သန့်ဇင်စိုး ● ပြန်လည်တမ်းတခြင်း (ဝတ္ထုတို)

သန့်ဇင်စိုး ● ပြန်လည်တမ်းတခြင်း (ဝတ္ထုတို)
(မိုးမခ) မေ ၂၃၊ ၂၀၁၈

(၁)
ဘဝမှာ ငါတော့ဖြင့် ဒါကို လုပ်လိုက်နိုင်ပါလျက်နဲ့ မလုပ်လိုက်မိလေခြင်းလို့ လူတော်တော်များများ တွေးမိဖူးကြပါလိမ့်မယ်။ ငါ အထက်တန်းကျောင်းတုန်းကသာ စာကို ပိုပြီးဖိကြိုးစားလိုက်မယ်ဆိုရင် ခုလောက်ဆို ဒီထက် အဆင့်မြင့်တဲ့ အလုပ်မျိုး ရမှာပဲတို့၊ ငါသာ ဒီကောင်မလေးကို ငါ့ဘက်ယိုင်ပြီး အဆင်ပြေနေချိန်က ချစ်ရေးဆိုလိုက်မယ်ဆို ခုလို သူလှလာမှာမျိုးနဲ့ ဆို အတော်ပဲဟေ့ ... တို့လို နောင်တဆန်ဆန် အတွေးမျိုးဖြစ်ပါလိမ့်မယ်။ ခုမှတော့ အချိန်ခရီးသွားသလို နောက်ပြန်သွားပြီး လုပ်လို့ကလည်းမရ။ စိတ်ထဲဝင်လာတိုင်း သတိရတိုင်း နှမျောသလိုလို ခံစားမှုပုံစံမျိုး ဖြစ်ပါတယ်။

ကိုရဲနွယ်တယောက်လည်း အဲဒီလို ခံစားမှုမျိုး ဖြစ်နေမိတယ်။ နောင်တရသလိုလို၊ အပြစ်ရှိသလိုလို ခံစားချက်မျိုး။

တခါတလေတော့လည်း "ငါနဲ့ ဘာဆိုင်လို့လဲ။ အနေသာကြီးပဲ" လို့ စိတ်တင်းရင်း ဖြေတွေးသေးတယ်။ ဒါပေမဲ့ အကြောင်း တိုက်ဆိုင်တိုင်းပြန်ပြန်တွေးမိပြီး အဲဒီခံစားချက် ပြန်ပြန်ဝင်လာတာပါပဲ။ ကိုရဲနွယ်တယောက် အချိန်ကို တနှစ်လောက် နောက်ပြန်သွားနိုင်ရင် သူ့မျက်နှာကိုကြည့်၊ လက်မောင်းလေးကိုကိုင်ပြီး "အမေ နေကောင်းရဲ့လား" လို့ တခွန်းလောက် တော့ မေးမိမယ်ထင်တယ်။ တခွန်းလောက် "အမေ" လို့ ခေါ်ဖြစ်ခဲ့မယ်ဆိုရင် ပြန်တွေးတိုင်း ခုလောက် စိတ်မကောင်း နောင် တဖြစ်မှာ မဟုတ်လောက်ဘူး။

(၂)

ကိုရဲနွယ်အလုပ်လုပ်နေတဲ့ မီဒီယာကုမ္ပဏီရဲ့လုပ်ငန်း အောင်မြင်လာခြင်းက အဲဒီအမျိုးသမီးကြီးနဲ့ သူတွေ့ဖို့ အကြောင်းဖန် လာတာပေါ့။ ကိုရဲနွယ်က မီဒီယာရဲ့ဘာသာပြန်ဌာနမှာ အလုပ်လုပ်တာ။ သူနဲ့လုပ်ဖော်ကိုင်ဘက် စုစုပေါင်း ငါးယောက်ရှိ တယ်။ ကုမ္ပဏီစီးပွားရေးအောင်မြင်လာတော့ ထုံးစံအတိုင်း ထပ်ချဲ့၊ ထပ်ချဲ့တော့ ဝန်ထမ်းတွေ ထပ်ခန့်ရတယ်။ ထပ်ခန့် တော့ ရုံးခန်းမှာနေရာက မလောက်တော့ဘူး။ သူတို့ကုမ္ပဏီက မြို့လယ်က ကွန်ဒိုတခုပေါ်မှာ အခန်းနှစ်ခန်းငှားပြီး ရုံးဖွင့် ထားတာ။ ကွန်ဒိုခန်းနှစ်ခန်းမှာ လူခြောက်ဆယ်လောက်ရဲ့ စားပွဲတွေ၊ ကွန်ပြူတာတွေနဲ့ အတော်လေး ကျပ်လာတယ် လို့ ဆိုရမယ်။ ဝန်ထမ်းတွေ နေရာမလောက်တဲ့ကိစ္စကို လတ်တလော ဖြေရှင်းဖို့အတွက် အစည်းအဝေးခေါ်တော့ နောက်ဆုံး ဆုံးဖြတ်ချက်ထွက်လာတယ်။ ဘာသာပြန်ဌာနကို အခန်းသပ်သပ် ငှားပေးမတဲ့။

