ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - အိမ်တွင်း သတိပဋ္ဌာန် "ပစ္စုပ္ပန်"


ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - အိမ်တွင်း သတိပဋ္ဌာန် "ပစ္စုပ္ပန်"
(မိုးမခ) မေ ၂၆၊ ၂၀၁၈

အရှင်ဘုရား.. မြတ်စွာဘုရားလက်ထက်က သာဝတ္ထိပြည်သားတွေဟာ အိမ်ထောင်သားမွေး လူ့ကိစ္စလူ့အရေးဆောင်ရွက်ရင်းကပဲ *အလုပ်လဲမပျက်၊ မဂ်ဖိုလ်လဲရ" ဆိုတာတွေ ကြားသိရပါတယ်ဘုရား၊ ခုခေတ် တပည့်တော်တို့ရော *အလုပ်မပျက် မဂ်ဖိုလ်ရ" နေထိုင်နည်းလေးများ မရှိဘူးလား၊ ရှိရင်ပြောပြပေးပါဘုရား.. တဲ့။

ဒကာကြီးက အတော်မေးတတ်ထာပဲ၊ ဒကာမကြီးပါ သံသာလေကမ်းတိုင်နည်းလေးပါ ရှိ, မရှိ မေးဖို့ကောင်းတာ။
အဟင်း.. မေးချင်တာဘုရာ့၊ မတော်လှဘူးလားလို့ .. အဟဲ ..

နှစ်ယောက်တွဲ သံသာလေကမ်းတိုင်အထိ သွားနည်းတော့ မတွေ့မိဘူးဗျ၊ ကမ်းနားအထိ သွားသူများအဖြစ်နဲ့တော့ ရှင်ပိပ္ပလိ (ရှင်မဟာကဿပ) နဲ့ ဘဒ္ဒါထေရီတို့အတွဲ ထင်ရှားရှိပါတယ်။

ကဲ - ဟုတ်ပါပြီဗျာ။  *အိမ်ထောင်မကွဲ၊ စီးပွားမပျက် မဂ်ဖိုလ်တက်" အကြောင်း နဲနဲပြောပါမယ်။ သတိပဋ္ဌာန်တရားလေးပါးထဲက အခြေခံလဲဖြစ်၊ အများသုံးလဲဖြစ်တဲ့ "ကာယာနုပဿနာ သတိပဋ္ဌာန်"မှာ အရေးအပါဆုံး ရှုကွက် သုံးခုရှိပါတယ်။
၁။ ထိုကမ္မဋ္ဌာန်း ခေါ်တဲ့ "အာနာပါန ကမ္မဋ္ဌာန်း၊
၂။ ရပ်, သွား ကမ္မဋ္ဌာန်း ခေါ်တဲ့ "ဣရိယာပထ ကမ္မဋ္ဌာန်း၊
ဒီနှစ်ခုကတော့ မဂ်ဖိုလ်ကို တိုက်ရိုက်ဦးတည်ပြီး ကိလေသာကို တိုက်ထုတ်တဲ့ "တိုက်စစ်ကမ္မဋ္ဌာန်း" ဆိုရမှာပေါ့။
၃။ သမ္ပဇည ကမ္မဋ္ဌာန်း ဆိုတာက အိမ်ထောင်သားမွေး လူ့အရေး, လူကိစ္စတွေ အလုပ်မပျက် ဆောင်ရွက်ရင်း “ကိလေသာတား၊ အပါယ်တားပြီး မဂ်ဖိုလ်အားယူ” ကမ္မဋ္ဌာန်းပါ။
တစ်နေ့တာ နိုးချိန်က အိပ်ချိန်အတွင်း ခန္ဓာကိုယ်လုပ်ကိုင်လှုပ်ရှားသမျှ သတိရှေ့သွားပြုပြီး "ကြံစည်,ပြောဆို, လုပ်ကိုင်" တဲ့ ကမ္မဋ္ဌာန်းပါ။
ကိလေသာဝင်ခွင့်မရရေးကို အဓိကထား အားထုတ်ရတာဖြစ်လို့ "ခံစစ်ကမ္မဋ္ဌာန်း" လို့ ဆိုနိုင်ပါတယ်။

အဲဒီ "သမ္ပဇညကမ္မဋ္ဌာန်း" မှာ ခန္ဓာကိုယ်ရဲ့  ရှေ့သွား, နောက်လှည့်၊ ရှေ့ကြည့်နောက်ကြည့်၊
ဝတ်ဆင် အိုးခွက်ပြင်၊ စားသောက်ဆေးကြော၊ ကိုယ်လက်သန့်စင် (အညစ်အကြေးစွန့်)၊ သွားလာလှုပ်ရှား, စကားပြော, အိပ်ရာဝင်" ထိ၊ တစ်နေ့တာ အလုပ်ကိစ္စစုံ သတိထား ဆင်ခြင်ရပုံ အပြည့်အစုံပါပဲ။

