မောင်စွမ်းရည် ● လူထုဦးလှ၊ ဟံသာဝတီဦးဝင်းတင်နဲ့ ခြင်္သေ့တကောင်

မောင်စွမ်းရည် ● လူထုဦးလှ၊ ဟံသာဝတီဦးဝင်းတင်နဲ့ ခြင်္သေ့တကောင်
(မိုးမခ) မေ ၁၅၊ ၂၀၁၈

ဒီအကြောင်းအရာကို ကျွန်တော်ရေးဖူးတာ နှစ်ခါမကဘူး ထင်ပါရဲ့။ နှစ်ခါပဲ ထားပါတော့။ ဒီတစ်ခါပါဆိုရင် သုံးခါပေါ့။ မကြား ဖူးမသိဖူးတဲ့သူတွေ သိရတာပေါ့။ ဦးလေးပြောတဲ့ ခြင်္သေ့ပုံပြင်ပါ။

မန္တလေးမှာရှိတဲ့ လူထုသတင်းစာကို ဗိုလ်နေဝင်းက ပိတ်ပင်လိုက်တော့ မန္တလေးမှာ သတင်းစာမရှိတော့ဘူး။ မန္တလေးဆိုတာ မင်းနေပြည်အဖြစ်နဲ့တုန်းက မင်းတုန်းမင်းကြီးကိုယ်တိုင် ရတနာပုံသတင်းစာဆိုတာကို ထုတ်ဝေခဲ့တာမဟုတ်လား။ သတင်း စာမရှိရင် မနေတတ်ကြတော့ဘူး။ ဒါကိုတော့ ဗိုလ်နေဝင်းလည်း သိမှာပေါ့။ သူက ရန်ကုန်ရှိ ဟံသာဝတီသတင်းစာကို ပိတ် ပြီး မန္တလေးကိုပို့တယ်။ အယ်ဒီတာအဖြစ် ကြေးမုံသတင်းစာက ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်ကို ပို့လိုက်တယ်။ ဦး ဝင်းတင်ဆိုတာက နေသာလန်နိုင်ငံ အမ္မစတာဒမ်ကိုသွားပြီး စာအုပ်ပုံနှိပ်ထုတ်ဝေတဲ့ပညာကို သင်ယူလာခဲ့သူ။ အရွယ် ရောက်ကတည်းက စာနယ်ဇင်းအလုပ်နဲ့လည်း ''လက်ထပ်ထိမ်းမြား'' လာခဲ့သူ။ အိုးဝေ၊ ကြေးမုံစတဲ့ သတင်းစာတွေမှာ သေတ္တာမှောက်လုပ်ခဲ့သူ။

ဗိုလ်နေဝင်းက ဦးဝင်းတင်ကို အနီးကပ်မှာကြားလိုက်တာက ဟံသာဝတီသတင်းစာကို ''ဒုတိယ လူထုသတင်းစာ'' မဖြစ်စေ နဲ့။ ဟိုကျရင် ရွှေဥဒေါင်းဦးလှ၊ ဒေါ်အမာတို့ရော၊ သူတို့အသိုင်းအဝိုင်းထဲက မောင်စောလွင်တို့၊ မောင်စွမ်းရည်တို့ဆိုတာ တွေနဲ့ရော အရောတဝင်လုပ်မနေနဲ့လို့ မှာလိုက်သေးသတဲ့။ ဦးဝင်းတင်လုပ်ပုံကလည်း ကြည့်ဦး။ ဟံသာဝတီသတင်းစာ ဖွင့်ပွဲကို ဆရာကြီးရွှေဥ ဒေါင်း၊ ဆရာကြီးမြမျိုးလွင်၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ကိုအမှူးပြုပြီး ကျင်းပသတဲ့။ မောင်စော လွင်တို့၊ မောင်စွမ်းရည်တို့ကိုလည်း ဖိတ်ကြားပြီး၊ စာမူတွေတောင်းတာပေါ့။ ဒါဟာ ဦးဝင်းတင်အလွန်မဟုတ်ပေဘူး။ မန္တလေးကိုလာပြီး မန္တလေးက စာနယ်ဇင်းအသိုင်းအဝိုင်းကို ကျောခိုင်းမယ်ဆိုရင် ယဉ်ကျေးရာကျပါမလား။ မန္တလေးမြို့က ရော ဒီအတိုင်းကြည့်နေမယ်ထင်ပါသလား။ ဗိုလ်နေ ဝင်းမှာကြားသလိုသာလုပ်မယ်ဆိုရင် ဟံသာဝတီဒီနေ့ဖွင့်၊ နက်ဖြန် ပိတ်ရမှာမလွဲပါဘူး။ ဒါပေမဲ့ မန်းစာပေသမားတွေလည်း အလိုက်သိပါတယ်။ ဦးဝင်းတင်မျက်နှာပျက်ရလောက်အောင် 'အား မပေး' ကြပါဘူး။ မောင်းစွမ်းရည်ဆိုရင် ကျောင်းဆရာဦးဝင်းဖေနာမည်နဲ့ ဗုံကြီးသံတွေအကြောင်းလောက်ပဲ ရေးပါတယ်။ ဟံသာဝတီမှာ မောင်စွမ်းရည်နာမည် သုံးခဲ့ပါတယ်။

