မြဇင်ယော် ● မခမ်းသောမြစ်ရဲ့ချိုတေးများ
(မိုးမခ) မေ ၃၁၊ ၂၀၁၈
(မိုးမခ) မေ ၃၁၊ ၂၀၁၈
(၁)
"ကိုယ်စားလှယ်လွှဲစာနဲ့ထုတ်တဲ့သူတွေကရော ဒီနေရာမှာပဲ ထုတ်ရမှာလားရှင့်"
မြန်မာ့စီးပွားရေးဘဏ်၊ တပ်ကုန်းမြို့၊
ပင်စင်စားတွေ တန်းစီစောင့်နေတဲ့ကောင်တာကို သွားမေးကြည့်ရတယ်။ ရွာမှာနေတဲ့ မိသားစုပင်စင်စား အသက် ၈၅ နှစ်အရွယ် အမေကြီးက မြို့ကိုလာရတာခက်လို့ မလာနိုင်။ မြေးဖြစ်တဲ့ကျွန်မက ကိုယ်စားထုတ်ပေးရမယ်။
"ဟုတ်ပါတယ်။ ပင်စင်စားက ဘာလို့မလာနိုင်တာလဲ ခင်ဗျာ"
"ရွာကလာရမှာ၊ ခရီးဝေးလို့ပါ"
"ခင်ဗျား အမြဲတမ်းထုတ်ပေးမှာလား"
"ဟုတ်ပါတယ်"
"ခင်ဗျာနာမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ အပြည့်အစုံပေးပါ၊ ကိုယ်စားလှယ်လွှဲစာရော"
ကွန်ပြူတာနဲ့ စာရင်းသွင်းနေတာကို စောင့်နေလိုက်ရတယ်။ ပြီးမှ ချလံလေးပေးပြီး
"ရပါပြီခင်ဗျာ၊ ငွေထုတ်ကောင်တာကိုသွားပါ"
ကောင်တာရှေ့ရောက်တော့ စာရွက်တွေ အထပ်လိုက်ကြီး။ တော်တော်ကြာစောင့်ရဦးမယ်ဆိုတာ သိလိုက်တယ်။ ပင်စင်စား တွေမှ အများကြီးကိုး။ တချို့က သားသမီးအရွယ်တွေနဲ့၊ တချို့က မြေးအရွယ်တွေနဲ့လာကြတာ။ အင်း..ကျောင်းဆရာအို အဘကြီးရှိရင်လည်း အဲ့လိုနေမှာပဲ။ အဖေ ဒါမှမဟုတ်ရင် ဦးလေးက ပင်စင်ထုတ်ဖို့ လိုက်ပို့ပေးရလိမ့်မယ်။ အခု သူက စော စောစီးစီးကွယ်လွန်သွားတော့ အမေကြီးနာမည်နဲ့ မိသားစုပင်စင် လျှောက်ရတာ။
ပင်စင်လစာတွေမလာခင် သားသမီးတွေက "အမေရယ် ဘယ်လောက်မှလည်းမရပါဘူး၊ ပင်ပန်းပါတယ်၊ ထုတ်မနေပါနဲ့" လို့ ဝိုင်းပြောကြလည်း အမေကြီးကမရ။ လက်မခံ။
"ဒါ ဆရာလေးက ငါ့အတွက်ထားခဲ့တာ၊ သူများပိုက်ဆံ ခိုးတာမဟုတ်ဘူး၊ ဘယ်သူမှ လိုက်မပို့ချင်နေ၊ ငါ့ဘာသာငါ သွား ကိုထုတ်မှာ" တဲ့။
ဒါနဲ့ပဲ သားသမီးတွေက လက်လျှော့ပေးရတယ်။ အမေကြီးက သူ့ခင်ပွန်းသည်ထားခဲ့တယ်ဆိုတဲ့ ဒီပင်စင်လေးကို သူကိုယ် တိုင်ထုတ်ရမှလည်း ကျေနပ်တတ်တယ်။ အခုဟာ အသက်ကလည်းကြီးလာ၊ သွားရလာရတာလည်း အမှန်တကယ်ဒုက္ခ ရောက်လွန်းလို့သာ မြေးလုပ်သူ ကျွန်မနဲ့ လွှဲရတော့တာ။ ဒါတောင် "အမေလာရဦးမှာလား သမီး" တဲ့။