လူတစ်ယောက်ရဲ့ တစ်နေ့တာပြောဆိုလုပ်ကိုင် လှုပ်ရှားမှုတွေဟာ အမျိုးအမည်တွေ ထွေလီများပြားလှပေမယ် စာရင်းချုပ်လိုက်ရင်တော့-
၁။ စိတ်က တွေးကြံတဲ့ "မနောကံ"၊
၂၊ နှုတ်က ပြောဆိုတဲ့ "ဝစီကံ"၊
၃။ ကိုယ်နဲ့ လှုပ်ရှားလုပ်ဆောင်တဲ့ "ကာယကံ" - ဒီသုံးပါးပါပဲ။

ဒီ ကံသုံးပါးမှာ"မနောကံ"က အဓိကဦးဆောင်တဲ့ ဒါရိုက်တာပါ။ ကာယကံ, ဝစီကံတွေက "သရုပ်ဆောင်" တွေပေါ့။
"သမ္ပဇညသတိပဋ္ဌာန်"ဆိုတာ ပထမဆုံး ကြံစည်စဉ်းစားတဲ့ မနောကံကစပြီး
"သတိပုဗ္ဗင်္ဂမာ” = သတိရှေ့သွားပြု ရမှာပေါ့။
ဘာကိုသတိပြုရမလဲဆိုတော့ ဗုဒ္ဓဘာသာဝင်တို့ရဲ့တာဝန်က လောကရေးဆောင်ရွက်ရာမှာ "မကောင်းမှုရှောင်ဖို့နဲ့ ကောင်းမှုဆောင်ဖို့" တာဝန်နှစ်ရပ် ရှိတဲ့အတွက်၊ 
ပထမဆုံး "ကိုယ်ကြံစည် စိတ်ကူးနေတာတွေဟာ.. မကောင်းမှုတွေလား? ကောင်းမှုတွေလား? အဲဒါကို သတိထား ဆင်ခြင်ရမှာပါ။

လောကမှာ.. အထူးသဖြင့် ဒကာမကြီးတွေမှာပေါ့လေ..။  "နေပစေဦး! သင်းတော့ လာမှ ပြောချလိုက်ဦးမယ်" ဆိုတဲ့ အကြံဖြစ်လာပြီ ဆိုပါတော့။  "အဲဒီကြံနေတဲ့ စိတ်ကလေးကို သတိပြုလိုက်ပါ" တဲ့၊ သတိထားကြည့်လိုက်လို့  "ငါစိတ်နဲ့ ကြံစည်နေတာဟာ 'မကောင်းတဲ့စိတ်၊ မကောင်းတဲ့ အကြံကြီးပါလား" လို့ သိလိုက်တာနဲ့ တပြိုင်နက် အဲဒီမှာ"သမ္မာဝါယမ"မြောက်အောင် ရှောင်နိုင်ဖို့ ကြိုးစားရမယ်။

စိတ်ကြံ ဒါရိုက်တာက မကောင်းမှုကို 'ရှောင်' ဖို့ညွှန်ကြားလိုက်တာနဲ့  'ဝစီကံ, ကာယကံ' တို့ကလဲ မကောင်းမှုရှောင်ပြီး ပြောကြ, လုပ်ကြတော့မှာ။

ဒါက သဘောတရားပြောပြလို့တော့ သဘောပေါက်ဖို့မလွယ်ပါဘူး၊ "ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ" ဆိုတဲ့ အတိုင်း တကယ်တန်း သတိပြဋ္ဌာန်းတဲ့အလုပ်ကို လုပ်ကြည့်လို့ ကိုယ်တွေ့ကိုယ်ကြုံသိဖူးမှ သဘောပေါက်နိုင်မှာပါ။