ဦးဝင်းတင်လုပ်ပုံကလည်း ကြည့်ဦး။ ကိုယ်စွမ်းရည်ရေ ခင်ဗျားနဲ့နီးနီး အိမ်ရှာပေးစမ်းပါတဲ့။ မောင်စွမ်းရည်ကလည်း ရှာပေး တယ်။ မီးရထားရပ်ကွက်ရဲ့ အရှေ့ဘက်မှာပါ။ မောင်စွမ်းရည်၊ မျိုးမြင့်ဆွေတို့ရဲ့ အိမ်တွေနဲ့ တစ်လမ်းတည်းတည်း မျက်နှာ ချင်းဆိုင် နန်းရှေ့တိုက်ခန်းတွေကို အစိုးရဝန်ထမ်းတွေ လျှောက်လွှာတင်နိုင်ပြီဆိုပြန်တော့ အတူတင်လိုက်ကြတာ မျက်နှာ ချင်းဆိုင်ဖြစ်နေပြန်ရော။ နန်းရှေ့မှာ မန်းစာပေပရိသတ်နဲ့ ဝိုင်းဖွဲ့ကြတာကလည်း တပတ် တခါ။ ဦးဝင်းတင်က ကိုယ်တိုင်ချက် ပြုတ်ကျွေးမွေးဧည့်ခံတာ ဝါသနာ။ လူပျိုကြီးဆိုတော့ ကိုယ်တိုင်ချက်ပြုတ်စားနေကျ။

တစ်နေ့တော့ လူထုဒေါ်အမာက ရန်ကုန်ကို အလည်အပတ် ဆင်းတယ်။ နိုဝင်ဘာလကုန်ပိုင်းဆိုတော့ ဒေါ်ဒေါ်ရဲ့မွေးနေ့နဲ့ လည်း တိုက်ဆိုင်တယ်။ ရုပ်ရှင်မင်းသားကြီးဦးထွန်းဝေကလည်း ဒေါ်အမာကို သူ့အမေတဲ့။ ဒေါ်အမာလည်း ကျုပ်ကို မင်း သားကြီး ဆေးလိပ်သောက်ရင် လူ့ရှေ့သူရှေ့မှာပဲ ဆူပူကြိမ်းမောင်းတာ။ သူ့တူသားအရင်းလိုခင်တာ။ အဲဒီအခေါက်မှာ ဦး ထွန်းဝေက လူထု ဒေါ်အမာမွေးနေ့ပွဲကို သူ့အိမ်ခြံဝန်းအတွင်းမှာပဲ ကျင်းပတယ်။ သခင်အုန်းမြင့်၊ သခင်သိမ်းမောင်တို့လည်း ကြုံကြိုက်လို့တက် ရောက်တော့ အမှာစကားပြောရတယ်။ သူ့အမေအရင်းရဲ့အမည်က ဒေါ်အမာတဲ့။ အမေအရင်းကွယ် လွန်တော့ နောက်ထပ်အမေတယောက်ကလည်း ဒေါ်အမာပါပဲ။ လူထုဒေါ်အမာဟာ ကျွန်တော့်အမေပါလို့ ကြေညာ လိုက်ခဲ့ ပါတယ်။ ဗိုလ်နေဝင်းလည်း မကြားဘဲနေမှာ မဟုတ်ဘူး။ သူ့ကို ''အဖေပါ' လို့ ပြောဖို့ မျှော်လင့်နေသလားမှ မသိတာ။ ခုဆို ကျွန်တော်ရေးတာ သိရင်ဘဝတပါးက ဦးဝင်းတင်က ဒေါပွမှာ။ မနောက်ကောင်း မပြောင်ကောင်း ပြောရပါမို့လားလို့။

