လင်းသီ ● အဆီအ​ငေါ်မတည့်​တဲ့ ကဗျာ


လင်းသီ ● အဆီအ​ငေါ်မတည့်​တဲ့ ကဗျာ
(မိုးမခ) မေ ၈၊ ၂၀၁၈

စိတ်​ဝင်​စားစရာမ​ကောင်းတဲ့အ​ကြောင်း​တွေထဲမှာ
ကိုယ့်​အ​ကြောင်းက ထိပ်​ဆုံးမှာရှိတယ်
ဖြစ်​ပြီးရင်​ ပျက်​မယ်​ဆိုတာ အာမဘ​န္တေခံနိုင်​​ပေမယ့်
ပျက်​ပြီးရင်​ ပြန်​ဖြစ်​ဖို့်က​တော့
ကံ​သေကံမ တွက်​လို့မရတဲ့ကာလကြီးမှာ
စားပွဲထိုးမ​လေးရဲ့ အပြုံးတုကို
စီးကရက်​နဲ့ ဖဲ့ဖဲ့မြည်းရတဲ့အရသာကို
ကိုယ့်​အသက်​ဓာတ်​ထက်​ ပိုချစ်​လာကြ။

ဒီ​ခေတ်​ကြီးထဲမှာဆိုရင်
မိုဘိုင်းဂိမ်းကို ပက်​​ကေ့ခ်ျ​မလိုဘဲ
ဆော့နိုင်​ခဲ့ရင်​ အ​ကောင်​ပဲ။

ကိုယ်​ဘူမှန်း လူရှိန်​​အောင်​ ချချပြ​နေရတာကိုက
အနုပညာတရပ်​လို ထွန်းကားလာတဲ့အရပ်​ထဲ
ကိုယ်​က​တော့ ပင်​လယ်​​ယောင်​​ဆောင်​ထားတဲ့သူ​။

တိမ်​လို​ လေလို ယဉ်​​ကျေးမှု​တွေကြား
အမှားကို ရှက်​တတ်​ရင်​ လူဖြစ်​ပြီ။

မ​တော်​တဆများ သစ္စာတရားကိုရှာ​တွေ့ခဲ့ရင်​​ပြောပါ
ငွေ​ကြေးရဲ့​စေရာ​နောက်​ကို ​ကောက်​​ကောက်​ပါ​အောင်
လိုက်​သွားကြတဲ့ နှလုံးသား​တွေရဲ့အ​ကြောင်း။

ကြာကြာ​ထောင်းမှ ​ညောင်းမှန်းသိလာမယ့်​အတူတူ
ရသမျှကို မငြူစူ​တော့ပါဘူး​။

နွေမှန်းသိ​အောင်​ ပူပြင်းပြနိုင်​ရမယ်​ဆိုရင်
ဘဝမှာ ​နေဝင်​ချိန်​​တွေကိုပဲ ချစ်​ပစ်​လိုက်​​တော့မယ်​။

ချစ်​သူ​ရေ ... ...
မင်းကလည်း ဘဝကို အ​သေသပ်​ဆုံးထုဆစ်​ချင်​သလို
ငါလည်းပဲ ဘဝကို အ​ပြောင်​​မြောက်​ဆုံးခြယ်​သချင်​တာ
မင်းက ဘဝကို သီချင်းလိုဆိုချင်​ခဲ့သလို
ငါကလည်း ဘဝကို ကဗျာလိုဖတ်​​နေချင်​တာ​ပေါ့
ဒါ​ပေမယ့်​ ကတ္တားမဖြစ်​ဘဲ ကံပုဒ်​သာဖြစ်​ခဲ့သူ
တို့နှစ်​​ယောက်​ကို ဘဝကပဲ ပြန်​စီရင်​​လေရဲ့
မျက်​နှာကျက်​​ပေါ်က မီး​တွေမှိတ်​ရင်
ငါတို့အိပ်​ကြရမှာပဲ မဟုတ်​လား
ဖတ်​ဖူးသမျှ​တွေထဲမှာ ဒီကဗျာက
မမြီးအ​မောက်​မတည့်​ဆုံး ဖြစ်​​ကောင်းဖြစ်​​နေမယ်
စိတ်​ဝင်​စားစရာ မ​ကောင်းတဲ့အ​ကြောင်း​တွေထဲမှာ
ကိုယ့်​အ​ကြောင်းက ထိပ်​ဆုံးမှာ​လေ။

လင်းသီ

Comments