ဘာသာပြန်သမား ငါးယောက်အတွက်ပဲ အခန်းသီးသန့်ငှားပေးနိုင်မယ်လို့တော့ ကိုရဲနွယ်မထင်ပါ။ အစီအစဉ် အသေးစိတ် ထွက်လာတော့ သူတွေးထားတဲ့အတိုင်းပင်။ အခန်းကို အသစ်ငှားပေးမှာမဟုတ်။ သူတို့ ရုံးဘေးက သင်တန်းကျောင်းတခု ထဲမှာ အခန်းတခန်းလွတ်နေတယ်။ အဲဒီအခန်းကို သူတို့မီဒီယာကငှားသုံးမယ်ဆို ရုံးမှာ ဝန်ထမ်းတွေကျပ်နေတဲ့ကိစ္စလည်း အထိုက်အလျောက်အဆင်ပြေ၊ ဟိုဘက်က သင်တန်းကျောင်းကလည်း အခန်းစရိတ်သက်သာ။ ကိုရဲနွယ်တို့ အဖွဲ့ ကတော့ စားပွဲတွေ၊ ကွန်ပြူတာတွေ စာအုပ်စာတမ်းတွေသယ်ပြီးတော့ ရုံးအသစ်လို့ ခေါ်ရမယ့် သင်တန်းကျောင်းထဲက အခန်းငယ် တခုကိုချီတက်ကြရတယ်။ သင်တန်းကျောင်းထဲက သီးသန့်အခန်းဆိုပေမဲ့ ကျောင်းဝန်ထမ်းတွေ၊ သင်တန်းသားတွေနဲ့ တော့ တွေ့တွေ့နေရတာပါပဲ။ လူသစ်တွေလို ဖြစ်နေပေမဲ့ တလလောက်ကြာတော့လည်း ကျောင်းက ဝန်ထမ်းတွေ၊ ဆရာ တွေနဲ့တောင် ခင်နေပြီ။ ဒီနေရာမှာ သင်တန်းကျောင်း သန့်ရှင်းရေးဝန်ထမ်း အကား အကြောင်းကို ထည့်ပြောရပါမယ်။

အကားက ခပ်သွက်သွက် အသက် ၄၅ လောက် ဟိန္ဒူအမျိုးသမီးတယောက်ပါ။ ကွမ်းလေးမြုံ့ပြီး ကျောင်းထဲမှာ သန့်ရှင်း ရေး လုပ်၊ နေခင်းဆို သင်တန်းကျောင်း ဝန်ထမ်းကောင်မလေးတွေနဲ့ စကားပြောနေလေ့ရှိတယ်။ ကိုရဲနွယ်တို့ အခန်းကို တော့ လုံးဝသန့်ရှင်းရေးမလုပ်ပေး။ သူ့အလုပ်ရဲ့ ပိုင်နက်မဟုတ်တာ သိလို့နေပါလိမ့်မယ်။ ကိုရဲနွယ်တို့ မီဒီယာရုံးက သန့်ရှင်း ရေးသမားကလည်း သူများသင်တန်းကျောင်းထဲမို့ မလာပါဘူး။ သင်တန်းကျောင်းက သန့်ရှင်းရေးကားကလည်း သူ့အလုပ် မဟုတ်တော့ ဝင်ပြီး သန့်ရှင်းရေးမလုပ်။ ကိုရဲနွယ်တို့ ဘာသာပြန်တွေကလည်း ဖြစ်သလို နေတတ်တဲ့ ယောကျာ်းလေးတွေပီပီ ပွရှုပ်နေတဲ့စားပွဲတွေနဲ့ပဲ အလုပ်လုပ်နေကြတာပါပဲ။ ကိုရဲနွယ်ဆို ရုံးမှာ တခါတလေ အိပ်တတ်တာမို့ အပိုယူလာတဲ့ အဝတ်တွေတောင် နံနေပြီ။ တံခါးကြားကို ပစ်ထားလိုက်တယ်။ လုပ်ဖော်ကိုင်ဘက်တွေကလည်း "မင်း ပုဆိုးတွေ ချဉ်စော်နံ တယ်ဟေ့" ဆိုတာလောက်ပဲပြောပြီး မေ့မေ့ပျောက်ပျောက်ပါပဲ။

တနေ့ကျတော့ သင်တန်းကျောင်းကို အကား မလာတော့ဘူး။ ကျန်းမာရေးမကောင်းလို့ တလခွင့်ယူတယ်ပြောကြတယ်။ အကားကိုယ်စား သန့်ရှင်းရေးတယောက် အစားဝင်မယ်လို့လည်း ကြားတယ်။ အကားသာ နေမကောင်းမဖြစ်ခဲ့ရင် ကိုရဲနွယ် လည်း ခုလို နောင်တရနေရမှာမဟုတ်ဘူး။

(၃)
ရုံးမြေညီထပ်က ဓာတ်လှေကားရှေ့ကိုရောက်တော့ အင်္ကျီအဝတ်အစား ခပ်နွမ်းနွမ်းနဲ့ အသက် ၅၀ ကျော် ၆၀ နီးပါး လောက် အမျိုးသမီးကြီးတယောက် ရပ်နေတယ်။ ကိုရဲနွယ်ကိုတွေ့တော့ "အတော်ပဲ ဆရာရေ၊ ကျွန်မ ဒါကြီးကို ဘယ်လို စီးရမှန်း မသိလို့" တဲ့ ပြောတယ်။ တကယ်တော့ ဓာတ်လှေကားက ခေါ်စရာမလိုပါဘူး။ မြေညီထပ်မှာပဲ ရှိနေပြီးသား။ အတက်ခလုတ် လေးနှီပ်လိုက်ရင် အလိုလိုတံခါးကပွင့်သွားမှာ။ ကိုရဲနွယ်လည်း ဝတ်ကျေတန်းကျေ ပြုံးပြလိုက်ရင်း ဓာတ် လှေကားတံခါးကို ဖွင့်ဝင်လိုက်တော့ သူလည်း လိုက်လာတယ်။ ကိုယ်သွားမယ့် ငါးလွှာခလုတ်ကိုနှိပ်လိုက်ပြီး ခဏနေတော့ ဓာတ်လှေကားက ငြိမ့်ခနဲ တက်သွားတယ်။