မန္တလေးမှာ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း၊ လူထုဦးလှက ဦးဆောင်ပြီး စာတမ်းဖတ်ပွဲတွေလုပ်ခဲ့တာကလည်း ရန် ကုန် စာပေအသိုင်းအဝိုင်းကတောင် အားကျရတာမဟုတ်လား။ ဦးလေး လူထုဦးလှကလည်း စည်းရုံးဦးဆောင်မှုကောင်းတယ်။ မန္တလေး ပရိသတ်ကလည်း စည်းလုံးညီညာ တက်ကြွစွာ အားပေးခဲ့ကြတယ်။ ဒီအစဉ်အလာလေးကို ဦးဝင်းတင်လို စာပေ သမားမျိုးကလည်း အားကျဂုဏ်ယူရှာမှာပေါ့။ ဒါ့ကြောင့် စာပေဝိုင်း၊ စာတမ်းဖတ်ပွဲ တွေလုပ်တော့တာပဲ။ ဦးလှဒေါ်အမာကို ချန်ခဲ့လို့ရမလား။ ကြုံ တုန်းဦးသိန်းဖေမြင့်ကိုတောင် ဖိတ်ကြားလိုက်သေး။ ဒါတွေပျက်စေချင်လို့ ဘယ်အဖွဲ့အစည်းမဆို ဘာပွဲမှမလုပ်ရ။ မြန်မာ့ဆိုရှယ် လစ်လမ်းဦးဆောင်မှုအောက်မှာ ဖွဲ့စည်းမယ့် ''စာပေလုပ်သားအဖွဲ့ကြီး''ကသာ ဦးဆောင်စေ ဆိုပြီး လုပ်နေတာမဟုတ်လား။ ဗိုလ်နေ ဝင်းဟာကြာတော့ သည်းမခံနိုင်တော့ဘူး။ ဆိုင်းမဆင့်ဗုံမဆင့်နဲ့ ဟံသာဝတီသတင်း စာတိုက်ကို အပြီးအပိုင်ပိတ်လိုက်တော့တာပါပဲ။ လူထုဦးလှက ''တစ်ကောင်တည်းသော ခြင်္သေ့ကို'' ကြိုဆိုခဲ့တဲ့ ခြင်္သေ့ကြီး ဦးဝင်းတင်လည်း မကြာခင်လှောင်အိမ်ထဲရောက်လို့ရောက်၊ သံခြေချင်းခတ်လို့ခတ်နဲ့ မသေရုံတမယ် နှိပ်စက်တာတွေ ခံလိုက်ရရှာပါတယ်။ ခြင်္သေ့ကြီးက 'မြေခွေးကြီး' ကို မရိုမသေလုပ်မိသလို ဖြစ်သွားခဲ့တာကိုး။

ဦးလေးလူထုဦးလှက ကမ္ဘာကျော်ပုံပြောဆရာကြီးမဟုတ်ပါ လား။ သူ့နေရာနဲ့သူ ပြောစရာပုံပြင်တွေက တပုံတပင်ကြီးရှိတာ မဟုတ်လား။ တိုင်းရင်းသား ပုံပြင်စာအုပ်ကိုက ငါးဆယ်ကျော် ထုတ်ခဲ့တာ။ ကမ္ဘာမှာတောင် ဦးလေးလူထုဦးလှလို ပုံပြင် စာအုပ်တွေ ထုတ်နိုင်ခဲ့သူတယောက်မှမရှိ။ ဘဝအတွေ့အကြုံ 'ထောင်ပုံဝတ္ထု' တွေကလည်း အပုံအပင်။ ဆယ်သက်ဆယ် ဘဝပြောပါလေ့။ ဦးဝင်းတင်ကို ကြိုဆိုတဲ့ပွဲမှာပဲ ဦးလေးလူထုဦးလှပြောတဲ့ ပုံပြင်ဟာ  ပြောစမှတ်ပြုပြီး ကျန်ရစ်ပါတယ်။ ခြင်္သေ့ပုံပြင်ပါ။

