မိုးမိုးစံ ● ဘာသာပြန် အေးရိပ်မွန်

 
မိုးမိုးစံ ● ဘာသာပြန် အေးရိပ်မွန်
(မိုးမခ) မေ ၃၀၊ ၂၀၁၈

သိပါသလား ....
တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနကို အများသိမယ်မထင်ပါ၊ တက္ကသိုလ်ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနလေးအကြောင်းကို ကျမ သိသမျှနဲ့ တွေးမိသမျှလေး ရေးပြချင်ပါတယ်။ မှားတာရှိထောက်ပြ၊ လိုအပ်တာရှိဖြည့်စွက်၊ ရေးချင်တာလေးရှိရင် ရေးပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။ ဒီဌာနလေးကို သိစေချင်တယ်၊ စိတ်ဝင်စားစေချင်တယ်၊ ပြီးတော့ ဒီဌာနလေးနဲ့ပတ်သက်ပြီး မြန်မာပြည်ပညာရေးကို နည်းနည်းကနေ များများစဉ်းစားမိကြဖို့ကျမ ဒီဆောင်းပါးလေးကို ရေးမိပါတယ်။

တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနဆိုတာ မြန်မာပြည်မှာ စတင်တည်ရှိလာတာ ယခုလာမယ့် သောကြာ ဇွန်လ (၁) ရက်၊ ၂ဝ၁၈ ခုနှစ်မှာ သက်တမ်း အနှစ် (၇ဝ) ပြည့်လာပါပြီ။ အဲဒီ ဇွန်လ (၁) ရက်နေ့မှာ ဒီဌာနလေးမှာ တာဝန် ထမ်းဆောင်ဖူးတဲ့ ဝန်ထမ်းဟောင်းတွေနဲ့ မိသားစုတွေ၊ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ တွေ့ကြဆုံကြ၊ အမှတ်တရ ဆုံစည်းကြမယ့်ပွဲလေးလုပ်ကြပါမယ်။ ဌာနလေးမှာ ယခု လက်ရှိဝန်ထမ်း (၁ဝ) ဦးသာရှိလို့ ကြီးကျယ်မယ့် သဘောမျိုးမဟုတ်နိုင်ဘဲ မိသားစုပွဲလေးလောက်သာဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဖခင်ကဗျာဆရာတင်မိုး နှစ်ပေါင်း (၂ဝ) ခန့်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဌာနလေးဖြစ်လို့ စိတ်ထဲမှာ မိခင်ဌာနလေးလိုဖြစ်ပြီး ဒီတပတ်လုံး ဒီဌာနလေးအကြောင်းဘဲ စဉ်းစားနေမိပါတယ်။



ကျမတို့ပတ်သက်မှုက ဒီလိုပါ။ အဖေ ကဗျာဆရာတင်မိုးက ဒီဌာနမှာ (ဘာသာပြန်ဌာနလို့ဘဲ နှုတ်ကျိုးနေတဲ့အတိုင်း ရေး သွားပါရစေ) ၁၉၆၇ ခုနှစ်မှာ စာပြုအဖြစ်နဲ့ အလုပ်ဝင်ခဲ့ပါတယ်။ မန္တလေး အလွတ်ပညာသင်ကျောင်းမှာ ကျောင်းဆရာ လုပ်နေရာကနေ ဆရာဦးမင်းသုဝဏ်နဲ့ပတ်သက်ပြီး ဘာသာပြန်ဌာနမှာအလုပ်ဝင်ပြီး ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။

တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်တော့ ကျမတို့မိသားစု တက္ကသိုလ်ဝင်းထဲမှာ နေစရာအခန်းရတာပေါ့။ ၁၉၆၈ ခုနှစ် လောက်မှာ ကျမတို့ တက္ကသိုလ်ထဲကို ပြောင်းရွှေ့နေထိုင်လာကြပါတယ်။ တက္ကသိုလ် ဆရာ / ဆရာမ မိသားစု (၁၃) စု ရယ် တက္ကသိုလ်အမှုထမ်းမိသားစု (၅) စု၊ (၆) စုလောက်ရယ် စုစုပေါင်း မိသားစု (၂ဝ) လောက်စုနေရတဲ့ ပုဂံခြံဝင်းလို့ ခေါ်တဲ့ ပုဂံလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်မှာရှိတဲ့ ခြံဝင်းကြီးမှာပါ။ ဒီမိသားစု (၂ဝ) လောက်ဆိုတော့ စုစုပေါင်း လူဦး ရေ (၁ဝဝ) ဝန်းကျင်လောက်စုနေကြတဲ့ ခြံဝင်းကျယ်ကြီးပေါ့။ ကျမ အသက် (၄) နှစ်သမီးကနေ အနှစ် (၂ဝ) လောက် နေထိုင်ခွင့်ရခဲ့တဲ့ တက္ကသိုလ် ပုဂံခြံဝင်းကို တသက်လုံးမမေ့နိုင်၊ ခြံထဲက နေထိုင်သွားသူတွေကိုလည်း မိသားစုလို ရာသက် ပန်ခင်မင်နေကြတာ အခုတိုင်ပါ။

