K ငြိမ်းချမ်း - စာအုပ်အငှားဆိုင်ယဉ်ကျေးမှုဟာ တဖြည်းဖြည်း ရှားပါးအဆင့်ထဲ ရောက်လာနေတယ်




K ငြိမ်းချမ်း - စာအုပ်အငှားဆိုင်ယဉ်ကျေးမှုဟာ တဖြည်းဖြည်း ရှားပါးအဆင့်ထဲ ရောက်လာနေတယ်
(ရန်ကုန်မြို့စမ်းချောင်းထဲက ထင်ပေါ်စာအုပ်အငှားဆိုင်နဲ့ စကားပြောခြင်း )
(မိုးမခ) မေ ၁၇၊ ၂၀၁၈

ကျနော်တို့မြန်မာနိုင်ငံမှာ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုဟာ ထုထည်ကြီးမားစွာ တည်ရှိခဲ့ပါတယ်။ ဘာဖတ်ချင်တုန်း စာ အုပ်အငှားဆိုင်တန်းပြေးပြီး ငှားဖတ်၊ နောက်ကျလို့ကတော့ တန်းစီတော့ပဲ။ ကိုယ်လိုချင်တဲ့စာအုပ် တဆိုင် မရ တဆိုင် ပြေးရဖတ်ခဲ့ရတာ။ သမိုင်း၊ သုတ၊ ရသအစုံအလင် အသက်အရွယ်အလိုက် ဖတ်ရှုရခဲ့ရတဲ့ခေတ်များကို လွမ်းဆွတ်တသရုံ မှတပါး စာအုပ်အငှားဆိုင်တွေဟာ ပျောက်ကွယ်နေပါပြီ။ ခေတ်တွေ ရွေ့လျားလာတာနဲ့အမျှ အဲဒီအရသာတွေဟာ ပျောက် ဆုံးခဲ့ရပါပြီ။

မြန်မာပြည်တ၀ှမ်း စာအုပ်အငှားဆိုင်ယဉ်ကျေးမှုဟာ ခုခံထားလို့မရအောင် ကျဆုံးနေပါတယ်။ နည်းလမ်းမျိုးစုံနဲ့ ကျဆုံး နေရတဲ့ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုဟာ ယခုကာလစီးပွားရေးအရရော အခြားအခြားသောအကြောင်းမျိုးစုံကြောင့် နာ လန်မထူနိုင်တဲ့ဘ၀သို့ဆိုက်ရောက်နေပါတယ်။

မြေတနေရာ သိန်းချီတန်တဲ့ ရန်ကုန်မြို့လိုနေရာမျိုးမှာ စာအုပ်အငှားဆိုင် ယဉ်ကျေးမှု ရှင်သန်ဖို့ဆိုတာ တကယ်မ လွယ်တဲ့ အိပ်မက်ကြီးပါ။ စာအုပ်အငှားဆိုင်ဖွင့်မလား၊ စတိုးဆိုင်တစ်ဆိုင်ဖွင့်မလားဆို စတိုးဆိုင်ဘက်အားသာ တတ်တဲ့ကာလကြီး မှာ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုကို ဆက်လက်ထမ်းပိုးနေတဲ့ ရသစာအုပ်တွေပဲငှားလေ့ရှိတဲ့ စာအုပ်ဆိုင်လေးတဆိုင်က တော့ ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ထဲမှာ အမှန်တကယ် ရှိနေခဲ့ပါတယ်။

ရန်ကုန်မြို့ပေါ်မှာလက်ချိုးရေလို့ရတဲ့ စာအုပ်အငှားဆိုင်ထဲမှာမှ သုတ၊ ရသ၊ နိုင်ငံရေး၊ ၀တ္ထုတိုရှည်၊ ဘာသာပြန်၊ သမိုင်း ဆိုင်ရာ၊ စာပေမဂ္ဂဇင်း၊ နိုင်ငံတကာရေးရာ အစရှိတဲ့ စာအုပ်ပေါင်း တသောင်းခွဲနီးပါးကို ငှားရမ်းပေးနေတဲ့ စမ်းချောင်းမြို့ နယ်၊ အောင်သပြေလမ်းထဲက ဒေါက်တာဌေးအောင်နဲ့ဇနီး ဒေါ်စန္ဒာဝင်းတို့ရဲ့ထင်ပေါ်စာအုပ်ဆိုင်လေး ဖြစ်ပါတယ်။

