ဇော်အောင် (မုံရွာ) ● အီသီယိုပီးယား


ဇော်အောင် (မုံရွာ) ● အီသီယိုပီးယား
(မိုးမခ) မေ ၃၊ ၂ဝ၁၈

● နိဒါန်း
မေလ ၂ဝ၁၈ မှာ နာဂစ်မုန်တိုင်း ၁ဝ နှစ်မြောက် အောက်မေ့သတိရကြပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးခရီး၊ ၁ဝ နှစ်မြောက်လို့ ပြောနိုင်ပါတယ်။ ၁ဝနှစ် အကြာမှာ တခါက ငတ်ပြတ်ခဲ့တဲ့ အီသီယိုပီးယားနိုင်ငံ အကြောင်း ရေးချင်လာပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက အီသီယိုပီးယား ဆင်းရဲမွဲတေမှုလောက် မဆိုးသေးပေမဲ့ သူ တို့နိုင်ငံက လေ့လာစရာတွေရှိပါတယ်။

၁။ မြန်မာနိုင်ငံမှာ ပိန်လှီစုတ်ပြတ်နေရင် အီသီယိုပီးယားကလာသလားလို့ နောက်ပြောင်ပြောကြပါတယ်။ အီသီယိုပီးယား နိုင်ငံဟာ မြန်မာနိုင်ငံထက် လူဦးရေ ၂ ဆလောက် (၁ဝ၅ သန်း) ရှိပြီး၊ ဧရိယာ အကျယ်အဝန်း မြန်မာထက် ၂ ဆလောက် ကြီးပါတယ်။ ခရစ်ယန် သမ္မာကျမ်းစာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃ ထောင်ကျော် အစ္စရေးပညာဉာဏ်ကြီးလှတဲ့ အစ္စရေး (ဂျူး) ဆော်လမွန်ဘုရင်ကြီးနဲ့ အီသီယိုပီးယား ရှေဘ ဘုရင်မဇာတ်လမ်းရှိပါတယ်။ ယဉ်ကျေးမှုထွန်းကားတဲ့ အာဖရိကနိုင်ငံကြီး တခုဖြစ်ခဲ့ပါတယ်။ ၁၉၇၄ မှာ ဘုရင်စနစ် King Haile Helassie ကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းပါတယ်။ စစ်အာဏာ ရှင်အုပ်ချုပ်တော့ အလွန်ဆင်းရဲမွဲတေသွားပြီး ၁၉၉၁ ခုနှစ်မှာ စစ်တပ်အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုများ က နှေးကွေးပေမဲ့ အီသီယိုပီးယားအစိုးရက ကုလသမဂ္ဂ UNIDO နဲ့ ပူးပေါင်းလုပ်ဆောင်ပါတယ်။ တရုတ်နိုင်ငံကလဲ စိုက် ပျိုးရေးနဲ့ လျှပ်စစ်အတွက် ဆည်တွေတည်ဆောက်၊ အဂတိ ပပျောက်ရေးတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

၂။ လူမှုစီးပွား အချက်အလက်များ နှိုင်းယှဉ်ချက်
လက်ရှိအခြေအနေမှာ GDP per capital မှာတော့ မြန်မာ (ဒေါ်လာ ၆၃ဝဝ) ၊ အီသီယိုပီးယား (ဒေါ်လာ ၂၂ဝဝ) ဖြစ်ပြီး၊ GNI per capital မှာလည်း မြန်မာ (ဒေါ်လာ ၁၁၉ဝ)၊ အီသီယိုပီးယား (ဒေါ်လာ ၆၆ဝ) ဖြစ်လို့ မြန်မာနိုင်ငံက အီသီယိုပိးယား ထက် သာနေပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်က မြန်မာတိုးတက်လာတာကို တွေ့ရပါတယ်။ အီသီယိုပီးယားက ကုန်းတွင်းပိတ် နိုင်ငံဖြစ်ပြီး နိုင်းမြစ်ကြီး ဖြတ်သန်းသွားလို့ရှေးခေတ်ကာလကတည်းက စိုက်ပျိုးရေးထွန်းကားပါတယ်။ မြန်မာကတော့ အ ထူးသဖြင့် အဂတိအညွန်း Corruption Index မှာ မြန်မာက ၅ နှစ်အတွင်း ၁၅ မှတ်ကနေ ၃ဝ မှတ်ထိ ၂ ဆ တိုးတက်လာပါ တယ်။ အီသီယိုပီးယားကတော့ ၅ နှစ်အတွင်း အမှတ် ၃၃ ကနေ ၃၅ အထိ သိပ်မတိုးတက်ခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာထက်တော့ အဂတိအညွန်း ပိုကောင်းနေပါတယ်။ နိုင်ငံတကာအဆင့် ၁ဝ၇ ဖြစ်ပြီး၊ မြန်မာကတော့ အဆင့် ၁၃ဝ ဖြစ်ပါတယ်။ ဒိအချက် အလက်များကိုကြည့်ရင် အီသီယိုပီးယားနိုင်ငံက မြန်မာနိုင်ငံထက် ပြုပြင်ပြောင်းလဲမှု ပိုပြီးစောတယ်။ အဂတိနည်းပါး တယ် လို့ဆိုရပါတယ်။

