ရွှေပြည်စိုး - ပြည်ထဲရေး ဝန်ကြီးဌာန ဖုံးလေသမျှ ဒုရဲမှူး မိုးရန်နိုင် ဖွင့်ချ-(၁)



ရွှေပြည်စိုး - ပြည်ထဲရေး ဝန်ကြီးဌာန ဖုံးလေသမျှ ဒုရဲမှူး မိုးရန်နိုင် ဖွင့်ချ-(၁)
(မိုးမခ) မေ ၆၊ ၂၀၁၈


အင်တာနက် သတင်းတွေမှာ ဖော်ပြထားတဲ့ ရိုက်တာ (Reuters) သတင်းထောက် ၂-ဦးကို “အမှုဆင် ဖမ်းတယ်၊ ထောင်ချောက်ဆင် ဖမ်းတယ်၊ မမှန်တဲ့နည်းနဲ့ အရေးယူခံတယ်” ဆိုတာတွေဟာ အမှန်တွေချည်းပါပဲ။

အဖမ်းခံ သတင်းထောက်တွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင်ကလည်း -“စွပ်စွဲခံရသူတွေရဲ့ ပြောကြားချက်နဲ့ တရားခွင် တင်လာတဲ့ အမှုတွဲတွေမှာ ကွဲလွဲချက်တွေ ရှိတာ တွေ့ရတယ်။ ကျနော် တို့ကတော့ တရားခွင်မှာ ဥပဒေနဲ့အညီ အမှန်တရား ပေါ်အောင် ဖော်ထုတ်သွားမယ်လို့” ပြောဆို ထားတာ တွေ့ရပါတယ်။ (ဧရာဝတီ၊ ၁၀-ဇန္နဝါရီ-၂၀၁၈)။

ရဲတပ်ဖွဲ့ဆိုတာ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ရုပ်သေးသာသာပါ။
ပြည်ထဲရေး ဝန်ကြီးဌာနဟာ ဆယ်စုနှစ်ပေါင်း များစွာကတည်းက လက်နက်မဲ့ တိုင်းသူပြည် သားတွေအပေါ် လက်နက်၊ အာဏာ၊ အရှိန်အဝါတွေနဲ့ အနိုင်ကျင့်ချင်တိုင်း ကျင့်နိုင်ခဲ့လို့ ရာထူးဂုဏ်၊ အာဏာဂုဏ် မောက်နေပြီး မိုးမမြင် လေမမြင် ဖြစ်နေတဲ့ ဗိုလ်ချုပ်တွေဟာ “ထောင်လေသမျှ ပိန်း ကောမ ကျောက်ဆောင်နဲ့ တိုးမှ ဦးကြိုးရ” ဆိုသလို သူတို့ လက်အောက်က ဒုရဲမှူး မျိုးရန်နိုင်နဲ့ တိုးမှ ဦးကြိုးသွားရရှာပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ လက်အောက်မှ ဌာန တခု ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အရေးကြီးကိစ္စဆိုရင် ပြည်ထဲရေးဝန် ခိုင်းသလို လုပ်ရတဲ့ ဌာန ဖြစ်တယ်။ ပြည်ထဲရေး ဝန်ကြီးရဲ့ ရုပ်သေးဌာန တခုလို့လည်း ပြောလို့ ရပါတယ်။ ရဲ ရာထမ်း၊ မှုထမ်း တွေကလည်း အများအားဖြင့် စစ်တပ်က ပြောင်းရွှေ့လာတဲ့ စစ်မှုထမ်းနဲ့ စစ်မှုထမ်းဟောင်းတွေပဲ ဖြစ်တယ်။ အဲဒီတော့ ပြည်ထဲရေး ဝန်ကြီးရဲ့ သြဇာအတိုင်း လုပ်နေကြသူတွေ ဖြစ်ပါတယ်။

ခုပြောမယ့် ၂၀၁၇-၁၂-၁၂ ရက်နေ့က ဖြစ်ပွားတဲ့ ရိုက်တာ သတင်းဌာန သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ၂-ဦးကို မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့က နိုင်ငံတော် လျှို့ ဝှက်ချက်များ အက် ဥပဒေနဲ့ ပတ်သက်ပြီး ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အကြောင်းကို ပြောမှာ ဖြစ်ပါတယ်။

