လွင် (ဘော်တွင်း) ● ချစ်သူနှင်းဆီ
(မိုးမခ) မေ ၂၇၊ ၂၀၁၈
(မိုးမခ) မေ ၂၇၊ ၂၀၁၈
ဖော့ပိုက်ကလေးများကို အသာအယာဆွဲချွတ်လိုက်သောအခါ အချုပ်အနှောင်မှ လွတ်သွားသော နှင်းဆီပွင့်ချပ်တို့သည် အညောင်းအညာဆန့်လိုက်သည့်အလား ပွင့်အာလာလေသည်။ ရိုးတံတွေကို ညီအောင်ဖြတ်ရင်း မောင့်ကို ညာမိသည့် အကြောင်း တွေးမိနေသည်။ တကယ်တော့ ညိုမညာချင်။ ညာရတာမကောင်း။ မောင်ကိုညာဖို့ ရည်ရွယ်ချက်လည်းမရှိ၊ ညာမှဖြစ်မည့်အကြောင်းလည်းမဟုတ်ပါပဲ ညာရသည့်အတွက် စိတ်ပင်ပန်းရသည်။
ဘုရားစင်တွင် မိန်းမပျင်းပန်းဟုခေါ်ကြသော ဇော်စိမ်းတွေလည်း ပူဇော်ထားသည်။ အလွယ်တကူ မညှိုး ခြောက်တတ် သောကြောင့် ဘုရားပန်းအိုး အချိန်မှန်မလဲပဲထားလည်းရသဖြင့် မိန်းမပျင်းပန်းဟု ခေါ်ကြပုံရပါ သည်။ ဇော်စိမ်းတွေက အမြစ်တွေထွက်လာပြီး အပင်အဖြစ်ရှင်သန်နေသည်ကို ညိုသဘောကျသည်။ လှပအောင် တုပ်နှောင်ပြုပြင်ထားသော အဆင်သင့်ပန်းအိုးကလေးများမှ ဇော်စိမ်းများထက် သဘာဝအတိုင်း လွတ်လပ်စွာရှင်သန်သောပုံစံကို ပိုမိုနှစ်သက်ပါသည်။ ညိုကတော့ ပျင်းသည်ပဲဆိုဆို ဇော်စိမ်းကို ဘုရားစင်မှာ ပူဇော်မြဲ။
အဝါရောင်နှင်းဆီများက ပွင့်တချို့ငုံတချို့။ အပွင့်နှစ်ဆယ်ခန့်ထိုးထားခြင်းဖြစ်၍ ဝေဆာနေသည်။ နှင်းဆီပန်း အိုးကို ဘုရား မှာကပ်လှူရင်း မောင် အစစအရာရာအဆင်ပြေပါစေဟု ဆုတောင်းလိုက်သည်။ ညိုက ဘုရားဆု တောင်းလေ့ရှိသူမဟုတ်။ ဘုရားရှိခိုးလေ့ပင်မရှိ။ ဒီနှင်းဆီပန်းတွေက မောင့်အတွက်ဖြစ်သည်။ မောင့်လုပ်ငန်းတွေ အဆင်မပြေလှတော့ အမေက ဗေဒင်မေးလာသည်။ ကံဆိုးနေသည်တဲ့။ ဘုရားမှာ နှင်းဆီပန်းတွေဝေနေအောင် အမြဲကပ်လှူပါတဲ့။ ဗေဒင်တွေ ယတြာ တွေကို ယုံကြည်တတ်သူမဟုတ်ပေမဲ့၊ ဘုရားစင်မှာ ကျက်သရေ လည်းရှိ၊ အမေ့အတွက်လည်း စိတ်သက်သာရာရပါစေတော့ သဘောထားကာ နှင်းဆီပန်းတွေ ဘုရားလှူဖြစ်ခဲ့သည်။ ဘုရားပန်းအိုးလဲတိုင်းလည်း မောင်အဆင်ပြေစေဖို့ ဆုတောင်းမိ သည်သာ။
