ခင်မောင်စော (ဘာလင်) ● လူတော်လူကောင်းလော၊ သူတော်ကောင်းကြီးလော

ခင်မောင်စော (ဘာလင်) ● လူတော်လူကောင်းလော၊ သူတော်ကောင်းကြီးလော
(မိုးမခ) မေ ၁၀၊ ၂၀၁၈

တခါက အနောက်တိုင်းသားတယောက်ရှိခဲ့ဘူးသည်။ ထိုသူက ထူးဆန်း၏။ ဆေးလိပ်မသောက်၊ အရက်မသောက်ပေ။ သူတို့ပြည်တွင် ရေလိုသောက်နေသော ဘီယာကိုပင် ပွဲလမ်းရှိမှ တခွက်၊ နှစ်ခွက်လောက်ပဲ သောက်တတ်သည်။ ကလေး များကို ချစ်တတ်သည်ဟု အဆိုရှိသည်။ တိရစ္ဆန်များအား သနားကြင်နာသည်ဆိုပြီး သက်သတ်လွတ်စား၏။ အနုပညာလည်း ဝါသနာပါပြီး ပန်းချီဆရာလုပ်ချင်သည်။ မိန်းမကိစ္စလည်း မရှုပ်ပါ။ တသက်လုံးတွင် အများဆုံး ရည်းစားသုံးယောက်သာရှိခဲ့ပြီး နောက်ဆုံးရည်းစားကို လက်ထပ်ယူခဲ့သည်။

ကိုယ့်မွေးရာဇာတိနိုင်ငံမှာ လူရာမဝင်ဘဲ အိမ်နီးချင်းနိုင်ငံမှာ ကြီးပွားသွားသည်။ ကြီးပွားသည်ဆိုရာ၌ ဝန်ကြီးချုပ်တက်ဖြစ်၊ နောက်ပိုင်း သမတအထိ ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံသားများက သူ့ကိုကြည်ညိုလိုက်ပုံများကတော့ သူ့ကို အတင်းနိုင်ငံသား ပေးပြီး သုံးလအတွင်း ဝန်ကြီးချုပ်တက်ဖြစ်၊ နောက်ပိုင်း သမတတက်ဖြစ်ကာ သူပြောသမျှလိုက်လုပ်၊ "သူလက်ညှိုးညွှန်ရာ ရေဖြစ်" ဆိုသော စကားအတိုင်းပင်တည်း။

ထိုသူ့ကို လူတော်လူကောင်း၊ သူတော်ကောင်းကြီးဟု ထင်ပါသလား။

မဟုတ်ပါခင်ဗျား။ လူသန်းနဲ့ချီသတ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်မီးမွှေးခဲ့သူ ဂျာမန်အာဏာရှင် ဟစ်တလာသာဖြစ်ပါ၏။

သူ ဂျာမန်အာဏာရှင်ဖြစ်လာပြီး ၁၉၃၈ မတ်လ ၁၂ ရက်၌ သူ့မွေးရာဇာတိ ဩစတြီးယားနိုင်ငံကို ချီတက်သိမ်းပိုက် (နာဇီ တွေရဲ့အသုံးအရ နှစ်နိုင်ငံပူးပေါင်းလိုက်) ပြီး မဟာဂျာမနီနိုင်ငံတော်ကြီးအဖြစ် တည်ထောင်ခဲ့ပါသည်။ ဂျာမန်စကားဖြင့် Anschluss Oesterreichs (အန်ရှလုစ် အရို့စတားရိုက်စ်) ဟုခေါ်ပြီး ဩစတြီးယားနှင့်ပူးပေါင်းခြင်းဟု အဓိပ္ပါယ်ရပါသည်။