သတင်းထောက် ၂-ဦး ထောင်ချောက်ဆင် ဖမ်းခံရ။
ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ၂၀၁၇-၁၂-၁၂ ရက်နေ့ညက ရဲဒုတပ်ကြပ် နိုင်လင်းရဲ့ ချိန်းဆို ချက်အရ အရင်က မတွေ့ဘူးတဲ့ ရဲအရာရှိများက မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင် တခုတွင် ညစာ ဖိတ်ကျွေးကာ စာရွက်စာတမ်းများ လွှဲပြောင်းပေးပြီး စားသောက်ဆိုင်မှ ပြန်အထွက်ရဲက ပေး လိုက်တဲ့ စာရွက်စာတမ်းများဟာ လျှို့ ဝှက်စာရွက်စာတမ်းများဟု ဆိုကာ နိုင်ငံတော် လျှို့ ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(က)(ဂ)နဲ့ မင်္ဂလာဒုံ မြို့နယ်၊ ထောက်ကြန့်ရဲ စခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၆-ဖေဖော်ဝါရီ-၂၀၁၈ ရုံးချိန်းတွင် ထွက်ဆိုကြောင်း သိရပါတယ်။ (၇-ဖေဖော်ဝါရီ-၂၀၁၈)။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ၂-ဦးကို အခြားတယောက်ယောက်က ဒီလျှို့ ဝှက် စာတွေ ပေးတယ်၊ နောက်ကျမှ ရဲက ဖမ်းမိတယ်ဆိုရင် ယုတ္တိ ရှိပါသေးတယ်။ ခုဟာက သတင်းထောက် ၂-ဦးကို (၁) စားသောက်ဆိုင်မှာ ထမင်းကျွေးဖို့ ချိန်းတာကလည်း ဒီရဲအုပ်စုထဲက ရဲဒုတပ်ကြပ် နိုင်လင်းဆိုတဲ့ ရဲပဲ၊ (၂) ထမင်းကျွေးသူကလဲ ဒီရဲအုပ်စုထဲက ရဲပဲ၊ (၃) လျှို့ ဝှက်စာရွက်စာတမ်းပေးတဲ့သူကလည်း ဒီရဲအုပ် စုထဲက ရဲပဲ၊ (၄) စားသောက်ဆိုင်ကအထွက် လာဖမ်းတဲ့သူကလည်း အဲဒီရဲအုပ်စုထဲက ရဲပဲဆိုတော့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂-ဦးကို ပြည်ထဲရေး လက်အောက်က ရဲတပ်ဖွဲ့က ရဲတွေ က ထောင်ချောက်ဆင်ပြီး ဖမ်းတယ်ဆိုတာ ဒီထက် ထင်ရှားတာ ဘာရှိပါ့အုန်း မလဲ? ဘယ်သူက မဟုတ်ပါဘူးလို့ ဆင်ခြေပေးအုန်းမှာလဲ။

ပြည်တွင်းပြည်ပက တောင်းဆိုကြပြီ။
ရိုက်တာ သတင်းထောက် ၂-ဦးကို အစိုးရ လုံခြုံရေး အက်ဥပဒေနဲ့ ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres, ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြိး Baris Johnson, ဥရောပ လွှတ်တော် ဥက္ကဋ္ဌ Antonio Tajani နဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)တို့က မြန်မာပြည်မှာ သတင်းလွတ်လပ်ခွင့် တနေ့တခြား လျော့နည်း ကျဆင်းလာနေကြောင်း၊ ဒီအတွက် အထူးစိတ်ပူကြောင်း၊ ရခိုင်ပြည်နယ်မှ အမှန် ပကတိ ဖြစ်ပျက်နေမှုတွေကို လူထူအနေနဲ့ ရယူပိုင်ခွင့် ရှိကြောင်း၊ လူ့အခွင့်အရေးနဲ့ သတင်းလွတ်လပ်ခွင့်ကို လေးစားတဲ့အနေနဲ့ သတင်းထောက် ၂-ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့ မျှော်လင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ လက် ထက် သတင်းလွတ်လပ်ခွင့် ပိုဆိုးဝါးနေဆဲ ဖြစ်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ပြီး ချက်ခြင်းပြန် လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။

