ဌေးဝင်း (ဂျာမဏီ) ● ဂျာမဏီမှ ဘူးခွံကောက်သူများ

ဌေးဝင်း (ဂျာမဏီ) ● ဂျာမဏီမှ ဘူးခွံကောက်သူများ
(မိုးမခ) မေ ၇၊ ၂၀၁၈

သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက်မှုနဲ့ အမှိုက်စွန့်ပစ်စနစ် ကောင်းမွန်လှတဲ့၊ စည်းကမ်းရှိလှတဲ့ ဂျာမဏီမှာ ဘူးခွံ မှန်သမျှ နေရာတကာမှာလွှင့်ပစ်ခြင်းမရှိအောင်၊ ပလပ်စတစ် စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုနိုင်အောင် (recycling) စနစ်တကျ ဥပဒေအရ ပြဌာန်းထားပါတယ်။ ဒီစနစ်အရ သောက်ရေဘူးတွေကိုဝယ်တာနဲ့ ဘူးခွံဘိုးပါထည့်ပေးရပါတယ်။ ဒီ ဘူးခွံတွေကို super market ဆိုင်တွေမှာပြန်သွင်းရင် ဘူးခွံဘိုးပြန်ရပါတယ်။ ဒီတော့လူတွေက ဒီဘူးခွံတွေကို အလွယ်တကူ နေရာတကာမှာ လွှင့်ပစ်တာမျိုး မလုပ်ကြတော့ဘူး။ ပလပ်စတစ်ဘူးခွံတွေက ၂၅ ဆင့်၊ ၁၅ ဆင့် စသဖြင့် တန်ဘိုးရှိပါတယ်၊ သံဘူးခွံက ၂၅ ဆင့်နဲ ဘီယာပုလင်းက ၈ ဆင့်ပါ။ ဘီယာတသေတ္တာမှာ ပုလင်း ၂၀ ပါတဲ့အတွက် သေတ္တာဘိုးက ၁.၅၀ ယူ ရိုနဲ့ ပုလင်းခွံ ၂၀ အတွက် ၁.၆၀ ယူရို၊ ပေါင်း ၃.၁၀ ယူရို ပုလင်းခွံဘိုး  ပေးရပါတယ်။ ဘီယာက သူ့အမျိုးအစားအလိုက် တန်ဖိုးသတ်သတ် ကျသင့်ပါတယ်။ ကျနော်နေထိုင်တဲ့ ဂျာမဏီတောင်ပိုင်း Bavaria ပြည်နယ်မှာက ဘီယာအမျိုးအစား များသလား မမေးနဲ့။ ဘီယာအရသာကလဲ အမျိုးအစားတခုစီမှာ အရသာတခုစီရှိတယ်။ (ဘီယာကြိုက်သူများအတွက် ဂျာမန် Bavaria ဘီယာအကြောင်း နောက်မှသတ်သတ်ရေးပါဦးမယ်။) ဈေးသက်သာတဲ့ တချို့ super market တွေမှာဆို ၁.၅ လီတာ ရေသန့်ဘူးတဘူးအတွက် ရေသန့်ဘိုးက ၁၉ ဆင့်၊ ဘူးခွံဘိုးက ၂၅ ဆင့် ပေးရပါတယ်။ တန်ဖိုးထက် လက်ခ က၏ကြီးဆိုသလိုပါဘဲ။

