လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး - အပိုင်း (၅)

  လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး - အပိုင်း (၅)
(မိုးမခ) မေ ၈၊ ၂၀၁၈


စိတ်လှုပ်ရှားဖွယ်သတင်းများ
၂ဝ၁၈ ခုနှစ်ဟာ တရုတ်ပြည်ရဲ့ ဒုတိယမျိုးဆက်ခေါင်းဆောင် တိန့်ရှောင်ပင်ရဲ့ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီလုပ် ဆောင်ကျင့်သုံးလာခဲ့တာအနှစ် (၄ဝ) ပြည့်မြောက်တဲ့နှစ်ပါ။ ဒါ့ကြောင့် တရုတ်မီဒီယာတွေက အထူးအစီအစဉ်တွေ လွှင့် ထုတ်နေပါတယ်။ အဲဒီပေါ်လစီ ဘယ်လိုပေါ်ပေါက်လာတယ်။ ဘယ်လိုလေ့လာစုံစမ်းခဲ့တယ်။ ဘယ်လိုစမ်းသပ်လုပ်ဆောင်ခဲ့ တယ်။ ဘယ်လိုအမှားတွေကို ဘယ်လိုပြင်ခဲ့တယ်။ အခုခေတ်လူငယ်များရဲ့ အမြင်များအပါ စတာတွေကို အဲဒီကာလကကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သူများ၊ သုတေသနသမားများကအစ လူ့အဖွဲ့အစည်းအတွင်းက လူပုဂ္ဂိုလ်အမျိုးမျိုးနဲ့ အဆက်မ ပြတ် တွေ့ဆုံမေးမြန်းခန်းများ ထုတ်လွှင့်လျှက်ရှိပါတယ်။

မေးမြန်းခန်းတခုအကြောင်း ပြောပြချင်ပါတယ်။

အဲဒီကာလက တိန်ရှောင်ပင်ရဲ့အင်္ဂလိပ်ဘာသာပြန်တာဝန်ထမ်းဆောင်ခဲ့ဘူးပြီး အခုအခါ တရုတ်အစိုးရကို အကြံပေးနေရတဲ့ သုသေနဌာန (Centre for China and Globalization) ရဲ့ဒုဌာနကြီးမှူးဖြစ်နေတဲ့ ဒေါက်တာကောင်ဂျစ်ခိုင် (Dr.Gao Zhikai) ရဲ့ပြောဆိုချက်များပါ။

(၁၉၇ဝ ခုနှစ်များက) တိန်ရှောင်ပင်က ဖွံ့ဖြိုးပြီးအရင်းရှင်နိုင်ငံကြီးများကို လှည့်လည်သွားလာပြီး လေ့လာစဉ် သူက လိုက်ပါသွားရသူပါ။ သူက ဆွစ်ဇာ လန်ကဂျီနီဗာရောက်စဉ် စဉ်းစားချက်တွေကို ဒီလိုပြန်ပြောပြခဲ့ပါတယ်။

"ကျွန်တော်တို့က အဲဒီနိုင်ငံရဲ့အံ့မခန်းတိုးတက်မှုတွေကိုကြည့်ပြီး၊ ငါတို့နိုင်ငံ အတော်ခေတ်နောက်ကျနေပါရော့လား။ တို့တ တွေ အပြင်းအထန်ကြိုးစားရင်တောင် တို့သက်တမ်းမှာတော့ ဒီလိုနိုင်ငံကိုမီနိုင်မယ်မထင်ဘူး" လို့ ထင်မြင်မိခဲ့ပေမယ့် ကျွန် တော်တို့တတွေ မှန်ကန်တဲ့လမ်းစဉ် (ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီ) ရှာတွေ့မိလို့ နှစ် (၄ဝ) အပြင်းအထန်ကြိုးစား လုပ်ဆောင်ပြီးချိန်မှာတော့ ကျွန်တော်တို့နိုင်ငံကြီး အခုလိုစီးပွားရေးအရ ကမ္ဘာမှာ ဒုတိယအင်အားအကြီးဆုံးနိုင်ငံကြီးအ ဖြစ်ရောက်ရှိလာပါတယ်။ အဲဒီနိုင်ငံမှာတွေ့ခဲ့ရတဲ့ မိုးမျှော်တိုက်ကြီးတွေ၊ ကုန်ပဒေသာဆိုင်ကြီးတွေ၊ မြေအောက်ရထား လမ်းတွေ၊ ကျည်ဆန်ရထားတွေ အခုကျွန်တော်တို့နိုင်ငံမှာ အကုန်ရှိနေပြီပဲ" လို့ အားပါးတရ ပြောသွားပါတယ်။