"ရပါတယ် အမေရယ်၊ ကိုယ်စားလှယ်လွှဲစာလေးမှာသာ လက်မဗွေ လေးသာနှိပ်ပေးလိုက်ပါ" လို့ မနည်းပြောယူရတယ်။ (အမေကြီးက မြေးတွေကို သား၊ သမီးလို့ခေါ်ပြီး သူ့ကိုယ်သူ အမေလို့ နာမ်စားသုံးပါတယ်။)
"ဒေါ် .... ငွေထုတ်လို့ရပါပြီ ခင်ဗျာ"
ဟိုက်..။ ကျွန်မနာမည်ကြီးနဲ့ပါလား။ အမေကြီးနာမည်နဲ့ ခေါ်တာ မဟုတ်ဘူးပဲ။ သြော် .. အဲ့ဒါကြောင့် စောစောက နာမည် တွေ မှတ်ပုံတင်တွေ မေးတာဖြစ်မယ်။ အမေကြီးရဲ့ ကိုယ်စားလှယ်ပေါ့လေ။
ကျွန်မဟာ ပင်စင်ငွေထုတ်ရာမှာ အမေကြီးအတွက် ကိုယ်စားလှယ်ဆိုပေမယ့် အမေကြီးကတော့ ကျွန်မအတွက် မိဘဆို လည်းဟုတ်။ ဆရာဆိုလည်း ဟုတ်။ အပေါင်းအသင်းသူငယ်ချင်း မိတ်ဆွေကောင်းဆိုလည်း ဟုတ်ပါတယ်။
(၂)
အမေကြီးဆိုတာ အဖေရဲ့အမေ၊ အဘွားပါ။ ဒါပေမဲ့ အဘွားလို့ မခေါ်တတ်။ ကျွန်မတို့အရပ်က အဘိုးနဲ့အဘွားကို အဖေကြီး၊ အမေကြီးလို့ ခေါ် တယ်။ အဖေနဲ့အမေကို အဖေလေး၊ အမေလေးလို့ခေါ်ပါတယ်။ ရွာက ကျွန်မသူငယ်ချင်းတွေလည်း သူတို့အဘိုးအဘွားတွေ၊ မိဘတွေကို အဲ့လို သာခေါ်ကြတာပါပဲ။
အဖေနဲ့အမေ အိမ်ထောင်ကျပြီး အမေက အဖေ့ရွာကို လိုက်နေရပါတယ်။ အမေကြီးက အရင် ဦးလေးနဲ့နေတာ။ ကျွန်မ သိ တတ်တဲ့အချိန်မှာ ကျွန်မတို့နဲ့ လာနေပါတယ်။ အဖေနဲ့အမေက အိမ်ဆိုင်လေးတဖက်နဲ့ အမြဲလိုလို အလုပ်ရှုပ်နေတော့ ကျွန်မက အမေကြီးနဲ့ပဲ လက်ပွန်းတတီးနေရပါတယ်။
"မီးမီး မမွေးခင်တုန်းကလေ... မီးမီးတို့ အဖေက သူ့အစ်မဆီသွားပြီး အစ်မရေ အိမ်မှာ ဂျမ်းပုံလေးမွေးနေပြီဆိုပြီး သွားသွား ကြွားတာ။ အဲ.. တကယ် မမွေးသေးဘဲနဲ့လေ။ သူက သားနှစ်ယောက်ရနေပြီဆိုတော့ သမီးလိုချင်တာလေ။ မွေးလာတော့ တကယ်မိန်းကလေးဖြစ်နေရော။ အဲ့တော့ တဆွေလုံး တမျိုးလုံး ဂျမ်းပုံလို့ ဝိုင်းခေါ်ကြရော။ တကယ့်ကို လူကလည်း နာမည် နဲ့လိုက်တယ်။ သွားကြမ်း၊ စားကြမ်း၊ နေကြမ်း၊ လူကြမ်း" တဲ့။
အမေကြီး ခဏခဏ ပြောတဲ့စကား ဖြစ်ပါတယ်။ ကျွန်မက အားရင်အားသလို ကျွန်မငယ်ငယ်ကအကြောင်းတွေ၊ ကျွန်မငယ် သးလို့ မသိလိုက်ရတဲ့အကြောင်းတွေကို ပြန်မေးတတ်တယ်။ အမေကြီးကလည်း စိတ်ပါလက်ပါနဲ့ ပြန်ပြောပြတာပဲ။
