မေငြိမ်း ● မိဘနဲ့ သားသမီးဆိုတာ
(မိုးမခ) မေ ၂၄၊ ၂၀၁၈
(မိုးမခ) မေ ၂၄၊ ၂၀၁၈
ကျမရဲ့ သားသမီးတွေ ထူးချွန်ကြတာနဲ့ ပတ်သက်ပြီး Post တင်မယ်လို့ ကြံတိုင်း ကျမသတိရတာက မြန်မာပြည်က လူတချို့ ပြောဖူးတာကို သတိရမိလေ့ရှိပါတယ်။ အဲဒါကတော့ နိုင်ငံကြီးမှာနေပြီး အခွင့်အရေးရနေတဲ့သူတွေ အောင်မြင်တာ မဆန်း ပါဘူး။ ဒီမှာက အရာရာ ချို့တဲ့နေကြတာ…. အားကျလည်း ဘာမှမလုပ်နိုင်တာဘဲ.. ။ နိုင်ငံခြားရောက်ကလေးတွေကတော့ ကံကောင်းကြတာပေါ့…. ဆိုတဲ့ စကားတွေကိုပါ။ ဒါပေမဲ့ ဘယ်နေရာဒေသမှာပဲနေနေ ပြည့်စုံတဲ့မိသားစုတွေထဲက ကလေး တွေရော ထင်တိုင်းမပေါက်တာ ဘာကြောင့်လဲဆိုတာနဲ့ ပညာရေးစနစ်ပေါ်မူတည်ပြီး ဘယ်လိုသင်ယူနိုင်ကြမလဲဆိုတာ တွေကိုလည်း တွေးမိလာတဲ့အခါ ဒီစာကိုရေးချင်စိတ်ဖြစ်လာပါတယ်။
ကျမ ခဏခဏ ပြောဖူးပါတယ်။ ကျမ သားကြီး ရော.. သမီးရော ဟာ သူ့တို့အရွယ်မှာ အရွယ်နဲ့ မမျှအောင် ပင်ပန်းကြပါတယ်။ ဒီနိုင်ငံအနေနဲ့ မိဘက ဆင်းရဲတော့ သူတို့ သိပ်ရုန်းကန်ရပါတယ်။ ကျမတို့က ဘာသာစကားအရလည်း သူတို့ကို ပညာရေး လည်း မကူနိုင်.. ငွေကြေးလည်း မပံ့ပိုးနိုင်။ သူတို့ပြောတာကို နားထောင်ပေးပြီး သူတို့လုပ်ချင်တာကို အားပေးတာသာ တတ်နိုင်ပါတယ်။ သားကြီးတုန်းကလိုပဲ သမီးဟာ အထက်တန်းရောက်ချိန်.. အသက် ၁၆ နှစ်မှာ အလုပ် စလုပ်ပြီးကတည်းက သူ့ကို မုန့်ဖိုး၊ အဝတ်အစားဖိုးနဲ့ ကျောင်းစရိတ်မပေးရတော့တာ ဒီနေ့ထိပါပဲ။ သူ မပေးနိုင်လောက်အောင်များတဲ့ စာမေး ပွဲကြေးနဲ့ Field trip ကြေးတွေသာ ကျမတို့ ကူရပါတယ်။ တကယ်လို့ ကျမသာ ခုနေ မြန်မာပြည်မှာဆိုရင် ကျမတို့ ဆင်းရဲပုံ မျိုးနဲ့ ကျမကလေးတွေဟာ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကို ကျမ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ခံစားခဲ့ရပြီးသားမဟုတ်လား။ ကျမက အဲလိုစိတ်ဖိစီးတဲ့ဒဏ်ကို မခံနိုင်ဘူးလေ။
+++