ဒါကြောင့် အီသီယိုပီးယားနိုင်ငံက အာဖရိကတိုက်မှာ နိုင်ငံခြား ရင်းနှီးမြှုတ်နှံမှု FDI အကောင်းဆုံး ၂ဝ၁၇ မှာ ဒေါ်လာ ၄ ဘီလျံ ရရှိခဲ့တယ်။ မြန်မာနိုင်ငံလည်း FDI ဒေါ်လာ ၄ ဘီလျံ ရရှိခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။

၃။ လျှပ်စစ်ဓါတ်အား
မြန်မာ၊ အီသီယိုပီးယား ၂ နိုင်ငံစလုံး လျှပ်စစ်ဓါတ်အား ပြဿနာဖြစ်နေပါတယ်။ မြန်မာက ၄၇၈ဝ မဂ္ဂါဝပ်ရှိပြီး၊ အီသီယိုပီး ယားက ၂၇ဝ၄ မဂ္ဂါဝပ်ပဲရှိတော့ မြန်မာကသာနေပါတယ်။ ဒါပေမဲ့ နိုင်းမြစ်ပေါ်က ရေကာတာကြီးကို ဒေါ်လာ ၅ ဘီလျံ အကုန်ကျခံပြီး ၆၆ဝဝ မဂ္ဂါဝပ် တရုတ်ကုမ္ပဏီနဲ့တည်ဆောက်နေတာ ၆ဝ ရာခိုင်နှုန်း ပြီးသွားပါပြီ။ ဟာ .. မြန်မာနိုင်ငံ မြစ်ဆုံ လိုပဲ သွားမပြောပါနဲ့။ လုံးဝ မတူပါဘူး။ အီသီယိုပီးယားပိုက်ဆံနဲ့ဆောက်ပြီး၊ ရလာတဲ့ အီသီယိုပီးယား အကုန်သုံး၊ ပိုတဲ့ လျှပ်စစ်ကို တခြားနိုင်ငံရောင်းချမဲ့ စီမံကိန်းဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီဆိုတာ အီသီယိုပီးယားတွေအောက်မှာ အလုပ်လုပ်ဖို့ ငှားထားတာ ဖြစ်ပါတယ်။

