
မိုနေးသစ် ● အရိုးကျဲလက်တံတွေနဲ့ မြစ်ကွေ့
(မိုးမခ) မေ ၁၊ ၂၀၁၈
(မိုးမခ) မေ ၁၊ ၂၀၁၈
ကျနော်တို့ရွာကလေးဆီ ကွေ့ဝင်လာတယ်ထင်ရတဲ့ မြစ်။
နွေရာသီရောက်တဲ့ အခါသဲသောင်ပြင်တွေပေါ်လာတယ်။ ကျောက်ဆောင်တွေပေါ်လာတော့ ရေချိုးဆိပ်တစ်ခုရလိုက်ပါ တယ်။ သင်္ဘောတွေ လှေတွေ စက်လှေတွေ ဆိုက်ကပ်ရပ်နားဖို့ရာဆိပ်ကမ်းတစ်ခုအဖြစ်ပေါ့။ ရှုခင်းလေးကချစ်စရာ။ ပါလာ တဲ့ ဖုန်းကလေးနဲ့ ကုန်းတော်ပေါ်ရောက်တဲ့အခါ လှမ်းရိုက်လိုက်မိပါတယ်။ အရိုးကျဲနေတဲ့သစ်ရွက်ကြွေပြီးဖြစ်တဲ့ သစ်ပင်နဲ့ ဥသြသံလေးကိုထည့်လိုက်တဲ့အခါ နွေရာသီရှုခင်းလေးတစ်ခုထဲ ရောက်ရှိလို့သွားပါတော့တယ်။
ဓာတ်ပုံဝါသနာရှင်တွေဆိုရင် မြစ်ရှုခင်းတွေက ဘယ်လိုမှလက်မလွှတ်နိုင်အောင် ရှုခင်း ရှုထောင့်အမျိုးမျိုးကနေ စောင့်ပြီးချောင်းမြောင်းပြီး ရိုက်ကူးရတဲ့ ရိုက်ကွင်းများပဲဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ အလှပဆုံးရှုခင်းတွေကိုပြပါဆိုရင် မြစ်နဲ့ တောင်တွေကတော့ ရှေ့ဆုံးက ရှိနေမှာပါ။
ကျနော်တို့နေထိုင်ရာ နေရာလေးရဲ့အနောက်ဖက်မလှမ်းမကမ်းမှာ ဧရာဝတီမြစ်ကြီး စီးဆင်းနေပါတယ်။ ခုလိုနွေရာသီရောက်တော့ ရေတွေကျသွားပြီး သဲသောင်တွေကျောက်ဆောင်တွေပေါ်လာပြီး မြစ်မှာ နည်းနည်းကျဉ်းသွားပါတယ်။ ရေလှိုင်းတွေလည်းမရှိတော့ ရေလည်းပြန်လည်ကြည်လာပြီဖြစ်ပါတယ်။ ခုလိုအချိန်ဆို မြစ်ထဲပဲ ကျနော်တို့များသောအား ဖြင့် ရေသွားချိုးလေ့ရှိကြပါတယ်။ ရေထဲစိမ်ပြီးချိုးရတာ၊ နောက်ရေကူးခတ်ရတာ တကယ့်ကို စိတ်ကြည်နူးစရာကောင်းလှပါတယ်။ နွေနေပူထဲမှာ အေးချမ်း သွားပါတယ်။
ကျောက်ဆောင်တွေပေါ်လာတော့ အဲဒီကျောက်ဆောင်တွေပေါ်မှာ အဝတ်ပါလျှော်လို့ရပါတယ်။ သဲနုနုတွေပေါ်ဖြတ်ပြီးလမ်း လျှောက်ရတာကလည်း ကျန်းမာရေးအတွက် ပို၍ကောင်းပါသေးတယ်။ ပေါ်လာတဲ့မြေနုကျွန်းတွေပေါ်မှာ စိုက်ပျိုး သူများကတော့ သီးနှံတွေကိုစိုက်ပျိုးလေ့လည်းရှိကြပါတယ်။