ယခုခေတ် ဩစတြီးယားနိုင်ငံသားအများစုက ဟစ်တလာသည် ဂျာမန်အာဏာရှင်အနေဖြင့်လုပ်ခဲ့ခြင်းကြောင့် သူ့လုပ်ရပ် များသည် ဩစတြီးယားနိုင်ငံနဲ့မဆိုင်ဟုဆိုနေကြသော်လည်း ဟစ်တလာ ဩစတြီးယားနိုင်ငံကို ချီတက်သိမ်းပိုက်ချိန်တွင် လမ်းပေါ်ထွက်ကြိုဆိုသူ အများအပြားရှိခဲ့ပါသည်။ ဟစ်တလာခေတ် ဂျာမနီပြည်၌ ဂျာမန်စကားကို ဟစ်တလာပြောသကဲ့သို့ ဩစတြီးယားသံဝဲဝဲနဲ့ပြောသော ဖက်ရှင်လည်း ခေတ်စားခဲ့ပါသေးသည် ။

● သရဲမွေးမိသူ
တခါကသြစတြီးယားပြည် ဗီယင်နာမြို့တော် (ဂျာမန်အမည် Wien ဗီးန်း) ကို ဖြတ်စီးနေသော ဒဲန်နျုဘ်မြစ် Danube (ဂျာ မန်အမည် Donau ဒိုနောင်း) ကမ်းခြေ၌ ဘာမျှမအောင်မြင်၍ သူ့ဘဝကိုစိတ်နာပြီး ရေထဲခုန်ချကာ မိမိကိုယ်ကိုမိမိ သတ် သေမည်လုပ်နေသောလူငယ်တယောက်ကို စိတ်ပညာဆရာကြီးတယောက်ကတွေ့ပြီး လူ့ဘဝသည် အဖိုးမဖြတ်နိုင်ကြောင်း၊ ယခုမအောင်မြင်သော်လည်း နောင်တနေ့တွင် အောင်မြင်နိုင်ကြောင်း၊ ဤအရပ်၌မအောင်မြင်သော်လည်း အခြားအရပ်၌ အောင်မြင်နိုင်ကြောင်း စိတ်ဓာတ်မြှင့်တင်ပေးလိုက်ရာ ထိုလူငယ်ကလည်း မိမိကိုယ်ကိုမိမိ သတ်သေတော့မည် မဟုတ် ကြောင်းကတိပေးပြီး ပြန်သွားလေသည်။

နောင် အနှစ်အစိတ်ခန့်ကြာသောအခါ ထိုလူငယ်ကိုကယ်မိသော စိတ်ပညာဆရာကြီးသည် မိမိကိုယ်ကိုမိမိ သတ်သေချင် စိတ်ပေါ်လာလေတော့သည်။ အကြောင်းမှာ သူကယ်မိသောလူငယ်သည် လူသန်းနှင့်ချီသတ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်မီးမွှေးခဲ့သူ ဂျာမန်အာဏာရှင် ဟစ်တလာဖြစ်လာသောကြောင့်ပင်တည်း။

● ဒီလိုဖြစ်လာမယ်မှန်းသိခဲ့ရင် သူ့ကိုမကယ်ခဲ့ပါဘူး 

၁၉ ရာစုအကုန်ပိုင်း ၁၈၉၇ က သြစတြီးယားပြည် လင့်စ်မြို့ (Linz) နားက ချောင်း၌ ၈ နှစ်အရွယ်ကျောင်းသားကလေးတယောက် ရေနစ်သည်။ ၁၀ နှစ်အရွယ်ကျောင်းသားကလေးတယောက်က အသက်ကယ်ခဲ့သဖြင့် ထို ၁၀ နှစ်အရွယ်ကျောင်းသားကလေး သူရဲကောင်းဆုတံဆိပ်ရသည်။

နောင် အနှစ် ၄၀ ခန့်ကြာသောအခါ သူရဲကောင်းဆုတံဆိပ်ရသည့်ကျောင်းသားသည် သူ၏သူရဲကောင်းဆုတံဆိပ်ကို လွှင့် ပစ်လိုက်ပြီး "ဒီလိုဖြစ်လာမယ်မှန်းသိခဲ့ရင် သူ့ကိုမကယ်ခဲ့ပါဘူး" ဟု ဆိုလေသည်။  အကြောင်းမှာ သူကယ်မိသော ၈ နှစ် အရွယ်ကျောင်းသားကလေးသည် လူသန်းနှင့်ချီသတ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်မီးမွှေးခဲ့သူ ဂျာမန်အာဏာရှင် ဟစ်တလာဖြစ်လာသောကြောင့်ပင်တည်း။ 

Comments