၎။ လမ်းပန်းဆက်သွယ်ရေးနဲ့ စက်မှုလယ်ယာ
နိုင်ငံတွင်းမှာသာမက ပတ်ဝန်းကျင် နိုင်ငံများနဲ့လဲ ရထားလမ်း၊ ကားလမ်းတွေ သွားလာနေပါပြီ။ ဆောက်နေတဲ့်ကုမ္ပဏီများ ကလဲ တရုတ်ကုမ္ပဏီတွေချည်းပါပဲ။ ဒါပေမဲ့ တရုတ်လက်အောက်ခံ အကြွေးပြန်မဆပ်နိုင်တဲ့ နိုင်ငံ (၈) ခုထဲမှာ အီသီယိုပီး ယား ပါမှာမဟုတ်ပါဘူး။ အာရှတိုက်က သီရိလင်္ကာနိုင်ငံလဲ China-Debt-Trap တရုတ်အကြွေး ပြန်မဆပ်နိုင်တဲ့ နိုင်ငံ (၈)ခုထဲ ပါသွားပါပြီ။ မြန်မာနိုင်ငံလဲ ဒါမျိုးဖြစ်မှာ မဟုတ်ပါ။ ခေါင်းဆောင်ကောင်း ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်နေလို့ ဖြစ်ပါတယ်။ လယ်ယာ စိုက်ပျိုးရေးမှာလည်း မြေလွတ် မြေရိုင်းတွေကို ဖော်ထုတ်တယ်။ အထူးသဖြင့် တောင်သူတွေကို ပံ့ပိုး တယ်။ တရုတ်နိုင်ငံကြီးတိုးတက်သွားတဲ့လမ်းကြောင်းကို ချီတက်နေပြီ ဖြစ်ပါတယ်။ လယ်ယာ ထွက်ကုန်များ ကုန်ချောဖြစ်ဖို့ စိုက်ပျိုးရေး အထူးစက်မှုဇုံများကို ကုလသမဂ္ဂ UNIDO ဒီဇိုင်းနဲ့ တရုတ်ရင်းနှီးမြှုတ်နှံမှုသုံးပြီး တည်ဆောက်နေပါတယ်။ ဂျပန်၊ တိုင်ဝမ်၊ တောင်ကိုးရီးယား နဲ့ အခုနောက်ဆုံး တရုတ်နိုင်ငံ တိုးတက်သွားတဲ့အခြေခံကတော့ တောင်သူများအတွက် လယ်ယာမြေပြုပြင်ပြောင်းလဲခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတသစ် ဦးဝင်းမြင့်ဦးဆောင်ပြီး တောင်သူများ လယ်မြေ ဖော်ထုတ်၊ ပိုင်ဆိုင်စေပြီး ထောက်ပံနည်းလမ်းနဲ့ မကြာခင် အီသီယိုပီးယားကို အမှီလိုက်မှာပါ။ အခုရေးမှာကတော့ အီသီ ယိုပီးယားတောင်သူ စိုက်ပျိုးစက်မှုဇုံ (၄) ခုအကြောင်းပါ။ အာဖရိကလေကြောင်းများမှာ အီသီယိုပီးယားအဲယားလိုင်း Ethiopian Airlines က တော်တော်ကြီးကျယ်ပါတယ်။ မြန်မာနိုင်ငံ MNA လေကြောင်းနဲ့မယှဉ်သာအောင် လေယာဉ်ပေါင်း ၉၈ စီးနဲ့ နိုင်ငံမြို့ပေါင်း ၁၂၅ ခုကို ဥဒဟို ပျံသန်းနေပါတယ်။ ဝန်ထမ်းပေါင်း ၁၃၉၄၂ ဦးနဲ့ အစိုးရက ၁ဝဝ ရာခိုင်နှုန်း ပိုင်ဆိုင် ပြီး၊ အမြတ်များစွာ ရရှိနေပါတယ်။ ဒီနေရာမှာတော့ မြန်မာအစိုးရလေကြောင်းထက် အဆပေါင်းများစွာသာပါတယ်။