ကိုင်းသီးနှံတွေကလည်း မိမိတို့ မီးဖိုချောင်အတွက်ရော ရောင်းချပြီး အပိုဝင်ငွေပါရတာမို့ စိုက်ပျိုးရေးလုပ်ကိုင်သူတွေ အတွက် အထူးအားထားရာလည်းဖြစ်ပါတယ်။ ကျနော်တို့မြို့ငယ်လေးဆီ ကိုင်းထွက်သီးနှံတွေကို လှေတွေနဲ့တင်ဆောင်လာတယ်။ စက်အသေးစားတပ်မော်တော်အငယ်လေးတွေနဲ့ သယ်ဆောင်လာတယ်။ သူတို့အတွက် ဈေးကွက်နေ့တိုင်း ရနေကြပါတယ်။ ဗူးရွက် ဗူးသီးတွေက လှေနဲ့အပြည့်မို့ လှေအလာကိုစောင့်ပြီး ဖောက်သည်ယူတတ်တဲ့ ကုန်စိမ်းသည်လေးတွေလည်း တွေ့ရတတ်ပါတယ်။
ခုလိုအချိန်ဆို ငါးဖမ်းလှေတွေ အများအားဖြင့် ပိုတွေ့ရလေ့ရှိပါတယ်။ သူတို့အခေါ် ဘောလုံးပိုက်တွေနဲ့ လှေပေါ်ကနေ ချချသွားပါတယ်။ ထို့နောက် လူအားနဲ့ ကမ်းစပ်ကို ဘောလုံးပိုက်ရှည်ကြီးကို ဆွဲယူပါတယ်။ ကမ်းစပ်ကိုရောက်လာတဲ့ဘောလုံးပိုက်ထဲမှာ ငါးပေါင်းစုံလင်လှပါတယ်။ ပုစွန် ကဏန်းတွေပါ ပါလာလေ့ရှိပါတယ်။ တခါတလေ မြွေတွေတောင်ပါလာတတ်ပါသေးတယ်။ ဘောလုံးပိုက်ဆွဲတဲ့အချိန် ကမ်းစပ်သွားပြီး ငါးဝယ်ရင်တော့ အပိုလက်ဆောင်တွေပါ အများကြီးရ တတ်ပါတယ်။
မြစ်ကွေ့နားမှာ သင်္ဘောတွေတစ်စီးပြီး တစ်စီးဆန်တက်သွားတာ စုန်ဆင်းသွားတာကိုလည်း မြင်နေရပါတယ်။ နွေရာသီဆို ငါးဖမ်းတဲ့ တံငါတဲလေးတွေ ကမ်းနားသဲသောင်ပြင်ပေါ်မှာ အစီအရီပေါ်လာပါပြီ။ ကျနော်တို့ဆီမှာ ရေဆင်းချိုးခါနီး အပျော်တမ်းမြစ်ကမ်းနားတွေမှာ ပုစွန်ငုပ်ကျွမ်းကျင်တဲ့သူတွေလည်း ရှိပါတယ်။ ကမ်းနားတလျှောက် ရေငုပ်ရင်း ကမ်းနားကပ်လာလေ့ရှိတဲ့ ပုစွန်တွေကို လိုက်ဖမ်းတာပါ။ အပြန်ကုန်းပေါ်တက်လာတော့ သူတို့ရဲ့ခါးပိုက်ထောင်ထဲမှာ ပုစွန်တွေ လေးငါးဆယ်သားအထိ ပါလာတတ်ပါတယ်။ ညနေဟင်းစားလေးရတော့ သူတို့ပျော်ရွှင်နေတာလည်း မြင်တွေ့ရပါတယ်။ တံငါတွေလည်း မြစ်ထဲမှာ လှေကလေးတွေကိုယ်စီနဲ့ ချထားတဲ့ပုစွန်ခြင်းလေးတွေ လိုက်ဖော်နေကြပါတယ်။ သီချင်းလေးတေ တကြော်ကြော်နဲ့ သူတို့ဘဝကလေးတွေကလည်း အပူအပင်ကင်းတဲ့ပုံပေါ်နေပါတယ်။