ကျွန်မ အဲဒီတွေ့ဆုံမေးမြန်းခန်းကိုနားထောင်ရင်း အတော့်ကိုဆွေးသွားပါတယ်။

တကယ်တော့ ကျွန်မတို့နိုင်ငံမှာလည်း အဲသလို တိုင်းချစ်ပြည်ချစ်စိတ်ရှိသူများ၊ တိုင်းကျိုးပြည်ကျိုး လုပ်ဆောင်လိုသူများ မရှားခဲ့ပါဘူး။ အဲဒီကာလတဝိုက်မှာပဲ၊ ဗမာပြည်မှာ အလားသဏ္ဌာန်တူတဲ့ (သို့သော် အနှစ်သာရအရတော့ အလွန်ကွဲပြားတဲ့) ဖြစ်ရပ်တခုရှိခဲ့ပါတယ်။

၁၉၇၆ ခုနှစ် တပ်မတော်ခေါင်းဆောင်ကြီးများကိုလုပ်ကြံရန် ကြံစည်မှုနဲ့ သေဒဏ်ပေးခြင်းခံလိုက်ရတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့် အမှု စစ်ဆေးစဉ် ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ထွက်ချက်မှာ (သူက မဆလအစိုးရ ကာကွယ်ရေးဝန်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့အတွင်းရေးမှူး) သူ့အနေနဲ့ ဂျီနီဗာရောက်စဉ် သူများတိုင်းပြည်တွေ ဒီလောက်တိုးတက်နေပြီး၊ တို့ များနိုင်ငံက ဘာလို့ဒီလောက်ဆင်းရဲနေရသလဲလို့ စဉ်းစားကြည့်တဲ့အခါ သူ့အနီးအနားရှိ ဗိုလ်ချုပ်ကြီးများရဲ့အပြစ်လို့ မြင်လာပြီး အဓိကတာဝန်ရှိသူ ဗိုလ်ချုပ်ကြီးနေဝင်းကို လုပ်ကြံဖို့ ကြံစည်တာပဲလို့ ထွက်ဆိုသွားခဲ့ဘူးပါတယ်။

တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များဟာ မိမိတိုင်းပြည်နဲ့ပြည်သူတရပ်လုံး ချမ်းသာဝပြောပြီး၊ နိုင်ငံတကာမှာလည်း သိက္ခာရှိရှိနေထိုင် နိုင်တဲ့ဘဝမျိုးအတွက် နည်းလမ်းပေါင်းစုံရှာကြံလုပ်ဆောင်ကြတာ သဘာဝကျပါတယ်။ သို့သော် လမ်းမှန် ကမ်းမှန် ရှာတွေ့ဖို့ လိုပါတယ်။

ဗမာပြည်ကြီး ဆင်းရဲချွတ်ခြုံကြပြီး နိုင်ငံတကာမှာ မျက်နှာမလှဖြစ်ရတာဟာ စစ်အာဏာရှင်စနစ်ဆိုးကြောင့်ဖြစ်ပါတယ်။ အဲဒီစနစ်ကိုပဲ အမြစ်ပြုတ်အောင်တိုက်ရမှာပါ။ ထိပ်ဆုံးက လူပုဂ္ဂိုလ် တယောက် နှစ်ယောက်လောက်ကို လုပ်ကြံသတ်ဖြတ် လိုက်ရုံနဲ့ ဒီစနစ်ကြီး ပပျောက်သွားမှာမဟုတ်ပါဘူး။ ဒါ့ကြောင့်ပဲ ဗမာပြည်သူတွေဟာ ဒီစစ်အာဏာရှင်စနစ်ကြီးကို နည်း လမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်ကြရာမှာ အခုအခါမှာ နည်းလမ်း (၂) သွယ်နဲ့ ချီတက်နေကြပါတယ်။ စစ်အာဏာရှင်စနစ်ကို သက် ဆိုးရှည်စေတဲ့ ပြည်တွင်းစစ်ကြီး အမြန်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိစေကြောင်း ဘက်စုံကကြိုးစားနေကြပြီး၊ စစ်အာ ဏာရှင်စနစ်ကို နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ကာကွယ်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး (ဖျက်သိမ်းရေး) ကိုလည်း တဘက် က ကြိုးစားနေကြရပါတယ်။ ဒီလိုတိုက်ပွဲဝင်နေတဲ့ဖြစ်စဉ်အတွင်း စိတ်လှုပ်ရှားဘွယ်သတင်းများကလည်း အဆက်မပြတ် ပေါ်ထွက်နေပါတယ်။ ဥပမာအချို့ကြည့်ရအောင်ပါ။