၅။ စက်မှုလယ်ယာ (စက်မှုဇုံကြီး ၄ ခု) (မြန်မာနိုင်ငံမှာ မလုပ်နိုင်သေးပါ)
အီသီယိုပီးယားအစိုးရနဲ့ ကုလသမဂ္ဂ UNIDO ပူးပေါင်းပြီး လယ်ယာ စက်မှုဇုံ ၄ ခု တည်ဆောက်တဲ့စီမံကိန်းကြီး (၂ဝ၁၂ မှ စတင်ပြီး ၂ဝ၂ဝ မှာ ပြီးဆုံးမယ်။ လယ်ယာအခြေပြု စက်မှုဇုံ Integrated Agro-Industrial Parks Feasibility Study and Business Plan (F.S & B.S) ကို အစိုးရနှင့် UNIDO ပူးပေါင်းအကောင်ထည်ဖော်နေတဲ့ လယ်ယာထွက်ကုန် အခြေပြု စက် မှုဇုံ ၄ခု စီမံကိန်း ဖြစ်ပါတယ်။ တောင်သူများ ရဲ့ ရွာတွေ မှာ RCT Rural Transform Center စုစုပေါင်း ၂၈ ခု တည်ဆောက် ပေးပြီး၊ RCT များဝန်းရံလျက် IAIP Integrated Agro-Industrial Park + ACPZ Integrated Agri Commodity Procurement Zone များ တည်ဆောက်မယ်။ တောင်သူများ၊ နည်းပညာများ၊ ဈေးကွက်နဲ့ အကြီးစား အင်ဖရာစထရပ်ချာ တည်ဆောက်ခြင်းဖြစ်ပါတယ်။ စက်မှုဇုံကြီး (၄) ခုရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လမ်း၊ လျှပ်စစ်၊ တောင်သူများရဲ့ သီးနှံစိုက်ပျိုး ခင်းများနဲ့ ဘတ်ဂျတ် ငွေကြေးကုန်ကျမှုစာရင်း စီမံကိန်းကုန်ကျစရိတ် ဇုံ၎ ခုအတွက် ဘတ်ဂျတ်ကတော့ …. လယ်ယာ စက် မှုဇုံအတွက် ဒေါ်လာ ၆၆၃ သန်း …. စပါယ်ရှယ်လုပ်ငန်း + Offsite RTC + Connecting Cost = ဒေါ်လာ ၈၆၈ သန်း …. စုစုပေါင်း ဒေါ်လာ ၁.၅၃၁ ဘီလျံ ဖြစ်ပါတယ်။ အကျိုးကျေးဇူး (၂ နှစ်၊ ၄ နှစ်၊ ၄ နှစ်အထက်) မှာ အလုပ်အကိုင်ဘယ်နှစ်ခု ဖန်တီးပေးမယ်ဆိုတာ Phase I ,  ၃၀ ရာခိုင်နှုန်း, ၈၀ ရာခိုင်နှုန်း, ၉၀ ရာခိုင်နှုန်း ပြီးစီးမှုတွေနဲ့ သေချာစွာပြထားပါတယ်။ . အချိန်ကာလကတော့ F.S & B.S ပြီးစီးခဲ့ပြီး၊ Site Investigation & Engineering လုပ်နေဆဲဖြစ်ပါတယ်။ အားလုံး Sept-2020 မှာ ပြီးမယ်လို့ အသေးစိတ်ရေးထားပါတယ်။

၆။ နိုင်ငံတစ်ခု တိုးတက်မှု စံနှုန်းတိုင်းတာခြင်း
* GDP per capital www.goo.gl/ESiVHa
* GNI per capital www.goo.gl/uMYmU1 (ပိုခိုင်လုံတဲ့ ကုန်ထုတ်စွမ်းအားပါ)။
* Corruption Index (CPI) .. www.goo.gl/MxX1ev ဒီ (၃) ချက်ကို အင်တာနက်မှာကြည့်တာနဲ့ အကြမ်းအားဖြင့် ခန့် မှန်းနိုင်ပါတယ်။ အခြားအချက်လက်များကတော့ စီးပွားရေး နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု FDI, လျှပ်စစ်သုံးစွဲမှု Electricity, ပျှမ်းမျှ လူသက်တမ်း၊ ပညာသင်နှစ်, Median Age, Tax per GDP, Agri Labor ရာခိုင်နှုန်း, Public & Foreign Debt per GDP , စတဲ့ အချက်အလက်များကို ကြည့်ရပါတယ်။ မြန်မာနိုင်ငံရဲ့ အချက်အလက်များကို CIA Factbook Myanmar, www.goo.gl/BGRTYn မှာ ယှဉ်ကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံက အီသီယိုပီးယားထက် အများကြီးတိုးတက်နေပါတယ်။ အဂတိအညွှန်းမှာတော့ အီသီယိုပီးယားက မြန်မာရဲ့အထက်ကို ရောက်နေပါတယ်။ ဒါလည်း မြန်မာအစိုးရက စစ်တပ်နဲ့ညီ ညွတ်မှုရရင် မကြာခင် အဂတိနည်းပါး၊ ကျော်လွှားသွားမှာပါ။