တက္ကသိုလ်ဝင်းထဲမှာ နေစရာအခန်းရပြီး တက္ကသိုလ်ဝင်းထဲက ကျောင်းတွေမှာ တက်ခွင့်ရခဲ့တာပေါ့။ ကျမ မိုးမိုးစံ၊ မိုးမိုးအေး နဲ့ မိုးမိုးနှင်းက အမက (၂) ကမာရွတ်၊ ပြီးတော့ အထက (၂) ကမာရွတ်၊ ညီမငယ် မိုးချိုသင်းနဲ့ မောင်လေး ဉာဏ်မိုးစန်းတို့က ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း၊ နောက် အထက (၂) ကမာရွတ်မှာ ကျောင်းတက်ခဲ့ရတာ။ ကျမတို့အထက (၂) ကမာရွတ်ကသတ္ကမတန်းအထိ ညနေကျောင်း၊ နေ့လယ် ၁၂ နာရီကနေ ၅ နာရီအထိ။ ကျောင်းက အင်းယားလမ်းမှာ။ ကျမတို့အိမ်နဲ့ ကျောင်းက ဆယ်မိနစ်လောက်လမ်းလျှောက်သွားရတယ်။ အဖေတို့ဘာသာပြန်ဌာနက သထုံလမ်းမှာ။ ဘာ သာပြန်ဌာနကိုသွားရင် စစ်တပ်ထဲက သွားရတယ်။ တက္ကသိုလ်အရံတပ်ရင်းပေါ့။ ကျမတို့ကတော့ ကလေးတွေဆိုတော့ စစ် တပ်လို့ အလွယ်တကူခေါ်တယ်။ စစ်ယူနီဖောင်းတွေနဲ့ကိုး။ အခုတော့  ရှိသေးလားမသိ။ အဖေတို့ရုံး ဘာသာပြန်ဌာနကိုသွားရင် ပုဂံလမ်းတိုလေးမှာရှိတဲ့ စစ်တပ်ထဲကသွားရင်သွား၊ ဒါမှမဟုတ် ပိုနီးတဲ့ တက္ကသိုလ်ဘောလုံးကွင်းထဲက ဖြတ်ဖြတ်သွား ရတယ်။ ဘောလုံးကွင်းတွေ ၄၊ ၅ ကွင်းလောက်ရှိတဲ့ ကွင်းကြီးပေါ့။ အဖေက မနက် ၉ နာရီ၊ ၁ဝ နာရီဆို ရုံးသွား၊ ကျမတို့ ညီအမနှစ်ယောက်က နေ့လယ် ၁၁ နာရီလာက်ဆို ကျောင်းသွားရင်း အိမ်က ထမင်းချိုင့်လေး အဖေ့ကို နေ့တိုင်း သွားပို့ပေး ရတယ်။ ဒါကြောင့် နေ့တိုင်းလိုလို ဘာသာပြန်ဌာနလေးကိုရောက်တယ်။ ဘာသာပြန်ဌာနက အဖေနဲ့အတူ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဦးမင်းအောင်၊ ဆရာဦးလှဆောင်၊ အန်တီ ဒေါ်ခင်မိမိ၊ အန်တီနီလာ၊ ဦးကျော်အောင်၊ ဦးမင်းကျော်၊ ဦးမောင် မောင်ညွန့်၊ ဦးကျော်လှ၊ အန်တီ ဒေါ်တင်တင်စိုး၊ ဦးတင်လှ၊ ဒေါ်ညွန့်ညွန့်၊ ဦးအောင်ကျော်မိုး၊ ဦးမြသီး၊ ဦးမြငုံ၊အန်တီ ဒေါ်ခင်အေးကြည်၊ အန်တီ ဒေါ်မြငြိမ်း၊ အန်တီ ဒေါ်သိန်းညွန့်၊ အန်တီဒေါ်အေးကြည်၊ ဦးလှမင်း၊ အန်တီရီရီဌေး၊ အန်တီ စီ လေးချို၊ မမနော်အယ်ဖော၊ ကိုစောကြာဝေါ၊ ဒေါ်တင်တင်ဆွေ တို့နဲ့ ခင်မင်ခဲ့ရပါတယ်။ အဖေ့ကို ရုံးမှာမတွေ့ရင် ကျမတို့ ဘီအိုစီ ကောလိပ်ကင်တင်းလို့ခေါ်တဲ့ စားသောက်ဆိုင်တန်းလေးကို လိုက်သွားကြပါတယ်။ စားသောက်ဆိုင်က ဦးချစ်စိန် မိသားစု၊ ဦးနီ၊ ဒေါ်ကြည်မိသားစု စသူတို့နဲ့ပါ ကျမတို့မိသားစုသဖွယ် ယခုတိုင် ရင်းနှီးခင်မင်ခွင့်ရခဲ့ပါတယ်။ တခါ ဘာသာ ပြန်ဌာနလေးကိုလာလည်သူ အဖေ့ရဲ့မိတ်ဆွေတွေနဲ့ပါ ရင်းနှီးခဲ့ရပါတယ်။ ဘာသာပြန်ဌာနလေးက ကျမတို့ရဲ့ Second Home ပါဘဲ။ အဖေ တက္ကသိုလ်ဘာသာပြန်ဌာနလေးမှာလုပ်ခဲ့လို့ ကျမတို့ တက္ကသိုလ်ပရဝုဏ်မှာ အနှစ်၂ဝလောက် နေထိုင် ခဲ့ရတော့ မြန်မာ့သမိုင်းရဲ့ အရေးကြီးတဲ့ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်၊ အလုပ်သမားအရေးအခင်း၊ သြဂုတ် ၈၈ အရေးတော်ပုံကြီးရဲ့ ရှေ့ပြေးအရေးအခင်းဖြစ်တဲ့ ၁၉၈၈ မတ်လ ၁၃ ကိုဖုန်းမော်ကျဆုံးတာနဲ့ပတ်သက်ပြီး ဖြစ်ပွားတဲ့ တက္က သိုလ်လှုပ်ရှားမှုများကို အနီးကပ်ကြုံကြိုက်ခဲ့ရပါတယ်။ ဒါကတော့ ကျမတို့နဲ့ ဘာသာပြန်ဌာနလေးရဲ့ ပုဂ္ဂလိက ပတ်သက်မှု လေးပါ။