မြစ်ကမ်းနားဆိပ်မှာ ညနေ ညနေဆိုရင် ရေချိုးလာသူတွေ ကမ်းနားဖက်လမ်းလျှောက်လာသူတွေနဲ့ စည်ကားနေတတ်တာပါ။ ကမ်းခြေအလှမှာ ဆယ်ဖီဆွဲသူတွေလည်း များလှပေါ့။ ကျနော်တို့ငယ်ငယ်ကဆို ဓာတ်ပုံတစ်ပုံရိုက်ဖို့ အချိန်အတော်လေးပေးရပါတယ်။ ဓာတ်ပုံဆရာပြေးခေါ်ရတယ်။ ဓာတ်ပုံဆရာကလည်း တစ်ပုံနှစ်ပုံလောက်နဲ့ ကိုယ်ခေါ်မယ့်နေရာကို လိုက်ရိုက်ပေးလေ့မရှိပါ။ ဆယ်ပုံလောက်ကို တောင်းတောင်းပန်ပန်နဲ့ အနူးအညွှတ်ပြောပြီးမှ မလိုက်ချင်လိုက်ချင်နဲ့ လိုက်ရိုက်ပေးလေ့ရှိပါတယ်။
ခုခေတ်လို လူတိုင်း ဖုန်းကိုင်နိုင် ကိုယ်ကြိုက်တဲ့ရှုခင်းလေးတွေတွေ့ရင် မှတ်တမ်းတင်နိုင်တာဟာ တကယ်ဝမ်းသာစရာ အခွင့်အရေးလည်းဖြစ်ပါတယ်။
မိုးတွင်းတုန်းက ကမ်းလုံးလျှံခမ်းနားလှတဲ့မြစ်ဟာ ခုတော့ အတော်လေး ကျုံလှီသွားခဲ့ပါပြီ။ မြစ်ရေကြီးမှုကလည်း နှစ်စဉ်လိုလိုပါ။ စိုက်ပျိုးထားတဲ့သီးနှံတွေလည်း ပျက်စီးမှုကို နှစ်စဉ်နဲ့အမျှ တွေ့ကြုံကြရပါတယ်။ အိမ်တွေနစ်လျှံတဲ့အခါ နေရေးထိုင်ရေးကအစ ပြောင်းရရွှေ့ရနဲ့ အတော်လေး ဒုက္ခများလှပါတယ်။ မိုးတွင်းတုန်းက ရွာအနားမှာ ရစ်သီ ရစ်သီ လုပ်နေ တဲ့မြစ်ဟာ ခုလိုနွေရောက် ရေနည်းသွားတော့လည်း ရွာနဲ့သဲသောင်ပြင်ကြီး ခြားနေပြန်ပါတယ်။ ရေခပ်ဖို့ ရေချိုးဖို့ အတော်ဝေးဝေးသွားရပါတော့မယ်။ မြစ်နဲ့အလှမ်းဝေးတဲ့ ကျေးလက်တွေမှာ ရေဒုက္ခကိုလှလှကြီး တွေ့နေကြရပါပြီ။ မိုးတွင်းမှာလှောင်ထားတဲ့ရေကန်တွေ တစ်နွေရာသီလုံးတည်ရှိနေဖို့ဆိုတာကတော့ အတော်မလွယ်ကူတဲ့ကိစ္စပါ။ ကျနော်တို့ပတ်ဝန်း ကျင်မှာ မြေကြီးတွေကလည်း တစ်နေ့တခြား သွေ့ခြောက်လာနေပါတယ်။ မြေအစိုဓာတ်ကို ကြာရှည်ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ပါ။ ထို့ကြောင့် ရေကန်အများစုမှာ ကောလာခြင်းလည်းဖြစ်နိုင်ပါတယ်။ အရမ်းခြောက်သွေ့သောဒေသများတွင်အဝီစိတွင်းမှရေထွက်ဖို့ကို ခက်ခက်ခဲခဲ တူးယူကြရပါတယ်။