၇။ မြန်မာနဲ့ အီသီယိုပီးယား တူညီတဲ့အချက်များက စစ်တပ် (မိုးရွှေကျကိုယ်တော်) တွေ အများကြီးရှိပြီး၊ တိုင်းရင်းသား မျိုး နွယ်စုတွေလဲ အများကြီးပါပဲ။ သူတို့က ဆင်းရဲတဲ့ခရစ်ယာန်အများစုနိုင်ငံ၊ မွတ်စလင် ၃၃ ရာခိုင်နှုန်း ရှိပါတယ်။ အီသီယိုပီး ယား နိုင်ငံတော်အလံက သုံးရောင်ချယ် အလယ်ကကြယ်နဲ့ မြန်မာအလံပုံစံပါပဲ။ မြန်မာအလံအသစ် ပြည်သူကိုချပြတဲ့ ၂ဝဝ၈ အခြေခံဥပဒေမှာ အီသီယိုပီးယားအလံနဲ့တူလို့ဆိုပြီး မကြိုက်ကြပါဘူး။ ဒါပေမဲ့ အခုတော့ ၂ နိုင်ငံစလုံး တိုးတက်လမ်းကြောင်း ရောက်နေပါတယ်။

၈။ အားလုံးသိပြီးသား မြန်မာနိုင်ငံရဲ့သမိုင်း
၁၉၆၂ စစ်အာဏာသိမ်းပြီး၊ ၁၉၈၈ လူထုအုံကြွမှုမှာ တဖန် စစ်အာဏာသိမ်းပြန်ပါတယ်။ အဲဒီနောက် တကယ်ပဲ မြန်မာ နိုင်ငံသားတွေ ငတ်ပြတ်ခဲ့ရပါတယ်။ ပိန်လှီခဲ့ရပါတယ်။ ၂ဝဝ၈ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း လူ ၂ သိန်းကျော် သေ ဆုံးပြီး၊ သန်းနဲ့ချီ အိုးအိမ်မဲ့ ဒုက္ခရောက်ခဲ့တဲ့ ၁ဝ နှစ်မြောက်အဖြစ် ယနေ့ မေလ-၂ဝ၁၈ မှာ အောက်မေ့သတိရကြပါတယ်။ ၅နှစ်အကြာ ၂ဝ၁၁ မှာ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အာဏာလွှဲပေးလိုက်ပါတယ်။ ၂ဝ၁၆ မှာတော့ အတိုက်အခံ ဒေါ် အောင်ဆန်းစုကြည် အင်အယ်ဒီပါတီနဲ့ တပ်မတော် ပူးပေါင်းတဲ့အစိုးရ ပေါ်ပေါက်လာပါတော့တယ်။

၉။ ဘယ်နိုင်ငံကို အတုယူရမလဲ
ဒီမေးခွန်းအတွက် မြန်မာအစိုးရ တာဝန်ရှိသူများ ၂ဝ၁၈ မှာ ပေါ်လစီ ချပြီးလောက်ပါပြီ။ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံများကို အဓိကထားနေပေမဲ့ တိုးတက်တဲ့နိုင်ငံကြီးတိုင်းနဲ့ ထိတွေ့နေရပါတယ်။ မြန်မာနိုင်ငံကို အီသီယိုပီးယား (အာဖရိက) နဲ့ နှိုင်း ယှဉ်ခြင်း၊ အီဂျစ်နိုင်ငံ (အာဖရိက) ဒီမိုကရေစီနဲ့ နှိုင်းယှဉ်ခြင်း လုပ်နေခြင်းက သိပ်အဓိပါယ်မရှိပါ။ မြန်မာနဲ့ ယဉ်ကျေးမှု၊ စရိုက်၊ ရာသီဒေသ အလွန်ခြားနားပါတယ်။ ဂျပန်၊ အမေရိကန်၊ ဂျာမဏီ၊ ချက်ကိုစလိုဗက် စတဲ့နိုင်ငံများလဲ မဟုတ်ပါ။ တ ကယ်နှိုင်းယှဉ်ရမဲ့နိုင်ငံတွေကတော့ အနီးဆုံးဖြစ်တဲ့ ဗီယက်နမ်၊ စင်ကာပူ၊ တရုတ်၊ တောင်ကိုးရီးယား၊ အင်ဒိုနီးရှားနဲ့ အကူညီ အများဆုံး ရမဲ့နိုင်ငံကတော့ တရုတ်၊ ဂျပန်နဲ့ အာစီယံနိုင်ငံများပဲ ဖြစ်ပါတယ်။