တက္ကသိုလ်ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနကို ၁၉၄၈ ခုနှစ် ဇွန်လ (၁) ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်လက်အောက် ဌာနအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါကြောင့် ယခု ၂ဝ၁၈ ဇွန်လ ၁ရက်နေ့ဆိုရင် နှစ်ပေါင်း (၇ဝ) ပြည့်ပါပြီ။ တာဝန်ခံ ဌာနမှူး (စာတည်းမှူး) မှာ ကဗျာဆရာကြီး မင်းသုဝဏ် ခေါ် ဦးဝန် ဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း (၆၅) ဦးခန့် ရှိပါသတဲ့။ မြန်မာစာပေပညာရှင် ကဗျာဆရာကြီး မင်းသုဝဏ်နဲ့စတင်ခဲ့တဲ့ ဘာသာပြန်ဌာနလေးမှာ ပညာရှင်၊ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာတွေ ဘယ်လောက်များသလဲဆိုတာ ဂုဏ်ယူဖွယ်ရာ လက်လှမ်းမှီသလောက် ဖော်ပြချင်ပါတယ်။ မင်းသုဝဏ်၊ တင်ဧ (ရှမ်းပြည်) (ပင်လုံစာချုပ်လက်မှတ်ထိုးခဲ့သူ)၊ မင်းယုဝေ၊ ဒဂုန်ဦးထွန်းမြင့်၊ ဒေါ်ခင်ကြည်ကြည် (သိန်းဖေမြင့်ဇနီး)၊ ဒေါ်ခင်သင်းနွဲ့ (ဦးမျိုးမင်းဇနီး၊ ဆရာမင်းသုဝဏ်ဇနီး ဒေါ်ကြည်ကြည်ရဲ့အမ)၊ဓာတ်ပုံပညာရှင် ဦးတင်ဦး၊ ဦးမောင်မောင်သိမ်း၊ တက္ကသိုလ်မင်းမော်၊ ကျော်အောင်၊ မင်းကျော်၊ တင်မိုး၊ မင်းလှညွန့်ကြူး၊ သိပ္ပံမင်းကြည်၊ မောင်တိမ်ကြည်၊ မောင်တက္ကသိုလ်၊ ရမည်းသင်း-ကြည်သင်း၊ ခင်အေးကြည် (ဘာသာပြန်)၊ ပန်းချီဆရာ နန်းဝေ၊ ပန်းချီဆရာ အောင်ကျော်မိုး၊ ချစ်ဝင်းမောင် တို့ ကို မှတ်မိပါတယ်။ သိသူများ ထပ်ဖြည့်ပေးစေလိုပါတယ်။ ယခု လက်ရှိတာဝန်ခံစာတည်းကတော့ ဒေါ်နီလာချစ်ဆိုင်ပါ။