မောင်အဆင်ပြေမှဖြစ်မည်။ သားသမီးတွေကကြီးလာပြီ။ မောင့်အပေါ်တွင်မှီခိုနေရသော ညိုတို့မိသားစုတခုလုံးမှာ မောင် အဆင်မပြေလျှင် အားလုံးဆောက်တည်ရာမဲ့ရသည်။ မောင်သည် ညို့အတွက်သာမက မိသားစုတခု လုံးအတွက် အခရာ။ ဒါကိုမောင်သေသေချာချာသိပါသည်။ မောင်ကိုယ်တိုင်လည်း ဒီနေရာကို ကျေနပ် နှစ် သက်စွာရယူထားခြင်းပဲဖြစ်သည်။
မောင့်လုပ်ငန်းအဆင်ပြေနေကတည်းက ညိုက အလုပ်လုပ်ချင်သည်။ ဝင်ငွေရှာချင်သည်။ ကလေးတွေ လက် လွှတ်ရချိန်မှာ အိမ်ထောင်မကျခင်က အလုပ်လုပ်ခဲ့ဖူးသောစာရင်းကိုင်အဖွဲ့နှင့် ပြန်ချိတ်ပြီး အလွတ်စာရင်းကိုင် အလုပ်ကို လုပ်ဖြစ်သည်။ ဝန်ထမ်းလိုလည်းချည်နှောင်မှုမရှိ၊ အချိန်မှန်ရုံးတက်နေစရာလည်း မလို၊ လွတ်လပ် ပြီး ဝင်ငွေလည်းအသင့်အတင့်ရကာ ညိုသင်ထားသောပညာကိုလည်းအသုံးချနိုင်သဖြင့် ညိုပျော်သည်။ မောင် အဆင်မပြေချိန်မှာတော့ ညိုလုပ်နေသောအလုပ်သည် မောင့်နေရာကိုဖယ်ထုတ်ဖို့ကြိုးစားနေခြင်းဟု ထင်မြင် လာပုံရပါသည်။
သစ်တပင်ကောင်းတော့ ငှက်တသောင်းခိုရသည်မဟုတ်ပါလား။ အနည်းငယ်ညှိုးခြောက်ချိန်မှာ ဒီအပင်မှာ မခို ချင်ကြတာ အဆန်းမဟုတ်ပါ။ လုပ်ငန်းအဆင်ပြေနေတုန်းက ဝိုင်းရံနေသောမိတ်ဆွေများ၊ ဆွေမျိုးများအတော် များများသည် မောင့်ထံမှ ထွက်ခွာသွားကြသည်။ အရိပ်ကောင်းကောင်းမပေးနိုင်တော့သောမောင့်ကိုစွန့်ကာ အရိပ်ကောင်းသော အပင်များသို့ ပြောင်းလဲအရိပ်ခိုကြသူများကို မောင်ရောညိုပါ အပြစ်မမြင်ပါ။ သဘာဝပေပဲ။ ဒါပေမဲ့ မောင့်စိတ်ထဲမှာတော့ ကြိတ်မှိတ်ခံစား နေရပုံပေါ်သည်။ အများအမြင်မှာ ရွှင်ပျသယောင် ဆောင်နေ သော်လည်း မောင်စိတ်မချမ်း သာလှကြောင်း ညိုသိပါသည်။ သိခဲ့ပါသည်။ ညိုမသိခဲ့သည်က ညို့ကိုပါ အရိပ် ကောင်း၍ ခိုသောငှက်တကောင်ဟု မောင်သံသယဝင်နေခြင်းပင်။ ညိုသည် မောင်နှင့်အတူ တသားတည်း ဖြစ်တည်နေသော အကိုင်းအခက်တခုဆိုတာ မောင် ခေတ္တမျှမေ့လျော့သွားခဲ့ပါသည်။
