မောင်စွမ်းရည် ● ကဗျာဆရာ့အိမ်
(မိုးမခ) မေ ၂၂၊ ၂၀၁၈
(မိုးမခ) မေ ၂၂၊ ၂၀၁၈
ရန်ကုန်မြို့မှာကဗျာဆရာ့အိမ်လို့ကျော်ကြားဖူးတာကတော့ ကဗျာဆရာတင်မိုးရဲ့ အိမ်ပဲဖြစ်ပါတယ်။ အင်းစိန်မှာရှိပါတယ်။ ရေမြောင်း (ချောင်းကလေး) ဘေးက ကမ်းပါးကို သူ့အိမ်အပေါ်ထပ်နဲ့ တံတားထိုးထားတယ်။ အိမ်ပုံစံကတော့ မြန်မာမှု လို့ ဗိသုကာဆရာရွှေက ပြောပါတယ်။ အိမ်ရှင်တွေ ဝင်မရှုပ်နဲ့ဆိုပြီး သူကိုယ်တိုင် သူ့လက်သမားနဲ့သူ စောင့်ကြပ်ကြည့်ရှုပြီး ဆောက်တာပါ။ အများကတော့ မြန်မာမှုဆိုတာ ဘုံအဆင့်ဆင့်၊ အချွန်အတက်တွေနဲ့လို့ မျှော်လင့်ထားကြပေမယ့် အချွန် အတက်လုံးဝမပါ။ အိမ်ခေါင်မိုးကလည်း တခြမ်းစောင်းလို့ခေါ်ရမလားမသိ။ ရေချမ်းစင်လို ပုံစံနဲ့ပါ။
ကဗျာဆရာက မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ကပါ။ သူ့ရဲ့သူငယ်ချင်း ဗိသုကာဦးရွှေက မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်း သားပါ။ ဂျပန်ပြန် ဗိသုကာတဲ့။ ဗမာပြည်မှာ ဂျပန်ပြန်ဗိသုကာဆိုလို့ ဒီတယောက်ပဲကြားဖူးတာပါ။ သူငယ်ချင်း ဦးရွှေက ဗိသုကာ လက်ခမယူပဲ ကဗျာဆရာကို ကြည်ညိုခင်မင်မှုနဲ့ သူကိုယ်တိုင် ပုံစံဆွဲပြီး သူကိုယ်တိုင်ကြီးကြပ်ဆောင်လုပ်ပေးရှာတာပါ။ လူတွေကလည်း အင်းစိန်ကို လာလာကြည့်ကြတယ်။ ဘယ်လိုပုံလဲလို့။ ထူးဆန်းတာတော့ အမှန်ပါပဲ။ ဆရာရွှေက သူဆောက်တဲ့အိမ်ရဲ့ဗိသုကာသဘောတရားကို စန္ဒာမဂ္ဂဇင်းမှာ ဆောင်းပါးရေးပြီးတော့ အသေအချာရှင်းလင်းတင်ပြခဲ့သေးတာပါ။ ကဗျာဆရာ့ အိမ်တဲ့။
မောင်စွမ်းရည်ရဲ့အိမ်ကလည်း ကဗျာဆရာအိမ်အဖြစ်နဲ့ အမည်ကျော်တာပါပဲ။ ကျောင်းဆရာမောင်နှံ အငြိမ်းစားယူတော့ ရှိစုမဲ့စုနဲ့ အိမ်ဆောင်တာပါ။ ဗမာ လက်သမားတစ်ဦးကို ကဗျာဆရာကိုယ်တိုင်လက်ညိုးထိုးပြီး ဟိုလိုလုပ်၊ ဒီလိုလုပ် ဆိုပြီး ညွှန်ကြားဆောင်လုပ်ခဲ့တာပါ။ ဆောက်ရင်း ငွေရှာ၊ ငွေရှာရင်းဆောင်ဆိုတော့ သွပ်မိုး မမိုးနိုင်ခင်၊ သက်ကယ်ကိုအရင်မိုးထား သေးတာ။ အပေါ်ထပ်ကု ပျင်ကာပြီး လူနေဖြစ်အောင် အရင်လုပ်တာ။ ပြီးမှအောက်ထပ်ကို အုတ်ပတ်ကာတက်တာပါ။ အိမ်လည်းပြီးရော ဝဂ္ဂီရပ်ကွက် ကျူးကျော်အိမ်တွေဆိုပြီး ဘူဒိုဇာနဲ့ ထိုးဖျက်ပစ်ပါတယ်။ ကျနော့်အိမ်က ကျူးကျော်အိမ်မ ဟုတ်၊ ဂရမ်မြေပါ။ စာရွက်စာတမ်းနဲ့ပါ။ အိမ်ပျက်ကို စလင်းကွင်းထဲ သွားပုံထားပါတယ်။ သူများယူလို့ ကုန်ရော။ ဒါ့ကြောင့် ကဗျာဆရာမောင်စွမ်းရည်ရဲ့အိမ်က ကဗျာဆရာတင်မိုးရဲ့အိမ်ထက် နာမည်ကြီးသွားခဲ့ပါတယ်။ နိုင်ငံခြားရေဒီယိုတွေက တောင် အင်တာဗျူးလုပ်ပြီး ဟိုလေးတကျော် ကြော်ငြာပေးတာခံခဲ့ရပါတယ်။ ဗေဒင်ဆရာက ဟောထားတယ်။ ကိုယ်ပိုင် အိမ်ရှိလည်း ကိုယ့်အိမ်နဲ့နေရမှာမဟုတ်တဲ့။ ဘယ်လိုဇာတာ ဘယ်လိုကံကြမ္မာလည်း မသိတော့ပါဘူး။
ကျွန်တော်မွေးခဲ့တာ နံရံတပေလောက်ထူတဲ့ နှစ်ထပ်အုတ်တိုက်ကြီးပေါ်မှာ မွေးခဲ့တာပါ။ ဒါပေမယ့် ကျတော့အထက်ကသုံးယောက်အဖတ်မတင်ခဲ့လို့တဲ့ မွေးပြီးမကြာခင် သူများနို့တိုက်ဖို့ ထန်းလက်တဲ့နဲ့နေတဲ့ မိခင်တယောက်အိမ်ကို ပို့ထားခဲ့ရ တာ နှစ်လသားအရွယ်ကနေ နှစ်နှစ်သားရှိမှ ပြန်ခေါ်ရသတဲ့။ ပြီးတော့လည်း ဦးလေးတွေနဲ့ပတ်သက်ပြီး အဖေကိုပါသူပုန်လို့ စွပ်စွဲလိုက်ဖမ်းလို့ သူများ အိမ်၊ သများရွာကို သွားနေခဲ့ရတာ အိမ်မျိုးစုံပါ။ ထန်းတော၊ သရက်ခြံထဲက ထန်းလက်တဲထဲမှာလည်း သွားနေခဲ့ရဖူးတယ်။ ရေတွေပျက်ထဲ၊ ဂူတွေထဲလည်း သွားအိပ်ခဲ့ရဖူးတယ်။ ခုတော့ အမွေရတဲ့တိုက်ကြီးကို စာကြည့်တိုက် လုပ်ဖို့လည်း လှူလိုက်ရော ပြိုကျသွားရောတဲ့။
ဒါနဲ့စာကြည့်တိုက်ကို ငွေပဲလှူလိုက်ရပါတယ်။ အစိုးရက ၃၄ သိန်းတောင် ကူညီပါသတဲ့။ ဖွင့်ပွဲကိုသွားရင် ကိုယ်သွားလို့ ပြိုကျရင်အခက် (ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ)။ ဒါ့ကြောင့် ကဗျာဆရာဦးကိုလေး (အင်းဝဂုဏ်ရည်) ကို မောင်စွမ်းရည် ဂုဏ် ရည်စာကြည့်တိုက်ဖွင့်ပေးဖို့ မေတ္တာရပ်ခံရပါတယ်။ ဒါပေမယ့် ဆရာ့တို့လည်း မဖွင့်ခဲ့ရဖူးတဲ့။ မပိတ်ခံရတာ ကံကောင်း။ အဆောက်အုံနဲ့ မောင်စွမ်းရည်နဲ့ ကံမစပ်ဘူး။ မန္တလေးပြန်တော့ ဆရာက သတင်းပေးသတဲ့။ မောင်စွမ်းရည်က သူ့ကိုယ်သူ သူကြီးသားလို့ကြော်ငြာ်တော့ အဟုတ်ကြီးမှတ်ခဲ့ရတယ်။ အိမ်ခြေ ၈၀ ပဲရှိတဲ့ ရွာကလေးရဲ့သူကြီးသားပေကိုး။ နောက်တခါ ဘုရားတည်ရင် သူ့မဖိတ်တော့ဘူး။