ကျနော်တို့ရွာကလေးကနေဖြတ်သန်းသွားနေကျ ရွာကလေးတစ်ရွာရဲ့ အရင်တုန်းက ကြာမျိုးစုံပေါက်နေတဲ့ရေကန်ကြီးနွေ မိုးဆောင်း ရေတွေလျော့သွားခန်းသွားလေ့မရှိတဲ့ ရေကန်ကြီးဟာ အခုတော့ ကြာဝေးစွ နွေဦးရာသီပင်လျှင် ရေတင်ကျန် နိုင်ခြင်းမရှိတော့ပါ။ သဘာဝတရားကြီးက ပဉ္စလက်ဆန်စွာပင် အပြောင်းအလဲမြန်ဆန်လွန်းလှတယ်။
ရေစီးရေလာ သန်လွန်းမြန်လွန်းတဲ့အချိန် မြစ်ကျဉ်းတစ်ချို့နေရာတွေမှာ ရေစီးတွေ တဝေါဝေါ ဆန်တက်နေတဲ့ သင်္ဘောလေးစက်ရှိန်မိုင်ကုန်တင်လို့ တစ်လက်မ ရေမိုင်ရွေ့ဖို့အရေး မီးခိုးတွေသာ အူထွက်ခဲ့တယ်။ ဒီလိုစက်ကုန်ဖွင့်ရင်း အင်ဂျင်အပူချိန်လွန်ကဲလှသဖြင့် မီးပါထလောင်တဲ့အဖြစ်အပျက်တွေကိုပါ တခါတလေ မြင်တွေ့ကြရပါတယ်။
မြစ်ဆိပ်ဆိုတာကလည်း တခါတလေ လှေခါးထစ်ထိတိုင်အောင်မဟုတ်တော့ အိမ်ထဲထိပါလှေဖြင့် ဆိုက်ဆိုက်မြိုက်မြိုက်ကြီးလည်း ရောက်ရှိလာတတ်ပါသေးတယ်။
ဟိုးတမြန်နှစ် မြစ်တွေရေကြီးတုန်းက ဆိုရှယ်မီဒီယာတွင် ကျနော့်အိမ်ကလေးရေနစ်နေတဲ့ ဓာတ်ပုံတင်လိုက်ရာ ကျနော့် မိတ်ဆွေကဗျာဆရာက အမြန်လာခဲ့မယ် ကျနော့်မှာရေဘေးအတွက် လှူထားတာတွေလည်း အရန်သင့်ပဲဆိုပြီး ဖုန်းဆက်လာပါတယ်။ ကျနော့်မှာ မိတ်ဆွေကဗျာဆရာကို အထူးပင်ကျေးဇူးတင်ပါကြောင်း ကျနော့်အတွက်တော့ အကူအညီမလိုအပ်ပေမယ့် ကျနော့်ထက်အများကြီးဒုက္ခရောက်နေတဲ့ သူတွေအများကြီးရှိပါကြောင်း သတင်းစကားပါးလိုက်ပါတယ်။ ကျနော့် မိတ်ဆွေက ချက်ချင်းဆိုသလို အဲဒီနေရာတွေကိုလိုက်ပြဗျာ၊ ကျနော်တို့ကူညီကြမယ် ကျနော်လည်း တတ်နိုင်သူတွေဆီ ဆက် အလှူခံလိုက်မယ်ဆိုပြီး အားတက်သရောပြောရှာပါတယ်။ အဲဒီလိုနဲ့ ကျနော်တို့အဖွဲ့ မြစ်ကိုဖြတ်ပြီး မြစ်အနောက်ဖက်ကတောရွာတွေထိ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး ကူညီခဲ့ကြပါတယ်။