ဒီဌာနလေးဟာ ကျမတို့လို ဌာနမိသားစုဝင်တွေနဲ့တင်မက၊ ၁၉၉ဝ လောက်အထိ တက္ကသိုလ်တက်ခဲ့သူတွေအတွက် ကျေး ဇူးရှိတယ်၊ ပတ်သက်နေတယ်ဆိုတာလေး ပြောချင်ပါတယ်။

ကျမတို့ ဆယ်တန်းအောင် တက္ကသိုလ်တက်တော့ ပထမနှစ်၊ ဒုတိယနှစ် နှစ်နှစ်အတွက် တက္ကသိုလ်ပညာကို မြန်မာလို သင်ရပါတယ်။ ကျမတို့မောင်နှမငါးယောက်မှာ တယောက်နဲ့တယောက် ပညာရေးစနစ်ချင်းမတူပါ။ ကျမက ၁၉၈ဝ မှာ ဆယ်တန်းအောင်တော့ အမှတ် (၂) ဒေသကောလိပ်တက်ရတယ်။ ဆယ်တန်းအမှတ်ရယ် ပထမနှစ် ဒုတိယနှစ် သုံးနှစ် ပေါင်းပြီး ကိုယ်အထူးပြုရမယ့်ဘာသာရပ်ကို တတိယနှစ်ကျမှ အမှတ်နဲ့ခွဲတာပါ။ အဲဒီမှာ တခါဆယ်တန်းအောင်ပြီး သိပ္ပံလိုင်း မှာ သင်္ချာလိုင်းယူမလား၊ ဇီဝလိုင်းမယူလား ကိုယ့်ဖာသာ ဆုံးဖြတ်ရပါတယ်။

ကျမတို့ ဘယ်လိုင်းဘဲ ယူယူ ဆယ်တန်းအောင်ပြီးတာနဲ့ တက္ကသိုလ်ပညာအတွက် ဘာသာရပ်တွေ သင်ကြားရပါပြီ။ သိပ္ပံ လိုင်းမှာဆို ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ သင်္ချာ၊ ဝိဇ္ဇာလိုင်းမှာဆို ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ပညာ စတာတွေ သင်ကြားရပါပြီ။ ဒီဘာသာရပ်တွေအားလုံးကို မြန်မာလိုသင်ကြားရပါတယ်။

ဒီတော့ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနဟာ တက္ကသိုလ်သင်ရိုးတွေကို ပြုစုထုတ်ဝေခဲ့ပါတယ်။ ဘာသာ ရပ်အလိုက် သက်ဆိုင်ရာပညာရှင်တွေက ဘာသာပြန်ထားတဲ့ စာမူတွေကို compiling (စာအုပ်ဖြစ်အောင် စုဆောင်း၊ ပြုစု၊ ရေးသားရခြင်း)၊ editing (တည်းဖြတ်ရခြင်း)၊ proof reading (စာလုံးပေါင်းသတ်ပုံ၊ အထားအသိုပြင်ရခြင်း) များ ပြု လုပ်ရပါတယ်။ အဓိပ္ပါယ်လွဲမှားမှုမရှိအောင် ဘာသာရပ်ဆိုင်ရာပညာရှင်တွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းရပါတယ်။ ဒီ တော့ ဘာသာပြန်ဌာလေးဟာ တက္ကသိုလ် ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်အားလုံးရဲ့ ပညာရှင်တွေဝင်ထွက်သွားလာ တွေ့ဆုံဆွေး နွေးရာ၊ ပညာဌာနလေး ဖြစ်ပါတော့တယ်။ အတည်ပြုပြီးတဲ့စာမူတွေကို တက္ကသိုလ်ပုံနှိပ်တိုက်မှာ ပုံနှိပ်ထုတ်ဝေပြီး အဲဒီနှစ် တွေက တက္ကသိုလ်ကျောင်းသား / ကျောင်းသူတိုင်း ဘာသာရပ်တွေကို မြန်မာဘာသာလို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ သင်ကြားခွင့်ရခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး တက္ကသိုလ်ပညာကို မြန်မာဘာသာလို သင်ကြားသင့်၊ မသင်ကြားသင့်ဆိုတဲ့ အယူအဆလည်း ငြင်းခုံ နေကြရဦးမှာပါ။