ဈေးကွက်စီးပွားရေးအရရော မြေနေရာဈေးကြီးမြင့်မှုအရရော တိုးတက်လာတဲ့နည်းပညာအရရော အလုပ်ချိန်ပိလာပြီး လူတိုင်းစာဖတ်ချိန်နည်းပါးလာမှုတွေကြောင့်ရော အစရှိသဖြင့် ရှားပါးပျောက်လုဖြစ်နေတဲ့ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုကို ဘယ်လိုများ သက်တမ်း ၁၄နှစ်တိုင် တောင့်ထားကာ စာအုပ်တွေနဲ့ပတ်သက်ပြီး ဘယ်လိုကြိုးပမ်း ၀န်ဆောင်ပေးနေလဲဆို တာသိရဖို့ အောင်သပြေလမ်းထဲက ထင်ပေါ်စာအုပ်ဆိုင်နဲ့ မိုးမခ၀ိုင်းတော်သား K ငြိမ်းချမ်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ စတင်ဖွင့်လှစ်ခဲ့တဲ့နှစ်နဲ့ဘယ်လို အခက်အခဲတွေကြုံတွေ့ခဲ့ရပါသလဲ။ ပြောပြပါဦး။
ဖြေ ။ ။ ၂၀၀၄၊ ဧပြီက စ ဖွင့်လှစ်ခဲ့ပါတယ်။ ခုဆိုရင် ၁၄နှစ်ရှိပြီပေါ့။ အဲဒီတုန်းကတော့ မဆိုးပါဘူး။ အရင်းအနှီးလည်း နည်းခဲ့တယ်ဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်က ဆရာဝန်တစ်ယောက်ဆိုတော့ ပညာနဲ့ ရှာလို့ရတဲ့ဝင်ငွေလေးနဲ့ ရပ်တည်ခဲ့တာပေါ့။ ကျန်တဲ့ဒီဘက်ပိုင်းကဟာလေးတွေနဲ့အရန်ဝင်ငွေလေးပေါ့။ နောက်ပိုင်းကျတော့ အခက်အခဲဘာရှိ လာသလဲဆိုတော့ ကလေးတွေ ဂိမ်းတွေပေါ်လာတော့ ယောက်ျားလေးတော်တော်များများက ဂိမ်းဆိုင်ထဲဝင်သွားတယ်။ ဆယ်ကျော်သက် တော်တော်များများ စာအုပ်ဆိုင်ထဲကနေ စာဖတ်အားကျသွားတယ်။ အဲဒါက ပထမလှိုင်းပေါ့။

ဒုတိယလှိုင်းကတော့ သွားလေသူကြီးရဲ့စေတနာတွေနဲ့ ကျနော်တို့ဖုန်းတွေပေါ်လာတယ်။ ဖုန်းတွေနဲ့ဖေ့ဘုတ်တွေ လူမှု မီဒီယာ တွေပေါ်လာပြီးနောက်မှာ အဲမှာတင်ပဲ ကျေနပ်နေပြီးတော့ ဖုန်းထဲမှာ စာအုပ်တွေဒေါင်းထားရုံနဲ့ သူဖတ်ပြီးသလို လို သဘောထားလာတာတွေ များလာတယ်။ အဲအချိန်မှာ တော်တော်လေးကျလာတယ်။ အဲဒါ အခက်အခဲပေါ။။ ငှားတဲ့ အရေအတွက်ရော ငှားတဲ့စာအုပ်ရော ဆယ်ဂဏန်းဝန်းကျင်လောက်ပဲငှားတဲ့ အနေအထားရောက်သွားတာပေါ့။ အဲဒါကို ကျနော်တို့ရပ်တည်ဖို့ဆက်ကြိုးစားရတာပေါ့။