လှိုင်းလေတွေထန်နေတဲ့ မြစ်ပြင်ထဲမှာ မော်တော်ကငယ်ငယ် အသက်ကယ်အင်္ကျီကမပါဆိုတော့ ကျနော်တို့အဖွဲ့ ရတနာ သုံးပါးကိုပဲ အာရုံပြု အရဲစွန့်သွားခဲ့ကြရပါတယ်။
အဲဒီအချိန်မှာ မြစ်လည်း ဒေါသပုန်ထတတ်တယ်ဆိုတာကို ကိုယ်တွေ့ မြင်ရ သိခဲ့ရပါတယ်။ ဒေါသပုန်ထနေတဲ့မြစ်ထဲ ဖြတ်ရတာ အတော်လေးကြောက်စရာကောင်း လှပါတယ်။ မြစ်ထဲစွန့်စားပြီးအမြဲသွားလာနေတဲ့သူတွေကိုလည်း ချီးကျူးမိပါတယ်။ လှေထိုးသမားတံငါတွေကတော့ အဲဒီလို လှိုင်းလေတွေဟာ ရိုးအီနေပြီထင်ပါတယ်။ တခါတလေမှ မြစ်ပြင်ကိုဖြတ်ဖူးတဲ့ ကျနော်တို့တတွေကတော့ ကြောက်စရာပါ။
မြစ်ကိုဖြတ်လာတော့ ရေနစ်နေတဲ့ရွာကလေးတွေ တောက်လျှောက်လှမ်းမြင်နေရပါတယ်။ ကမ်းကပ်ပြီဆို ရေနစ်ပြီးပြန်ကျ တဲ့နွံပြင်တွေကိုပါ ဖြတ်နေရပါတယ်။ တချို့နေရာတွေက ပေါင်ရင်းထိအောင်ရောက်ပါတယ်။ စက်လှေကတာ့ ရှေ့ဆက်တိုး လို့မရတော့ပါဘူး။ ရေသန့်ဗူးတွေ၊ ခေါက်ဆွဲခြောက်တွေ၊ ဆီဗူးတွေ၊ ဆန်အိတ်တွေကို ရွာသားတွေရော ကျနော်တို့ပါ ဝိုင်း ထမ်းပြီး သယ်ကြရပါတယ်။
အလှူရှင်တွေလှူဒါန်းထားတဲ့ပစ္စည်းတွေကို သွားရောက်ပို့ဆောင်ရပေမယ့် ကိုယ်လှူနေသလို ခံစားပီတိလည်းဖြစ်ရပါတယ်။ အများအားဖြင့် ဘုန်းကြီးကျောင်းမှာပဲ စုကြပါတယ်။ ရွာဦးဘုန်းတော်ကြီးမှဦးဆောင်ပြီး ရွာသူရွာသားများ အဆင်ပြေချောမွေ့အောင် ကူညီလုပ်ဆောင်ပေးပါတယ်။ အလှူရှင်မလာသေးတဲ့အချိန်တွေမှာလည်း ရေဘေးဒုက္ခသည်တွေကို ရွာဦးဘုန်းတော်ကြီးကပဲ စားစရာတွေ နေစရာတွေပေးထားတာဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းထဲ လှူဒါန်းပစ္စည်းတွေစုထားပြီး သာဓု အနုမောဒနာတရားတော်နာယူပြီး ရေစက်ချရပါတယ်။ ပြီးရင် ရွာမှလူတွေအားလုံးစုဝေးခေါ်ဆောင်ထားပြီး တစ်ယောက်ချင်း အား ပစ္စည်းတွေကို ညီတူ ညီမျှ ခွဲဝေပေးပါတော့တယ်။
ရေဘေးကူညီမှုလုပ်အားပေးခဲ့တုန်းက အမှတ်တရအတွေ့အကြုံလေးတစ်ခုလည်း ဖြစ်ပါတယ်။