ကျနော်ရေးချင်တာက စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု ကမ္ဘာမှာ စတုတ္ထနေရာမှာရှိတဲ့၊ စက်မှုထွန်းကားလှတဲ့ ဒီဂျာမဏီနိုင်ငံမှာ လူနေမှုစနစ်မညီမျှမှုရဲ့ ဝမ်းနည်းဖွယ်ရာ ပြယုဒ်မြင်ကွင်းတရပ်ပါ။ ဆိုင်တွေမှာ ပြန်သွင်းရင် ဆင့်အနည်းငယ် ပြန်လည်ရရှိတဲ့ ဒီပလပ်စတစ်ဘူးခွံ၊ သံဘူးခွံ၊ ဘီယာပုလင်းလွတ်တွေ လိုက်လံစုဆောင်းသူတွေကို မြင်ရတဲ့ မြင်ကွင်းပါ။ လွန်ခဲ့တဲ့ ၄-၅ နှစ်လောက် ကတဲကစပီး ဒီမြင်ကွင်းကို မြင်ခဲ့ရတာဖြစ်တယ်။ အထူးသဖြင့် မြို့ကြီးတွေမှာ ပိုမြင်တွေ့ရတယ်။ မြို့ကြီးတွေက လူစည်ကားရာ နေရာဝန်းကျင်တွေ၊ လမ်းလျှောက်ခွင့်သာရှိတဲ့ (ကားလမ်း မဟုတ်တဲ့၊ စက်ဘီးတောင်စီးခွင့်မရှိတဲ့) ဈေးဆိုင် တန်းလမ်းတွေ၊ တိုးရစ်စ်တွေ လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာတွေမှာ ၇၅ မီတာကနေ မီတာ ၁၀၀ လောက်ခြားစီမှာ အမှိုက်ပုံးတွေ ရှိပါတယ်။ လူအတော်များများက သောက်စရာ ရေဘူး၊ ဖျော်ရည်ဘူး၊ သံဘူး စတာတွေ ဝယ်သောက်ပီး ကုန် ရင် ဘူးခွံတွေကို ပြန်မသယ်ချင်တော့လို့၊ ပြန်မသယ်နိုင်တော့လို့ နီးစပ်ရာ အမှိုက်ပုံးတွေမှာ ပစ်ခဲ့ကြပါတယ်။ တိုးရစ်စ်တွေ ဆိုရင်လဲ တချို့က ပြန်သွင်းရင် ဆင့်အနည်းငယ် ပြန်လည်ရတယ်ဆိုတာမသိလို့၊ တချို့က ဒီဘူးခွံတွေပြန်သွင်းဘို့ super market ကို ပြန်မသွားနိုင်တော့လို့ အမှိုက်ပုံးတွေမှာပစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘူးခွံ လိုက်လံစုဆောင်းသူတွေက ဒီအမှိုက်ပုံးတွေမှာ ဒီစွန့်ပစ်ခဲ့တဲ့ ဘူးခွံတွေကို လိုက်လံရှာဖွေ စုဆောင်း ကြတာဖြစ်ပါတယ်။ သူတို့မှာ ဒီဘူးခွံတွေထည့်သယ်ဘို့ ပလပ်စတစ်အိတ်ကြီးကြီးတွေပါတယ်။ တချို့ဆို ဘီးနဲ့ဆွဲလို့ရတဲ့ ဈေးဝယ်အိတ် ကြီးကြီး ပါတယ်။ တချို့ဆို ညာဘက် သို့မဟုတ် ဘယ်ဘက်လက်မှာ လက်အိတ်စွပ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှိုက်ပုံးထဲကို လက်နဲ့နှိုက်ပီး ရှာဖွေယူရတာကို။ တချို့မှာဆို အမှိုက်ပုံးထဲ မွှေနှောက်ရှာဖွေနိုင်တဲ့ သံချောင်းညှပ် အရှည်ပါတယ်။ သူတို့ဟာ ဒီလိုက်လံစုဆောင်းလို့ရတဲ့ ဘူးခွံတွေကို super market တွေမှာပြန်သွင်းရင် ယူရိုအနည်းငယ် ရှာဖွေစားသောက်နိုင် ပါ တယ်။ ဒီလိုက်လံ စုဆောင်းသူတွေထဲမှာ အသက်ကြီးကြီးပိုင်း ဂျာမန်လူမျိုးတွေနဲ့ အသက်ငယ်ပိုင်း နိုင်ငံခြားသားတွေကိုလဲ တွေ့ရတတ်ပါတယ်။ အစပိုင်းတုန်းက အမျိုးသားများကိုသာ တွေ့ရတတ်ပီး ခုချိန်မှာတော့ အမျိုးသမီးများကိုလဲ တွေ့လာရ ပါပြီ။ အသက်ကြီးကြီးပိုင်း ဂျာမန်လူမျိုးတွေဆို ပင်စင်စားတွေလဲ ပါပါတယ်။ သူတို့ရဲ့ ပင်စင်လစာနဲ့ မလောက်ငလို့လို့ သိရ ကြားရပါတယ်။ မြို့ငယ်လေးတွေမှာဆို သူတို့ဟာ မြို့ထဲအနှံ့ နေရာတကာက အမှိုက်ပုံးတွေကို လျှောက်ပီးရှာဖွေစုဆောင်း ကြတာပါ။