"မီးမီး လသားလေးတုန်းကလေ ...မီးမီးတို့အဖေနဲ့အမေ ရန်ဖြစ်တာ၊ မီးမီးတို့အမေက ကလေးထားခဲ့ပြီး အိမ်ပေါ်က ဆင်း သွားရော။ ဒီလသားလေးက နို့ဆာတော့ ငိုလိုက်တာ တအားပဲ။ ငါလေ သနားလွန်းလို့ ရွာထဲမှာ ကလေးအမေ ဘယ်နားရှိ တုန်းစုံစမ်းပြီး နို့လည်တိုက်ရတယ်။ နို့ဖက်သင့်တာ မသင့်တာ မတွေးနိုင်ဘူး"
"နို့ဖက်သင့်တယ်ဆိုတာ ဘာပြောတာလဲအမေကြီးရဲ့"
"မိန်းကလေးနဲ့ယောက်ျားလေးမှ နို့ဖက်သင့်တာ။ မိန်းကလေးအချင်းချင်း ယောက်ျားလေးအချင်းချင်းဆို နို့ဖက်မသင့်ဘူး။ အယူအဆပေါ့သမီးရယ် ... မီးမီးက မိန်းကလေးဆိုတော့ သားမွေးထားတဲ့သူတွေက ရှောရှောရှူရှူတိုက်တယ်၊ သမီးမွေး တဲ့သူတွေက မတိုက်ချင်ကြဘူး။ ငါလည်း ကလေးက မနေတော့ အတင်းတောင်းပန်ပြီး တိုက်ခိုင်းရတာပေါ့အေ"
"အမေက မီးမီးကို အဲ့လိုပဲ ခဏခဏထားခဲ့တတ်တာလားအမေကြီး"
"ခဏခဏကြီးတော့ မဟုတ်ပါဘူး၊ အဲ့တုန်းက သူတို့ကငယ်သေးတော့ ထစ်ခနဲဆို ရန်ဖြစ်ပြီ။ မာနပြိုင်ကြတာလေ။ နှစ် ယောက်လုံးက စနေသား သမီးတွေမလို့လားမဆိုနိုင်ဘူး။ စိတ်တွေကလဲ ကြီးကြတယ်။ တခါကြီးက အိမ်ကို ဧည့်သည် တယောက်လာတာ၊ ဘယ်သူမှန်းလည်း မမှတ်မိတော့ပါဘူး။ သူက ခင်ဗျားချွေးမနဲ့သား ရန်ဖြစ်နေတာတဲ့ သူတို့အိမ်ရှေ့က ဂမုန်းပင်ကြီးကြောင့်ဗျတဲ့၊ အပင်ကြီးက သန်သလောက် အမုန်းစိတ်တွေ ကြီးထွားနေတာတဲ့။ ကြည့်လိုက်တော့ ...ဟုတ်ပ ဂမုန်းပင်ကြီးက စိမ်းစိုပြီး တအားသန်တာ။ အမေလည်း ဘာပြောကောင်းမလဲ အတိုင်းအရှည် မကြည့်တော့ ဘူး၊ ချက်ချင်း ဆွဲနုတ်ပစ်တာပဲ။"
"အဲ့တော့ မဖြစ်ကြတော့ဘူးလား"
"အမယ်လေး...ဘာမှဆိုင်ဘူး၊ ဖြစ်တာပဲ။ ဂမုန်းပင်ကြီးသေရတာပဲ အဖတ်တင်တယ်။ ဟော..အခု သူတို့ကိုရွှေတွေငွေတွေ ပုံပေးပါ့မယ် ရန်ဖြစ်ကြပါဆိုရင်တောင် မဖြစ်တော့ဘူး။ သိသွားပြီလေ။ အဲ့တုန်းက ငယ်သေးတော့ စိတ်လိုက်မာန်ပါ လုပ်ကြ တာ"။
(၃)
ထမင်း ဟင်း ချက်ရတာ ဝါသနာပါတဲ့ အမေကြီးက သားမြေးတွေကို မညည်းမညူ၊ မပျင်းမရိ တနေ့တမျိုး မရိုးရအောင် ချက် ပြုတ်ကျွေးမွေးတတ်ပါတယ်။ တကယ်စမ်းစစ်ကြည့်တော့ ကျွန်မတို့ ကြိုက်တတ်တဲ့အစားအစာတွေဟာ အမေကြီး ဆီက အမွေဆက်ခံထားတာတွေ များပါတယ်။
အဲ....အဲ့လိုအမေကြီးက တခါတလေမှာ ...