နေပူရှိန်က တအားပြင်းတော့လည်း မိုးကိုမျှော်မိတာပါပဲ။ တန်ခူးလသင်္ကြန်မိုး ဟုတ်တိ ပတ်တိ မရွာခဲ့တဲ့အတွက် မိုးဦးစောစောကျဖို့ပဲ တောင့်တနေမိပါတယ်။ ဒီနှစ် လေတော့ အတော်ထန်မယ့်ပုံပါ။ ဟိုမှာ ဒီမှာ လေပြင်းကြောင့် အိမ်တွေယာတွေပျက်စီးတာတွေကြားနေရတယ်။ မိုးက ပုံမှန်အနေအထားအတိုင်းရွာရင်တော့ သီးနှံတွေအတွက် အကျိုးဖြစ်ထွန်းမှာ အသေအချာပါ။ ပုံမှန်မဟုတ်ပဲ ရွာမယ့်မိုးကြောင့် လေမုန်တိုင်းဒဏ်ကြောင့် စိုက်ခင်းတွေသီးနှံတွေပျက်စီးရတာလည်းတွေ့ ကြုံကြရပါတယ်။ စိမ်းစိုနေတဲ့မြက်ခင်းလွင်ပြင်တွေထဲကမြစ်ကိုတွေ့ရတာကတော့ တကယ်ရင်အေးစရာပါ။
ကဆုန်လပြည့်နေ့မတိုင်ခင် မိုးရွာလိမ့်ဦးမယ်လို့မျှော်လင့်ရပါတယ်။ ကောင်းကင်မှာ တခါတရံမိုးသားတိမ်လိပ်တွေကြောင့် အုံ့မှိုင်းနေလို့ပါ။ မိုးနံ့ပါတဲ့လေကလေး တိုက်ခတ်တဲ့အရသာဟာ ခုလိုအပူတွေများနေချိန်မှာ အရမ်းကိုကောင်းတဲ့အရသာပါ။
မြစ်ကတော့ သဲသောင်တွေ အတော်များများကိုဖြစ်ထွန်းနေပါတယ်။ တနှစ်နဲ့ တစ်နှစ် ရေကျသောင်ထွန်းပုံနေရာတွေက မတူညီကြပါဘူး။ မြစ်ကြောင်းကလည်း တစ်ရာသီနဲ့တစ်ရာသီ မတူပဲကွဲပြားပြောင်းလဲလေ့ရှိပါတယ်။ သဲနုန်းပို့ချမှုမတူလို့ ရေချိုးဆိပ်တွေတောင် ပြောင်းလဲသွားခဲ့ပါတယ်။
မြစ်ထဲကျောက်သဲစုပ်တဲ့မော်တော်တွေကြောင့် သောင်ပိုထွန်းရတယ်လို့လည်း တစ်ချို့ကပြောကြပါသေးတယ်။ ဒီကနေ့ စီးဆင်းနေတယ်ဆိုတာ မနက်ဖြန်တွေအတွက် သမိုင်းတွေဖြစ်ပါတယ်။ မနေ့ကရှိခဲ့တဲ့ မြစ်ကြောင်းတွေ မနက်ဖြန်မှာ ပြောင်း လဲသွားရင်သွားမှာပါ။ မြစ်ကို ကျနော်တို့မှီတင်းနေထိုင်နေကြပါတယ်။ သောက်ရေ သုံးရေ စိုက်ခင်းအတွက် ရေ၊ လယ်ယာများအတွက်ရေ ရေမရှိပါက လူတွေအသက်ရှင်ရပ်တည်စရာမရှိတော့ပါ။