၁။ ၂ဝ၁၈ ဧပြီလ ၂ဝ ရက်နေ့က အင်းစိန်တရားရုံးမှာ တရားလိုပြသက်သေ ဒုရဲမှူးမိုးရန်နိုင်ရဲ့ထွက်ဆိုချက်များကိုကြည့်ပါ။ ရဲမှူးချုပ်တင်ကိုကိုက ရိုက်တာသတင်းထောက်နှစ်ယောက်ကို အမှုဆင်ဖမ်းဆီးဖို့ညွှန်ကြားခဲ့တာလို့ ထွက်ဆိုခဲ့ပြီး၊ အဲဒီ တရားခွင်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေမှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာနဲ့သူရှိပါတယ်လို့ ပြောဆိုသွားမှု၊ မေလ (၂) ရက်နေ့မှာ တရားရုံးက ဒုရဲမှူးမိုးရန်နိုင်အပေါ် တရားလိုဘက်က မယုံကြည်ရတဲ့သက်သေအဖြစ် ကြေငြာပေးဖို့တောင်း ဆိုတာကို ပယ်ချလိုက်ခြင်းဆိုတဲ့ သတင်းများ။

၂။ ကချင်ပြည်နယ်မှာ ပြန်လည်ပေါ်ထွက်လာတဲ့ တိုက်ပွဲများအကြားပိတ်မိနေတဲ့စစ်ဘေးဒုက္ခသည်များကယ်ထုတ်ရေး အ တွက် လုပ်ဆောင်နေတဲ့လှုပ်ရှားမှုများ၊ ပြည်တွင်းသာမက နိုင်ငံတကာမှာပါ နေရာအနှံ့ပေါ်ပေါက်နေတာ၊ အဲဒီလှုပ်ရှားမှုများ အတွင်း လှုပ်ရှားသူများနဲ့တွေ့ဆုံဖြေရှင်းနေရမှုများ၊ အပြန်အလှန်ဆွေးနွေးမှုတွေ၊ အပြန်အလှန်ထိမ်းညှိ အလျော့အတင်း လုပ်မှုများ စတဲ့ မမြင်တွေ့ဘူးတဲ့မြင်ကွင်းတွေ (သံအမတ်က ထွက်တွေ့ရတာ၊ ဒေသဆိုင်ရာရဲမှူးများနဲ့သာမက ပြည်နယ် ဝန်ကြီးချုပ်များနဲ့ပါ တွေ့ဆုံဆွေးနွေးလာနိုင်တာ) ကိုမြင်ရတာ အလွန်အားတက်စဖွယ်ပါ။

နောက်ဆုံး နိဂုံးချုပ်အဖြေတခုရသွားတဲ့ လူငယ်တဦးက ဘယ်သူ့ကိုတင်ပြရမယ်ဆိုတာ အခုသိရပါပြီလို့ပြောသွားတာက တော့ သမိုင်းတွင်လောက်ပါတယ်။ အဓိကအတားအဆီးဟာ ဘယ်သူဆိုတာ ပေါ်လွင်သွားပါတယ်။ ဆွေးနွေးညှိနှိုင်း အဖြေ ရှာရင်း တွေ့သွားတာပါ။

ဒါတွေအားလုံးက ဗမာပြည်ကြီးမှာ အပြောင်းအလဲတွေ မသိမသာရော၊ သိသိသာသာရော ပြောင်းလဲနေတယ်ဆိုတာကို ပြသနေပါတယ်။ သို့သော် အကောင်းဘက်ပြောင်းဖို့ကတော့ အားလုံးအလွန်သတိကြီးစွာနဲ့ ဝိုင်းကြိုးစားဖို့လိုပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်အဖွဲ့ဝင်များနဲ့ တွေဆုံခဲ့တဲ့ ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင် ပြောသွားတဲ့စကားများကို ကြည့်ပါ။

“ဗမာပြည်မှာ ပြဿနာတခုပြေလည်ကာနီးရင်၊ ဖျက်ဆီးတဲ့လုပ်ငန်းတွေ အချိန်ကိုက်ပေါ်လာတာတွေဟာ တိုက်ဆိုင်မှုမ ဟုတ် ပါဘူး။ ဘာသာရေးကိုအကြောင်းပြုပြီး စနစ်တကျလုပ်ဆောင်တာတွေကိုတွေ့ရှိရတယ်" တဲ့။