၁ဝ။ လက်ရှိမြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှု
အဂတိလိုက်စားမှုထူပြောလှတဲ့ မြန်မာနိုင်ငံဝန်ထမ်းလောကမှာ ဦးသိန်းစိန်ခေတ်ကတည်းက အခွန်ကောက်ခြင်းနဲ့ အဂတိ တိုက်ဖြတ်ခြင်း အထူးကြိုးစားလုပ်ခဲ့ပါတယ်။ အခွန် Tax per GDP က ၂ရာခိုင်နှုန်းပဲရှိပေမဲ့ အခု ၇ ရာခိုင်နှုန်း အထက်ရောက် လာပြီဖြစ်ပါတယ်။ အာစီယံနိုင်ငံများရဲ့ ၃၅ ရာခိုင်နှုန်းကိုရောက်ဖို့ ဧရာမကုမ္ပဏီကြီးများထံက ကော်ပိုရိတ်အခွန် Corporate Tax ကောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ စာရင်းစစ် Audit ကို ပါဝါ၊ အာဏာအပြည့်ပေးတဲ့နည်းနဲ့ အခွန်ကောက်ရပါမယ်။ အဂတိတိုက်ဖျက်ရေးကိုတော့ ခေါင်မိုးလုံအောင် ဝန်ကြီးအဆင့်မှာ ထိမ်းထားပါတယ်။ တရားရေးမဏ္ဍိုင်ကတော့ တရုတ် နိုင်ငံလိုပဲ ယိုင်လဲနေပါတယ်။ ဒါကြောင့် အဂတိတရားရုံးကို တရုတ်နိုင်ငံလို သီးသန့်တရားစီရင်ဖို့ ကြိုးစားနေပါတယ်။ ငါး ကြီးကြီးတစ်ကောင် ကြော်ပြရမယ်ဆိုတဲ့ အဂတိလိုက်စားတဲ့ အရာရှိအကြီးကြီးတစ်ယောက်ကို ဖမ်းဆီး၊ တရားစီရင်ပြဖို့ လို နေပါတယ်။

● ငွေကြေးနဲ့ပတ်သက်လို့
၂ဝ၁၇-၂ဝ၁၈ ပြည်ထောင်စု လွှတ်တော်မှာ ရသုံးမှန်းခြေ ငွေစာရင်း (ဘတ်ဂျတ်) ပွင်းလင်းစွာ ကိုယ်စားလှယ် အများအပြား ဆွေးနွေးပါတယ်။ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ထိန်းကျောင်းမှုကြောင့် မေးသမျှကို ဖြေကြား၊ မှတ်တမ်းတင်ပါတယ်။ အသေးစိတ် စာရင်းများ မတင်ပြခြင်း၊ အစိုးရစီးပွားလုပ်ငန်းကြီးများက OA Account ကိုဆွေးနွေးခြင်း၊ မလိုအပ်တဲ့ ဖြုန်း တီးမှုများကို ထောက်ပြခြင်း၊ ဘတ်ဂျတ်ဖြတ်တောက်ခြင်းများ၊ ဌာနဆိုင်ရာများက တိတ်တဆိတ်တင်ပြလာတဲ့ စီမံကိန်းများ ကို စောင့်ကြည့်ရန်၊ နောက်ဆုံး ပြည်တွင်းပြည်ပ ချေးငွေများနဲ့ပတ်သတ်ပြီးတော့ ပြည်တွင်းချေးငွေနဲ့ဂျီဒီပီ အချိုး ၂၂.၂၃ရာခိုင်နှုန်း၊ ပြည်ပချေးငွေနဲ့ဂျီဒီပီအချိုး ၁၃.၃၇၊ စုစုပေါင်းသတ်မှတ်ချက်ထက် မပိုဖို့ ထိန်းကြောင်းပါတယ်။ အထူး သဖြင့် လွှတ်တော်ငွေကြေး ပူးပေါင်းကော်မရှင် က စီမံဘဏ္ဍာဝန်ကြီးရဲ့ အစီရင်ခံစာကို ရှင်းလင်းအောင် ပြန်လည်အစီရင်ခံစာ တင်ပါတယ်။ ဒီတော့မှာ လွှတ်တော်ကိုယ်စားလှယ်အများအပြားက ပွင့်လင်းစွာဆွေးနွေး၊ အကြံပြုကြပါတယ်။ ဒါကြောင့် ငွေကြေးသုံးစွဲမှုမှာ အစိုးရထင်သလို သုံးစွဲဖို့ခက်ခဲသွားပါတယ်။