နွေထဲနေပူရှိန်ကြောင့်လည်း လေတွေထန်လာပါတယ်။ တိမ်တိုက်တွေဖြစ်လာနိုင်တယ်။ ဒါပေမယ့် မိုးက ရွာချင်မှ ရွာဦးမှာပါ။ နေပူရှိန်ကြောင့် နေရထိုင်ရခက်ခဲတဲ့ရာသီဖြစ်တော့လည်း ရေကိုပိုပြီးတောင့်တကြတာပါပဲ။ လေပြင်းတွေကြောင့် မိုးရိပ်တွေပါသွားပေမယ့် ခဏတာတော့ အေးမြနိုင်ခဲ့ပါတယ်။ညနေခင်းဆို နေဝင်သွားတဲ့မြစ်ဖက်ကိုကြည့်ရင်း ကျနော်တို့တစ်နေ့တာကို အပန်းဖြေလို့ရနိုင်ပါတယ်။ မြစ်က ကျနော်တို့လိုအပ်နေတဲ့ ရေခိုးရေငွေ့ပါတဲ့လေတွေကို ပေးနိုင်စွမ်းပါတယ်။ သစ်ရွက်နုတွေကတော့ နွေကိုအန်တုပြီး ထွက်လာနေကြပါပြီ။
ပူအိုက်လွန်းတဲ့ ဧပြီမှာ ရေပက်တဲ့ ရိုးရာသင်္ကြန်ကျတာကလည်း လိုနေတဲ့ရေနုအေးကို ခဏတာသွန်းလောင်းပေးတဲ့ အမှတ်သင်္ကေတလည်းဖြစ်ပါတယ်။
တန်ခူးအကုန် ကဆုန်လပြည့်မှာ ညောင်ရေသွန်းပွဲတော်နဲ့ ကျနော်တို့ ညောင်ပင်ရိပ်မှာရေစင်သွန်းလောင်းကုသိုလ်ယူနိုင်ကြပါတယ်။ တစ်နှစ်တာပတ်လုံး ရေလိုအေးချမ်းနိုင်ပါစေကြောင်း ဆုတောင်းတွေနဲ့ အတူတူပေါ့။ ကမ်းရိုးတန်းဖက်မှာညောင်မုတ်ဆိတ်ပင်တွေ ပေါက်နေပါတယ်။ အမြစ်တွေအများကြီး ကုပ်တွယ်ထားလို့. ကမ်းပါးကိုရေတိုက်စားခြင်းမှ အကာ အကွယ်အများကြီးပေးထားပါတယ်။ မန်ကျည်းပင်အိုများ ကုက္ကိုပင်အိုများ ညောင်ပင်အိုများက ကျနော်တို့ရွာတွေကို ထိန်း သိမ်းထားတာပါ။ ဘယ်အပင်ပဲဖြစ်ဖြစ် လက်လွတ်စပယ်ခုတ်လှဲပစ်သူများကိုတော့ သဘောမကျချင်ပါ။ သစ်တစ်ပင်ကြီးထွားရှင်သန်လာဖို့ နှစ်အများကြီး စောင့်ကြရပါတယ်။ လမ်းနဲ့မလွတ်လို့ အခုတ်ခံရတဲ့သစ်ပင်တွေကိုကြည့်ရင်း နှမျော တသဖြစ်မိတာ အကြိမ်ကြိမ်ပါ။ လယ်ကွင်းတွေများလှပေမယ့် သစ်တောအုပ်ကလေးတွေရှိနေလို့သာ ကျနော်တို့ချောင်းတွေ မြောင်းတွေ မြစ်တွေ ရေရှည်ရှင်သန်နေနိုင်တာဖြစ်ပါတယ်။ တောင်ကို တောကစောင့်ရှောက်တယ်။ တောကို သစ်ပင်က စောင့်ရှောက်တယ်။ သစ်ပင်တွေကို မြစ်ကပြန်လည်စောင့်ရှောက်ပါတယ်။ ငွေ့ရည်ဖွဲ့ ပြန်လည်ရွာချဖို့ မြစ်တွေစီးဆင်းနေပါတယ်။