ဘယ်လိုဆက်ပြီး ကြိုးစားခဲ့ရသလဲဆိုတော့။ တကယ်တော့ဗျာ။ ကိုယ်ချင်း လည်းစာတယ်။ ဖုန်းတွေနဲ့ပွတ်တာ များ လာတော့ စာဖတ်ချိန်နည်းလာတယ်။ စာအုပ်တစ်အုပ်ကို မဂ္ဂဇင်းပဲထား။ ဒီနေ့ငှားပြီး မနက်ဖြန်ညနေပြန်ပေးဆိုတာမျိုး မပြီးနိုင်ဘူး။ တစ်ပတ်လောက်ဖတ်ရင်တော့ ပြီးမယ်။ ခါတိုင်းတစ်ပတ်ကို တစ်ရက်စာ ယူတယ်။ စာအုပ်ဆိုင်ရဲ့ထုံးစံအတိုင်း ၃ထောင်တန်ကို ၁၀%ပေါ့။ ၃၀၀ပေါ့။ အဲလိုမယူဘဲနဲ့တစ်ပတ်နေမှပဲ တစ်ရက်စာ ယူရင် မဖြစ်ဘူးလား။ ခါတိုင်းတော့ ၁၀ရက်နဲ့အရင်းကျေတာပေါ့။ခုဆို ၁၀ပတ်မှအရင်းကျေတာပေါ့။ ဒါပေမယ့် မငှားရဘဲ စင်ပေါ်မှာ ၁၀ပတ်အိပ်နေလို့ရော ဘာရမလဲ။ တစ်ပတ်ကိုမှ ၁၀%ယူမယ်ဆိုပြီး လျှော့လိုက်တယ်။ တော်တော်လေး ပြန်ပြီး တက်လာပါတယ်။ နောက်ထပ်က တော့ လူမှုမီဒီယာပေါ့။ လူမှုမီဒီယာကြောင့်ပဲ စာဖတ်တာကျလာသလို၊ လူမှုမီဒီယာ ကြောင့်ပဲ ပြန်ပြီး မီဒီယာကို မီဒီယာ နဲ့ပြန်လိုက်ရတာပေါ့နော်။ မီဒီယာထဲမှာပဲ ဆိုင်နဲ့ပတ်သက်ပြီး ပေ့တွေတင်၊ ဒီနေ့ဘာ စာအုပ်တွေ ၀ယ်ခဲ့တယ်၊ နောက် ကိုယ်နဲ့ ဘ၀တူတွေပေါ့။ ကသာက စာပေပဲဖြစ်ဖြစ် မိုးကုတ်က စာပေပဲဖြစ်ဖြစ် စာအုပ်တွေဘာတွေညွှန်းတာတို့ ဆရာ လူသာမာန်တို့လို ကျနော်တို့ဆိုင်နဲ့ပတ်သက်ပြီး ညွှန်းဆိုပေးတာတို့ကျတော့ အဆင်ပြေတာပေါ့။

မေး ။ ။ တစ်ရက်တစ်ရက် ငှားရမ်းဖတ်ရှုသူ အရေအတွက် ဘယ်လောက်ရှိလဲ။ နေ့စဉ် စာအုပ်ငှားရမ်းမှုကနေ ငွေကြေး ဘယ်လောက် ရရှိပါလဲ။


ဖြေ ။ ။ ပျမ်းမျှ ၂၀ ကနေ ၃၀ ၀န်းကျင်လောက်ရှိမယ်။ စာအုပ်အရေအတွက် ဆိုရင်တော့ ၈၀၊ ၁၀၀ တစ်ခါတလေ ကျရင် တော့ ၂၀၀လောက်ဖြစ်တယ်။ တစ်ခါတလေကျလည်း ၇၀၊ ၆၀လောက်ရှိတယ်။

မေး ။ ။ အခြား အငှားဆိုင်တွေနဲ့မတူတဲ့ ၀န်ဆောင်မှုပေးနေတယ်လို့သိရတယ်။ ဘယ်လိုရည်ရွယ်ချက်ကြောင့်လဲ သိပါရစေ။
ဖြေ ။ ။ ၀န်ဆောင်မှုအနေနဲ့တော့ ကျနော် တစ်ပတ် တစ်ရက်စာ ယူတာ။ နောက်ထပ် ၀န်ဆောင်မှုတစ်ခုကတော့ အိမ်ကို အငှားလိုက်ပို့ပေးတာပေါ့။ အိမ်အငှားလိုက်ပို့ပေးတယ်ဆိုတာက ဥပမာ မြောက်ဥက္ကလာက ငှားချင်ရင် ကျနော့်စာအုပ် ထဲက ဘယ်စာအုပ်၃အုပ်ကိုတော့ ဖုန်းနဲ့ဖြစ်ဖြစ် အွန်လိုင်းကဖြစ်ဖြစ် မှာရင်လိုက်ပို့ပေးတယ်။