တလွှာ နှစ်လွှာလောက်ရောက်မှ သတိရတယ်။ အဒေါ်ကြီး ဘယ်အလွှာကိုသွားမှာလဲ သူမမေးလိုက်ရသေး။ "အဒေါ် ဘယ် အထပ်ကို သွားမှာလဲခင်ဗျ"

စက္ကန့်အနည်းငယ်ကြာတဲ့အထိ ဘာမှ ပြန်မပြောတော့ ကိုရဲနွယ် သူ့ကို လှမ်းကြည့်လိုက်တယ်။ အဒေါ်ကြီးက ကိုရဲနွယ်ကို ကြောင်ပြီး ကြည့်နေတယ်။ တခုခုတွေးနေလို့ သူ့ကိုသတိမထားမိဘဲ စိုက်ကြည့်နေတာမျိုးမဟုတ်။ ကိုယ့်ကို ကြည့်နေ ကြောင်းသိသာတဲ့အကြည့်မျိုး။

"အဒေါ် ကျွန်တော်က ငါးလွှာကိုသွားမှာ။ အဒေါ်က ဘယ်နှစ်လွှာကိုသွားမှာလဲ။ ဒီအထဲမှာ ခလုတ်ထပ်နှိပ်ရသေးတယ်ဗျ"

"အော်.. ငါးထပ်ပဲ သားရေ ငါးထပ်ပဲ။ အင်္ဂလိပ်စာတွေ သင်တဲ့ကျောင်းကိုသွားမှာလေ"

ခုကျတော့ ဆရာလို့ မခေါ်တော့ပါလား။ ကိုရဲနွယ် သူ့ကို အကဲခတ်ကြည့်လိုက်တယ်။ အရွယ်ကတော့ သူ့အမေ ထက် နည်း နည်းလောက်တော့ ငယ်မယ်။ ဆံပင်က ဖြူမည်းကြား။ အင်္ကျီက တော်တော်နွမ်းနွမ်းပေမဲ့ သပ်သပ်ရပ်ရပ်ဝတ်ထား တယ်။ ချေးနည်းနည်းတက်နေတဲ့ခြင်းတောင်းထဲမှာ ထမင်းချိုင့်နဲ့ရေဘူးနဲ့။ ပိုက်ဆံအိတ်လား ဘာလားမသိတဲ့ လက်ဆွဲ ကျန် ကျောင်းအိတ်တခုကို ခေါက်ထည့်ထားသေးတယ်။ အမယ်.. ရေဘူးက စစ်သားတွေသုံးတဲ့ ဒန်ရေဘူးပါလား။ ကျောင်း မှာ တခါသုံးခွက်တွေနဲ့ ရေကြိုက်သလောက် သောက်လို့ရတာ သိဟန်မတူဘူး။ ဓာတ်လှေကားထဲကထွက်တော့ ကိုရဲနွယ် စပ်စုကြည့်တယ်။

"အကားအစား အလုပ်လာလုပ်တာလား အဒေါ်က"

"မရွှေဝင်းကို ပြောတာထင်တယ်။ ဟုတ်တယ် သားရေ။ အမေက  မရွှေဝင်းတို့အိမ်ဘေးမှာနေတာ။ သူချိတ်ပေးလို့ နေ့စားခရ အောင်လာလုပ်တာ။ သက်တော့သက်သာတယ်ကြားတယ်။ သူနားနေတုန်း အစားဝင်မှာပါ"

ဟုတ်ကဲ့လို့ တခွန်းထဲပြောရင်း ကိုယ့်အခန်းထဲ ကိုယ်ဝင်ခဲ့လိုက်တယ်။ ကွန်ပြူတာဖွင့်၊ နိုင်ငံတကာသတင်း စာမျက်နှာတွေ လိုက်ကြည့်၊ facebook ဖွင့်လိုက်နဲ့လုပ်နေရင်း ဓာတ်လှေကားထဲကအကြည့်ကို ခေါင်းထဲ ပြန်ရောက်လာတယ်။ ဒီအဒေါ် ကြီးဟာ စိတ်မှကောင်းရဲ့လားမသိ။ facebook ကနေ စကားလာပြောနေတဲ့ ချစ်သူကိုတောင် သန့်ရှင်းရေးအသစ်ရောက် တယ်လို့ မဆီမဆိုင်ပြောပြလိုက်သေးတယ်။ သူကလည်း အင်းလို့ပဲ ပြန်ပြောတယ်။ မအားဘူးထင်တယ်။

ခဏနေတော့ အခန်းတံခါး ခေါက်သံကြားတယ်။ တံခါးက စေ့ထားတာပဲ။ "ဝင်ခဲ့ပါ" လို့ ကိုရဲနွယ် လှမ်းပြောလိုက်တယ်။ ကိုရဲနွယ်တို့လုပ်ဖော်ကိုင်ဘက်တွေက တံခါးခေါက်လေ့မရှိ။ ဒါ သင်တန်းကျောင်းက ဝန်ထမ်းတယောက်ယောက်ဖြစ် လောက် တယ်။ ဝင်လာပါပြီ မနက်က အဒေါ်ကြီး။ တံမြက်စည်းတလက်၊ ဂေါ်ပြားတလက်နဲ့။

"သားရေ..။ သန့်ရှင်းရေးလုပ်မယ်နော်" တဲ့။ ခက်ပြီ။ သူတို့သင်တန်းကျောင်းနဲ့ ကိုရဲနွယ်တို့ ဘာသာပြန်သတင်းခန်းနဲ့က မဆိုင်ဘူးဆိုတာ ရှင်းပြရပြီ။ လုပ်ငန်းမတူကြောင်း၊ ဒါကြောင့် ဒီအခန်းဟာ ကျောင်းသန့်ရှင်းရေးဝန်ထမ်းအနေနဲ့ ဝင်လုပ် ပေးဖို့မလိုကြောင်း ပြောပြရတယ်။