နောက် ဂျာမဏီက မြို့တိုင်းမှာ မြို့အုပ်ချုပ်ရေးရုံးတွေက ကွပ်ကဲစီမံတဲ့ ဂျာမန်လို Tafel လို့ခေါ်တဲ့ အစီအစဉ်တခုရှိတယ်။ ဒီအစီအစဉ်ကတော့ အခြေခံစားသောက်ကုန်၊ အဝတ်အထည်၊ ဖိနပ်၊ အိပ်ယာပစ္စည်းစတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲခြင်း မပြုနိုင်တဲ့သူတွေကို Tafel ကနေ ဝေမျှပေးတဲ့အစီအစဉ်ဘဲ။ ဝယ်ယူသုံးစွဲခြင်း မပြုနိုင်တဲ့သူတွေဟာ ဝယ် ယူသုံးစွဲခြင်း မပြုနိုင်ပါဘူးဆိုတာကို သက်ဆိုင်ရာ ဌာနတွေမှာ လျှောက်ထားရတယ်။ အများအားဖြင့် အလုပ်လက်မဲ့သူ တွေ များတယ်။ အလုပ်လက်မဲ့စနစ်ကို အနည်းငယ်တင်ပြပါရစေ။ အလုပ်လုပ်ကိုင်နေသူတွေဟာ အလုပ်လုပ်နေသမျှ ကာလ ပတ်လုံး လစဉ်လစာထဲက အလုပ်လက်မဲ့ခွန်ကို အလုပ်ရှင်ကတဝက် ကိုယ်ကတဝက် ပေးသွင်းရတယ်။ အကယ်၍ တစုံတယောက် အကြောင်းအမျိုးမျိုးကြောင့် အလုပ် လက်မဲ့ဖြစ်သွားရင် အလုပ်သမားဌာနမှာ အလုပ်လက်မဲ့ကြေးလျှောက်ရ တယ်။ အလုပ်လက်မဲ့ကြေးက ကိုယ့်နောက်ဆုံးလစာရဲ့ ၆၀ ရာခိုင်နှုန်း၊ ခလေးဖခင် သို့မဟုတ် မိခင်ဆိုရင် ၆၇ ရာခိုင်နှုန်းကို ၁နှစ် (အထူးကိစ္စတွေမှာ ၂ နှစ်ထိ) ခံစားခွင့်ရှိတယ်။ ဒီ ၁ နှစ် သို့မဟုတ် ၂ နှစ် ကုန်ဆုံးပြီးတဲ့နောက် အဲဒီ အလုပ်လက်မဲ့သူဟာ အလုပ်တခုခု မရရှိခဲ့ဘူးဆိုရင်တော့ Hartz 4 လို့ခေါ်တဲ့ အစိုးရထောက်ပံ့ကြေးကို ဆက်လက်ရရှိတယ်။