ဒါ့ပြင် MJN, MJA, MJU စတဲ့ ပြည်တွင်း သတင်းမီဒီယာအဖွဲ့အစည်း ၁၂-ခုကလည်း ပူးတွဲ ကြေညာချက်တစောင်ကို ဒီဇင်ဘာလ-၁၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကာ အစိုးရ လျှို့ ဝှက်ချက် ဥပဒေနဲ့ ဖမ်းဆီးခံရတာကတော့ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာ ရောက်ကြောင်း၊ ဒါဟာ ဒီမိုကရေစီ အစိုးရ တရပ်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း၊ ဖမ်းဆီးပြီးနောက်ပိုင်း မိသားစုဝင်တွေကို အသိ မပေးတဲ့အတွက် စိုးရိမ်ပူပန်ကြောင်းနဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေအနေနဲ့ လက်ရှိ ဖြစ်စဉ်ကို ပွင့်လင်း မြင်သာစွာ ချပြဖို့နဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ဖော်ပြထား တာ တွေ့ရပါတယ်။

ဒါပေမယ့် လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူး မိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ကို ၁၉၂၃-ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ ဝှက်ချက် အက်ဥပဒေအရ၎င်း၊ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ ၎င်း ထိရောက်စွာ အရေးယူမယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြတာ တွေ့ရပါတယ်။ (အာရ်အက်ဖ် အေ၊ ၁၄-၁၂-၂၀၁၇)။

ဦးဝင်းထိန်ရဲ့ ကြိုတင်ဟောကိန်းနဲ့ သတင်းထောက် ရှေ့နေများရဲ့ မှတ်ချက်။
NLD ဗဟို အလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ ကြိုတင် ဟောကိန်းမှာ - “ရိုက်တာ သတင်းဌာနက မြန်မာသတင်းထောက် ၂-ဦး ဖမ်းဆီးခံရသည့်ကိစ္စသည် ထောင်ဖမ်းခံရ သည်ဟု ထင်ကြောင်း Daily Eleven သတင်းဌာနကို ပြောတာ တွေ့ရပါတယ်။ (Daily Eleven, ၁၉-၁၂-၂၀၁၇)။

သတင်းထောက် ရှေ့နေများရဲ့ မှတ်ချက်။
သတင်းထောက် ၂-ဦး ဖမ်းခံရစဉ်က ပါဝင်တဲ့ စာရွက်စာတမ်းများသည် “အစိုးရ လျှို့ ဝှက်ချက် စာရွက်စာတမ်းများ မဟုတ်ဘဲ အများသူငါ သိရှိပြီး စာရွက်စာတမ်းများဖြစ်ကြောင်း” အစိုးရ သက်သေ ရဲမှူး မင်းသန့်က ဝန်ခံပြီးနောက်ပိုင်းတွင် သတင်းထောက် ရှေ့နေများ “သတင်းထောက် ၂-ဦးသည် ထောင်ဖမ်းခံရခြင်း ဖြစ်ကြောင်း” ရှေ့နေ ဦးခင်မောင်ဇော်က မှတ်ချက်ပြုကြောင်း သိရပါသည်။ (7 Day Daily, 15-3-2018)

သတင်းထောက် ရှေ့နေများကလည်း ဦးဝင်းထိန်ရဲ့ ကြိုတင်ဟောကိန်းဟာ နောက်ပိုင်း ထွက် ပေါ်လာတဲ့ ဖြစ်ရပ် သတင်းတွေနဲ့ တသားတည်း ဖြစ်နေတာ တွေ့ရတော့ ဒီကိစ္စဟာ ရဲတွေက ထောင် ချောက်ဆင် ဖမ်းတာ မဟုတ်ပါဘူးလို့ ဘယ်သူမှ မငြင်းနိုင်တော့ဘူးလို့ ယုံကြည်ပါတယ်။

သတင်းထောက်တွေရဲ့ ရှေးဦးစကား။
၂၀၁၈-ဇန္နဝါရီ-၁၀ ရက် နံနက်ပိုင်းက ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးထုတ်အပြီးတွင် “နိုင်ငံ တော် လျှို့ ဝှက်ချက် အက်ဥပဒေဖြင့် အရေးယူခံရခြင်းသည် မမှန်ကန်သည့် နည်းလမ်းဖြစ်ကြောင်း” အဖမ်းခံသတင်းထောက် ၂-ဦးက ပြောတာ တွေ့ရပါတယ်။ (ဧရာဝတီ၊ ၁၀-ဇန္နဝါရီ-၂၀၁၈)။

ဒီသတင်းထောက် ၂-ဦးရဲ့ ပြောကြားချက်ဟာ အမှန်ကန်ဆုံး စကားအဖြစ် မှတ်ယူပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့လို ကာယကံရှင်ထက် ပိုသိသူ မရှိဘူးလို့ ယုံကြည်သောကြောင့် ဖြစ် ပါတယ်။