တရံရောအခါ တောကြီးမြိုင်ကြီးထဲမှာ မြေခွေးမတကောင်ရဲ့ ခြင်္သေ့မတကောင်ဟာ ''ချုံနီးချင်း'' နေထိုင်ကြရင်း အဆွေခင် ပွန်းအဖြစ်နေကြသတဲ့။ တနေ့တော့ မြေခွေးမဟာ မြေခွေးသား သားမီးမီးလေးတွေ မွေးဖွားသတဲ့။ မြေခွေးမတို့ ထုံးစံအတိုင်း လေး ငါးကောင်ပေါ့။ နောက်များမကြာမီ ခြင်္သေ့မကြီးကလည်း မီးဖွားတယ်လို့ကြားတော့ မြေခွေးမက သားငါးလေး တတ် နိုင်သမျှယူဆောင်ပြီး ခြင်္သေ့မကြီးထံ မီးနေမေး သွားသတဲ့။ ထုံးစံအတိုင်း ခြင်္သေ့မကြီးမွေးထားတာက ခြင်္သေ့လေး တကောင် တည်းပေါ့။ မြေခွေးမဟာ ခြင်္သေ့မကြီးရဲ့ရှေ့မှောက်ကို ရောက်လျှင်ရောက်ခြင်း သူ့မှာပါလာတဲ့ လက်ဆောင်သားငါး လေးတွေကို ခြင်္သေ့ပေါက်စလေးရှေ့ ချကျွေးရင်းက နှုတ်မစောင့်စည်းနိုင်ဘဲ ပြောလိုက်မိတယ်။ ''အို..အဆွေခြင်္သေ့မ အကျွန်မလည်း သားဖွားပါတယ်။ အကျွန် ဖွားတာက မြေခွေးလေးတွေ ၄-၅ ကောင်တောင်ရှိပါတယ်။ အရှင်ခြင်္သေ့မကြီးမှာ မွေးလာတာ ခြင်္သေ့သားကလေးတစ်ကောင်တည်းပါကလား'' လို့ ခြင်္သေ့မကြီးကို ရှုတ်ချတဲ့လေသံနဲ့ ပြောလိုက်လေသတဲ့။ ခြင်္သေ့မကြီးက ဘာပြန်ပြောတယ်မှတ်သလဲ။ ''အေး... အဆွေမြေခွေးမရေ၊ ငါမွေးထားတာကတော့ တကောင်တည်းပါပဲ။ ဒါပေမဲ့ ခြင်္သေ့ဟဲ့'' လို့ ပြန်ပြောလိုက်တော့ မြေခွေးမလည်း အမြီးကုတ်ပြီး ပြန်လစ်ပြေးရလေသတည်း'' တဲ့။ အဲ...ခုလည်း မန္တလေးကိုရောက်လာတာ ကိုဝင်းတင်တကောင်တည်း ... ဟာ ...  ဟုတ်ပါဘူး။ တယောက်တည်းပါပဲ။ ဒါပေမဲ ခြင်္သေ့။ ဒါကတော့ ဦးလေးလူထုဦးလှပြောခဲ့တဲ့ ''တကောင်တည်းတော့ တကောင်တည်းပါပဲ။ ဒါပေမဲ့ ခြင်္သေ့'' ဆိုတဲ ပုံပြင်ပါ။ ဦးဝင်း တင်အတွက်ပြောတာပါ။