ပစ္စုပ္ပန်ကျကျပေါ်မှာသာ "မကောင်းမှုရှောင်, ကောင်းမှုဆောင်နိုင်အောင် သတိရှေ့သွားနဲ့ ကြံစည်,ပြောဆို,လုပ်ကိုင်နေသူဟာ ဖြစ်ပြီးခဲ့တဲ့ အတိတ်ကိုလဲ ပြန်မတွေးဘူး၊ မရောက်သေးတဲ့ အနာဂတ်ကိုလဲ မျှော်မတွေးဘူး။ အတိတ်ကိုပြန်မတွေးတော့ စိတ်ကောက်စရာမရှိဘူး။ အနာဂတ်ကိုမျှော်မတွေးတော့ စိတ်ဖေါက်စရာမရှိဘူး။ ဒကာကြီးပြောတဲ့ ဘုရားရှင်လက်ထက်က သာဝတ္ထိပြည်သူပြည်သားတွေက အဲလိုကျင့်သုံးနေထိုင်ကြတာ။ သာဝတ္ထိမပြောနဲ့ ပုဂံခေတ်က အမျိုးသား၊ အမျိုးသမီး၊ အိမ်ထောင်ရှင်တွေတောင် အဲလိုနေခဲ့ကြသတဲ့။ အဲဒီတော့ သူတိုတွေမှာ မီးဖိုချောင်ထဲကအမှု မီးဖိုချောင်ထဲမှာပဲ ငြိမ်းခဲ့တယ်၊ ဧည့်ခန်းအထိ သယ်မလာဘူး။ အိမ်တွင်းကအမှု အိမ်ပြင် မသယ်ဘူး၊ အိမ်ပြင်ကအမှုလဲ အိမ်တွင်း သယ်မလာဘူး။ ပစ္စုပ္ပန်ပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင် သတိရှေ့ဆောင်ပြီး နေထိုင်ကြတာ။

မြတ်စွာဘုရားရှင်က ဝိသာခါကျောင်းအမကိုဟောတဲ့ - အိမ်တွင်းကမီး အိမ်ပြင်မထုတ်နဲ့ (အိမ်တွင်းမှာပဲငြိမ်းခဲ့! အိမ်ပြင်ကမီး အိမ်တွင်းသယ်မလာနဲ့! (အိမ်ပြင်မှာပဲ ငြိမ်းခဲ့!) ဆိုတာ အဲဒီသဘော ပြောတာပါပဲ။

အဲဒီတော့ သူတိုမှာက အိမ်ထောင်တာဝန်, အိမ်ထောင်စွဲကာမနဲ့ အလုပ်လုပ်နေပေမယ့် စိတ်က ကိုယ့်တွက် နိဗ္ဗာန်တာဝန်, နိဗ္ဗာန်ရည်စိတ်နဲ့ သရုပ်ဆောင်နေကြတာဖြစ်လို့ - ကံကျိုးကံမွေကို ခံစားရင်းက ဉာဏ်ကျိုး ဉာဏ်မွေအတွက် အသင့်ဖြစ်နေကြလို့  အိမ်ထောင်ရှိပေမယ့် အိမ်ထောင်ကျွန်တွေ မဖြစ်ဘူး၊ အိမ်ထောင်သခင်တွေ ဖြစ်သွားကြတာ။

ကံအမွေ အိမ်ထောင်သုခကို သုံးဆောင်ခံစားပေမယ့် စိတ်က သတိကျေးဇူးနဲ့ သုံးရုံသာသုံးကြတာ မစွဲဘူး၊
ကာမဂုဏ်ပြစ်, အိမ်ထောင်ပြစ်ကို မြင်တတ်သိတတ်တယ်၊ အရှိကိုခံစားရင်း အရှိရဲ့သဘာဝကိုလဲ အတည့်မြင်သွားတယ်။ ဒါကြောင့်လဲ 'ထေရိကာအိမ်ရှင်မ' တို့လို မီးဖိုချောင်မှာဟင်းချက်ရင်း သင်္ခါရရဲ့ သဘာဝအမှန်ကို သိမြင်ပြီး'သောတာပန်တည်တယ်' ဆိုတာမျိုး ဖြစ်သွားကြတာပေါ့..

ကဲ ... ဒကာကြီးသိလိုတဲ့ “အိမ်ထောင်သားမွေး လူ့ကိစ္စလူ့အရေးဆောင်ရွက်ရင်းက အလုပ်လဲမပျက် မဂ်ဖိုလ်လဲရ" ဆိုတာ အဲဒါပါပဲ။ တစ်နေ့တာလူ့ကိစ္စ သတိရှေ့သွားနဲ့ ကြံစည်,ပြောဆို,လုပ်ကိုင်တဲ့ "သမ္ပဇညကာယဂတာ သတိပဋ္ဌာန်" မလစ်လပ်စေတဲ့ နည်းပါပဲတဲ့ဗျာ။
အပ္ပမာဒေန သမ္ပာဒေထ...!!!
အဲဒီနည်း မမေ့တဲ့သတိတရားနဲ့ ပြည့်စုံအောင်သာနေကြပေါ့။

၂၅ မေ၊ ၁၈
သီတဂူ သံဃဝိဟာရ၊ ဖလော်ရီဒါပြည်နယ်၊ အမေရိက
0