တရားလို သက်သေတွေရဲ့ ထွက်ဆိုချက်များဟာ သံသယတွေနဲ့ ပြည့်နေ။
စစ်ဆေးပြီးသမျှ တရားလို သက်သေတွေရဲ့ တရားရုံးမှာ ထွက်ဆိုချက်တွေဟာ သံသယတွေနဲ့ ပြည့်နေတာ တွေ့ရပါတယ်။

က။ ၁။ ၂၀၁၈-ဇန္နဝါရီ-၃၁ ရက်နေ့ ရုံးချိန်းမှာ သတင်းထောက် ၂-ဦးကို ဖမ်းစဉ် အရပ်ဝတ်တွေနဲ့ ဖမ်းတာ ဖြစ်ပေမယ့် တရားရုံးမှာ တရားလို ဖြစ်သူ မင်္ဂလာဒုံ မြို့နယ် ရဲစခန်းမှူး မင်းသန့်က ဖမ်းဆီးသူတွေဟာ ယူနီဖောင်ဝတ်ထားတယ်။ လို့ ထွက်ဆိုကြောင်း ဖမ်းဆီခံ သတင်းထောက် ကိုဝလုံးနဲပ ကိုကျော်စိုးဦးတို့က ပြောကြောင်း၊

၂။ အစိုးရ သက်သေ စခန်းမှူး မင်းသန့်က ဒီစာရွက် စာတမ်းတွေဟာ အများသူငါ သိရှိပြီး အချက်အလက်တွေ ဖြစ်ကြောင်း တရားရုံးတွင် ဝန်ခံကြောင်း၊ ဖမ်းဆီးခံ သတင်းထောက် ၂-ဦးရဲ့ ရှေ့နေ ဦးသန်းဇော်အောင် ပြောကြောင်း သိရပါတယ်။ (အာရ်အက်ဖ်အေ၊ ၁-ဖေဖော်ဝါရီ-၂၀၁၈)။

ခ။ သက်သေခံပစ္စည်း ရှာဖွေရာတွင် ပါဝင်သူ ထောက်ကြန့် ရဲစခန်းက ဒုရဲအုပ် တင်ထွေးဦးက တရားခွင်၌ ထွက်ဆိုချက်များမှာ -

၁။ တဦးတယောက်က ခိုင်းစေမှုကြောင့် ထွက်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေကြောင်း၊

၂။ သတင်းထောက်တွေကို ဖမ်းမိမိခြင်း သူရေးမှတ်ထားတဲ့ ရဲမှတ်တမ်း စာရွက်တွေကို သူကိုယ်တိုင် မီးရှို့ လိုက်တယ်လို့ တရားရုံးတွင် ထွက်ဆိုကြောင်း၊

၃။ ဒီရုံးမှာ ပြောဆိုရမယ့်အကြောင်းအရာတွေကို ဒိုင်ယာရီကို ကြည့်ပြီး တောက်လျှောက် ထွက်ဆိုသွားကြောင်း၊

၎။ ထွက်ဆိုတဲ့ အကြောင်းအရာတွေကလည်း မနေ့က (သို့) ဒီနေ့မှ ကူးရေးလာတဲ့ အကြောင်း အရာတွေ ဖြစ်ကြောင်း၊

၅။ သတင်းထောက်တွေကို ဖမ်းတဲ့ ပုံစံနဲ့ သူထွက်ဆိုတဲ့ ပုံစံနဲ့ ကွဲလွဲနေကြောင်း၊

၆။ ဖမ်းခံသတင်းထောက်က - ရှာဖွေပုံစံ ဖြည့်သွင်းခြင်းကို ရဲစခန်းတွင် ပြုလုပ်ကြောင်း ပြော ဆိုပေမယ့် တင်ထွေးဦးက ဖမ်းဆီးသည့်နေရာတွင် ရှာဖွေပုံစံ ပြုလုပ်ကြောင်း၊ … စတဲ့ အကြောင်းအရာတွေကို ဖမ်းခံသတင်းထောက်တွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က သံသယ ဖြစ်ပုံတွေကို ပြောကြောင်း သိရပါတယ်။ (မဇ္ဈိမ၊ ၆-ဖေဖော်ဝါရီ-၂၀၁၈)။