ကျမကတော့ မြန်မာဘာသာလို သင်ကြားသင့်တယ်ဆိုတဲ့ဘက်က ရပ်တည်ချင်ပါတယ်။ အင်္ဂလိပ်စာ ဘာသာရပ်ကို မိုးပျံ အောင် တော်ဖို့ တတ်ဖို့ reading & writing ကောင်းဖို့ သင်ရိုးညွှန်းတမ်းတွေ၊ Native ဆရာ ဆရာမတွေနဲ့ အသံထွက် မှန်အောင်ရယ်၊ Listening ကောင်းအောင်ရယ် သင်ရမှာတပိုင်းလို့ ယူဆပါတယ်။ အခုခေတ်မှာ အင်တာနက်တွေက တ ဆင့် အသံထွက်အမှန်တွေလည်း သိနေနိုင်ပါပြီ။ Native ဆရာ ဆရာမ မထားနိုင်တဲ့အခြေအနေဆိုရင်လည်း စကားလုံး တလုံးကို အသံထွက်မသိရင် ဖုန်းကနေဘဲဖြစ်ဖြစ် သိလိုတဲ့အသံထွက်ကို မှန်ကန်အောင် နားထောင်လို့ရတဲ့ အခြေအနေပါ။ အင်္ဂလိပ်စာကို အရေးအဖတ်အပြောနားလည်မှုတွေမှာ ထူးကိုထူးချွန်ရမှာပါ။ ဒါက တပိုင်း။

ဘာသာရပ်ဆိုင်ရာတွေမှာတော့ ပထမ နားလည်ဖို့အတွက် မြန်မာလို သင်ရမယ်လို့ ယူဆပါတယ်။ အဓိက က ဘာသာရပ်ကို နားလည်ဖို့ တတ်မြောက်ဖို့ စဉ်းစားတွေးခေါ်နိုင်ဖို့ မြန်မာလိုသင်ကြားဖို့လိုအပ်ပါတယ်လို့ ယူဆမိပါတယ်။ တက္ကသိုလ် ပထမနှစ်ကနေ ဘွဲ့ရတဲ့အထိပါ။ ဆေးပညာ၊ စက်မှုပညာ၊ ကွန်ပျူတာ၊ လေကြောင်း၊ ရေကြောင်းဘာသာရပ်တွေက ခြွင်း ချက်ပါ။ အထက်တန်းအဆင့်မှာ ထူးချွန်စွာအောင်မြင်လာသူတွေဖြစ်လို့ အင်္ဂလိပ်စာလည်း အတော်အသင့် နားလည်သူတွေ ဖြစ်နိုင်လို့ ဒီပညာရပ်တွေကတော့ ယခင်မူအတိုင်း ပထမနှစ်ကနေ ဘွဲ့ရသည်အထိ အင်္ဂလိပ်လိုဘဲ သင်ကြားသင့်ပါတယ်။ တခြားဘာသာရပ်တွေမှာတော့ ပထမနှစ်မှ စတုတ္ထနှစ်အထိ မြန်မာလိုသင်ပြီး ဘွဲ့လွန်၊ ဂုဏ်ထူးတန်း၊ ပါရဂူဘွဲ့သင်ရိုးတွေမှ ကျမှသာ ကျောင်းသားသည် ဘာသာရပ်ကိုကျွမ်းကျင် နားလည်လို့ယူဆရပြီး အဆင့်မြင့်ပညာအတွက် နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်အောင် အင်္ဂလိပ်လို တိုက်ရိုက်သင်ကြားသင့်တယ်လို့ ယူဆမိပါတယ်။