အဒေါ်ကြီးက ကိုရဲနွယ်သိုင်းဝိုင်းပြီး ရှင်းပြနေတာကို ပြုံးပြီး ကြည့်နေတယ်။ မင်းပြောချင်ရာ ပြောစမ်းချာတိတ်ကလေး ဆိုတဲ့မျက်နှာပေးမျိုးနဲ့။ ဘာလို့မှန်းမသိဘူး၊ သူ အဲဒီလိုပြုံးပြီးကြည့်နေတာကို မကြိုက်ဘူး။ အိမ်ပြန်ဖြစ်တဲ့နေ့ အမေ့ကို လစာထဲက ငွေတချို့အပ်ရင် အမေလည်း သူ့ကို အဲဒီလိုကြည့်ဖူးတယ်ထင်တယ်။ သူကတော့ တခွန်းထဲ ပြောတယ်။

"အို..တခန်းလောက် တံမြက်စည်းပိုလှည်းလိုက်တာ ဘာဖြစ်မှာမို့လို့လဲ။ ဟိုရုံးတွေ ဒီရုံးတွေ နားရှုပ်စရာကြီး" ဆိုပြီး သူ့ ဘာ သာသူ သတ်မှတ်လိုက်တဲ့အလုပ်ကို စလုပ်နေတော့တယ်။ တကယ်ဆို "ဆရာရယ်။ အပန်းမကြီးပါဘူး ကျွန်မ လှဲ လိုက် ပါ့မယ်" ဆို ကိုရဲနွယ်ကျေးဇူးတောင်တင်ဦးမယ်။ သူတို့အခန်းက သန့်ရှင်းရေးမလုပ်ဖြစ်တာ ပြောင်းလာကတည်းက ကိုး။

အဒေါ်ကြီးဟာ တံမြက်စည်းလှဲနေရင်းလည်း ပါးစပ်က အငြိမ်မနေ။ "ယောကျာ်လေးတွေချည်းပဲထင်တယ်။ ဘာလို့များ ယောက်ျားလေးတွေဟာ ညစ်ပတ်ကြသလဲမသိဘူးနော်" ဆိုပဲ။ သူ့ကို အာရုံထဲမထားတော့ဘဲ ချစ်သူကို စကားလှမ်းပြော မယ်ဆိုပြီး ကွန်ပြူတာကို ကြည့်လိုက်တော့ offline ပြနေပြီ။ ညနေဖောင်ပိတ်အတွက် ကောင်းမယ့်သတင်းတွေကို လိုက်ရွေး နေလိုက်တယ်။

"သားက ဘယ်မှာနေတာလဲကွ"

"အောင်မလေး လန့်လိုက်တာဗျ" ကိုရဲနွယ်လန့်သွားတယ်။ အာရုံက ရိုက်တာသတင်းဌာနရဲ့ အင်တာနက်စာမျက်နှာထဲမှာ ရောက်နေတုန်း သူ့စားပွဲကိုကာထားတဲ့ အလူမီနီယမ်ခြံအကာလေးပေါ်ကနေ ရုတ်တရက် ခေါင်းကြီးပေါ်လာပြီး မေးလိုက် တာကြောင့်ပါ။ တော်တော်စကားများတဲ့အဒေါ်ကြီးပဲ။ ဒီနေ့မှ သိကြတာကို။ နောင်ဘယ်လို ကင်းကင်းနေရင် ကောင်းမလဲ ဆိုပြီး စိတ်ထဲတွေးလိုက်တယ်။

"လှည်းတန်းခင်ဗျ"

"လှည်းတန်းတွေ၊ လှေတန်းတွေလည်းမသိပါဘူးကွာ။ သားတို့ ရန်ကုန်က နားတွေလည်းငြီး၊ ပူလည်းပူတယ်" လို့ ပြောပြီး လှည်းပြီးသားအမှိုက်တွေကို ပြန်သိမ်းရင်းထွက်သွားတယ်။

(၄)
တနင်္လာနေ့မနက် ကိုရဲနွယ် ရုံးအလာနောက်ကျတယ်။ နောက်ကျဆို ညတုန်းက အခန်းအတူနေ သူငယ်ချင်းတွေနဲ့ မန္တ လေးရမ်သောက်တာ နှစ်တောင့်တောင်ကုန်တာကိုး။ အိပ်ရာနိုးတော့ မနက် ၉ နာရီခွဲ။ အစည်းအဝေးလည်းမမီတော့။ ခေါင်း ကလည်း ကိုက်သလိုလို အမူးပဲမပြေသေးသလိုလို။ ရုံးပေါ်ရောက်ပြီး အခန်းထဲဝင်လိုက်တော့ အစည်းအဝေးနေ့မို့ ထင်တယ် ဘာသာပြန်အယ်ဒီတာတွေ အကုန်လူစုံနေတယ်။ ကိုကျော်ကြီးက လှမ်းပြောတယ်။ "ဟိတ်ရောင်..။ မင်းအမေ မင်းကို လိုက်ရှာနေတယ်ကွ"

ကိုရဲနွယ် ကြောင်သွားတယ်။ အမေနဲ့ မနေ့ကမှ ဖုန်းဆက်ဖြစ်သေးတယ်။ ပြီးတော့ အမေက မြို့ထဲဘက်ရောက်လို့ ရုံးကို ဝင်မယ်ဆို သူ့ကိုအရင်ဖုန်းဆက်နေကျ။ ဘာများဖြစ်လို့ပါလိမ့်။