နောက်ဆက်တွဲ ခြင်္သေ့ပုံပြင်တစ်ခုရှိသေးသဗျ။ ပြောသင့် မပြောသင့်ချင့်ချိန်နေမိပါတယ်။ ဒါပေမဲ့ မောင်စွမ်းရည်ဆိုတာ ပုံ ပြောဆရာကြီးလူထုဦးလှရဲ့ နောက်ဆုံးအချိန်အထိ အတူနေသွားခဲ့တဲ့ အများသိသားတပည့်မဟုတ်ပါလား။ ပုံပြောဝါသနာ ပါတယ်လေ။ ပြောမိတာက ခြင်္သေ့ကြီးတစ်ပါးဖြစ်တဲ့ စာပြောင်ဆရာကြီး ''မောင်ထင်'' ခေါ် ဦးထင်ဖတ်ရဲ့ရှေ့ပါ။ စပ်မိလို့ ပြောရဦး။ သူ့အမည်ရင်းက 'လျောင်ချင်ဖတ်' တဲ့ ခင်ဗျ။ တရုတ်ပေါက်ဖော်အမျိုးနွယ်ပေကိုး။ တခြား ခြင်္သေ့မကြီးတပါးကတော့ ဒေါ်ခင် မျိုးချစ်တဲ့။ တနေ့သောအခါ မောင်စွမ်းရည်အိမ်သို့ အလည်လာသော ဦးလျောင်ချင်ဖတ်ခေါ် ဦးထင်ဖတ်ကို လမ်းကြုံလို့ ဒေါ်ခင်မျိုးချစ်အိမ်ကို ဝင်ရအောင်ဆိုပြီး ခေါ်သွားလိုက်မိပါတယ်။ ဒေါ်ခင်မျိုးချစ်ကို ကျွန်တော်ကလှမ်းပြီး အသံ ပေးလိုက်တယ်။ ''ဧည့်သည်တော်ကြီးတယောက်လည်းပါတယ်'' လို့ဆိုတော့ ထွက်ကြိုတယ်။ သူထွက်ကြိုတာကိုမြင်တော့ ဆရာထင်က ''ဟဲ့ ခင်မျိုးချစ်'' လို့ နှုတ်ဆက်လိုက်ပါတယ်။ ဒေါ်ခင်မျိုးချစ်ကလည်း ဒါမျိုးဘာရမလဲ။ 'ဟဲ့ လျောင်ချင်ဖတ်' တဲ့။ ကဲမှတ်ကရော။ ဒါကတော့ စပ်မိလို့ ပြောမိတဲ့ ခြင်္သေ့ပုံပြင်နောက်ဆက်တွဲတခုပါ။

ခြင်္သေ့ကြီးဦးလျောင်ချင်ဖတ်ရဲ့အိမ်ကို မောင်စွမ်းရည်က ရှေးဟောင်းနှောင်းဖြစ်ကလေးတွေ မှတ်သားနာယူဖို့သွားလေ့ရှိပါ တယ်။ တနေ့တော့ မောင်စွမ်းရည်က နောက်ဆုံးထုတ်ဝတ္ထုတပုဒ်အကြောင်းကို ပြောပြမိတယ်။ စာအုပ်ကလည်း လွယ် အိတ်ထဲပါလာလို့ ထုတ်ပြလိုက်တယ်။ ရဲဘော်မကြီး သာယာဝတီစန်းစန်းနွဲ့ရဲ့ဝတ္ထုဖြစ်ပါတယ်။ ''တကောင်တည်းပဲ၊ ဒါပေမဲ့ ခြင်္သေ့'' တဲ့။ စာအုပ်ကို သေချာကြည့်ပြီး ဆရာကြီးဦးမောင်ထင်က ရုတ်တရက် မှတ်ချက်ချလိုက်ပုံမှာ အံ့အားသင့်စရာမို့ မျိုသိပ်မထားနိုင်ဘဲ ဝေငှပြောကြားလိုက်ရပါတယ်။ ဆရာကြီးထင်က ''အေးကွဲ့ ခြင်္သေ့တော့ ခြင်္သေ့ပဲ။ မင်းတို့ခြင်္သေ့က အမ ကြီး'' တဲ့ မှတ်ကရော။

ပြောချင်တာက ဦးဝင်းတင်အကြောင်းပါ။ တခြားခြင်္သေ့ကြီး တွေအကြောင်းပါသွားတာကို မျက်စိရှုပ်၊ နားရှုပ်ရင် ခွင့်လွှတ် တော်မူပါ။ စပ်မိလို့ ပြောမိတာတွေပါ။ ခြင်္သေ့တွေ များတာကိုး။

မောင်စွမ်းရည်
၂ဝ၁၈၊ ဇန်နဝါရီ၊ ၁၈
ရန်ကုန်။
0