ဂ။ ရဲအရာရှိများက သတင်းထောက် ၂-ဦးကို ဖမ်းဆီးနေစဉ်က တွေ့ရှိတဲ့ လက်ကိုင်ဖုန်းများ၊ ဘဏ်ကဒ်၊ စာကြည့်တိုက်ကဒ် အပါအဝင် ပစ္စည်း ၂၀ ခန့်ကို ဖမ်းဆီးတဲ့ နေရာမှာပင် ၁၀ မိနစ်၊ ၁၅ မိနစ်အတွင်း စာရင်းပြုစုခဲ့သည်ဟု ဒုရဲအုပ် တင်ထွေးဦးရဲ့ ပြောဆိုချက်ကို ရှေ့နေ ဦးသန်းဇော်အောင်က - “ထိုသို့ လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်ကြောင်း၊ တင်ထွန်းဦးကို အကြိမ်ကြိမ် ပြန်လှန်စစ်မေးခဲ့သော်လည်း ရှင်းလင်းသည့် အဖြေ မရရှိခဲ့ကြောင်း” ရှေ့ နေ ဦးသန်းဇော်အောင်က ပြောကြောင်း သိရသည်။ (ဧရာဝတီ၊ ၇-ဖေဖော်ဝါရီ-၂၀၁၈)။

ဃ။ ၁။ ဖေဖော်ဝါရီ-၁၄ ရက်နေ့က ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ (၅)ကြိမ်မြောက် ရုံး ထုတ်ချိန်မှာ သတင်းထောက် ၂-ဦးကို ဖမ်းဆီးချိန်မှာ ပါဝင်ခဲ့တဲ့ ထောက်ကြန့် ရဲစခန်းက တရားလို သက်သေ ဒုရဲအုပ် မျိုးကိုကို ကို စစ်ဆေးတဲ့အခါမှာ သူက - “သူဖမ်းဆီးခဲ့တဲ့ အချိန် က ရဲလုပ်ထုံးလုပ်နည်း၊ ရဲလက်စွဲဥပဒေတွေနဲ့ ညီတာ၊ မညီတာ မသိခဲ့ဘူးလို့” ထွက်ဆိုခဲ့ ကြောင်းကို ဖမ်းခံ သတင်းထောက်တွေ့ရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြောင်း သိရပါ တယ်။ (ဒီဗီဘီ၊ ၁၄-၂-၂၀၁၈)။

၂။ မျိုးကိုကိုက - “သတင်းထောက်တွေကို ဖမ်းတဲ့နေရာဟာ စက်ရုံးများကြားမှ လမ်းတခုတွင် ဖြစ်တယ်လို့ ဖြေကြားပေမယ့် ရဲတပ်ဖွဲ့က ယခင်က ပြုစုပြီး တရားရုံးတင်သွင်းတဲ့ မြေပုံတွင် စတိုးဆိုင်နှင့် လဘက်ရည်ဆိုင်သာရှိ၍ စက်ရုံများ မပါဝင်ဟု ဖော်ပြထားတာ တွေ့ရပါတယ်။ (ဧရာဝတီ၊ ၁၅-၂-၂၀၁၈)။

၃။ မျိုးကိုကိုကပဲ သတင်းထောက် ၂-ဦးကို ဖမ်းစဉ်က သူပါဝင်ပေမယ့် ရဲတပ်ဖွဲ့က ပြောတဲ့ စာရွက်စာတမ်းများကို သူမမြင်တွေ့ရကြောင်း သိရပါတယ်။ (ဧရာဝတီ၊ ၁၅-၂-၂၀၁၈)။

ရဲ ၆-ဦးအနက် ၂-ဦးသာ ထိန်းသိမ်း အရေးယူခံရ။
၂၀၁၇-စက်တင်ဘာလအတွင်း အင်းဒင်ကျေးရွာအနီး ပဲရုံသုသာန်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီ ၁၀-ဦး သတ်ဖြတ်မှု ဖြစ်စဉ်ကို စုံစမ်းခဲ့တဲ့ သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၆-ဦး အနက် ဒုရဲမှူး မိုးရန်နိုင်နဲ့ တပ်ကြပ်ကြီး ခင်မောင်လင်းတို့ ၂-ဦးသာ ထိန်းသိမ်း အရေးယူခံရကြောင်း သိရပါတယ်။ (ဧရာဝတီ၊ ၂၀-၄-၂၀၁၈)