အဓိကတွေးမိတာက တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနသည် ယခင်ခေတ်အခါကလို ဝန်ထမ်းများများ၊ အလုပ်များများနှင့် စည်စည်ပင်ပင် တိုင်းပြည်အတွက် အလုပ်လုပ်ရတဲ့ ဌာနလေး၊ တိုင်းပြည်အတွက် အကျိုးအလွန်ရှိတဲ့ ဌာနလေးအဖြစ် တချိန်ချိန်မှာ ပြန်လည် ဖြစ်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

ကျမတို့ခေတ်က တက္ကသိုလ်ကျောင်းသား / ကျောင်းသူတိုင်းအတွက် တက္ကသိုလ်ကျောင်းသုံးစာအုပ်တွေကြောင့် ဘွဲ့ ရပညာတတ်တွေဖြစ်လာကြ၊ ပညာရှင်တွေဖြစ်လာကြတာမို့ အလွန်ကျေးဇူးရှိခဲ့တဲ့ဌာနလေးဖြစ်ခဲ့ပါတယ်။

ပညာရှင်တွေ၊ သုတေသီတွေအတွက်ကတော့ ဒီဌာနလေးကြောင့် အဖိုးမဖြတ်နိုင်တဲ့ စာပေတွေထွက်ရှိလာခဲ့လို့ သူတို့ရဲ့ သုတေသနလုပ်ငန်းတွေအတွက် ကျေးဇူးကြီးခဲ့တာလေးလည်း မှတ်တမ်းတင်ပါရစေ။ ပညာပဒေသာစာစောင်တွေ၊ ပညာ ရပ်ဆိုင်ရာ ဝေါဟာရအဘိဓာန်စာအုပ်တွေ၊ တက္ကသိုလ်မြန်မာသတ်ပုံညွှန်းကျမ်း၊ စွယ်စုံကျမ်းစာအုပ်တွေ၊ ကလးများအတွက် သုတရတနာသိုက် စာအုပ်တွဲတွေ၊ ရည်ညွှန်းစာအုပ်တွေ၊ ရှေးဟောင်းစာပေတွေ၊ ပေစာတွေ စတဲ့ စာပေတန်ဖိုးရှိလွန်းတဲ့ စာအုပ်တွေထွက်ရှိလာတာကြောင့် ကျေးဇူးမမေ့အပ်တဲ့ဌာနလေး ဖြစ်ပါတယ်။

မေလ ၂၇ ရက်နေ့၊ မြန်မာတိုင်းမ်မှာ ဒေါက်တာခင်မောင်လတ် (ရွှေမြန်မာ) ရဲ့ 'ပညာရေးအတွက် မမေ့မလျော့၊ အတူတွဲပါ စေလိုသည့်ဌာနတခု" လို့ ညွှန်းဆို ရေးသားထားတဲ့ ဆောင်းပါးလေးကို ကျမ ရာနှုန်းပြည့်ထောက်ခံပါကြောင်း ပြောပါရစေ။

အနှစ်ချုပ်အနေနဲ့ ...

၂ဝ၁၈ ဇွန်လ ၁ ရက်နေ့၊ သောကြာနေ့မှာ တက္ကသိုလ်ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနလေး တည်ထောင်တာ အနှစ် (၇ဝ) ပြည့်ပါပြီ။

အထိမ်းအမှတ်အနေနဲ့ ဝန်ထမ်းဟောင်းမိသားစုတွေ တွေ့ဆုံကြပါမယ်။ စိတ်ဝင်စားသူ မည်သူမဆို ဒီဌာနလေးရဲ့ အမှတ် တရပွဲလေးကို တက်ရောက်ချီးမြှင့်ပါရန် ဖိတ်ကြားလိုပါတယ်။

ယခုလက်ရှိ တာဝန်ခံစာတည်း ဒေါ်နီလာချစ်ဆိုင်၊ စာတည်း ဒေါ်သန်းသန်းနွယ်အပါအဝင် ဝန်ထမ်းစုစုပေါင်း (၁ဝ) ဦးသာ ရှိသော ဒီဌာနလေးကို တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းပံ့ပိုးကူညီကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်။