ဆုအကြောင်းပြောပြချင်ပါသေးတယ်။ သမီးရတဲ့ လူမှုထူးချွန်လို ဆုဆိုတာက Community အတွက် ပရဟိတလုပ်ပေးတာ များတဲ့အတွက်ပေးတာပါ။ သမီးက ကလေးထိန်းကျောင်း၊ လူအိုရုံနဲ့ ရဲဌာနတွေမှာ ပရဟိတ အများကြီး လုပ်တာကြောင့်ရ တာပါ။ အဲလိုလုပ်ဖို့ အချိန်တွေပေး၊ လူပင်ပန်း၊ ကျောင်းစာတဘက်နဲ့လုပ်ရတာမို့ ကျောင်းကလည်း ဆုပေးတာပါပဲ။ ဒါ့အပြင် အိမ်မှာဆိုလည်း မိဘက နားမလည်ရင် အပိုတွေ လုပ်နေတယ်ပဲ ထင်တာပါ။ (အထူးသဖြင့် ကျမတို့အပါအဝင် မြန်မာ မိဘတွေက ကလေးတွေ ကျောင်းစာအပြင် တခြားပရဟိတလုပ်တာမျိုးတွေကို သိပ်နားမလည်နိုင်ပါဘူး)။ တကယ်တော့ အဲဒီ ဆုလက်မှတ်တွေဟာ ဘက်စုံပညာရေး ရမှတ်တွေအတွက် အထောက်အပံ့ပေးနေတာပါပဲ။
ဒီလို ဆုတွေရထားတဲ့အတွက် သမီး တက္ကသိုလ်လျှောက်ချိန်မှာ ထောက်ခံစာရေးပေးတဲ့သူတွေ အများကြီးရနိုင်ပြီး သမီး ဟာ လူမှုရေးရာမှာ စိတ်ချရသူဆိုတဲ့ ဂုဏ်သတင်းရှိသွားပါပြီ။ အဲဒီအကျိုးကျေးဇူးဟာ သမီး ရှေ့ဆက်လျှောက်မယ့် ဘဝတ လျှောက် Resume တွေမှာပါ ပါသွားမှာမို့ အလုပ်အကိုင်ရှာတဲ့အထိ အကျိုး ရှိသွားမှာပါ။ သမီးက International Studies, Social Studies တွေ ယူမှာမို့ ဒါတွေက အကျိုးရှိပါတယ်။
မနေ့ကရတဲ့ Featured Scholar Award ကတော့ ဘာကြောင့်ရတယ်ဆိုတာတော့ ကျမ သမီးကို မေးကြည့်လို့ သိတာပါ။ ကျောင်းက ထူးခြားထူးချွန်တဲ့ Outstanding Student ရွေးပါတယ်။ ရွေးထားတဲ့ ကျောင်းသားကို ကျောင်းက ခေါ်တွေ့ပြီး သူ အထူးချွန်ဆုံး နဲ့ အကြိုက်ဆုံး ဘာသာရပ်အကြောင်း မေးပါတယ်။ ပြီးတော့ အဲဒီဘာသာရပ်ကိုသင်တဲ့ ဆရာကို ဘယ်လိုသဘောရလဲမေးပါတယ်။ အဲဒီအခါ ကျောင်းသားက သူ အကြိုက်ဆုံးဆရာ ဘယ်သူလဲ၊ ဘာကြောင့် ကြိုက်လဲဆိုတာ ပြောပြရပါတယ်။ ဆရာတွေကိုလည်း ကျောင်းအုပ်ကြီးက သူတို့ကို ရွေးချယ်တဲ့ ကျောင်းသူ ကျောင်းသားတယောက် ချင်းစီအပေါ် အမြင် မှတ်ချက်တွေ ရေးခိုင်းပါတယ်။ အဲဒီစာတွေဟာ Recommendation တွေလိုပါပဲ။ နောက်တော့ ကျောင်း အုပ်က အဲဒီကျောင်းသားကျောင်းသူတွေကို သူတို့ရွေးတဲ့ အကြိုက်ဆုံး ဆရာ ဆရာမ တွေနဲ့အတူ စာသင်နှစ်ဆုံး နှုတ် ဆက်ညစာစားပွဲ စီစဉ်ပေးပါတယ်။ အဲဒီမှာ ဆုပေးတာပါပဲ။ ဒါကို အရွေးခံရတဲ့ ဆရာ ဆရာမတွေရော ကျောင်းသူ ကျောင်း သားတွေကပါ ဂုဏ်ယူကြပါတယ်။ ဒါဟာ ဂုဏ်သိက္ခာကိစ္စပဲ ဖြစ်ပါတယ်။
