မျိုးတေဇာမောင် ● တိုးမာ့ရှ် ဆာလမန်းရဲ့ကဗျာ (၂) ပုဒ်
Tomaž Šalamun (1941-2014)
(မိုးမခ) မေ ၂၀၊ ၂၀၁၈
(မိုးမခ) မေ ၂၀၊ ၂၀၁၈
ဆလိုဗေးနီးယန်း ကဗျာဆရာ တိုးမာ့ရှ် ဆာလမန်း (၄၊ ဇူလိုင်၊ ၁၉၄၁ -၂၇၊ ဒီဇင်ဘာ၊ ၂၀၁၄) ကို စစ်ပြီးခေတ် အလယ်ဥရောပ နီယို အာဗွန်းဂတ်ကဗျာရဲ့ဦးဆောင်ကဗျာဆရာအဖြစ် သတ်မှတ်ကြပါတယ်။ သူကို့ Absurdist တယောက်လို့လည်း ပညာ ရှင်တချို့က သတ်မှတ်ကြပါတယ်။ "ဘဝမှာ ကြိုတင်သတ်မှတ်ပြဌာန်းထားတဲ့အဓိပ္ပါယ်တွေ မရှိ" လို့ လက်ခံသူလို့ ပြောနိုင် မယ်ထင်ပါတယ်။
သူ့ရဲ့ကဗျာဗေဒဟာ ဥရောပအဟောင်းနဲ့ အမေရိက ကြားပေါင်းကူးပေးတဲ့ ကဗျာဗေဒတံတားလို့ ၂၀၀၁ ခုနှစ်၊ မေလ ၁၃ ရက်နေ့ထုတ် The Hour သတင်းစာမှာရေးသားခဲ့တာ တွေ့ရပါတယ်။
တိုးမာ့ရှ် ဆာလမန်း ရဲ့ အမေဘက်က မိသားစုဟာအီတလီမှာရှိတဲ့ ဆလိုဗေးနီးယန်း လူနည်းစု ကနေပေါက်ဖွားလာတာဖြစ်ပြီး ၁၉၂၀ နှစ်တွေမှာ ဇွတ်အတင်းအကြပ် အီတလီဇာတ်သွင်းမှုကြောင့် ယူဂိုဆလားဗီးယား ဘက်ဆီပြေးလာခဲ့ရတဲ့ ထောင် ပေါင်းများစွာသော ဆလိုဗေးနီးယန်းမိသားစုတွေထဲက တစုဖြစ်ပါတယ်။ ၁၉၆၀ မှာတော့ ဆာလမန်းဟာ University of Ljubljana မှာ အနုပညာသမိုင်းနဲ့ သမိုင်းဘာသာရပ်ကို လေ့လာခဲ့ပါတယ်။
၁၉၆၄ မှာ Perspektive မဂ္ဂဇင်း ရဲ့အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့တယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေမှာတော့ ဆာလမန်း ဟာ နိုင်ငံတကာမှာကျော်ကြားတဲ့ ကဗျာဆရာတယောက်ဖြစ်နေပါပြီ။ ဆာလမန်းရဲ့ကဗျာတွေကို သုံးသပ်သူတွေဟာ ကဗျာတွေကတဆင့် သူ့ကို အိပ်စပယ်ရီမင်န်တယ်လစ်၊ အာဗွန်းဂတ်စ်၊ ဆူရီရယ်လ်လစ်၊ Absurdist အမျိုးမျိုးသတ်မှတ်ကြပါတယ်။သတ်မှတ်ကြသလိုပဲ သူ့ကဗျာတွေဟာ မတူညီတဲ့ ဒီကရီမျိုးစုံကနေ ဖွဲ့ဆိုခဲ့ပါတယ်။၂၇၊ ဒီဇင်ဘာ၊ ၂၀၁၄ ဆလိုဗေး နီးယားနိုင်ငံ Ljubljana မှာ ဆာလမန်း ကွယ်လွန်ခဲ့တယ်။
ခြားနားချက်များ
====
သူ့မျက်လုံးတွေကို ခင်ဗျားဖွင့်ခဲ့သလား။
သူဟာ ဖေါ်ဖေါ်ရွေရွေမရှိဘူးလို့ ခင်ဗျားထင်လား။
သူ့မျက်လုံးတွေကို ကျနော် မဖွင့်ခဲ့ဘူး။
သူဟာ ဖေါ်ဖေါ်ရွေရွေမရှိဘူးလို့ ကျနော် မထင်ဘူး။
သူ့ကို ခင်ဗျား လောင်ကျွမ်းစေခဲ့လား။
သူ့ကို ခင်ဗျား တောင်ပံတွေတတ်ပေးမှာလား။
သူ့ကို ကျနော် မလောင်ကျွမ်းစေဘူး။
ကျနော်သူ့ကိုတောင်ပံတွေ တတ်မပေးဘူး။
သူ့အလုပ်အကိုင်ကဘာလဲ။
ကားဒရိုင်ဘာ။တနေကုန်လုံး ဖုန်မှုံ့တွေထဲမှာ
သူကားမောင်းနေတယ်။
