပါတဲ့အတိုင်း၊ ဆရာမ သင်ပေးတဲ့အတိုင်း အမှန်ဖတ်တာ။ အယ်ပဲ ဆိုတာ အသီး … အယ် … ပန်းသီး။ အရမ်းအရသာရှိ စားကောင်းတယ်လို့ ဆရာမ ပြောတယ်။ ဒါပေမဲ့ ဆရာမ ပြောတာက ဈေးကြီးတယ်။ ရွာဈေးမှာ မရောင်းဘူး၊ မရှိဘူးတဲ့။ မြို့ ကဈေးတွေမှာတော့ ဝယ်လို့ရတယ်။ ဒီတခေါက် ဆရာမ မြို့ က ပြန်လာရင် နည်းနည်းဝယ်လာပြီး ခွဲကျွေးမယ်လို့ ပြောတယ်။ ပြောရင်ဆိုရင် စားချင်လိုက်တာ … ရှလွတ် … တော်တော်အရသာရှိမယ် …

ဟုတ်လား။ အုန်းသီးလို ခွဲစားလို့ရတဲ့ အသီး ဖြစ်မှာပေါ့အေ။ ကဲ ရှိစေတော့။ စားကောင်းတာတွေ၊ ရှားတာတွေ ဆက်ပြောမနေနဲ့တော့ - ဒီတိုင်းပြည်မှာ မရှားတာဆိုလို့ … အလုပ်လက်မဲ့၊ ခြင်ယင်ကြွက်ကလွဲ ဘာရှိလဲ - တဗြစ်တောက်တောက်ပြောပြီး သားငယ်ဂျိုးတူးအား တိုက်ခိုက်ဖို့ ဒိုက်ထိုးဆင်းလာတဲ့ အသေခံ ခြင်ကျားတကောင်ကို နာရေးယပ်တောင်စုတ်ဖြင့် တရုတ်သိုင်းကားထဲကလို ဘယ်ဝေ့ညာခပ်ကာ အချိန်မီ တားဆီးလိုက်တယ်။

တဲရှေ့  ဝါးတိုင်ကိုမှီကာ ဆေးပေါ့လိပ်တိုကို ခပ်ပြင်းပြင်းဖွာရှိုက်ပြီး သားအမိတွေရဲ့  စကားကို နားစွင့်နေကာ တနေကုန် လယ်ထဲမှာ နွားနဲ့အပြိုင် ရုန်းရလို့ ညောင်းချိ့ နေတဲ့ ခြေသလုံးကို အသာနှိပ်ပြီး – အေးစိန်ရယ် ခလေး သိတဲ့အတိုင်း၊ သူ့ဆရာမ သင်ပေးတဲ့အတိုင်း ဖတ်ပါစေ။ တော်ကြာနေ ဆရာမ သင်တဲ့အတိုင်း မဖတ်လို့ ခေါင်းထုရိုက်ပုတ်ခံနေရအုံးမယ်။

အယ် … ရှင် ပြောမှ သတိရတယ်။ ဒီခေတ်ကြီးမှာ ဘုန်းကြီးတွေ၊ ဆရာဆရာမတွေ ရိုက်ချက်ကတော့ ကမ်းကုန်တယ်။ ရွာတောင်ပိုင်းက ဒေါ်ဘုမ သား အောင်ဘုတယောက် ဆရာမ သင်ထားတဲ့အတိုင်း ကုန်နေအကောင် ငါးမျိုးမှာ ခွေး၊ ကြောင်၊ ဝက်၊ နွား၊ ဆိတ် တို့လို့ မဖြေဘဲ၊ လူတတ်လုပ်ပြီး ဆင်၊ ကျား၊ ကျွဲ၊ နွား၊ ခြင်္သေ သွားဖြေလို့ အဆော်ခံရတာ နှစ်ရက်လောက် မထိုင်နိုင်ဘူးတဲ့။

အဲဒါကြောင့် ပြောတာ … သူ့ဆရာမ သင်ပေးထားတဲ့အတိုင်း ၏ သည်မရွေး ဖတ်ခိုင်း။ တော်ကြာနေ အရိုက်ခံနေရအုံးမယ်။ ဘာပဲဖြစ်ဖြစ် နင့်သမီးက ငါတို့ထက် ပိုသိတယ်ကွ။ ငါတို့တွေလို က ကာ အီ အီး လောက်ပဲ သင်ရတာ မဟုတ်ဘူး။ တနေ့ ငါတို့သမီး ဘိုစကားတွေ ဘွတ်ရွှက် ပြော၊ နိုင်ငံခြားကုမ္မဏီမှာ လုပ်ပြီး ငါတို့တွေကို ရှာကျွေးမှာ မင်းသိလား။

သနပ်ခါးအဖွေးသား လိမ်ထားတဲ့ သားတော်မောင် ဖင်ကလေးကို တဖတ်ဖတ် ညင်သာစွာ ပွတ်သပ်ပုတ်ပေးရင်… မအေးစိန်က - သိပါတယ်တော်။ ဖြစ်နိုင်ရင် ကျုပ်က သူကို အင်ဂလိစာ တင်မက၊ ဟို တလုတ်စာ၊ ကိုးလီယားစာတွေပါ တက်အောင်သင်ခိုင်းမှာ။ ရှင်သိလား ဈေးထဲက ဒေါ်ငွေစိန့်သမီးတွေ အခု တလုတ်စကား သင်တန်းတွေ တက်နေတယ်လို့ ပြောသံကြားတယ်။