"မင်းအမေဆိုတာ မင်းအမေကို ပြောတာမဟုတ်ဘူး ရဲကြီးရေ။ သန့်ရှင်းရေးအသစ်အဒေါ်ကြီးကို ပြောတာ။ မနက်ထဲက မင်းစားပွဲကို လက်ညှိုးထိုးပြီး ဆရာရေ ဒီနေရာက သားမလာသေးဘူးလားလို့ ငါတို့ကို မေးနေတာ နှစ်ခါတောင်ရှိပြီကွ"

ဘာဖြစ်လို့ပါလိမ့် တခုခုတော့ တခုခုပဲ။ ဒီအဒေါ်ကြီးကို ကြည့်ရတာတမျိုးပဲ။ သူကြည့်တဲ့မျက်လုံးတွေက စူးစူးစိုက်စိုက်ကြီး လိုလို ရီဝေဝေကြီးလိုလို။ ပြီတီတီကြီးတော့မဟုတ်။

ဆေးလိပ်သောက်ဖို့ အပြင်ထွက်လာခဲ့လိုက်တယ်။ ဆေးလိပ်သောက်လိုက်မှ ခေါင်းက ပိုပြီးကိုက်လာသလိုလို ရှိတယ်။ သင်တန်းကျောင်းထဲ ပြန်ဝင်လိုက်တော့ ဟော တွေ့ပါပြီ ကိုယ့်အဒေါ်ကြီး။

"သားရေ ကျောင်းမှာ ကော်ဖီမှုန့်တွေအများကြီးပဲ။ ကော်ဖီသောက်မလား အမေဖျော်လိုက်မယ်လေ"

သူ့ကိုယ်သူ အမေဆိုပါလား။ ကော်ဖီကိုတော့ ကိုရဲနွယ် စိတ်ဝင်စားသွားတယ်။ ခေါင်းက ကိုက်နေတာကိုး။ "နို့မှုန့်မထည့်နဲ့ သကြားလျှော့နော် အဒေါ်။ ကျေးဇူးပဲဗျ" လို့ ပြောလိုက်တယ်။ ထုံးစံအတိုင်း အကြည့်တခုနဲ့ အပြုံးတခုတော့ ရလိုက်သေး တယ်။

ခဏကျတော့ စားပွဲကို ကော်ဖီတခွက်လာပို့တယ်။ ကိုကျော်ကြီးက နောက်နေသေးတယ်။ "အဒေါ်က ဘက်လိုက်တယ် နော်။ ကျွန်တော်တို့ကျတော့မတိုက်ဘူး" လို့ ပြောတော့ "ဆရာတို့သောက်ချင်ရင်ပြောလေ ကျွန်မဖျော်ပေးပါ့မယ်" လို့ ပြော သွားသေးတယ်။ ကော်ဖီက အကောင်းကြီးမဟုတ်ပေမဲ့ အတော်ကောင်းတယ်လို့ ဆိုရမယ်။ ခေါင်းကြည်သွားတယ် ထင်ရ တယ်။ အဲဒီ ကော်ဖီက အစပြုလို့ နောင်ခဏခဏ ဝင်ဝင်လာပြီး တခုပြီးတခုကျွေးတော့တယ်။

"သားရေ သင်တန်းဆင်းပွဲက လက်ဖက်တွေပိုလို့ ထမင်းနဲ့ နယ်ထားတယ် စားကြည့်စမ်း" တို့၊ "သားရေ မင်း ဆေးလိပ် သောက်တာများတယ်လို့ မထင်ဘူးလားကွ" တို့ "သားခဏ ထပါလား။ မင်းစားပွဲက ရှုပ်ပွနေတာပဲ အမေရှင်းစမ်းမယ်" တို့ ဆက်တိုက်ကြုံရတော့တယ်။

တရက်ဘာပြောတယ်မှတ်လဲ။ "သား ဒီအဝတ်ပုံကြီးက မင်းဟာ မဟုတ်လား။ အမေအိမ်ယူသွားပြီး လျှော်လို့ရမလား" တဲ့။

"မယူပါနဲ့ဗျာ။ ကျွန်တော် ဆိုင်ပို့မှာပါ။ မအားသေးလို့ပါ"

"မပို့နဲ့တော့ ဒီနေ့ယူသွားမယ်။ သန်ဘက်ခါ မီးပူတိုက်ပြီး ပြန်ယူခဲ့မယ်"

ကိုရဲနွယ် အဲဒီမှာ တခုသွားပြီး စဉ်းစားမိတယ်။ ဆိုင်ပို့လည်း ပိုက်ဆံပေးရမယ့်အတူတူ အဒေါ်ကြီးကို ပေးလိုက်ရင် သူလည်း အဝတ်လျှော်ခရမယ်။ ကိုရဲနွယ်လည်း ဘိုကလေး ဈေးလမ်းအထိ သွားစရာမလိုတော့ဘူးပေါ့။

"ဒါဆိုလည်း ယူသွားအဒေါ်ရာ ဟောဒီမှာဆပ်ပြာဖိုး" ဆိုပြီးတော့ ငွေလေးထောင်ကို ထုတ်ပေးလိုက်တယ်။ သူက စေတနာနဲ့ လျှော်ပေးမယ်ပြောနေတော့ ကိုယ်က အဝတ်လျှော်ခယူဆိုပြီး ပေးလို့ကလည်း မဖြစ်။ "အိမ်မှာ ဆပ်ပြာရှိသားပဲ" ဆိုပြီး ခံတံ တံလုပ်နေလို့ ဆပ်ပြာဖိုးမယူရင် အဝတ်တွေမယူသွားရဖူးပြောလိုက်တာ "ငါ့သားလေး ကျန်းမာပါစေ၊ ချမ်းသာပါစေ" ပြောပြီး ငွေလေးထောင်ကို ယူသွားတယ်။ ပိုက်ဆံအပ်ရင် ဆုပေးတဲ့အမေ့ကိုတောင် သတိရသေး။