ဒီ အစိုးရထောက်ပံ့ကြေးက တကိုယ်တည်းသမား သို့မဟုတ် အိမ်ထောင်ကွဲမိခင် သို့မဟုတ် ဖခင်တို့က တလကို ၄၁၆ ယူ ရိုရတယ်။ အသက် ၁၈နှစ်အထက် သူနဲ့အတူနေသူက ၃၇၄ ယူရိုရတယ်။ အသက် ၅နှစ်အောက် ခလေးအတွက် ၂၄၀၊ ၆ နှစ်မှ ၁၄ နှစ်အထိ ၂၉၆ နဲ့ ၁၄ မှ ၁၈ နှစ်ထိ ခလေးတွေအတွက် ၃၁၈ ယူရိုစီ အသီးသီး ရရှိပါတယ်။ ဒုက္ခသည်အဖြစ် အသိ အမှတ်ပြုခြင်းခံရတဲ့ ဒုက္ခသည်တွေလဲ ဒီစည်းမျဉ်းအတိုင်း ထောက်ပံ့ကြေးကို ရရှိပါတယ်။ အခြေခံစားသောက်ကုန်၊ အသုံး အဆောင်ပစ္စည်းတွေ ဝယ်ယူသုံးစွဲခြင်း မပြုနိုင်သူ၊ Tafel လက်မှတ်ရှိသူတွေဟာ အများအားဖြင့် ဒီအစိုးရထောက်ပံ့ကြေး ရရှိနေသူတွေနဲ့ အိုးမဲ့အိမ်မဲ့သူတွေဖြစ်ပါတယ်။

super market တွေကနေ သိပ်ရောင်းပန်းမလှတော့တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စတဲ့ အခြေခံစားသောက်ကုန်နဲ့ စေတနာရှင်တွေလှူဒါန်းတဲ့ တပတ်ရစ် သို့မဟုတ် အသစ်စက်စက် လူသုံးကုန်ပစ္စည်းတွေကို Tafel ဌာနတွေက လက်ခံရ ယူပါတယ်။ ငွေကြေးအလှူကိုလဲ လက်ခံပြီး လိုအပ်တဲ့ စားသောက်ကုန်၊ ပစ္စည်းတွေ ဝယ်ယူတာမျိုးလဲ ရှိပါတယ်။ ပီးတော့ Tafel လက်မှတ် ရှိသူတွေကို စနစ်တကျ ပြန်လည်ခွဲဝေပေးတဲ့ အစီအစဉ်ပါ။ လွန်ခဲ့တဲ့ တလလောက်က ဂျာမဏီ အလယ်ပိုင်း Essen ဆိုတဲ့မြို့က Tafel ဌာနမှာ ဂျာမန်လူမျိုး Tafel လက်မှတ်ကိုင်ဆောင်သူ တွေကိုဘဲ စားသောက်ကုန်၊ ပစ္စည်းတွေ ခွဲဝေပေးနိုင်မယ်ဆိုတာ ဖြစ်လိုက်သေးတယ်။ နိုင်ငံခြားသား Tafel လက်မှတ်ကိုင်ဆောင်သူတွေကို မခွဲဝေပေးနိုင်ဘူးပေါ့။ တော်တော်လေး ကျယ်ကျယ်လောင်လောင် ဖြစ်လိုက်ပါတယ်။ သူတို့မှာ တကယ့်ကို စားသောက်ကုန်၊ ပစ္စည်းတွေ ခွဲဝေ ပေးဘို့ လုံလုံလောက်လောက် မရှိခဲ့လို့ပါ။ ရက်ပိုင်းအနည်းငယ်ဘဲကြာပီးနောက် နိုင်ငံခြားသားတွေကိုလဲ ဆက်လက်ခွဲဝေ ပေးပါတယ်။

ဂျာမဏီဟာ လူနေမှုအဆင့်အတန်းမြင့်မားတဲ့ နိုင်ငံတွေထဲကတနိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်စီးပွါးရေးစနစ် ကျင့်သုံး တဲ့ ဂျာမဏီမှာ လူနေမှုစနစ်မညီမျှမှုရဲ့ ပြယုဒ် မြင်ကွင်းနှစ်ရပ်ကို စာဖတ်သူများကို တင်ပြခြင်းမျှသာ ဖြစ်ပါတယ်။

ဌေးဝင်း (ဂျာမဏီ)
0