ဌာနလေးအကြောင်း သိသူ၊ ပတ်သက်ဖူးသူ၊ စိတ်ဝင်စားသူတို့ရဲ့ အမှတ်တရစာလေးတွေလည်း ဖတ်လိုလှပါတယ်။ အနည်း ဆုံးစာတိုလေးဖြစ်ဖြစ် မျှော်လင့်မိပါတယ်။

ဒီဌာနလေးရဲ့ တိုင်းပြည်အပေါ် အကျိုးပြုပုံ ကျေးဇူးတရားတို့ကို အောက်မေ့ကြရင်း၊ တိုင်းပြည်ရဲ့ အရေးအပါဆုံး ပညာရေး ကဏ္ဍအတွက် ကောင်းသည်ထက်ကောင်းအောင် စဉ်းစားမယ်၊ တိုင်ပင်ညှိနှိုင်းမယ်၊ ဆောင်ရွက်ကြမည်အထိ စိတ်ကူးဖြန့် ကျက်ကြပါမည်။

ဖခင် ကဗျာဆရာတင်မိုး မြန်မာနိုင်ငံကဝေးကွာစဉ် ဘာသာပြန်ဌာနလေးကို လွမ်းဆွတ်စွာဖွဲ့နွဲ့ခဲ့တဲ့ ကဗျာလေးနဲ့ အဆုံး သတ်ရင်း နိဂုံးချုပ်ပါရစေ။

ဘာသာပြန် အေးရိပ်မွန်


၁၇၊ ၆၊ ၆၇ နေ့က
ဘာသာပြန်ဌာနကို ငါဝင်ခဲ့တယ်။
ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်မှာ
လိုအပ်တဲ့ လက်မှတ်အစောင်စောင်
ကိုင်ဆောင်ပြီး သကာလ
စာရေးမ နော်ရိုးလေးရဲ့လက်အပ်ခဲ့တယ်။

နောက် ဌာနမှူး ဦးဝန်ရဲ့အခန်း
မည်သူမှန်းမသိ လိုက်ပို့
ကြို့ကြို့ယို့ယို့ကလေး ဝင်ရောက်
ဆရာက ဝမ်းသာဝမ်းမြောက်
ရောက်လာသူကြိုဆိုပြီး
လိုအပ်သမျှ သြဝါဒ တိုတိုပေး
ဆရာဦးတင်ဧထံလွှတ်ခဲ့တယ်။

ဆရာဦးတင်ဧက
ရှမ်းနံ့မွှေးနေတဲ့အပြုံး
နှလုံးလှစွာ ဆုံးမစာ လိုရင်းနဲ့
အလုပ်ဝင်ခြင်း အခမ်းအနား ပြီးပါတယ်။

ဟောဒါက ဘာသာပြန်စာကြည့်တိုက်
ဗိုက်ရွှဲရွှဲ ဦးမြသီး
မျက်ခုံးမွေးကြီးထူထူက
သူ တာဝန်ယူသတဲ့။

ဟောဒါက ဦးတင်လှ
အဘိဓာန်အပိုင်းကပေါ့
တွေ့သမျှ မြန်မာစကားတွေစု
မြန်မာမှုတွေ အနက်ဖွင့်
သက်ရင့်ပညာရှင်ကြီးတွေ အလုပ်ပေါ့။
ဒီလုပ်ငန်းမှာ ပညာစွယ်စုံတဲ့
ဒဂုန်ဦးထွန်းမြင့်၊ သတ်ပုံ ဦးအုန်းရွှေ
ဦးနန်းဝေ ပန်းချီဆရာတို့
ညီညာစွာ ဆောင်ရွက်ကြတယ်။

ဟောဒါက ဦးတင်ဦး
ဓာတ်ပုံမှာအထူး
ပုံနှိပ်ထုတ်ဝေရေးမှာ အကြီးအမှူး
ဦးစီးဆောင်ရွက်နေတဲ့ ဌာနတည်ထောင်ဖက် ပုဂ္ဂိုလ်ပေါ့။

ဟောဒါက ဦးကျော်အောင်နဲ့ ဒေါ်နီလာ
သိပ္ပံဝေါဟာရတွေအရာမှာ
သူတို့မပါရင် မပြီးဘူး
စာတည်းတိုင်း သူတို့နှင့်ညှိရမယ် တဲ့။