တခုတွေးမိတာက ဒီအဒေါ်ကြီးက သူ့ဆီက ငွေချူဖို့များ အရောလာဝင်နေတာလားမသိဘူးလို့။ "အညာသူတွေက လူလည် တွေကွ" ဆိုပြီး အမေ့ကိုမကျေနပ်ရင် ပွစိပွစိလာပြောနေတဲ့ အဖေ့စကားသံကို ကြားယောင်မိသေး။

ဆိုင်မှာအဝတ်တွေအပ်ရင် ပလက်စတအိတ်လေးနဲ့ အသစ်လိုထုပ်ပိုးပေးတာတို့၊ အမွှေးရည်အကောင်းစားတွေ ဖြန်းပေး လိုက်တာတို့ ဝန်ဆောင်မှုတွေမရတော့ပေမဲ့ အဒေါ်ကြီးလျှော်ပေးတဲ့လက်ရာက သပ်ရပ်တယ်။ မီးပူလည်း သေချာတိုက် ပေးထားတယ်။

နောက်ပိုင်းကျတော့ သူ့အဝတ်တွေယူသွားရင် ကိုရဲနွယ်ကိုတောင် မပြောတော့။ "သား ကော်ဖီသောက်မလား" လို့လဲ မမေးတောဘူး ။ နေ့ခင်းဆို ကော်ဖီတခွက်ကတော့ ပုံမှန် ရောက်လာတယ်။ တခါတခါ အပြင်ကဝယ်ထားတဲ့ မုန့်တွေ ဘာတွေပါလာလို့ သွားပြောရသေးတယ်။ "အဒေါ်ကြီး ပိုက်ဆံအကုန်ခံပြီး မုန့်တွေဘာတွေ အပြင်က မဝယ်ပါနဲ့ဗျ။ ကျွန်တော်က နေ့ခင်းမုန့်မစားဘူး"

"အေးပါကွာ။ မစားချင်ရင် မထည့်ပေးတော့ပါဘူး ကိုကြီးကျယ်ရယ်"

"ကြီးကျယ်တာ မဟုတ်ပါဘူးဗျာ။ ပိုက်ဆံကုန်မှာ စိုးလို့ပါ" လို့ ပြောတော့ မကြားတကြား "ပိုက်ဆံကုန်တာများ" လို့ ပြောပြီး ထထွက်သွားတယ်။ အဲဒီလို အဒေါ်ကြီးက။

သီတင်းပတ် သုံးပတ်လောက်ကြာတော့ အဒေါ်ကြီးကို ကိုရဲနွယ်လည်း တော်တော်ခင်လာတယ်။ ရုံးမှာထားတဲ့ အဝတ်တွေ အပြင် အိမ်ကလျှော်မယ့်အဝတ်တွေတောင် ရုံးကိုယူယူလာပြီး အဒေါ်ကြီးကို တမင်ပေးတယ်။ ပိုလျှော်တော့ ပို ပိုက်ဆံပေး လို့ ကောင်းတာပေါ့။ ဒါပေမဲ့ လုပ်ဖော်ကိုင်ဘက်တွေက မင်းအမေရောတို့၊ မင်းအမေလာရှာတယ်တို့ မင်းအမေ ခေါ်လိုက် ပါဦးတို့ပြောလာရင်တော့ ပါးစပ်ကထုတ်မပြောပေမဲ့ စိတ်ထဲမှာ သိပ်မကျေနပ်။ ဘာဖြစ်လို့ မကျေနပ်မှန်းလဲ သေချာတော့ မသိဘူး။ ဖြစ်နိုင်တာက သန့်ရှင်းရေးမိန်းမကြီးကို မင်းအမေလို့ပြောတာကို စိတ်ထဲက မကျေနပ်တာ ဖြစ်လောက်တယ်။ ဒါကြောင့်ထင်တယ်။ အဒေါ်ကြီးနဲ့ စကားပြောတိုင်း "အဒေါ်" ဆိုတဲ့ အခေါ်အဝေါ်ကို ပိုပိုသာသာလေး ခေါ်လိုက်တာပဲ။ သူကတော့ "သားရေ" "အမေကလေ" ဆိုတဲ့ အသုံးအနှုန်းတွေကို အေးအေးဆေးဆေးပဲ ပြောနေတယ်။

ကိုရဲနွယ် အလုပ်ကိစ္စတခုနဲ့ ခရီးမသွားရခင်အထိပေါ့။

(၅)

သင်တန်းကျောင်ဝင်ပေါက်နားကထိုင်ခုံမှာ ကွမ်းလေးတမြုံ့မြုံ့နဲ့ အကားကို တွေ့လိုက်ရတယ်။ သတင်းရေးဖို့အချိန် နောက်ကျနေလို့ ကိုရဲနွယ်လည်း ခပ်သုတ်သုတ်ပဲ နူတ်ဆက်လိုက်ပါတယ်။

"နေကောင်းသွားပြီလားဗျ"
"ဟုတ်ကဲ့ ကောင်းသွားပြီရှင့်။ ရုံးပြန်တက်နေတာတောင် ၃ ရက်လောက်ရှိပြီ"