ကျနော်အလုပ်သွားနေကျလမ်းကလေးမှာ သစ်ပင်တွေအုပ်ဆိုင်းနေတဲ့တောင်ပေါ်လမ်းကလေးတစ်ခုရှိပါတယ်။ အဲဒီနေရာလေးဖြတ်သွားမိတဲ့အခါတိုင်း တောအုပ်လေးတစ်ခုထဲရောက်ရှိသွားရသလို ခံစားရပါတယ်။ သစ်ပင်အရိပ်တွေနဲ့မို့ အေးမြနေပါတယ် ။ မောပန်းမှုတွေကို ခဏတာအပန်းဖြေရပါတယ်။
ပူလောင်လှတဲ့နွေထဲဖြတ်ဖို့ရာ အခုလိုလမ်းကလေးပေါင်းများစွာ လိုအပ်လှပါတယ်။ သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်ဆိုတဲ့ စာတမ်းကလေးကိုသဘောကျမိတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ကျနော့်အကိုတစ်ယောက်ကတော့ အားအားရှိ သစ်ပင်တွေ လိုက်စိုက်နေပါတယ်။ ကျွန်းစိုက်ခင်းတွေကိုလည်း ကျွန်းပျိုးပင်တွေဝယ်ကိုယ်တိုင်စိုက်နိုင်သမျှ လိုက်စိုက်ရှာပါတယ်။ သူ စိုက်ထားတဲ့အပင်လေးတွေ နည်းနည်းလောက်ကြီးလာတာနဲ့ သစ်ပင်ခုတ်သူများက မျက်စိကျလာကြပါတယ်။ ခုတ်သူတွေက ခုတ်ဖို့စိတ်ဝင်စားမေပေမယ့် စိုက်ပျိုးသူတွေက သစ်ပင်စိုက်ဖို့ စိတ်ဝင်စားကြပါတယ်။
မြစ်ဟိုဖက်ကမ်းကိုလှမ်းကြည့်လိုက်တော့ ရွှေရောင်ဝင်းပြောင်နေတဲ့စေတီကလေးတွေလည်း ဟိုမှာသည်မှာတွေ့နေရပါ တယ်။ ရွာကလေးတွေဘယ်လောက်ငယ်ငယ်ဘုရားကျောင်းကန်စေတီတွေနဲ့မို့ ကျနော်တို့လူမျိုးတွေရဲ့ဘာသာရေးကိုင်ရိုင်းမှုကို မြင်တွေ့နေရသလိုပါ။
မနက်စောစောဘုရားကုန်းတော်ပေါ်ကို ဘုရားဝတ်ပြုဖို့တက်လာခဲ့ပါတယ်။ စေတီရဲ့ဆည်းလည်းသံနဲ့အတူ အနောက်ဖက်မှာစီးဆင်းနေတဲ့ မြစ်ကို အပေါ်စီးကနေ လှမ်းမြင်နေရပါတယ်။ နွေရောက်တော့ ရေနည်းသွားခဲ့ပါပြီ။ သဲသောင်ပြင်တွေက ဟိုမှာဖက်ကမ်းရော ဒီမှာ ဖက်ကမ်းပါပေါ်နေကြပါပြီ။ သဲသောင်ပြင်တွေ ကျောက်ဆောင်တွေကြားထဲမှာ ခက်ခက်ခဲခဲကွေ့ဝိုက်စီးဆင်းနေရတယ်လို့ ခံစားမိပါတယ်။ သစ်ရွက်လဲထားတဲ့ သစ်ပင်အိုကြီးကလည်း ရွက်နုတွေမဝေသေးတဲ့အချိန် အရိုးကျဲလက်တံတွေနဲ့ပေါ့။ အတွေးထဲ စာသားတစ်ခုအဖြစ် လှမ်းဝင်လာပါတယ်။
မြင်ကွင်းအစိမ်းနဲ့ အရိုးကျဲလက်တံတွေ နဲ့မြစ်။
မိုနေးသစ်
Comments