ဟောဒါက ဦးကျော်ဆွေ ခေါ် မင်းကျော်
ရေးဖော်ရေးဖက် အချင်းချင်းပါပဲ
ရင်းနှီးပြီးသား ဆရာတွေပါ
ပညာပဒေသာစာစောင်ရဲ့ အယ်ဒီတာ
ဦးကျော်လှလည်း တွဲဖက်ပါတယ်
စာပြင်ဆရာက ဦးလှမင်းလေ ...
စာပေဗိမာန်က ဆင်းခဲ့သူ...တဲ့။

ဟောဒါက ကိုတင်မြင့်နဲ့ ကိုစိုးကြည်
ခပ်တည်တည်နဲ့ ကိုအောင်ကြီး
လက်နှိပ်စက်ရုံးအဖွဲ့သားတွေမို့
မိသားလောက်နီးနီး ရင်းနှီးကြပါတယ်။

ဟောဒါက ဦးမောင်မောင်ညွန့် ခေါ် ညွန့်ကြူး
စာပေ ကဗျာ တပ်ဦးက
ကြယ်တဖူး ကြယ်တပွင့်
ဟောဒါက ဦးထွန်းမြင့် ခေါ် တက္ကသိုလ် မင်းမော်
ခင်ဗျားတို့ရဲဘော်တွေပဲ မဟုတ်လား ...။
အခုတော့ လုပ်ဖော် ကိုင်ဖက်
လက်တွဲညီညီနဲ့
ကိုယ်စီ ကိုယ်ငှ တာဝန်အသီးသီးကျပြီ
ဌာနမှာ ညီအစ်ကိုတော်တွေပေါ့ဗျာ.. တဲ့။

ကြီးကြီးပု၊ မမညွန့်
ဒေါ်သိန်းညွန့်၊ ဒေါ်မြငြိမ်း
ဒေါ်ခင်အေးကြည်၊ ဒေါ်မိမိ စတဲ့
ဘာသာပြန် အမျိုးသမီးဆရာမကြီးများလည်း
အသီးသီး အသက အသက
သူ့တာဝန်ကို ထမ်းဆောင်ကြလို့.. တဲ့။

ဒေါ်တင်တင်စိုး၊ ဒေါ်သန်းသန်း
ဒေါ်ခင်စန်း၊ ဒေါ်မြင့်မြင့် စတဲ့
ဖူးပွင့်စ စာပြုဆရာမတွေကလည်း
ဌာနရဲ့ အလှကျက်သရပေါ့လေ။

ဦးကျော်သိန်း၊ ဦးမြင့်
စုံပါပေ့ လူအများ
ဘာသာပြန် တပ်သားတွေကလည်း
တအားတအင် ဆိုစလောက်ပေငဲ့။

သည်လိုနှင့် ဘာသာပြန်မှာ မိုးခို
စိတ်ဓာတ်ကလေး နုပျိုခိုက်
စာဆိုလိုက် စာပြုလိုက်
ပျော်ပိုက် မွေ့လျော်နေရင်း . . .။

ဦးမင်းအောင်ခေါ် သိပ္ပံမင်းကြည်
စိတ်တူတဲ့ ရဲဘော်
ဦးစံဘော်ဆိုတဲ့ ရခိုင်ပညာရှိ
ကဝိတဆူရောက်လာ
နောက်တခါ ဦးလှဆောင်
တောင်တွင်းက ပြောင်းလာ
သဟာယတစု စာတွေပြုလို့
လွမ်းစရာ့ရိပ်မြုံ ဖြစ်ခဲ့တယ်။

တက္ကသိုလ်ပညာမှန်သမျှ
မြန်မာလို သင်ကြားရမည်မုချဆိုတဲ့
ဧရာမစီမံကိန်းဝင်
အသင်တို့ ငါတို့တတွေ ဖြစ်ခဲ့တယ်။

ငါတို့မှီခို ကြည်ညိုရတဲ့
မြန်မာ့စာပေ ပညာရှင်ကြီးများအလယ်
ရနံ့ကြွယ်တဲ့ ပန်းမြိုင်လယ် နေရသကဲ့သို့
ဘဝအဓိပ္ပါယ် ရှိခဲ့တယ်။

ခုတော့လည်း အတိတ်တွေ ဖြစ်သွားပြီ
အတိတ်ကားဆိုတော့
အရိပ်များလို
မှုန်ဝါးဝါးနဲ့ လွမ်းစရာပါတကား။

တင်မိုး
၁၇-၇-၁၉၉၉ (ကြာသပတေးနေ့)
(ဘယ်လဂျီယမ်နိုင်ငံ)

0