နှင်းတွေကျတဲ့အခါ သူရောရွာကျလာသလား။
သူနဲ့ခင်ဗျား ဘယ်မှာဆုံခဲ့သလဲ။
သစ်တောထဲမှာ။
သူ လေသူရဲဖြစ်ချင်တယ်လို့ ပြောခဲ့တယ်။
တောင်ပိုင်းမှာ ပိုပြီးနွေးသလား သူသိချင်တယ်။
ပြီးတော့ ခြေရာတွေကြား ခြားနားမှု သိပ်များသလား သူသိချင်တယ်။
Tomaž Šalamun ရဲ့The Differences
ပန်းပွင့်နီနီတွေ
====
ပန်းပွင့်နီနီတွေ ကောင်းကင်မှာ ပွင့်ဖူးကြ၊ ဥယျာဉ်ထဲမှာ အရိပ်တခု။
အလင်းရောင် ထိုးဖောက်ချဉ်းနင်းလာတယ်၊ မြင်နိုင်ဖို့အလင်းမရှိ
ဒါဆို ဘယ်လိုကြောင့် အရိပ်ကိုတွေ့ရတာလဲ၊ ဥယျာဉ်ထဲမှာ အရိပ်တခု၊ ဝန်းကျင်မှာ ကျောက်တုံးဖြူဖြူကြီးတွေ ပြန့်ကျဲလို့၊ ငါတို့ကျောက်တုံးတွေပေါ် ထိုင်လို့ရတယ်။
ဝန်းကျင်ကတောင်ကုန်းတွေဟာ ကမ္ဘာပေါ်က တောင်ကုန်းတွေနဲ့ ဆင်တယ်၊ ပိုနိမ့်ရုံပဲ။
တောင်ကုန်းတွေဟာ လုံးဝချောမွတ်လို့။ ငါတို့လည်း လုံးဝပေါ့ပါးနေတယ်လို့ တွေးမိတယ်၊
ငါတို့ မြေပြင်ကို မထိတို့မိသလောက်ပဲ။ ငါခြေတလှမ်း လှမ်းတဲ့အခါ
ပန်းပွင့်နီနီတွေ နည်းနည်းနောက်ဆုတ်သွားတယ်ထင်ရတယ်။
လေဟာ မွှေးရနံ့သင်းပျံ့လို့၊ အေးလည်းအေးမြပြီး လောင်လည်းလောင်ကျွမ်းတယ်။
သက်ရှိမျိုးနွယ်သစ်တွေ တဖြည်းဖြည်းအနားတိုးလာတယ်၊
မမြင်ရတဲ့လက်က သူတို့ကို မြက်ခင်းပေါ် နူးနူးညံ့ညံ့လေး နေရာချပေးတယ်။
သူတို့ဟာ လှပတယ်၊ ငြိမ်သက်တယ်။
ငါတို့အားလုံး ဒီမှာ အတူတကွရှိနေကြ၊ ဒီနေရာဆီ ကူးခတ်လာတဲ့ သူတို့ထဲကတချို့ကိုတော့
လေထဲမှာတင် နောက်ပြန်လှည့်စေတယ်၊ ပြီးပိတ်ဆို့တယ်။
သူတို့ပျောက်ကွယ်သွားကြ၊ ငါတို့ သူတို့ကို နောက်ထပ်မတွေ့ရတော့ဘူး၊ သူတို့ ညည်းတွားကြ။
အခု ငါ့ခန္ဓာ ဟာ မီးလိုလောင်မြိုက်တဲ့ ဥမင်ထဲမှာလိုခံစားရ၊
ခန္ဓာဟာ ဂျုံမှုန့်ညက်လို လွင့်တက်သွားပြီး ကြယ်တွေထဲ ခွဲဖြာပြီး တဖွဲဖွဲရွာကျ။
ကောင်းကင်ဘုံ မှာ လိင်ကိစ္စမရှိ ၊ ငါ အထိအတွေ့ကိုမခံစားရဘူး၊
ဒါပေမယ့် သက်မဲ့၊ သက်ရှိ အားလုံး အလုံးစုံ စပ်ယှက်တယ်
သူတို့ခပ်သုတ်သုတ် ခွဲခွာကြတာဟာ ပိုပြီး နီးကပ်ပူးပေါင်းကြဖို့ သက်သက်အတွက်ပဲ
အရောင်တွေအငွေ့ပျံတယ်၊ အသံအားလုံးဟာ မျက်လုံးတွေထဲက ရေမြှုတ်တွေလိုပဲ။
အခု ငါသိပြီ၊ တခါတလေ ငါဟာ ကြက်ဖတကောင်
တခါတလေမှာ ဒရယ်ငယ်တကောင်
ငါ့ခန္ဓာကိုယ်ထဲ ကျည်ဆံတွေရှိတာငါသိတယ်၊
အခု သူတို့ အဝေးကိုတစ်စစီ လွင့်စင်ကုန်ကြပြီ
ငါအသက်ရှူရတာ လွှတ်လှပေါ့
ငါ့ကိုမီးပူနဲ့တိုက်နေသလိုခံစားရတယ်၊
လုံးဝမလောင်ကျွမ်းဘူး။
Tomaž Šlamun ရဲ့ Red Flowers
Comments