ကိုရဲနွယ်လည်း ကိုယ့်အခန်းထဲက အလုပ်စားပွဲကိုရောက်မှ ထိုင်ခုံပေါ်တင်ထားတဲ့ အဝတ်ထုပ်ကြီးကို တွေ့တယ်။ လျှော်ဖို့ အဒေါ်ကြီးကိုအပ်ထားတဲ့ အဝတ်တွေပဲ။ သပ်သပ်ရပ်ရပ် သူ့အမျိုးအစားအလိုက် မီးပူတိုက်ထားတာ ကော့လို့။ အဝတ်တွေ ကိုမြင်မှ အဒေါ်ကြီးကို သတိရသွားတယ်။ အကား ရုံးပြန်တက်ပြီဆိုတော့ သူမလာတော့ဘူးပေါ့။ ကော်ဖီတောင် သောက်ချင် လာသလိုလိုပဲ။ အဝတ်တွေလျှော်ဖို့ အပ်ရတာ အဆင်ပြေပါတယ်ဆိုမှ အဒေါ်ကြီးက မရှိတော့ ဘူး။ နောက်ဆို ဘိုကလေးဈေးလမ်းထဲထိသွားရတော့မယ်။ အကားက အခန်းထဲကို သန့်ရှင်းရေးဝင်လုပ်မှာ မဟုတ်တော့ နောင်ဆို ပြန်ပွတော့မှာပဲ လို့လည်း တွေးမိတယ်။

ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ်လို့ထင်ပေမယ့် တချက်တချက် ထူးထူးဆန်းဆန်း အဒေါ်ကြီးကို သတိရတတ် တယ်။ သန့်ရှင်းရေးအလုပ် မလုပ်ရတော့ဘူးဆိုတော့ သူအဆင်မှပြေပါ့မလား။ သူက သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ပေမယ့် အဝတ်အစားလေးတွေဝတ်လာတာ နွမ်းဟောင်းနေတော့ ချို့တဲ့သူမှန်း သိသာပါတယ်။ သူရုံးနောက်ဆုံးလာတဲ့နေ့က ကိုရဲနွယ်သာရုံးမှာရှိရင် မုန့်ဖိုးအဖြစ် တသောင်း၊ တသောင်းခွဲလောက်တော့ ပေးလိုက်မိ မယ်ထင်တယ်။  သူအကျင့်လုပ် ပေးသွားတာ နေ့ခင်းဆို ကော်ဖီတောင် သောက်ချင်လာတတ်နေပြီ။ ပွနေတဲ့ စားပွဲကိုကြည့်ပြီး အဒေါ်ကြီးသာရှိရင် ပိုင်စိုး ပိုင်နင်းနဲ့ စားပွဲကို အတင်းဝင်ရှင်းတာကို သတိရမိတယ်။

တရက်တော့ အဒေါ်ကြီးအကြောင်းကို အကားဆီမှာသွားမေးလိုက်တယ်။ အဲဒီနေ့က အကားက ထုံးစံအတိုင်း ကျောင်းဝင် ပေါက်ဘေးက ခုံကလေးမှာ ထိုင်လို့။ ကျောင်း ဧည့်ကြိုကောင်တာမှာ ဝန်ထမ်းကောင်မလေးက ဖုန်းထိုင်ပွတ်နေတယ်။

"သူက ကျွန်မနဲ့ သိပ်အခင်ကြီးမဟုတ်ပါဘူး။ ကျွန်မတို့ရပ်ကွက်ထဲက သူ့အမျိုးအိမ်ကို နယ်ကနေလာလည်ရင်း ကျွန်မ ရက် ရှည်အလုပ်နားတော့ သူဝင်လုပ်ပေးမယ်ဆိုပြီးလာတာပဲ။ အလုပ်ကပြန်လာရင် ကျွန်မဖို့ မုန့်တွေဘာတွေ ဝယ်လာတယ်။ ကျွန်မကြောင့်သာ ဒီသန့်ရှင်းရေးခရတာဆိုပြီး ပြောတယ်။ မဝယ်လာပါနဲ့ ဆိုလည်းမရဘူး။ ခုတော့ အညာဘက် ပြန်သွားပြီ။ ပြောပါတယ်..ဘာမြို့ဆိုလား။ ကျွန်မလည်း မခေါ်တတ်ဘူး။ ကိုရဲနွယ်က ဘာဖြစ်လို့လဲ"

အကားရဲ့ ရှည်လျားတဲ့ ပြောပြချက်ပြီးတော့ ကိုရဲနွယ်လည်း ဘာပြန်ပြောရမှန်းမသိဘူး။ "ဒီလိုပါပဲ မေးကြည့်တာ။ သူက သဘောကောင်းတယ်လေ" ဆိုပြီး ပြီးစလွယ် ပြောလိုက်တယ်။ အဲဒီမှာ ဧည့်ကြိုကောင်တာပေါ်က ကောင်မလေးက ဖုန်း ကနေ မျက်နှာခွာပြီး ဝင်ပြောတော့တာပဲ။

"ဒေါ်ကြီးအေးဝေက ကိုရဲကြီးကို နူတ်ဆက်သွားတယ်လို့ ပြောပေးပါတဲ့ ပြောသွားသေးတယ်။ သူဘယ်နေ့ ပြန်လာမှာ လဲဆိုပြီး အစ်ကိုတို့ ရုံးဘက်တောင် သွားမေးနေသေးတယ်။ ဒေါ်ကြီးက ကိုရဲကြီးကို သိပ်ချစ်တာပဲ"

အကားကလည်း ဝင်ပြောတယ်။ "ဟုတ်တယ်ဟုတ်တယ်။ ရပ်ကွက်ထဲပြန်လာလို့ ကျွန်မနဲ့တွေ့ရင်လည်း ကိုရဲနွယ် အ ကြောင်းတွေပဲ ပြောပြနေတာ။ ကိုရဲနွယ် ဘယ်လိုညစ်ပတ်တဲ့အကြောင်း၊ စိတ်ကောင်းရှိတဲ့အကြောင်း၊ ကိုရဲနွယ် စားပွဲပေါ်က ဓာတ်ပုံထဲက ကောင်မလေးပုံချောတဲ့အကြောင်း စုံနေတာပဲ။ ကျွန်မကတောင် အစ်မကို သင်တန်းကျောင်း သန့်ရှင်းရေး လုပ်ခိုင်းတာနော်။ ဟိုမီဒီယာမှာ လုပ်ခိုင်းတာမဟုတ်ဘူးလို့ ပြောလိုက်ရသေးတယ်" ကိုရဲနွယ်လည်း အဟဲ ဆိုပြီး ရယ်ပြပြီး အူကြောင်ကြောင်ဖြစ်နေတယ်။ သင်တန်းကျောင်း ဧည့်ကြိုကောင်မလေးဝင်ပြောမှ အကြောင်းရင်းကို သိတော့တယ်။