နိဂုံး (အီသီယိုပီးယားနဲ့ မြန်မာ)
လက်ရှိ အခြေအနေ အရ မြန်မာနိုင်ငံက အများကြီးသာလွန်နေပါတယ်။ အီသီယိုပီးယားလဲ တရုတ်နိုင်ငံအကူအညီ၊ မြန် မာလည်း တရုတ်နိုင်ငံအကူအညီနဲ့ပဲ ဖွဲ့ဖြိုးရေးလုပ်နေရပါတယ်။ မြန်မာနိုင်ငံလို ဂျပန် JICA အကူအညီများစွာ မရရှာပါဘူး။ ဒါပေမဲ့ အီသီယိုပီးယား အရင်လိုငတ်ပြတ်မနေတော့ဘူး။ ဗီယက်နမ်ကလည်း စစ်ဒဏ်ကြောင့် ဆင်းရဲမွဲတေမဟုတ်တော့ ဘူးဆိုပြီး မြန်မာနိုင်ငံသားတွေကို ပညာပေးတဲ့ဆောင်းပါးများ ပေါ်ထွက်လာကြပါတယ်။ အဲဒီ ၂ နိုင်ငံစလုံး မြန်မာနိုင်ငံထက် အလွန်တိုးတက်နေသလို ရေးကြတယ်။ မဟုတ်ပါဘူး။ အီသီယိုပီးယားက မြန်မာနိုင်ငံလောက်မတိုးတက်ပါဘူး။ ဗီယက်နမ် ကလည်း မြန်မာနိုင်ငံထက်တိုးတက်တယ်ဆိုပေမဲ့ သိပ်မကွာပါဘူး။ စီးပွားရေးလုပ်ရင်း ဗီယက်နမ် ဟနွိုင်း၊ ဟိုချီမင်း မြို့များ က ပြန်လာသူတွေကို မေးကြည့်ပါ။ မြန်မာဘဏ်လုပ်ငန်း၊ အိမ်ယာလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းတွေက ဗီယက်နမ်ထက် ဝန်ဆောင်မှုပိုကောင်းပါတယ်။ စက်မှုလုပ်ငန်းမှာတော့ လျှပ်စစ်မလုံလောက် သေးလို့အားနည်းနေဆဲပါ။ ဒါလဲ မတရား လျှပ် စစ် (ရေအား၊ ကျောက်မီးသွေး) စာချုပ်များ အသစ်ပြန်ချုပ်ဖို့ အစိုးရနဲ့တပ်မတော် ညီညွတ်ဖို့ လိုပါတယ်။

ညီညွတ်ရင် ရခိုင်၊ ဘင်္ဂလားဒုက္ခသည်ပြသနာ၊ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာများလဲ ပြေလည်သွားပါမယ်။ လူဆိုးတွေ ဝိသမလောဘသားတွေကို လိုက်ကြည့်မနေပါနဲ့။ (အကောင်းမြင်ကြည့်ဖို့ပါ)။