သတင်းထောက် ၂-ဦးအား ထောင်ချောက်ဆင် ဖမ်းရန် ရဲမှူးချုပ် တင်ကိုကို စီမံကြောင်း မိုးရန်နိုင် ဖွင့်ချ။
ရခိုင်ပြည်နယ်၊ အင်းဒင် ကျေးရွာ လူသတ်မှု ဖော်ထုတ်တဲ့ ရိုက်တာ သတင်းထောက် ၂-ဦးကို အမှုဆင် ထောင်ချောက်ဆင်ကာ ဖမ်းဆီးဖို့ ရဲမှူးချုပ် တင်ကိုကိုက ဦးစီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း နဲ့ ဖမ်းဆီးမှု ဖြစ်စဉ် အသေးစိတ်ကို တရားခွင်တွင် ဖွင့်ချ ထွက်ဆိုရာ၌ တရားလို သက်သေ ရဲတပ် ကြပ်ကြီး နိုင်လင်းအား စာရွက်စာတမ်းများ ပေးကာ သတင်းထောက် ၂-ဦးထံ သွားရောက် ပေးအပ် ရန် ညွှန်ကြားသည်ကို သိရှိကြောင်း ဒုရဲ့မှူး မိုးရန်နိုင်က တရားခွင်တွင် ဖွင့်ချလိုက်ပါတယ်။

တဆက်တည်းမှာပဲ မိုးရန်နိုင်က - “ခုလို အမှန်တရား ဖွင့်ပြောရတဲ့အကြောင်းရင်းက ရဲတပ်ဖွဲ့ ဝင်မှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာ သူရှိပါတယ်။ ထောင်ဖမ်းခံရတယ် ဆိုတာ အဲဒီအတိုင်း အမှန်ပါပဲ”ဟု ဖွင့်ဆိုသွားပါတယ်။ (ဧရာဝတီ၊ ၂၀-၄-၂၀၁၈)

အထက်ပါ အမှုကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနက တချက်ခုတ် သုံးချက်ပြတ် ဆိုရိုးအတိုင်း လုပ်လိုက်တာ ဖြစ်မှာပါ။ (၁) အင်းဒင်ကျေးရွာ ဘင်္ဂါလီ ၁၀-ဦး အသတ်ခံရတဲ့ အမှုကို ဖော်ထုတ်တဲ့ ရိုက်တာ သတင်းထောက် ၂-ဦးကို လက်တုံ့ပြန် ဒဏ်ခတ်ဖို့၊ (၂) မိုးရန်နိုင်နဲ့ ခင်မောင် လင်းတို့ ၂-ဦးကို အညှိုးအတေး ရှိဟန် တူတယ်။ အဲဒီအတွက် သူတို့က ချောက်ချဖို့၊ (၃) အင်းဒင် လူသတ်မှုကို ပြည်တွင်းပြည်ပက စိတ်ဝင်စားမှု ပပျောက်သွားအောင် အာရုံပြောင်းဖို့” လုပ်တာလို့ ယုံ ကြည်ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံကို ကြီးစိုးခဲ့တဲ့ စစ်အာဏာရှင် ခေတ်တလျှောက် လုံးမှာ စစ်အာဏာရှင် ဗိုလ်ချုပ်တွေက ပြဿနာပေါ်တိုင်း ရာထူးအာဏာ တည်မြဲရေးအတွက် လက် နက်မဲ့ ပြည်သူတွေကို ဓားစာခံ လုပ်ပြီး ထိုးကျွေးခဲ့တဲ့ အကြိမ်ပေါင်း များစွာ ရှိခဲ့သလို လက်နက်မဲ့ ပြည်သူ တွေရဲ့ အသက် အိုးအိမ်ပေါင်း မြောက်မြားစွာ သေကျေ ပျက်စီး ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေ အများကြီး ရှိခဲ့တယ်။ ဒါ့ကြောင့် ခုလည်း အရင်ကအတိုင်း စစ်ဗိုလ်ချုပ်တွေ လုပ်ချလိုက်မှန်း သိလို့ ဖြစ်ပါတယ်။ အရင်က ဖြစ်ရပ်တွေနဲ့ အခုဖြစ်ရပ်တွေဟာ တပုံစံတည်း၊ တသားတည်း ဖြစ်နေတာ ကြောင့် ဖြစ်ပါတယ်။

နောက်ထပ် ဘာတွေ ဆက်ဖြစ်မလဲဆိုတာ (၂)မှာ ဆက်လက် ကြည့်ကြရအောင်ပါ။

ရွှေပြည်စိုး

Comments