မောင်သည် ညို့ကိုအလုပ်အပ်လေ့ရှိသော ကုမ္ပဏီပိုင်ရှင်တယောက်နှင့်ယိုးစွပ်ကာ ညို့ကို စိတ်ဆင်းရဲစေခဲ့သည်။ အ ကြောင်းပြချက်မယ်မယ်ရရမရှိ၊ လက်ညှိုထိုးစရာအမှားအယွင်းမရှိဘဲ မောင်စတင်စွပ်စွဲပြောဆိုစဉ်က အံ့အားသင့်ကာ မောင့်ကို စိတ်အဆိုးကြီးဆိုးခဲ့သည်။ အနာကြီးနာခဲ့သည်။ မောင်သည် အတ္တကြီးလှပါလား။ မောင့်အနားမှခွာသွားကြသော မောင့်အပေါင်းအသင်း သာပေါင်းညာစားများနှင့် ညို့ကို တတန်းထဲသဘော ထားခဲ့ပါလား။ ညို့ကိုအထင်သေးလှပါလားဟု ယူကျူံးမရဖြစ်ခဲ့ရသည်။ မောင်သည် ညို့ကို စွပ်စွဲပြောဆိုရ သည်ကို နှစ်နှစ်ခြိုက်ခြိုက်ကြီး ကျူးလွန်ခဲ့သည်။ ညို့ရဲ့ဖုန်း၊ အီးမေးလ်၊ လူမှုကွန်ယက်အားလုံးကို စောင့်ကြည့် စစ်ဆေးသည်။ တွေ့သမျှယောက်ျားနှင့် စွပ်စွဲသည်။ ချစ်လို့သဝန်တို သည်ဆိုသော အကြောင်းပြချက်ကို အကာ အကွယ်ယူကာ ညို့မျက်ရည်ကို အရသာရှိရှိ သောက်သုံးခဲ့ပါသည်။
ဖြတ်တောက်ထားသော နှင်းဆီရိုးတံများ၊ အရွက်များကိုသိမ်းဆည်းနေသောညို့လက်ကို ဆူးတချောင်းက မျက် ခနဲစူးလေ သည်။ ရုပ်ရှင်တွေ၊ ဝတ္တုတွေထဲကလို သွေးမထွက်ပါ။ သွေးထွက်လျှင်တယုတယ ဆေးထည့်ပေး မည့်သူလည်းမရှိပါ။ ဒီနှင်းဆီဆူးဒဏ်လောက်ကို ညိုကလည်းမမှုပါ။ ညို့ရင်ထဲကနှုတ်မရသော ဆူးကို အနာ ဖေးအထပ်ထပ်တက်စေကာ ညို့ဘာသာကုစားခဲ့ရသည်ပဲ။ မေ့ပျောက်ထားဖို့ ကြိုးစားသော်လည်း အကြောင်းတိုက်ဆိုင်တိုင်း တစစ်စစ်ကိုက်ခဲနေ တတ်သည်ကို မနာယောင်ဟန်ဆောင်ထားခဲ့ပါသည်။ မောင့်ကိုနှစ်သိမ့် အားပေးရမည်မှာ ညို့တာဝန်၊ ညို့ဝတ္တရား၊ ညိုရဲ့ အချစ်ပင်မဟုတ်ပါလား။
အဆင်ပြေစဉ်က ဝန်းရံနေခဲ့သူများစွန့်ခွာသွားချိန်၊ မောင်စိတ်ဓာတ်ကျသောအချိန်တွင် ဖောက်ခွဲ၊ ပေါက်ကွဲ စရာအဖြစ် ညို့ကိုသဘောထားခဲ့ပုံပင်။ တမင်တကာသဘောထားသည်မဟုတ်စေဦးတော့၊ ညို့အပေါ်မှာပဲ မောင်ဖောက်ခွဲနိုင်ခဲ့ပုံပင်။ ဒါသည်ပင်လျှင် ညို့အပေါ်ထားတဲ့မောင့်ရဲ့ယုံကြည်မှု မဟုတ်ပေဘူးလား။ မောင်ဘယ်လိုပြောပြော၊ ဘယ်လိုပဲစိတ်ဆင်းရဲ အောင်လုပ်လုပ် ညိုသည် မောင့်ကိုစွန့်ခွာသွားမည့်သူမဟုတ်ဟု မောင် ယုံကြည်ခဲ့သည်၊ အနည်းဆုံး၊ မောင့်ရဲ့မသိစိတ်မှာ ညို့ကို ယုံကြည်စိတ်ရှိနေသည်ဟု ညို့ဘာသာ ဖြေတွေးတွေးရသည်။