(မှတ်ချက် - အမေရိကန်နိုင်ငံမှာ ကျောင်းတကျောင်းနဲ့ တကျောင်း စနစ်၊ သင်ရိုးတွေ မတူကြပါ)
++++++
ဒီနေရာမှာ သမီးအကြောင်း နည်းနည်း ပြောချင်ပါသေးတယ်။ သမီးဟာ မြန်မာမိဘတွေအတွက်တော့ ဗိုင်းကောင်း ကျောက် ဖိ မိန်းကလေး မဟုတ်ပါဘူး။ အထူးသဖြင့် သမီးကြီးပြင်းတဲ့ကိစ္စမှာ သမီးအဖေနဲ့ ကျမ အတော်အချေအတင် ဖြစ်ရပါတယ်။ သမီးအဖေက တကယ့်ပုံစံကျ ဗမာအဖေ၊ ကျမက သမီးနဲ့ ခေတ်အခြေအနေ .. ကိုယ်နေနေရတဲ့ ဘဝကို နားလည်ပေးနိုင်တဲ့ လွတ်လပ်တဲ့ အမေဆိုတော့ ကျမ အတော်ညှိရပါတယ်။ သမီး ဆယ်ကျော်သက်အဝင် အသက် ၁၃ နှစ် နဲ့ ၁၅ နှစ်ကြားမှာ သမီးအဖေနဲ့ သမီးနဲ့ကျမတို့ မြန်မာမိသားစုတွေနဲ့ကြားမှာ ကျမကိုယ်တိုင်တောင် အယောင်ယောင်အမှားမှားနဲ့ စိတ်ဆင်းရဲခဲ့ ရဖူးပါတယ်။
သမီးက Social Hours တွေရဖို့ ကျောင်းချိန်ပြင်ပတွေမှာ လုပ်ရတော့ ညမိုးချုပ်ထိ အိမ်မှာမရှိ။ တခါတလေ သူငယ်ချင်းတွေနဲ့ ကျောင်းစာလုပ်လို့။ ရည်းစားလိုလို ဘာလိုလိုလည်း ရှိချင် ရှိနေမှာပေါ့။ ကျမကတော့ သမီးကို ပွင့်ပွင့်လင်းလင်းပြောထားပြီးသားမို့ သိပ်အပူမကြီးမိ။ ဒါပေမဲ့ ကြားထဲမှာ တချို့ မြန်မာမိဘတွေက ကျမသမီးကို စိတ်ပူကြ.. အဲဒီ ဖိအားတွေက ကျမ နဲ့ သူ့အဖေဆီရောက်။ သမီးအဖေခမျာ မအိပ်နိုင်မစားနိုင် တောင် ဖြစ်တာ။ နောက်ဆုံး ကျမက သမီးအဖေကို ပြောလိုက်တယ်။ တို့တွေ သားသမီး အုပ်ချုပ်တာ သူတို့ ပျော်ရွှင်အောင်မြင်ဖို့လား.. ပတ်ဝန်းကျင်အမြင် တင့်တယ်ဖို့လား.. လို့။ ဒါကလည်း တခါတလေမှာ ပတ်ဝန်းကျင်ကြောင့် ပိုဆိုးသွားတဲ့ အခြေနေတွေ ရှိတတ်လို့ပါ။ အဲတော့မှ ကျမတို့ အဖြေရသွားပြီး သမီးကို မျက်ခြေမပြတ်ကြည့်ရင်း.. သမီးကို လွတ်လွတ်လပ်လပ် ထားရင်း.. သမီးလုပ်တဲ့ ကောင်းတာတွေကို ချီးကျူးအသိအမှတ်ပြုရင်း.. ကျမတို့ကိုယ်တိုင် ပြန်ပြီး စိတ်အေးလက်အေး ရှိလာရတယ်။
