ဝင်းအောင်ကြီး (မောင်အောင်မွန်) - ပန်းချီဆရာ ပြည်တွင်းစစ်နှင့် ၀န်ကြီးချုပ်



ဝင်းအောင်ကြီး (မောင်အောင်မွန်) - ပန်းချီဆရာ ပြည်တွင်းစစ်နှင့် ၀န်ကြီးချုပ်
ကျွန်တော်တွေးမိသလို ရေးပါမည် (၂၄၁)

(မိုးမခ) မေ ၁၅၊ ၂၀၁၈

(၁)
၁၉၇၅ ခု၊လောက်တွင် ပန်ချီဆရာကြီး ဦးစန်းလွင်က ကျွန်တော်နှင့်တွေ့ဆုံလိုကြောင်း ဖိတ်ကြား၍ သူနေရာ ရေကျော် ဇီဇ၀ါလမ်းသို့ ရောက်သွား၏။ သူ့သား ကိုမျိုးညွန့် (ကဗျာဆရာ မိုးကြည်လွင်) ပညာသင်အဖြစ် ဆိုဗီယက်ယူနီယံတွင် ကျွန်တော်နှင့် ရင်းနှီးခဲ့ပါသည်။ ရှုမ၀မဂ္ဂဇင်းပါ မောင်အောင်မွန်၏ ၀တ္ထုများကိုလည်း ဆရာကဦးစန်းလွင်က သရုပ်ဖော်ပုံများ ရေးဆွဲပေးဖူးသော်လည်း လူချင်းဆုံခွင့်မကြုံခဲ့ပါ။

(၂)
ဆရာ့အလုပ်ခန်းမှာပင် စားသောက်ဖွယ်ရာ ပြင်ဆင်ကာ နှစ်ယောက်သား ထိုင်ဖြစ်ကြ၏။ ဆရာဦးစန်းလွင်ထံ ပုံအပ်လျှင် ကြာသော်လည်း စေ့စပ်သေချာသည့် ပုံကောင်းရ ကြောင်း ရှုမ၀က ဦးမြရှင် ပြောပြသည်ကို သတိရ၍ ပန်းချီဆရာကြီးရှေ့ ခပ်ရွံ့ရွံ့နှင့်မို့ ကျွန်တော်သည် တော်တော်နှင့် စကားပြောမရ ဖြစ်နေ၏။ မောင်အောင်မွန်၏ ၀တ္ထုကိုဖတ်ပြီး အရသာခံကာ ပုံဆွဲသူပန်းချီ မောင်မောင်သိုက်လို လူငယ်ဆိုလျှင် ---၊ သို့မဟုတ် ပန်းချီသောင်းဟန်လို ပြောမနာဆိုမနာ ခင်မင်ရင်းနှီးသူမျိုးလည်း မဟုတ်။
လူတကာက ကြည်ညိုလေးစားသည့် နိုင်ငံကျော် ပန်းချီဆရာကြီး ဦးစန်းလွင်လေ။