ဗမာပြည်ကြီး တည်ငြိမ်အေးဆေးသွားရင် မိမိတို့ရဲ့ရရှိထားတဲ့အခွင့်ထူးတွေပျောက်မှာ စိုးရိမ်တဲ့အင်အားစုများရှိနေတာ၊ သူ တို့တတွေက မိမိတို့အကျိုးစီးပွားကာကွယ်ဖို့ အသေအလဲကြိုးစားကြမှာကို သတိပေးလိုက်တာပါပဲ။

ဒီဆောင်းပါးကို ဖေဖေတွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောကြားခဲ့တဲ့ပန်ကြားချက်နဲ့ပဲ အဆုံးသတ်လိုက်ပါရစေ။ ၂ဝဝ၅ ခုနှစ်က ပြောခဲ့တာဖြစ်တဲ့အတွက် အခုအချိန်မှာအသုံးတည့်နေသေးတဲ့အချက်များကိုသာ ထုတ်နုတ်ကိုးကားတင်ပြလိုက်ပါတယ်။

"ကျွန်တော်ဟာ ကျွန်တော်ကိုယ်တိုင်ပါဝင်တည်ထောင်ခဲ့တဲ့ မျိုးချစ်ပြည်ချစ်တပ်မတော်ကြီး ဒီလောက်ဆိုးရွားနိမ့်ကျသွားမှုများအပေါ် အတော်ဝမ်းနည်း ယူကျုံးမရဖြစ်မိပါတယ်။ နှမျောလည်း နှမျောမိပါတယ်။ ကိုယ့်ဟာကိုယ်လည်း ငါတာဝန် မကျေသေးဘူးဆိုပြီး သဘောထားမိပါတယ်။ ဒီတပ်ကြီးကို ပြည်သူဘက်ပြန်ရောက်လာအောင်လုပ်ရမယ့်ဝတ္တရား ကျွန်တော့်မှာရှိနေပါတယ်"


"ပြည်သူလူထုအနေနဲ့ လုပ်ရမယ့်တာဝန် ၂ ခုရှိပါတယ်။ တခုက မိမိတို့အားလုံး စည်းလုံးညီညွတ်စွာနဲ့ ဒီစစ်အာဏာရှင်စနစ်ကို တိုက်ချရမယ်ဆိုတဲ့စိတ်ဓာတ်အောက်မှာ အင်အားစုအားလုံးစုပေါင်းပြီး နည်းလမ်းပေါင်းစုံ၊ သဏ္ဌန်ပေါင်းစုံနဲ့ တိုက်ပွဲဝင်ရပါ လိမ့်မယ်။ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုကြီးကို ကျယ်ပြန့်နိုင်သမျှ ကျယ်ပြန့်အောင်ဖွဲ့စည်းရပါလိမ့်မယ်။ အမြင်ကျယ် ကျယ်၊ အမြင်ရှည်ရှည်၊ သဘောထားကြီးကြီးနဲ့ လုပ်ငန်းများကို သိုသိုသိပ်သိပ်လုပ်ဆောင်ကြရပါလိမ့်မယ်။ ဒီလိုနည်းနဲ့ မိမိတို့နိုင်ငံရေးအင်အားကို တောင့်တင်းခိုင်မာအောင် တည်ဆောက်ရပါလိမ့်မယ်"

"ဒုတိယလုပ်ငန်းကတော့ တပ်မတော်တွင်း (ဒီနေရာမှာ ကျွန်မဖြည့်ချင်တာကတော့ စစ်အာဏာရှင်စနစ်ကို ကာကွယ်ပေးရ လေ့ရှိတဲ့သူများအားလုံး ဥပမာ ရဲများ၊ ထွေအုပ်များ၊ အစိုးရဝန်ထမ်းများ စသဖြင့်) မှာရှိတဲ့ တိုင်းချစ်ပြည်ချစ် တပ်မှူး တပ် သားများကို မိမိတို့တပ်ပေါင်းစုထဲပါဝင်လာအောင် စည်းရုံးဖို့ပါပဲ။ တပ်မတော်တွင်းက တိုင်းချစ်ပြည်ချစ်တပ်မှူးတပ်သားများကိုလည်း ပြည်သူတွေနဲ့တတန်းတည်းရပ်တည်ပြီး ဒီမိုကရေစီစနစ်ပေါ်ပေါက်အောင်ကြိုးစားရာမှာ တတပ်တအားပါဝင်ကြပါ လို့ ကျွန်တော်ပန်ကြားလိုပါတယ်" တဲ့။


(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော သတင်းဌာနများနဲ့ အင်တာဗျူး။ (နေရီရီ) နှာ - ၁၁၁)

လှကျော်ဇော
၆ - ၅ - ၂ဝ၁၈။

Comments