မင်းက ဘယ်က စပ်စပ်စုစု ကြားလာပြန်ပြီးလဲ။ သူတို့က ပိုက်ဆံရှိတော့ သင်တန်းစုံ ထားနိုင်တာပေါ့။ အဲဒီကောင်မလေး သင်တန်းတွေ တက်နေတာ နှစ်ပေါက်နေပြီ။ ဘာတတ်သလဲ မေးရင် ဘာမှ မသိ၊ မတတ်ဘူး။

ဟုတ်ပါတယ်တော်။ ပြောချင်တာက … ရှင် မြင်တဲ့အတိုင်း မြို့ ထဲမှာ ဘယ်ကြည့်ကြည့် ဘူးသီးချောင်းကြော် တလုတ်စာတွေ နေရာအနှံပဲ၊ တခါတလေ ကျုပ်အထင် ကျုပ်တို့ ညတွင်းချင်း တလုတ်ပြည်ကြီးအောက် ရောက်သွားသလားလို လန့်တောင်လန့်တယ်။

ဒီတရုတ်ပေါက်ဖော်စာတွေက ဘာမှအသုံးမကျပါဘူးကွာ။

ဒါက ရှင့်အထင်။ ဈေးထဲမှာ ပြောနေတာက အင်ဂလိပြည်က ဟိုးအဝေးကြီး၊ တလုတ်ကတာ့ ကျောကပ်နီးနီးလေးတဲ့။ ဘယ်ကိုကြည့်ကြည့် တလုတ်ပဲ တွေ့ရမယ်တဲ့။ မကြာခင် အမြင်ကြီးတဲ့ အုပ်ချုပ်သူတွေ ကျေးဇူးကြောင့် ကျုပ်တို့တိုင်းပြည် တလုတ်ပြည် သြဇာခံ ရွာကြီး ဖြစ်တော့မယ်တဲ့။

မင်းမှာလည်း မဟုတ်တာတွေကြားပြီး ရှောက်ပြောမနေနဲ့။ တော်ကြာနေ လူကြီးအကြည်ညိုပျက်မှုနဲ့ ဖမ်းခံနေရအုံးမယ်။

ဟုတ်မဟုတ် ရှင် တချက်စောင့်ကြည့်။ ရပ်ကွက်လူကြီးအိမ်မှာပြတဲ့ ဝီဒီအို ရုပ်ရှင်တွေက ဟို တလုတ်ကား နဲ့ တလုတ်လိုလို ကိုးလီယားကားတွေပဲ မဟုတ်လား။

ဆေးလိပ်ပြာကို တချက်တောက်ချပြီး - တရုတ်တွေ ကိုးလီယားတွေ ပြောင်းလာလဲ ကောင်းတာဘဲ။ ငါလည်း ဒီ ဒူးနာခြေညောင်း နှစ်ပဲခြောက်ပြားရတဲ့ လယ်ကူလီအလုပ်ကို ရပ်ပြီး တရုတ်ပွဲရုံမှာ တာလီစာရေးတို့၊ ကုန်ကားမောင်းတာတို့ လုပ်ရတာပေါ့။

ကားမောင်းမတတ်၊ အတွက်အချက်မတက်တဲ့ ရှင်ကို တလုတ်ပေါက်ဖော်က အမှိုက်သိမ်း၊ ကုန်ထမ်းအလုပ်ဘဲ ပေးလိမ့်မယ်။ ကဲ အရည်မရ အဖတ်မရတာတွေ ပြောနေအပိုဘဲ။ ရှင့်ဆေးလိပ်မီးသတ်၊ ခြေလက်ဆေးပြီး လာအိပ်တော့။ မနက်ဖြန် အစောကြီး ဒေါ်ငွေစိန် ကုန်တွေ သွားသယ်ရအုံးမယ် မဟုတ်လား။

လင်မယားနှစ်ယောက် တောင်ပြောမြောက်ပြော ပြောချင်ရာပြောနေရာမှ တချက်သတိရလို့ စာအန်သံတိတ်သွားတဲ့ ဘုတ်ဆုံမကို ကြည့်လိုက်တော့ အဖါတရာ လွယ်အိတ်လေးကို ခေါင်းအုံးပြီး အိပ်ပျော်နေရှာလေပြီ။

အိပ်မက်ထဲမှာတော့ ဘုတ်ဆုံမလေး ဟိုင်း၊ ရက်စ်၊ နိုး ဘိုစကားတွေကို ပုခုံးတွန့် နူတ်ခမ်းရွဲ့ ကာ တရွှတ်ရွှတ်နဲ့ပြောလိုက်၊ တရုတ်လို ကွီစိကွာစီ ပြောလိုက်၊ ကိုးရီးယားလို ‘ဝယ်ယို’ ‘အန်ညောင်’ ပြောကာ တပြည်ခြားမှ လာရောက်အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသားများနဲ့ ဗမာအလုပ်သမားများကို လက်ညှိုးထိုးခိုင်းနေလေတယ်။
0