သမီးဟာ သူ့ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေပဲ ဗိုက်ပေါ်တဲ့ အင်္ကျီဝတ်မယ်၊ ချက်မှာ အပေါက်ဖောက်ပြီး နားကွင်းတပ်မယ်၊ ဘောင်းဘီတိုနဲ့ စွပ်ကျယ်ဝတ်မယ်၊ ပင်လယ်ကမ်းခြေမှာ ဘီကီနီ ဝတ်လိမ့်မယ်၊ သူနေရတဲ့တိုင်းပြည်မှာ ဒါက ဘာမှ မထူး ဆန်း။ ထူးဆန်းနေရှာတဲ့ သူ့အဖေကို နားချရတယ်၊ သမီးတယောက်တည်း အဲလိုဖြစ်နေတာမဟုတ်ကြောင်း။ သမီးဟာ ကျမ ငယ်ငယ်ကလိုပဲ ယောကျာ်းလေးသူငယ်ချင်းတွေ တရုန်းရုန်းနဲ့ သွားတယ်။ ကားကိုယ်တိုင်မောင်းပြီး သူ့အရေးကိစ္စ အားလုံးကို ဖြေရှင်းရတယ်။ သူ့အဖေလိုပဲ အလုပ် သိပ်လုပ်နိုင်တယ်။ ကျောင်းစာတဘက်၊ ရဲအထောက်အကူပြု အလုပ် တဘက်ရှိတဲ့ကြားက တပတ်မှာ နာရီ ၂၀ ကျော် အလုပ်လုပ်တယ်။ နပမ်းသတ်တဲ့ အားကစားနဲ့ ရေကူးလည်း ပုံမှန်လုပ်တယ်။ သူ့အဖေ နဲ့ တူတာက အလုပ် အများကြီးလုပ်ရပေမဲ့ ဘယ်တော့မှမညည်းဘူး။ ကျမနဲ့တူလို့ စာကြိုးစားပြီး သူ့အဖေနဲ့တူလို့ ပတ်ဝန်းကျင်အပေါ် အကောင်းမြင်များတယ်။ စိတ်ရှည်တယ်။ ကျမနဲ့တူလို့ စိတ်ဖိစီးခံရတာမျိုးကို မကြိုက်ဘူး၊ အယူအဆ တခုခုကို အလွယ်တကူ လက်မခံတတ်ဘူး၊ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းချင်တယ်။ ပြီးတော့ သူ့အဖေနဲ့တူလို့ သည်းခံစိတ် ရှိတယ် ၊ ဆင်းရဲဒဏ်ကို ခံနိုင်တယ်၊ လူတွေကို ကူညီချင်တယ်။ ဒါကြောင့် ကျမစံအရတော့ သမီးဟာ ပြည့်စုံပြီ။ ဒါကြောင့် သမီးကို မလိုအပ်ဘဲနဲ့ ငါတို့က မိဘပဲ ဆိုပြီး သိပ်ချုပ်ချယ် တားဆီးတာတွေ မလုပ်တော့ဘူး။ မချမ်းသာပေမဲ့ ပျော်ရွှင်စရာ အိမ်တစ်ခုကို ဖန်တီးပေးတယ်။ အဲဒီအခါ ခုလို သမီး ပျော်ရွှင်တက်ကြွတဲ့ လိုအပ်သလောက် တော်တဲ့လူငယ်လေး ဖြစ်နေ တာကို ကျမ သိပ်စိတ်ချမ်းသာတယ်။ ကျမက ကလေးတွေ စာတော်ပေမဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ဘဲ မပျော်ဘဲ ကြီးပြင်းကြရမှာကိုစိုးတဲ့ အမေမျိုး ဖြစ်လို့ပါပဲ။
ဒီနေရာမှာ စာရေးဆရာမ စုထားရဲ့ စာလေးကို ကိုးကားချင်ပါတယ်။ Problem Child ဆိုတာမရှိပါဘူး.. Problem Parents ပဲ ရှိတာပါ တဲ့။ ဟုတ်ပါတယ်.. မိဘကသာ အရေးကြီးတာပါ။
+++