"ငါ့သမီး ငါ မချက်ချင်ဘူး၊ ပျင်းတယ်အေ။ ဒီနေ့ ညည်းချက်တဲ့ဟင်း ငါစားမယ်" ဆိုပြီး ပြောတတ်တယ်။ အဲ့နေ့မျိုးဆို သူက မီးဖိုထဲက ထိုင်ခုံတခုပေါ် မှာ အကျအနထိုင်ပြီး ဟင်းအိုးထဲ ဘာက ဘယ်လောက်ထည့်၊ ဘာက ဘယ်လိုလုပ်ပြီးထည့်နဲ့ ဟင်းအိုးမီးဖိုပေါ်ရောက်တဲ့အထိ ထောင့်စေ့အောင် ဘေးကနေ ပြောပေးတတ်ပါတယ်။ ဆားပေါ့၊ ဆားငန်၊ ရေ ကျ၊ မကျ၊ အကုန်ကြည့်ပေးတယ်။ ထမင်းဟင်းတွေကျက်ပြီဆိုရင် အိမ်လည်ထွက် တော့တာပဲ။ တွေ့သမျှလူကို "ဒီနေ့ ကျုပ်က ဘာမှမချက်ဘူး မီးမီး သူ့ဘာသာသူချက်တာ " နဲ့ လိုက်ကြွားတတ်တယ်။
"ဟင် မီးမီးက ငယ်ငယ်လေးရှိသေးတာ ချက်တတ်နေပြီပေါ့" လို့သာ တယောက်ယောက်က ပြောကြည့်လိုက်။
"လာ အခုလာ။ အခု လိုက်ကြည့်လှည့်၊ ကြည့်ရုံနဲ့မပြီးဘူး ထမင်းစားပြီးမှပြန်" ဆိုပြီး လက်ကိုအတင်းဆွဲပြီး အခေါ်ခံရမယ်။
ဟုတ်တော့ဟုတ်ပါတယ်။ ကျွန်မ ချက်တာပါ။ အမေကြီးက ပြင်ပေးတာ။
သန့်ရှင်းရေးလုပ်ဖို့ဆိုလည်း ကျွန်မက ပျင်းတယ်။ အမေကြီးက သန့်သန့်ရှင်းရှင်းနေတတ်ဖို့၊ အိမ်နဲ့ဝိုင်းကို ရှင်းလင်းတတ်ဖို့ သင်ပြတယ်။ လုပ်ဖို့လည်း တိုက်တွန်းတယ်။ ကျွန်မကို ဘယ်လိုမှ တိုက်တွန်းလို့မရရင် ကိုယ်တိုင် ထလုပ်တာပဲ။ ကျွန်မက တခါလေးများ စိတ်လိုလက်ရ သန့်ရှင်းရေးလုပ်ကြည့်လိုက်၊ အဲ့နေ့ အိမ်လာတဲ့လူမှန်သမျှကို နားညည်းအောင် ကြွားနေ တော့တာပဲ။ အမယ် အမေကြီး ကြွားပြောတာက "ခိုင်းစရာမလိုဘူး၊ သူ့ဘာသာသူ လုပ်တာ" တဲ့လေ။
(၄)
"ငါ့ နောက်ချွေးမက ရုပ်ဆိုးတယ်ဟ"
"အို..ကိုလေးမြင့်ကလည်း ရုပ်ဆိုးတော့ဘာဖြစ်တုန်း၊ အရင်ချွေးမတုန်းက လှမှလှ။ လှရုံနဲ့ပြီးရောလား။ အကျင့်ကမကောင်း တော့ နောက်မီး လင်းသွားရောမဟုတ်လား။ ရုပ်လှဖို့အဓိက မဟုတ်ဘူး၊ ရုပ်ဆိုတာ အရေပြားတထောက်စာပဲ ရှိတာ။ စိတ်ရင်းကောင်းဖို့ အဓိက"
"အေးပါ..ခလေးမရဲ့ ငါက သဘောပြောတာပါ"
အမေကြီးက မောင်နှမသားချင်းထဲမှာ အငယ်ဆုံး။ အဲ့တော့ အမေကြီးရဲ့ အစ်ကိုတွေ အစ်မတွေက နာမည်အရင်းမခေါ်ဘဲ 'ခလေးမ' လို့ပဲ ခေါ်ကြတယ်။
