လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး - အပိုင်း (၆)

လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး - အပိုင်း (၆)
(မိုးမခ) မေ ၁၇၊ ၂ဝ၁၈

● ဗလောင်းဗလဲ ကာချုပ်
၂ဝ၁၈ မတ်လ (၂၇) ရက်နေ့က၊ ကာချုပ် မင်းအောင်လှိုင်က တပ်ကိုမိန့်ခွန်းပေးရာမှာ တပ်ကို အကြီးအကျယ်မွှန်း အား ဆေးတင်ပေး (နောက်ဆုံးပေါ် လက်နက်အသစ်အဆန်းတွေ ဆက်လက်ဝယ်ယူနေမယ်) ပြီး တခါ တဖက်ကလည်း ငြိမ်း ချမ်းရေးကိစ္စတွေမှာ အစိုးရနဲ့ပူးပေါင်းလုပ်ဆောင်နေကြောင်း အစိုးရနဲ့တန်းတူထားပြောသွားပေမယ့် နောက်တလကျော် အကြာလေး (ဧပြီလ ၃ဝ ရက်နေ့) မှာပဲ၊ ကုလလုံခြုံရေးကောင်စီဝင် သံအမတ်များနဲ့တွေ့ဆုံရာမှာတော မိမိတို့နိုင်ငံတွင် နိုင် ငံ၏ခေါင်းဆောင် သမ္မတရှိပါကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် သမ္မတ၏ခေါင်းဆောင်မှုအောက်တွင်သာ လုပ်ကိုင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တပ်မတော်သည် မြန်မာနိုင်ငံအစိုးရ၏ ဦးဆောင်မှုအောက်တွင်သာရှိသည်လို့ ဆိုပြန် ပါတယ်။

တကယ်တော့ အခုခေတ်လို (အစစအရာရာ ပွင့်လင်းလာတဲ့ကာလမှာ) ကာချုပ်ဖြစ်လာရရှာတဲ့ မင်းအောင်လှိုင်ခမျာ ယခင့် ယခင် ကာချုပ်အရှင်သခင်များလို တပြည်လုံးကို နားပိတ် မျက်စိပိတ် ငါပြောသမျှအမိန့် နားထောင်လို့ဆိုပြီး အာဏာရှင် လုပ်လို့မရတော့ပါဘူး။ ဒါ့ကြောင့် တနေ့တမျိုး မရိုးရအောင် ဗလောင်းဗလဲတွေ ပြောနေရတာပါ။

အဲဒီ ၃ဝ၊ ၄၊ ၂ဝ၁၈ ရက်နေ့က အစည်းအဝေးမှတ်တမ်း (၄၅၂၁၈ တပ်မတော်ဦးစီးချုပ်ရုံးကထုတ်ထား) ကိုပဲ ကြည့်ပါ။

အစောပိုင်းမှာ သံအမတ်ကြီးများကို တယောက်စီမေးခွင့်ပေး၊ သူကိုယ်တိုင် တခုချင်းဖြေနေရာကနေ ၄၅ ယောက်မေး အပြီးမှာတော့ အချိန်အကန့်အသတ်ကြောင့်လို့ဆိုပြီး မေးခွန်းတွေကိုတခုချင်းမဖြေတော့ပဲ တပြိုင်တည်းမေး၊ ခြုံငုံပြီးဖြေကြား ပါ့မယ်လို့ လုပ်လာရပါတယ်။

ကာချုပ်ခမျာ အဲဒီ ၂ နာရီဟာ ဇောချွေးပြန်လောက်ပါတယ်။ သူ့အဖြေများမှာ တာဝန်ဟူသမျှ ပြည်ထဲရေးလွှဲချ၊ အစိုးရလွှဲချနဲ့ အတော့်ကိုတာဝန်မဲ့ပါတယ်။ မတ်လ (၂၇) ရက်နေ့ မိန့်ခွန်းတုန်းက မောက်မောက်မာမာပြောခဲ့တဲ့စကားတွေနဲ့ ကွာလိုက် တာ။