မိုးဟိန်း (သူရိယနေဝန်း) ရဲ့ မြန်မာ့ရုပ်ရှင် "ဥပါယ်တမျှဉ်" ..ခီဇနီးမောင်နှံ အောင်မြင်မှုဟာ စရိုက်ကောင်းများရဲ့ အောင်မြင်မှု ဖြစ်ကြောင်း၊ အလားတူ တခြားကဏ္ဍတွေမှာ စရိုက်ကောင်းတွေ အောင်မြင်လာမှာပါ ..တဲ့။ စရိုက်ကောင်းတဲ့ နိုင်ငံရေး၊ စရိုက်ကောင်းတဲ့ စီးပွားရေး စသဖြင့် ဘက်စုံ စရိုက်ကောင်းများ လွမ်းမိုးလာမဲ့ မြန်မာအနာဂါတ် ပွင့်လင်းမြင်သာစွာ ရှိလာပြီ ဖြစ်တဲ့အကြောင်း သတင်းကောင်း ဖြစ်ပါတယ်။ စရိုက်မပြင်နိုင်တဲ့ အရာရှိကြီးများ အခြေအနေ မလွယ်တော့ပါ။ စရိုက် ကောင်းတဲ့ ဘုန်းတော်ကြီး၊ စရိုက်ကောင်းတဲ့ နိုင်ငံရေးသမား၊ စရိုက်ကောင်းတဲ့ စီးပွားရေးသမားများ၊ စရိုက်ကောင်းတဲ့ ပညာရှင်အသီးသီးတို့ နေရာရလာကြမှာပါ။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအေးဇံပြောသလို မြန်မာနိုင်ငံရဲ့ ဘတ်ဂျတ်က မုဆိုးမ သားစီမံကိန်းပုံစံမျိုးနှင့် ပညာရေးဘတ်ဂျတ် ဖြစ်ကြောင်း။ မုဆိုးမက သားသမီးအားလုံးကို ပညာမသင်ပေးနိုင်ပဲ ကြိုးစား၊ တော်တဲ့၊ ကြိုးစားတဲ့ကလေးပဲ ပညာတတ်အောင်သင်ပေးပြီး၊ ပညာတတ်သူလူငယ်က ကျန်တဲ့ကလေးများကို တာဝန်ယူရ တဲ့ ဘတ်ဂျတ်ဖြစ်တယ်လို့ ဆိုပါတယ်။ လူငယ်မျိုးဆက်သစ်များ ပညာကြိုးစား သင်ယူနိုင်ကြပါစေ။

အကယ်၍ မြန်မာစီးပွားရေး ရင်းနှီးမြှုတ်နှံမှု ဥပဒေများ၊ အခွန်ဥပဒေများ၊ ရသုံးမှန်းခြေ (ဘတ်ဂျတ်) ဥပဒေများ၊ ပြောင်းလဲပေး သော်လည်း ဥပမာ ..LNG လျှပ်စစ်အတွက် မတည်ငြိမ်တဲ့ ကုန်ကြမ်းဈေးနှုန်းများကို မထိန်းသိမ်းနိုင်၊ စီမံကိန်းအရှုံးပေါ်၊ စီမံကိန်းရွှေ့ဆိုင်းရရင်တော့ သက်ဆိုင်ရာ ညွန်ချုပ်များ၊ ဦးဆောင်ညွန်ကြားရေးမှုးများ တာဝန်သိစွာနဲ့ အလုပ်ထွက်ပေးဖို့ပဲ တောင်းဆိုလိုက်ပါတယ်။ ထွက်ကြပါ။ အကြံပေးအဖြစ် ဆက်လုပ်ပေးကြပါ။ နောက်လူတော် လူကောင်းများကို နေရာပေး ကြပါ တောင်းဆိုရင်း၊ အီသီယိုပီးယား-မြန်မာကို အဆုံးသပ်ပါရစေခင်ဗျား။

ကိုးကား

  • 1. San Lin , မောင်လူပေ ဆောင်းပါး။
  • 2. Sai Phyo , လယ်ယာအခြေပြု စက်မှုဇုံ (Integrated Agro-Industrial Parks Feasibility Study and Business Plan)
  • 3. JICA & CIA Factbook Data of Myanmar & Ethiopia
  • 4. 2017-2018 Budget Myanmar www.goo.gl/mE3mzS
  • 5. 2017-2018 Tax Law UMFCCI www.goo.gl/xpMj59
  • 6. China Debt Trap 8 countries www.goo.gl/YdLN12

Comments