(၃)
ထိုင်နေကြသည်မှာ အတော်လေးပင် ကြာသွားလေပြီ။
ဆရာပြောသည်ကိုသာ ဟုတ်ကဲ့--ဟုတ်ကဲ့လိုက်နေရင်း ကြာတော့ ပန်းချီဆရာကြီး ဦးစန်းလွင် စိတ်တိုရာကနေ ပေါက်ကွဲလေပြီ။ ဟုတ်ကဲ့ ဟုတ်ကဲ့--ဘာဟုတ်ကဲ့လဲ--ဒါအစည်းအဝေးမဟုတ်ဘူး၊ ဆိုဗီယက်ယူနီယံက ပန်းချီ စာ နယ် ဇင်း အပေါ် စာရေးဆရာတယောက်ရဲ့ အမြင်ကို သိချင် ကြားချင်လို့ ဖိတ်တာ၊ ပါးစပ်ကြီးပိတ်ထားနဲ့ ပါးစပ်ဆိုတာ စားဖို့ သောက်ဖို့ စကားပြောဖို့-- ပြောစရာရှိတာ မပြောဘဲပါးစပ် ခုလိုပိတ်ထားရင် အ သွားမယ်။
ကျွန်တော်လည်း ထိတ်လန့်သွားပြီ။
ထွက်ပြေးပေါက် မျက်စိတောင်းမှောက် ရှာနေသည့် ကျွန်တော်ဖြစ်နေပုံ အတန်ကြာကြည့်နေပြီးမှ ပန်းချီဆရာကြီးက ပြုံးပြီး ဟိုမေး သည်မေးနှင့် အားပေးလာတော့မှ ပြောရဲဆိုရဲလာလေတော့သည်။ တစတစနှင့် အရှိန်ရလာကာ စကားဝိုင်းလေး နွေးထွေးလာပြီ။ တကယ်တော့ ပန်းချီဆရာကြီး ဦးစန်းလွင်က ကျွန်တော့်ထံမှ ရစရာသိပ်မရှိလှ၊ ဆိုဗီယက်ယူနီယံက ပန်းချီအကြောင်းဆို သူနေ့စဉ်တွေ့နေကျ၊ ရေကျော် သူ့နေအိမ်ကနေ လှမ်းကြည့်ရုံနှင့် ကျွန်တော့ထက်ပိုလို့ပင် သိနိုင်ပါမည်။
သူ့သား မိုးကြည်လွင်အား မေးကြည့်က ပို၍ပင်သိနိုင်မှာပါ၊ သားအဖချင်းလေ၊ ပြီးတော့သူကလည်း ကဗျာဆရာမို့ ပန်းချီနှင့်ပိုနီးစပ်ပေလိမ့်မည်။
ကျွန်တော်ကသာလျှင် သူနှင့်ကြုံတုန်းကြုံခိုက် ရင်တွင်းအောင်းနေသည့် သိချင်မေးချင်နေသော ပန်းချီဆရာကြီး ဦးစန်းလွင်၏ ဂန္ထ၀င် ပြည်တွင်းစစ် ပန်ချီကားကြီးနှင့် ပတ်သက်ပြီး သူနှင့်ဝန်ကြီးချုပ်ဦးနုတို့ ပြဿနာတက်ကြသည့် သတင်းတပိုင်းတစ--။

(၄)
ကျွန်တော်သည် ပန်းချီကိုနားမလည်လင့်ကစား ပန်ချီပြပွဲဆို ၂ ခေါက်ရောက်စမြဲ၊ ပထမအကြိမ် ဟိုးငေး သည်ငေး-- ကြိုက်သည့်ပန်ချီကား ခပ်ကြာကြာကြည့်၊ နားလည်သလို တွေးပြီးမှတ်ခဲ့--၊ နောက်တော့ ကြေးမုံသတင်းစာထဲ ပန်းချီဝေဖန်ရေးဆရာ ပေါ်သစ် ( အယ်ဒီတာ ဦးဝင်းတင်) ဆောင်းပါးကိုဖတ်ရသည်။ ဝေဖန်ရေးဆရာ ရှင်းလင်းရေးပြထားသည်ကို နားလည်လာ၍ မှတ်သားပြီး နောက်တစ်ကြိမ်သွားကြည့်တော့ အတော်အတန်နားလည်လာပြီ။
တခုသော ပန်းချီပြပွဲတွင် ဦးစန်းလွင်၏ ပြည်တွင်းစစ် ပန်းချီကားကြီးရှေ့ လူတွေအုံနေ၍ အေးအေးဆေးဆေး ကြည့်ဖို့ခက်ပါဘိ။ ကျနော် ၃ ခေါက် ၄ ခေါက်လောက်သွားရမည်။ တင်ပြထားသော ပန်းချီကားပုံကိုကြည့်ပြီး ဆက်ဖတ်ပါ။
ပြပွဲ၌လူတွေ ကြိတ်ကြိတ်တိုးနှင့် ဟိုးလေးတကြော်ဖြစ်မှ ထိုပန်းချီပြပွဲသို့ လာကြည့်ပြီး ၀န်ကြီးချုပ် ဦးနုက ဦးစန်းလွင်အားခေါ်ယူ တွေ့ဆုံပြီး ဒီမိန်းမကြီးသေအောင် ဘယ်သူပစ်တာလဲ၊ သောင်းကျန်းသူတွေ ဘက်ကလား--တပ်မတ်ေဘက်ကလား ဟုမေးသည်။
ဦးစန်းလွင်က ဘယ်သူပစ်--ပစ်လို့ အမေသေ ကလေးငို ဖြစ်နေတဲ့ပုံကိုသာ ပန်းချီဆရာကသရုပ်ဖော်နိုင်ဟု ပြန်ဖြေဆိုလိုက်သည့် သတင်းအပိုင်းအစသာ သတင်းစာတွေထဲ ဖတ်ရသူတိုင်း နောက်ဆက်တွဲ ဦးစန်းလွင်ဆက်ပြောပုံ ပါးစပ်သတင်း ဟုတ်မဟုတ် သိချင်ကြ၏။
ထိုသို့သိချင်ကြသည့်ထဲ ကျွန်တော်လည်း ပါသည်။