"ကိုရဲကြီးကို ဒေါ်ကြီးက ဘာဖြစ်လို့ ချစ်တာလဲ သိလား"

"တို့ အယ်ဒီတာကြီးက ခန့်ချောကြီးမို့ နေမှာပေါ့" လို့ အကားက ဝင်နောက်တယ်။

"ဘယ်ကလာ၊ သမီးကို တရက်ပြောပြတယ်။ ရဲကြီးက သူ့သားနဲ့ သိပ်တူတာပဲတဲ့။ မျက်နှာသာ တူတာမဟုတ်ဘူးတဲ့။ ရယ် လိုက်ရင် မျက်စိပိတ်သွားတာ၊ နူတ်ခမ်းမွှေးထိုးထိုးထောင်ထောင်နဲ့နေတာလည်း တူတာပဲတဲ့။ မတူတာက သူ့သားက ကိုရဲ ကြီးလို ပညာတတ်မဟုတ်ဘူးတဲ့။ "

အော် အဲဒါကြောင့် သူပြုံးပြီးကြည့်တဲ့ပုံက အိမ်က အမေရဲ့မျက်လုံးတွေနဲ့ တူနေတာကိုး။ ကိုရဲနွယ် နည်းနည်းတောင် စိတ် မကောင်းဖြစ်သွားတယ်။ အေးပေါ့လေ။ သူ့သားနဲ့ တူတော့ အလွမ်းပြေ ပြုစုပေးတာ နေမှာပေါ့။

"သူ့ရဲ့အဲဒီသားတော်မောင်က ဘယ်ရောက်သွားတာတဲ့လဲ"။ ဟုတ်တယ်လေ မေးရမယ်။ ကိုယ့်အမေသာဆို သူများနေရာ မှာလာပြီး သန့်ရှင်းရေးမလုပ်ခိုင်းပါဘူး။ လိုအပ်တာတော့ ပြည့်စုံအောင်ထောက်ပံ့ပေးပြီး အနားယူခိုင်းမှာ။

"သူ့သားက ဆုံးသွားပြီးလေ။ စစ်သားတဲ့။ တိုက်ပွဲကျသွားတာ ကချင်ဘက်မှာဆိုပဲ။ သူ့ယောကျာ်းကလည်း စစ်သားပဲတဲ့ သူလည်း တိုက်ပွဲကျပြီးသေတာတဲ့။ သမီးကို အဲလိုပဲ ပြောပြတာ"

ကိုရဲနွယ်ရော အကားရော ခဏတိတ်ဆိတ်သွားတယ်။ ကောင်မလေးကတော့ သူ့ဖုန်းကို ဆက်ပွတ်နေတယ်။ ကိုရဲနွယ်ရင် ထဲမှာ ဘာမှန်းမသိတာကြီးခံစားရပြီး ဝမ်းနည်းသလို၊ နောင်တရသလို ဖြစ်လာတယ်။ သူသာ ခပ်စိမ်းစိမ်း မဆက်ဆံဘဲ ဒီ ထက် နွေးနွေးထွေးထွေးဆက်ဆံခဲ့ရင်၊ ဒါမှမဟုတ် "အမေ" လို့ ခေါ်ပြီး ဆက်ဆံခဲ့ရင် သားဖြစ်သူကို လွမ်းနေတဲ့ အဒေါ်ကြီး သိပ်ကို ပျော်မှာ။ ကိုရဲနွယ် ဆေးလိပ်သောက်ချင်လာတယ်။

(၆)
ကိုလံဘီယာ လက်ဝဲသူပုန်များနှင့် အစိုးရတပ်များ ပြင်းထန်စွာတိုက်ပွဲဖြစ်၊ နှစ်ဘက်အကျအဆုံးများပြား
ဘိုဂိုတာ၊ စက်တင်ဘာ ၂၅

သတင်းခေါင်းစဉ် တပ်လိုက်ပြီးမှ ကိုရဲနွယ် စာဆက်မရေးနိုင်ဘူး။ အဒေါ်ကြီးကို သတိရတာပေါ့။ သေသွားတဲ့ ကိုလံဘီယာ သူပုန်တွေနဲ့ အစိုးရတပ်သားတွေမှာ အဒေါ်ကြီးလိုအမေတွေရှိမှာ သိပ်သေချာတာပဲ။ ဒါဆို အဲဒီလိုအသည်းကွဲပြီး လွမ်းနေ တဲ့မိခင်တွေ ဘယ်လောက်တောင်မှရှိလိမ့်မလဲ။ စစ်ပွဲတွေမရှိရင် မိန်းမကြီးတွေ အသည်းမကွဲရတော့ဘူး။ အဒေါ်ကြီးလည်း သူ့သားကို လွမ်းနေရမှာမဟုတ်ဘူး။ ဒါဆို ကိုရဲနွယ်လည်း "အမေ" လို့ မခေါ်ဖြစ်လိုက်တဲ့အတွက် စိတ်မကောင်းဖြစ်နေစရာ မလိုတော့ဘူး။

သန့်ဇင်စိုး

Comments