ဆောင်းယွန်းလ ● လွဲခဲ့တယ်

ဆောင်းယွန်းလ ● လွဲခဲ့တယ်
(မိုးမခ) မေ ၉၊ ၂၀၁၈

ခေတ်ကိုအကြောင်းပြုလို့
ကောင်းမှုတို့ ပျောက်ခဲ့ပြီတဲ့

ခေတ်က နှစ်တွေကိုမေ့လို့ ရွေ့ခဲ့ပြီး
လူက စနစ်ရဲ့ခြစားခြင်းထဲမှာ ရပ်တန့်နေခဲ့တယ်

ဒွိဟစံနစ်နဲ့ ခေတ်အသစ်ကြီးထဲ
ဘယ်ကိုမှမရွေ့ ဘယ်တော့မှမရပ်တဲ့ စစ်ပွဲတွေကနေ့စဉ်

နေ့စဉ်သတင်းစာတွေမှာ သတင်းတွေပါမလာခဲ့ဘူး
ပြည်ပထွက်ကန်တဲ့ ဘောလုံးပွဲတွေထဲမှာ ရွှေပြန်ပါမလာခဲ့ဘူး
ထမင်းစားပွဲတွေမှာ ပါးစပ်တွေပါမလာခဲ့ဘူး
ကျည်ဆံတွေရဲ့ထိပ်ဖူးမှာ အသက်ဓာတ်တွေပါမလာခဲ့ဘူး
ကောင်းကင်ယံညဥ့်ဦးမှာ ကြယ်တွေလည်းမပွင့်ခဲ့ဘူး
စာချုပ်စာတမ်းတွေထဲမှာ လွတ်လပ်ရေးပါမလာခဲ့ဘူး

အကြောင်းမရှိလို့ အကြောင်းကိုရှာတော့
အကျိုးကို အပြတ်အပဲ့တွေထဲက ပြန်ကောက်နေရတဲ့
စစ်မီးလျှံထဲက ခေတ်အကျည်းတန်ကြီးထဲ
ကိုယ်တို့ဟာ အားလုံးနဲ့လွဲနေခဲ့တုန်းပဲ

ကိုရီးယားမှာ
တောင်နဲ့မြောက်မကွဲတော့ဘူး
ကိုယ်တို့မှာ တစ်ယောက်တည်း နှစ်ယောက်ကွဲပြီး
အရာရာဟာ အားလုံးနဲ့လွဲနေခဲ့တုန်းပဲ။

ဆောင်းယွန်းလ

Comments