(၅)
ခု တော့သိဖို့မေးဖို့အခွင့်အရေးကြုံပြီ။
နှစ်ဘက်ပစ်လို့ဖြစ်ရလို့ ပြည်တွင်းစစ်လေ တပ်မတော်ဘက်ကအပစ်ရပ်ရင် တခြားတဘက်ကပါ အပစ်ရပ်ဖို့ကြိုးပမ်းလို့ ရနိုင်တယ်၊ အဲဒါကို ၀န်ကြီးချုပ်ကသာ လုပ်နိုင်တာဟု ပန်းချီဆရာကြီးက ပြန်ဖြေဖြေလိုက်သည် ဆိုသောသတင်းပါ။
ဟုတ်--မဟုတ်သိချင်ခဲ့ကြ၏။
ကျွန်တော်အရဲစွန့်မေးကြည့်သည်ကို ပန်းချီဆရာကြီးက မဖြေသေး၊ ဟို အဝေးဆီသို့ငေးရင်း တွေးနေပုံရ၏။ ခဏကြာတော့မှ ကောက်ကာင်ကာ ဦးစန်းလွင်ပြန်မေးလိုက်ပုံက-- နေစမ်းပါဦး ၀န်ကြီးချုပ်ဦးနုနဲ့ကျုပ် နှစ်ယောက်ချင်း ပြောတဲ့စကားကို ခင်ဗျားကဘယ်လိုလုပ်ပြီး ကြားလိုက်ရတာလဲတဲ့။
ထိုအခါ ကျွန်တော်သည် နှုတ်ခမ်းစေ့ ပါးစပ်ပိတ်ကာ ခေါင်းငုံ့နေလိုက်၏။
ပန်းချီဆရာကြီးက စာရေးဆရာငယ်၏ ပခုံးကိုပုတ်ကာ တက္ကသိုလ်မြေခြေအချ ၀တ္ထု ပုံဆွဲဖို့ဖတ်ကတည်းက ကျုပ် ခင်ဗျားကို စိတ်ဝင်းစားတာဟု ပြောခဲ့ဖူးသည်။

(၆)
လွန်ခဲ့သည့် (၄၈) နှစ်ကပါ။ ပြီးတော့ ငြိမ်းချမ်းရေး တောင်ဆိုရကောင်းလားဆိုကာဖမ်းဖို့ ဦးစမ်းလွင်က မရှိတော့၊ ကွယ်လွန်သွားပါပြီ။
ကျွန်တော်ကသာ ပြန်တွေးမိ၍၊ ပန်းချီဆရာ၊ ပြည်တွင်းစစ်နှင့် ၀န်ကြီးချုပ်တို့အကြောင်း ရေးသားရကြောင်းပါ။

၂၀၁၈ ခု၊ မေလ (၁၀) ရက်နေ့။

Comments