ဒါ့အပြင် တခြားမိန့်ခွန်းများမှာပြောခဲ့ဘူးတဲ့ တိုင်းရင်းသားအဖွဲ့များက မဖြစ်နိုင်တာတွေတောင်းနေကြတာတို့၊ အမြင်ကျဉ်းတဲ့ တိုင်းရင်းသားခေါင်းဆောင်များကြောင့် ပြည်တွင်းစစ်ရှည်ကြာနေရတာတို့ဆိုတဲ့ ငါ့စကားနွားရစကားမျိုး လေသံတွေ့နဲလည်း ကွာလိုက်တာ။

ဗမာ့တပ်မတော်က ဗိုလ်ချုပ်ကြီးများ စကားဗလောင်းဗလဲပြောတာ၊ ဗလောင်းဗလဲလုပ်တာ၊ ကတိမတည်တာတွေဟာ အခု မှ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကို ထူထောင်စဉ်ကတည်းက လူကောင်းလူတော်ပဲလိုချင်တယ်ဆိုပြီး မိမိတို့ရဲ့အရှင် သခင်စစ်အုပ်စုထိပ်သီးများအပေါ်သာ (ကောင်းတဲ့) သစ္စာစောင့်ထိမ်းပြီး ပြည်သူလူထုမျက်နှာ (အောက်ခြေတပ်သား များအပါ) ကို လုံးဝမထောက်ထားတဲ့သူများကိုသာ အဆင့်ဆင့်မြှောက်စားလာတဲ့စနစ်အရ ပေါ်ထွက်လာတဲ့ စစ်ဗိုလ်ချုပ် များအဆက်ဆက် ဒီလိုအချိုးမျိုးချည်းပါပဲ။ သိပ်မကြာခင်ကဖြစ်ပျက်ခဲ့တဲ့ ကိစ္စအချို့ကိုပဲကြည့်ပါ။

၁၉၈၈ - ၁၉၉၇ နဝတခေတ်။ ၁၉၉၇ - ၂ဝ၁၁ နအဖခေတ် တိုင်းရင်းသားဒေသများမှာ လုပ်ဆောင်ခဲ့မှုတွေကိုပြန်ကြည့်ရင် ဗမာ့တပ်မတော်ဗိုလ်ချုပ်ကြီးများရဲ့လုပ်ဆောင်ချက်များကိုကြည့်ရင် တိုင်းပြည်ကြီးငြိမ်းချမ်းသွားမှာကို ဘယ်လောက်စိုး ရိမ် ပြီး အိမ်ကြက်ချင်းခွပ်ကုန်အောင် ဘယ်လိုဗလောင်းဗလဲ အောက်တန်းကျစွာလုပ်ဆောင်ခဲ့တယ်ဆိုတာ တွေ့ရှိနိုင်ပါတယ်။ အဲဒီကမှတဆင့် အခုလက်ရှိဆက်လက်ဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ရဲ့ အဓိကတရားခံဟာ ဘယ်သူလဲဆိုတာ ရှင်းလင်းစွာ သိနိုင်ပါတယ်။

၁၉၈၉ ခုနှစ်၊ မတ်လမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့လက်အောက်ခံဒေသတခုဖြစ်တဲ့ ကိုးကန့်ဒေသက ဖုန်ကြားရှင်ခေါင်း ဆောင်ပြီး ပုန်ကန်ခွဲထွက်ခဲ့ပါတယ်။ မုန်ကိုးဒေသကိုပါစည်းရုံးပြီး ခွဲထွက်လိုက်တာပါ။ အဲဒီအဖြစ်အပျက်ကစလိုက်တဲ့ ပုန် ကန်ခွဲထွက်မှုဟာ ၁၉၈၉ ခု ဧပြီလသင်္ကြန်တွင်း ဝတပ်ဖွဲ့များက ပန်ဆန်းဗဟိုဌာနချုပ်သိမ်းပိုက်ခံလိုက်ရပြီး ကျန်ဒေသ များမိုင်းလား ၁ဝ၁ ပန်ဝါဒေသစသဖြင့် တစစီ ကွဲထွက်ကုန်ပါတယ်။ ဒီခွဲထွက်အဖွဲ့များအားလုံး နဝတနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။ စစ်ရပ်စဲလိုက်ကြပြီး စီးပွားရေးလုပ်ငန်းတွေ အများအပြားလုပ်ခွင့်ပြုခဲ့ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲ များတော့ နောင်တက်လာမယ့်အစိုးရနဲ့ကျမှ ပြောပါလို့ နဝတဗိုလ်ချုပ်များ (ဗိုလ်ခင်ညွန့်) က ကတိပေးထားတယ်တဲ့။