အမေကြီးနဲ့နေရင်း စောစောက ပြောခဲ့သလိုမျိုး ရုပ်ရည်က အဓိကမဟုတ်ဘူး၊ စိတ်ရင်းကောင်းဖို့က အဓိကဆိုတဲ့ စကားမျိုး တွေကို ကျွန်မ နားယဉ်နေခဲ့တယ်။ နေ့စဉ်ကြိမ်ဖန်များစွာ ကြားလာခဲ့ရတာပဲ။ ပြီးတော့ပြောသေးတယ်။
"ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုးတဲ့။ ပိုက်ဆံတွေ ဘယ်လောက်ပဲရှိရှိ ရန်သူမျိုးငါးပါးကြောင့် ပျက်စီး ဆုံးရှုံးသွားနိုင်တယ်။ ပညာကတော့ အဲ့လိုမဟုတ်ဘူး။ ခိုးယူတိုက်ယူလို့မရဘူးတဲ့၊ စာပဲတတ်အောင်သင်။ ဘယ်လောက်လှလှ ဘယ်လောက်ပိုက်ဆံရှိရှိ ပညာမတတ်ရင် အလကားပဲ"
နောက် အမေကြီး ပြောနေကျစကားတွေထဲမှာ စိတ်ထဲစွဲနေတာက ဗိမ္မိသာရမင်းကြီးရဲ့ မိဖုရားခေမာအကြောင်း။ အမေကြီး ကလေ မင်းကြီးနဲ့မိဖုရား အပြန်အလှန်ပြောနေကြတာကို သီချင်းလေးတစ်ပိုဒ်ဆိုလိုက်၊ ဇာတ်ကြောင်းလေးပြောပြလိုက်နဲ့ လုပ်တာ။ (ကျွန်မက အဲ့သီချင်းကို အမေကြီးဆိုတာပဲ ကြားဖူးတယ်။ သည့်ပြင် ဘယ်နေရာမှာမှ မကြားဖူးဘူး။) အမေကြီး ဆိုပြတာလေးက ...
"လှတယ် ချောတယ်ဆိုတာ...ဘယ်လိုဟာများ ခေါ်ပါသလဲလို့ ... မောင်ဘုရားကို ပြောစမ်းပါ... နှမတော်လေးရာ...။
အားရပါးရ ... ဘုရားနှမကို ရှုစားတော်မူပါ ... မလှဘူးလားဆရာ ... မချောဘူးလားဆရာ...။
လှချင်တိုင်း လှလိုက်တာ မလှချင်ကြီးရာ ... ချောချင်တိုင်း ချောလိုက်တာ မချောချင်ကြီးရာ ... လှသွေး လှသွေး လှစိတ်တွေ မွေးနေသမျှ ... ဒုက္ခသည်ပဲ အမြဲပဲဖြစ်ကြမှာ ... ။
အောင်မယ် ... အောင်မယ် ... ကြီးကြီးကျယ်ကျယ်ပြောလိုက်တာ ... ဒါလောက်တောင်ဖြစ်တာဖြင့် ... ထီးနန်းကိုစွန့်ကာ ... စိပ်ပုတီးနဲ့ ရိပ်ကြီးခိုတော့ဆရာ ... ။
ပြောမရ ဟောမရ ချောလှပေတဲ့ မယ်ခေမာ ... လှချင်တိုင်း လှလိုက်တာ မလှချင်ကြီးရာ ... ချောချင်တိုင်း ချောလိုက်တာ မချောချင်ကြီးရာ ... လှသွေး လှသွေး လှစိတ်တွေ မွေးလေသမျှ ... ဒုက္ခတွေပဲ အမြဲပဲရမှာ ... ။ "တဲ့။ ဆိုပြရင်းနဲ့ အဲ့ဒါ ယောက်ျားဆိုတာ၊ အဲ့ဒါ မိန်းမလေးဆိုတာနဲ့ ရှင်းပြလိုက်သေးတယ်။