မောင့်ကိုကြိုးစားနားလည်ပေးနိုင်ပေမဲ့ ညို့ရဲ့အလုပ်ကိုတော့ ညိုမစွန့်ခဲ့ပါ။ မိသားစုတခု ကောင်းစွာနေထိုင်စား သောက်နိုင် လောက်အောင်ရသော ဝင်ငွေကို ညိုမစွန့်နိုင်ပါ။ မောင့်စွပ်စွဲစကားတွေကြောင့် ညိုအလုပ် မလုပ် ရတော့ဘူးဆိုလျှင် ညို့ အတွက်မတရားပါ။ စိတ်ဆင်းရဲရသည့်ကြားမှ ညို့အလုပ်ကို ဆက်လုပ်သည်။ အလုပ် အပ်သောကုမ္ပဏီပိုင်ရှင်နှင့် အလုပ်သဘောဆက်သွယ်မှုများပြုရတိုင်း၊ စကားပြောရတိုင်း မောင့်ကို ရင်ဆိုင်ရသည်။ အလုပ်အတွက် အဆက်အသွယ်ပြုရမှာကို ကြောက်နေသည်အထိ ညို နာကျင်ခဲ့ရပါသည်။ ညို့ကို စိတ်ညစ်နာကျင်စေချင်ရုံသက်သက်ဆိုလျှင်တော့ မောင့်ရည်ရွယ် ချက် အောင်မြင်သည်ဟု ညိုဆိုပါမည်။ မောင့်မှာ အဲဒီလိုရည်ရွယ်ချက်မရှိဘူးဟုညိုယုံကြည်ချင်မိသည်။ မောင်က စိတ် ဓာတ်ကျတာကို ဖြေရှင်းပုံလွဲခဲ့တာလို့ပဲ ညို ယူဆချင်ပါသည်။
ညိုရင်ဆိုင်ရသည်က မောင်တစ်ယောက်ထဲကိုမဟုတ်ပါ။ မောင့်အသိုင်းအဝိုင်းထဲက၊ ညို့အသိုင်းအဝိုင်းထဲက ယောက်ျားက မကြိုက်ရင်မလုပ်နဲ့ပေါ့ဆိုလာသူများ၊ ယောက်ျားက အေးအေးနေစေချင်တာကို နေလိုက်ပေါ့ဆိုလာသူများ၊ ညည်းမလုပ်လဲ မငတ်ပါဘူးအေ၊ ယောက်ျားစိတ်ချမ်းသာအောင်ထားပါဟု ဆိုလာသူများကိုလည်း ညို တွန်းလှန်ရပါသည်။ ညိုလုပ်သော အလုပ်သည် ဖောက်ပြန်သောအလုပ်မဟုတ်၊ ဥပဒေနှင့်မညီသော အလုပ်မဟုတ်၊ မတရားသောအလုပ်မဟုတ်၊ ခိုးကြောင်ခိုးဝှက်လုပ်သောအလုပ်လည်းမဟုတ်ပါပဲ ယောက်ျားက မကြိုက်ဘူး ဆိုတာတခုထဲအတွက် ညိုက လက်လျော့ရမည်လား။ ညိုမလျော့ပါ။ ဒါကြောင့်လည်း ပိုလို့နာကျင် ပင်ပန်းရသည်။