(မှတ်ချက် ။ ။ အဲဒီကာလငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားအဖွဲ့များက ဘယ်လိုဆက်ဆံ (ဖျက်ဆီး) ခဲ့တယ်ဆိုတာ တွေကိုတော့ ဗိုလ်ထက်မင်းရေးသားပြီး မိုးမခမှာတင်နေတဲ့ ဆောင်းပါးများ ဥပမာ - ၅၄၂ဝ၁၈ ဇာခန်းဆီးနောက်ကွယ်က ဇတ်လမ်းများမှာ ဖတ်ကြည့်ပါ။)

အဲသလို ဗကပပြိုကွဲရေးကို ဦးဆောင်ဖောက်ထွင်းလုပ်ဆောင်ပေးခဲ့တဲ့ ကိုးကန့်ဒေသခေါင်းဆောင် ဖုန်ကြားရှင်ကို နဝတက (စီးပွားရေး) အခွင့်ထူးအမျိုးမျိုးပေးပြီး ကိုးကန့်အမျိုးသားခေါင်းဆောင်ကြီး ဦးဖုန်ကြားရှင်ဆိုပြီး နဝတသတင်းစာများက ဗိုလ်ချုပ်များနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံများနဲ့ နေရာပေးဖေါ်ပြတာတွေတွေ့ရပါတယ်။ ဖုန်ကြားရှင်က ကိုးကန့်ဒေသဖွံ့ဖြိုးရေး အတွက် ဘိန်းစိုက်ပျိုးရေးပပျောက်ရေးလုပ်ငန်းတွေ ဘယ်လိုလုပ်ဆောင်တယ်ဆိုတာ သတင်းအမျိုးမျိုးကိုဖေါ်ပြနေရုံမကကိုးကန့်ဒေသကို ဘိန်းပပျောက်သွားပြီးဖြစ်ကြောင်းတောင် ကြေညာပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ တကယ့်ဖြစ်ရပ်များမှာတော့ အလွန်ရှုပ်ထွေးနေခဲ့ပါတယ်။

၁၉၉၂ - ၉၃ မှာ ကိုးကန့်က ဖုန်မိသားစုနဲ့ ရန်မိသားစု ပဋိပက္ခတိုက်ပွဲတွေ (ကြားက စစ်တပ်ကပဲရန်တိုက်ပေးခဲ့တာ) ကို အကြောင်းပြုပြီး တပ်မတော်က အဲဒီဒေသတွင်းဝင်လာရုံမက မုန်ကိုးက မုန်ဇလပ်တို့ကို ၁၉၉၅ မှာ ကိုးကန့်ကခွဲထွက်စေပြီးကာကွယ်ရေးတပ် ဖွဲ့ပေးခဲ့ပါတယ်။ မူးယစ်ဆေးဝါးလုပ်ဆောင်ခွင့်အပါအဝင် စီးပွားရေးလုပ်ငန်းအမျိုးစုံ လုပ်ခွင့်ပြုခဲ့ပါတယ်။

တခါ ၂ဝဝဝ ခုနှစ်မှာ မုန်းကိုးကာကွယ်ရေးတပ်မှူး မုန်ဇလပ်နဲ့ ဒုတာဝန်ခံလီနမင်တို့ ပဋိပက္ခတိုက်ပွဲများဖြစ်လာတဲ့အခါ တပ်မ (၉၉) က ဝင်လာဖြေရှင်းတယ်ဆိုပြီး မုန်ဇလပ်တပ်ဖွဲ့ကို အရင်ရှင်းပါတယ်။ အိမ်ကြက်ချင်းခွပ်ပြီး ပန်းနေတဲ့ မုန်ဇလပ် တပ်များ လက်နက်ချလိုက်ရပါတယ်။