ပြီးတော့ ဆက်ပြီး"အလှမှာ မာန်တက်နေတဲ့ခေမာ၊ ဘုရားက တန်ခိုးနဲ့ဖန်ဆင်းထားတဲ့ သူ့ထက်လှတဲ့မိန်းကလေးကို တွေ့ တော့ သိပ်စိတ်ဝင်စားသတဲ့။ အဲ..သူ့ရှေ့တင် တဖြည်းဖြည်းအိုလာ၊ နာနေ၊ သေသွားတာတွေ တွေ့လည်းတွေ့ရော ချက်ချင်း တရားကျပြေးတာပဲတဲ့"။ လို့ပြောရင်း နိဂုံး ချုပ်တော့တာပဲ။
ဒီလိုမျိုး အမေကြီးရဲ့ အရိပ်မှာ နေခဲ့တဲ့ကျွန်မ အခုအချိန်မှာ တအားလှချင်ပေမယ့် အလှအပဟာ အဓိကမဟုတ်ဘူးလို့ တွေးနိုင်အောင် အမေကြီးက ကျေးဇူးပြုခဲ့တာ။ အသစ်အဆန်းလေးတွေ့တိုင်း လိုချင်စိတ်ဖြစ်ပေမယ့် ချုပ်တီးနိုင်တာ အမေ ကြီး ကျေးဇူးပါ။ အမေကြီးဟာ ခေတ်သစ်ပညာရေး၊ ကလေးသူငယ်ပြုစုပျိုးထောင်ရေးတွေ နားမလည်ပေမယ့် သူ့နည်း သူ့ဟန်နဲ့ မြေးတွေကို ကြင်နာပေးခဲ့တယ်။ စောင့်ရှောက်ပေးခဲ့တယ်။
မြေးတယောက်အနေနဲ့ ကျွန်မဟာ ပင်စင်ထုတ်ပေးတာလောက်ပဲ လုပ်ပေးနိုင်ပေမယ့် အမေကြီးရဲ့ကျေးဇူးတွေကတော့ ကျွန်မအပေါ် မရေမတွက် နိုင်အောင် ဖုံးလွှမ်းနေခဲ့တယ်။ "မီးမီးက ငါ့ကို တခါမှ ဘာမှမကန်တော့ဖူးဘူး" လို့ ရင်ဖွင့်ရှာပေမယ့် မသိတတ်တဲ့ မြေးအပေါ်မှာ မေတ္တာမပျက်ရှာဘူး၊ အချစ်မလျော့ရှာဘူး။ အမေကြီးဆီက စီးဆင်းလာခဲ့တဲ့ မေတ္တာတွေကို ကုံ လုံပြည့်ဝစွာ လက်ခံရယူခဲ့ပေမယ့် ကျေးဇူး မတုံ့ပြန်နိုင်သေးတဲ့ကျွန်မ အမေ ကြီးကို ကျေးဇူးဆပ်နိုင်ဖို့ ကြိုးစားရပါဦးမယ်။
တကယ်လို့များ အမေကြီးကို အနီးကပ်ပြုစုပြီး ကျေးဇူးဆပ်ခွင့်ရခဲ့ရင်၊ ကျွန်မလေ ဘဝတလျှောက်လုံး မကုန်နိုင်မခမ်းနိုင်အောင် ရယူခဲ့ရတဲ့ အမေကြီး ရဲ့ ချစ်ခြင်းမေတ္တာတွေကို တန်ဖိုးထားမယ့်အကြောင်း၊ ပြီးတော့လေ အမေကြီးစိတ်နှလုံးသားမှာ အမြဲကိန်းဝပ်နေတဲ့၊ အမေကြီးနှုတ်ဖျားက အမြတ်တနိုး ဆိုညည်းနေတတ်တဲ့ မိဖုရားခေမာရဲ့သီချင်းလေးလိုမျိုး မြန်မာ့ဟန် ပန် အငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ အနုပညာအမွေအနှစ်တွေကို နောင် အရှည်တည်တံ့အောင် ထိန်းသိမ်းသွားနိုင်ဖို့ ကြိုး စားမယ့်အကြောင်း၊ တခုတ်တရ ပြောပြလိုက်ချင်ပါတယ်။ အဲဒီအခါ အမေကြီးရဲ့မျက်နှာပြင်မှာ ပီတိရိပ်လေးလိမ်းကျံ ထင်ဟပ်နေမယ့် ခံစားမှုပုံရိပ်လေးကို ကိုယ်တိုင်တွေးမြင်ကြည့်တော့ ကြည်နူးလိုက်တာလေ ......။
မြဇင်ယော်
Comments