နောက်တော့လည်း မောင့်ဆီက သံသယစကားစထွက်လာလျှင် ညို့စိတ်ကိုထိန်းရသည်။ ညိုက အားပေးရမည့်တာဝန်၊ ဖေးမရမည့်တာဝန်ရှိသူ။ အခုမောင့်အနားမှာ ညိုကလွဲလို့ ဘယ်သူမှမရှိ၊ ညိုကမှ နားလည်မပေးဘူးဆိုလျှင် မောင့်ကို ဘယ် သူကမှ နားလည်မည်မဟုတ်တော့ဟုတွေးကာ ခံစားချက် မပြင်းထန်အောင် ထိန်းရ သည်။ မောင့်ကို စိတ်ထိန်းဖို့၊ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ဖို့၊ ရင်းနှီးသောသူငယ်ချင်း တယောက်ယောက်နှင့် ရင်ဖွင့်တိုင်ပင်ဖို့ အကြံပေး နိုင်အောင်ကြိုးစားရသည်။ နိုင်ငံတကာမှာလို စိတ်ရောဂါကုဆရာဝန်ထံ သွားရောက် တိုင်ပင်သော အလေ့အကျင့်ရှိလျှင် ဘယ်လောက်ကောင်းမည်နည်း ဟု ညိုတောင့်တမိပါသည်။
သည်အခြေအနေမျိုးဖြင့် သုံးနှစ်ကျော်ခန့် အလူးအလဲဖြတ်သန်းခဲ့ရပြီးပြီ။ အခုအချိန်တွင် မောင်သည်ညို့ကို စွပ်စွဲစကား မပြောတော့သော်ငြား အချိန်မရွေး ပြန်လည်ပေါက်ကွဲလာနိုင်သော အနေအထားတွင်ပင် ရှိနေပါ သေးသည်။ ဘယ်လောက်ပဲ မောင့်ကိုနားလည်ပေးသည်ဆိုဆို၊ ညို့ဒဏ်ရာကို ဘယ်လိုပဲ ကုစားခဲ့သည်ဆိုဆို၊ မောင်သည် သူ့ကိုယ်သူ ဘယ်လောက်ပဲ ထိန်းသည်ဆိုဆို၊ မောင်နှင့်ညို့အကြား မမြင်သာသော စိတ်အလွှာပါးလေးတခု ခြားခဲ့ပါသည်။
နှင်းဆီရိုးတံတွေ၊ အရွက်တွေကို အမှိုက်ပုံးထဲထည့်လိုက်သည်။ ဘေစင်ထောင့်မှာ ကပ်ကျန်နေသော နှင်းဆီဖူး စွပ်သည့် ပိုက်ကလေးကိုကောက်ပြီး လက်ချောင်းတွေထိုးထည့်ကာ ကျဉ်းကြည့်၊ ကျယ်ကြည့်နေမိသည်။ ညာခဲ့သည်ကို ဝန်ခံလိုက်ရ မည်လားတွေးသည်။ အမှားမလုပ်၊ မဟုတ်တာမလုပ်ပဲ ညာရသည်ကို ညို့ဘာသာ စိတ်တိုသည်။ နေရခက်သည်။ မနေ့က ထိုကုမ္ပဏီပိုင်ရှင်နှင့်၊ အခြားလုပ်ဖော်ကိုင်ဖက်များနှင့်အတူ အလုပ်တခုအတွက် တွေ့ဆုံတိုင်ပင်ကြခြင်းဖြစ်သည်။ မောင့်ကို တော့ စာအုပ်ပြပွဲတခုကိုသွားမှာဟု ညာပြောခဲ့သည်။ တကယ်တော့ ကောင်းစွာမကျက်သေးသောအနာကို မောင်ပြန်ဆွမှာ ကြောက်လို့ဖြစ်သည်။ ညိုမနာကျင်ချင် တော့ပါ။
ဘုရားစင်ပေါ်မှာတော့ မောင့်အတွက် နှင်းဆီတွေသည် ဇော်စိမ်းတို့၏အစိမ်းရောင်ရင့်ရင့် နောက်ခံတွင် ဝင့်ကြွား လှပနေ ပါသည်။
လွင် (ဘော်တွင်း)
Comments