ဒီနောက်ဆွေးနွေးရအောင်ဆိုပြီး(၂၄၊ ၁၁၊ ၂၀၀၀) ရက်နေ့ ဟေမုန်လုံမှာ လီနမင်တို့ကိုခေါ် တတပ်လုံးလူ (၂၀၀ ကျော်)ကို သွေးအေးအေးနဲ့သတ်ဖြတ်လိုက်ပြီး မုန်ကိုးဒေသတခုလုံးကို ဗမာ့တပ်မတော်က သိမ်းယူလိုက်ပါတယ်။

မုန်ကိုးဒေသကို ကိုးကန့်ကခွဲထုတ်သိမ်းပိုက်ပြီး ဗမာ့တပ်မတော်ဟာ ကိုးကန့်ကိုထပ်မံခွဲထုတ်ရေး လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်မခံနိုင်တဲ့ဖုန်ကြားရှင်ကို (ငါးကြင်းဆီနဲ့ ငါးကြင်းကျော်သလို) နယ်ခြား စောင့်တပ်ဖွဲ့ရေးလက်ခံတဲ့သူများက စစ်တပ်အကူအညီနဲ့ မောင်းထုတ်ပစ်လိုက်ပါတယ်။ အဲဒီတော့ အဲဒီသတင်းစာများကပဲမူးယစ်ဆေးဝါးဘိန်းရာဇာ ဖွတ်ကြားရှင်လို့ ပြန်အပုပ်ချလာပါတယ်။ (အခု အလွန်အမင်းချမ်းသာနေကြတဲ့ ဗမာတပ်မ တော်ဗိုလ်ချုပ်ကြီးများ ဘိန်းမူးယစ်ဆေးဝါးများကရခဲ့တဲ့ငွေတွေနဲ့ လွတ်ကင်းကြပါသလား။) ၂ဝ၁၅ မှာတော့ ဖုန်ကြားရှင်ရဲ့ ဦးဆောင်မှုနဲ့ ကိုးကန့်အဖွဲ့ (MNDAA) ပြန်ပေါ်လာပြီးကိုးကန့်ဒေသမှာ တိုက်ပွဲများ တဖန်ပြန်ပေါ်လာပါတော့တယ်။

ဒီအဖြစ်အပျက်တွေကိုကြည့်ရင် ဗမာ့တပ်မတော်ဗိုလ်ချုပ်ကြီးများဟာ ပြည်တွင်းစစ်ကို မရှည် ရှည်အောင် လုပ်နေတာ တွေ တွေ့ရမှာဖြစ်ပြီး၊ တိုင်းရင်းသားခေါင်းဆောင်များ ဘာကြောင့် ဒီစစ်တပ်ကိုရော၊ ဒီဗိုလ်ချုပ်ကြီးများကိုရော မယုံကြည်ကြရ သလဲဆိုတာ သိနိုင်ပါတယ်။ ငြိမ်းချမ်းရေးကိုမလိုချင်သူတွေဟာ ဒီဗိုလ်ချုပ်ကြီးများပဲဖြစ်ပါတယ်။ ဒါကို နယ်စပ်တကြော နေထိုင်နေရတဲ့တိုင်းရင်းသားများသာမက ပြည်တွင်းကဗမာလူမျိုးအများစုအပါအဝင် ပြည်သူလူထုကြီးတရပ်လုံး သိရှိနားလည် လာနေပြီး ပြည်သူလူထုရဲ့စစ်ပွဲတွေရပ်ပစ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ တောင်းဆိုတိုက်ပွဲဝင်သံတွေ ပိုကျယ်လောင် လာနေပါပြီ။ ပြည်တွင်းစစ်တိုက်နေရတဲ့စစ်သည်များအားလုံး ဒီသမိုင်းဝင်တိုက်ပွဲကြီးအတွင်းပါဝင်လာအောင် ဝိုင်းကြိုးစား ရပါလိမ့်မယ်။ အဓိကအင်အားအကြီးဆုံးဖြစ်တဲ့ ဗမာ့တပ်မတော်ကြီးထဲက (စွန့်ပဲ စွန့်ရပြီး မစားရတဲ့) အောက်ခြေတပ်သားများ ပါ ပါဝင်လာအောင်ကြိုးစားကြပါစို့။

လှကျော်ဇော
၁၆၊ ၅၊ ၂ဝ၁၈။

Comments