ကဲ ကဗျာဆရာ့အိမ်အကြောင်းက ဘယ်ရောက်သွားလဲ။ ကိုယ်ပိုင်အိမ်မရှိတော့ ၂၀၁၇ ခုနှစ်က ဗမာပြည်ပြန်တဲ့အခါ ရောက် ရောက်ချင်း နီးရာက ဗျာဆရာ့အိမ်တွေကို စက်ဘီးနဲ့သွားလိုက်ပါတယ်။ ဆယ်နှစ်ကျော်၊ ဆယ့်ငါးနှစ်ကြာမှ ပြန်ရောက်တာ ဆိုတော့ အလွမ်းပြေပေါ့။ တင်မိုးအိမ်က အင်းစိန်မှာဆိုတော့ ဝေးလို့ နီးရာအိမ်ကို သွားရတယ်။ ကျတော်က ကမာရွတ်ထဲမှာ နေတာ။ ကိုယ့်အိမ်မရှိတော့ သားသမီးအိမ် တည်းရ၊ ခိုရတာပေါ့။ တကယ့်ကို ခရီးရောက်မစိုက် သွားလည်တာကဗျာဆရာကြီး မင်းသုဝဏ်ရဲ့အိမ်ကိုသွားတာပေါ့။ ဦးထွန်းလင်းခြံလမ်းဆိုတော့ မလွဲနိုင်ဘူး။ ဒါပေမယ့် လမ်းထဲက ရပ်ကွက်ဈေးဖြစ်နေလို့ အိမ်ကို ရှာမတွေ့ဘူး။ ကင်းတဲကောင်းလေးတွေ့တော့ ဝမ်းသာသွားတယ်။ ကဗျာဆရာကြီးကိုယ်တိုင် ကင်းစောင့်ပေးရတဲ့ တဲကလေး။ ကင်းတဲနားက အဖိုးကြီးကို ဆရာကြီးမင်းသုဝဏ်ရဲ့အိမ် ဘယ်ရောက်သွားလဲမေးတော့ မရှိတော့ဘူး ဖျက်ပစ် လိုက်ပြီတဲ့။ ဝမ်းနည်းလိုက်တာ။ ဒေါသလည်းထွက်လိုက်တာ။ စစ်အစိုးရလက်ချက်ပဲပေါ့။ မဟုတ်ဘူးတဲ့။ သူ့သားသမီး တွေကဖျက်ပြီး ကန်ထရိုက်တိုက်ဆောက်လိုက်တာတဲ့။ သူ့သားသမီးဆိုသူတွေထဲမှာ ဒီမိုကရေစီသမ္မတကြီးလည်း ပါတာ ပေါ့။ ဝမ်းနည်းပြီးပြန်ခဲ့တယ်။ ဆရာကြီးဟာ ဂျပန်ကို သွားအလုပ်လုပ်ပြီး အပြန်မှာ ရတဲ့ငွေနဲ့ဆောက်လုပ်ထားတာ။ အငြိမ်း စားယူတော့ ဗိုလ်နေဝင်းက မကျက် တကျက်ပေါင်မုန့်တဲ့။ မကျက်တကျက်ပဲ မုန့်ကပြောတာ။ ခရစ်ယာန်ကြီးရဲ့ တပည့်လည်း ဗုဒဘာသာဝင်တွေ ရန်တိုက်တဲ့သဘော။ ဗမာပြည်မှာ ပညာရှိဆုံးပုဂ္ဂိုလ်ကြီး မြန်မာမှု၊ မြမာစာပညာရှင်ကြီးကိုများ သူတို့ ပြောရဲတယ်။
ထားပါတော့။ အဲဒီလူကြီးအကြောင်းပြောရရင် အကုသိုလ်ဖြစ်ရတယ်။ ကဲ ကဗျာဆရာကြီးအိမ်တလုံးတော့ မရှိတော့ဘူး။ ဒါနဲ့အမောတကောပါပဲ။ စမ်းချောင်း၊ ချမ်းသာလမ်း၊ အိမ်နံပါတ် (၅) ကို သွားပါတယ်။ သိကြရဲ့လား။ ဗမာပြည်ရဲ့ အကြီးမြတ် ဆုံးကဗျာဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့အိမ်လေ။ ဗုဒ္ဓေါ မရှိတော့ဘူးတဲ့။ ရောင်းချပြီး ကန်ထရိုက်ဆောက်လိုက်ပြီတဲ့။ ကန်ထရိုက်ကို မေတ္တာပို့ရမလား။ သူ့မြေးမြစ်တွေပဲ မေတ္တာပို့ရမလား မပြောတတ်တော့ပါ။ သွားပါလေရော။ မျက်မောက် ခေတ်စာပေသမိုင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာကြီးမင်းသုဝဏ်နဲ့ ဆရာတင်မိုး သူတို့ရဲ့အမှတ်တရအိမ်တွေ ထိန်သိမ်း စောင့်ရှောက်ရမှာပေါ့။ တင်မိုးရဲ့အိမ်ကတော့ သူသမီးတွေနေကြပါတယ်။ တင်မိုးရဲ့တသက်တာ ကိုယ်ပိုင်အိမ် လေးပါ။ သမီးတို့ မဖျက်ကြနဲ့နော်။ ထိန်းသိမ်းထားကြပါ။ မရောင်းလိုက်ကြပါနဲ့။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့အိမ်လည်း မရှိတော့ဘူးဆိုတော့။ ဘယ်သွားရမလဲ။ အနီးဆုံးက တက္ကသိုလ်ပဲ။ တက္ကသိုလ် စာကြည့်တိုက်မှာ ငါတို့ဆရာ ကဗျာဆရာကြီးဇော်ဂျီရဲ့ `ရုံးခန်းလေးရှိတယ်လေ။ စာကြည့်တိုက်ကြီးတော့ ဖျက်ကြမှာ မဟုတ်ဘူးပေါ့။ စာကြည့်တိုက်ကိုရောက်တော့ ဝမ်းသာရတယ်။ ဆရာကြီးရဲ့ရုံးခန်းကိုပါ ဘယ်သူမှဝင်ပြီးမနေကြဘဲ ဆရာ ကြီးနေသွားစဉ်က စားပွဲ၊ ကုလားထိုင်၊ ဗီရိုတွေမှာအရင်လိုပဲ တွေ့ရပါတယ်။ ၀မ်းသာစရာပါ။ ဆရာဇော်ဂျီရဲ့ အိမ်ကိုတော့ ဝေးလို့မသွားရသေးပါဘူး။ ဆရာကြီးမင်းယုဝေရဲ့အိမ်ကတော့ ကျတော်တို့နဲ့ မနီးမဝေးကိုပြောင်းရွှေ့လာလို့ သွားပြီးဂါဝ ရပြုခဲ့ပါတယ်။
နည်းနည်းပိုဝေးတဲ့ အတိတ်ကိုပြန်ကြည့်လိုက်မိပါသေးတယ်။ ဝန်ကြီးပဒေသရာဇာ၊ ဦးပုည၊ အချုပ်တန်းဆရာဖေ၊ အနောက် နန်းမတော် မမြလေး၊ လှိုင်ထိပ်ခေါင်တင်….။ နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်း၊ ဗန်းမော်ညိုနွဲ့ သူတို့အိမ် တွေ အိမ်နေရာ တွေအကြောင်းကို စဉ်းစားမိပါတယ်။ တင်မိုးမွေးဖွားတဲ့ အိမ်နေရာမှာတော့ သူရှိကတည်းက အိမ်အသစ်ဆောက်ခဲ့ပြီ။ အဲဒီ အိမ်လည်း သူ့အိမ်ပဲပေါ့။ မောင်စွမ်းရည်ကတော့ ပြဿနာမရှုပ်ဘူး။ သူ့မှာအိမ်မရှိဘူး။ ဗမာပြည်မှာ အိမ်မရှိတဲ့ကဗျာ ဆရာဆိုလို့ ဒီတယောက်ပဲရှိတယ်လို့ လက်မထောင်နိုင်သူပါ။ ဗိုလ်ခင်ညွန့်ဖျက်ခဲ့တာလေ။ အာဏာရှင်စနစ်ရဲ့ အမာရွတ် အဖြစ် အိမ်နေရာကတော့ မူလတန်းကျောင်းမြေဖြစ်နေလေရဲ့။ ကုသိုလ်ရတယ်လို့ပဲ သဘောထားလိုက်ပါတယ်။ ယဉ်ကျေး တဲ့လူမျိုးမှန်ရင် စာဆိုတွေရဲ့အိမ်ကိုအမှတ်တရထားရမြဲ ဆိုတာလေးကိုပဲ အလေးအနက်ပြောချင်တာပါ။
မောင်စွမ်းရည်
(ကိုယ်ပိုင်အိမ် မရှိတဲ့ကဗျာဆရာ)
၂၀၁၈၊ မေ ၁၆၊ နယူးယောက်။
Comments