တချို့က ဝေဖန်တယ်၊ ကျမက ကလေးတွေကို ဘာသာရေးနဲ့ပတ်သက်လို့ မသွန်သင်ဘူး.. တဲ့။ ခုချိန်မှာ သားကြီးက ကိုး ကွယ်တဲ့ ဘာသာမရှိဘူးလို့ ဆိုနိုင်တယ်။ ကျမကတော့ ဗုဒ္ဓကို ထဲထဲဝင်ဝင် ယုံကြည်သူမို့ သားကိုလည်း ဗုဒ္ဓဝါဒကို ခြေ ခြေမြစ်မြစ် သိစေချင်တယ်။ သားကြီးဟာ ဘာ ဘာသာဝင်ရယ်လို့ မခံယူပေမဲ့ ဘာသာရေးအမျိုးမျိုးရဲ့ ကောင်းကွက်တွေ အများကြီး သူ သေသေချာချာ သိထားတယ်။ ဘာသာရေးဟာ ဒဿနပဲလို့ ယုံကြည်တယ်။ ကောင်းတဲ့ဒဿနလို့ သူ ထင်တာမှန်သမျှကို လေးစားရကောင်းမှန်းသိတယ်။ ပြီးတော့ ငါးပါးသီလ တကူးတကမခံပေမဲ့ သားကြီးက တစ်ပါးမှ မကျူး လွန်ဘူး။ ခု အသက် ၂၇ ထိ ဘီယာ.. ဝိုင်တောင် မသောက်။ ကျန်တာတော့ ဝေးရော။ သားသမီး ၃ ယောက်လုံးဟာ လိမ် စရာ ခိုးစရာ အသက်သတ်စရာ သူများ သား မယား.. သားသမီး စော်ကားစရာ မလိုတဲ့ ဘဝထဲမှာ နေနေကြရတာမို့ ကံ ၅ ပါး အထူးထိန်း စရာ မလိုဘဲ လုံနိုင် တာပါ။ ကျမတို့က ဆွေးနွေးလို့ရတဲ့ မိဘမို့ ကလေးတွေက ဘာကိုမှ လိမ်စရာမလိုတာပါ။ ကလေး ၃ယောက်လုံး ဗုဒ္ဓအကြောင်း သိကြတယ်။ အင်မတန်တော်တဲ့ မြတ်တဲ့ ပုဂ္ဂိုလ်ထူးရယ်လို့ ရိုသေလေးစား တန်ဖိုး ထားရကောင်းမှန်း သိကြတယ်။ ၅ ပါးသီလနဲ့ မဂ္ဂင် ၈ ပါးကို ရိုးရိုးလေး နားလည်ထား ကြတယ်။ ၃၈ ဖြာမင်္ဂလာကို တန်ဖိုးရှိ မှန်း၊ လိုက်နာသင့်မှန်း သိကြတယ်။ ကိုယ့်ရှေ့မှာ ဘုရားထိုင်ရှိခိုးနေပြီး လူ့လောကအတွက် မကောင်းတဲ့ အကျိုးဆက် တွေဖြစ်အောင် လုပ်တဲ့သူလေးတွေ ဖြစ်မလာတာပဲ ကျေနပ်ပြီ။ တိုင်းတပါးမှာ ဒီလောက်ရရင် ဒီအမေက ကျေနပ်ပြီ။ ဒီ အမေကိုယ်တိုင်ကလည်း ဗုဒ္ဓရဲ့ တရားတော်နဲ့အညီ ကြိုးစား နေထိုင်ပေမဲ့ တခြား ဗုဒ္ဓ ဘာသာ ဝင်တွေနဲ့ သိပ်တူလှတာမှ မဟုတ်တာလေ။
++++
ကျမအဓိက ပြောပြချင်တာကတော့ ကျမတို့ရဲ့ သားသမီးတွေကို ဘာဖြစ်စေချင်တာလဲဆိုတာပါ။ ကျမတို့ ခေါ်ယူလိုက်လို့ ဒုက္ခများလှတဲ့ လူ့ဘဝထဲ ရောက်လာကြရသူလေးတွေကို သူတို့ဘဝထဲ ပျော်ရွှင်ကျန်းမာဖို့၊ စိတ်လက်ပေါ့ပါးစွာနဲ့ အောင်မြင် ဖို့ကိုသာ ကျမတို့မိဘတွေအနေနဲ့ ပံ့ပိုးသင့်ကြတယ် မဟုတ်လား။ သူတို့ဘဝထဲ သူတို့အတိုင်းအတာနဲ့ သူတို့ စိတ်ဖိစီးမှုတွေ ရှိပြီးသားကလေးတွေကို မိဘကပါ ထပ်စိတ်ဖိအားပေးမယ်ဆိုရင်တော့ ကျမကတော့ မတရားဘူးလို့ ထင်တာပါပဲလေ။
Comments