လိုက်ပို့ပေးတဲ့အတွက် တစ်ထောင်မျိး နှစ်ထောင်မျိုး ပို့ခပေးရတယ်။ နောက်တစ်ပတ်နေရင် သွားပြန်သိမ်းတယ်။ ပို့ပေး တဲ့သူက ၀န် ဆောင်မှုယူသွားတာပေါ့။ ကျနော်တို့ကတော့ ငှားခပဲ။ တစ်ခုပဲပို့ခက တစ်ခါတလေ ၁၅၀၀ဖြစ်သွားပြီး ငှားခက ၇၀၀ ပဲဖြစ် ချင်ဖြစ်မယ်။ ဘာပဲပြောပြော အဲဒါလေးက လုပ်နေရင်းနဲ့စဉ်းစားမိတာလေးပေါ့။ ဆရာဝန်ကြီး တစ်ယောက်ရဲ့ အမေကြီး တစ်ယောက် ဆိုက်ကားလေးနဲ့လာလာပြီးတော့ စာအုပ်လာလာငှားတယ်။ လာလာငှားပြီးတော့ ဆိုက်ကား လေးနဲ့ပြန်ပြန် သွားတယ်။ သုံးလေးခေါက်လည်းပြီးရော သူ့သားစာအုပ်လာအပ်တယ်။ အမေမလွှတ်တော့ဘူး တဲ့။ ဟုတ်တယ်လေ ဆိုက် ကားနဲ့တိုက်က အတက်အဆင်းနဲ့၊ကားက ရှုပ်ရှုပ်နဲ့ဆိုတော့ ချော်လဲမှာတို့လည်း ကြောက်ရ တယ်ပေါ့။ ဒါပေမယ့် သူကလည်း စာအရမ်းဖတ်ချင်တာ၊အဲလို မကျန်းမမာနဲ့အချိန်တွေတော့ ပိုနေတယ်၊ စာဖတ်ချင်တယ်၊ လာငှားဖို့ လာပို့ဖို့လည်း အချိန်မရှိဘူး။ နောက်တစ်ခု အိမ်က လူတွေ ကလည်း လိုက်ပို့ဖို့လာငှားပေးဖို့ အဲလို လူမျိးတွေ အတွက် ၀န်ဆောင်မှု ပေးလိုက်တာပါပဲ။ စတာကတော့ ကျနော် ဒေါင်းတောင်းက စတာပေါ့။ တဖြည်းဖြည်း နဲ့တစ်မြို့ လုံးပျံ့သွားတာပေါ့။

ခုတော့ ရန်ကုန်တစ်မြို့လုံးနီးပါးပါပဲ။ မင်္ဂလာဒုံဘက်၊ သာကေတတို့ဘက်ထိ ပို့ပေးတဲ့သူ တွေရှိလို့ပါ။ စိတ်ရှည်လက်ရှည် လိုက်ပို့ပေးတယ်၊ ပြီးတော့ ပြန်သိမ်းပေးပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ့်ဆီမှာ စာအုပ်တွေရှိနေတယ်။ ဖတ်ချင်တဲ့ သူလည်းရှိနေတယ်။ သူတို့မယူနိုင်လို့ မဖတ်ရတာ မဖြစ်စေချင်တာပါ။

ဒါပေမယ့် ခု နည်းနည်းလေးတော့ စိန်ခေါ်မှုလေးတွေ့နေရတယ်။ လိုက်ပို့တဲ့သူက မော်တာတပ်စက်ဘီးလေးနဲ့ဆိုတော့ ခုမော်တာစက်ဘီးလေးတွေ သိမ်းမယ်ဆိုတော့လေ။ အဲဒါမျိုးများ စာအုပ်လိုက်ပို့တဲ့သူကို ပြန်ကြားရေးဝန်ကြီးလိုမျိုးက ခွင့်ြ့ပုပေးလိုက်ရင်ပေါ့ လေ။ အဲဒါလေးတော့ ရှိမယ်။

မေး ။ ။ စာအုပ်အငှားဆိုတာ တော်ရုံဝါသနာနဲ့လည်း မရဘူးလို့ မှတ်ရဖူးပါတယ်။ စာပေအငှားဆိုင်ဖွင့်ဖို့ ၀ါသနာပါခဲ့ စိတ်ကူးခဲ့ပုံလေး-
ဖြေ ။ ။ တကယ့်တကယ် ပွင်င့်ပွင့်လင်းလင်းပြောရရင်တော့ မငှားချင်ဘူးဗျ။ (ရယ်လျက်) ကိုယ်ချစ်လို့ဝယ်စုထားတဲ့စာ အုပ်လေးတွေလေ။ သားသမီးလေးတွေ သူများလက်ထဲပါသွားပြီး ပြန်လာတော့ စာအုပ်ကြီးကို ချိုးပြီး သယ်လာရင် ရေ တွေစိုလာတာ တကယ်မငှားချင်ဘူး။ တချို့တွေက စာအုပ်တန်ဖိုးလည်း မသိဘူးလေ။ ဒါပေမယ့် တစ်ဖက်ကကျပြန် တော့ ကျနော်က အလုပ်တစ်နေရာကနေ ထွက်လာပြီးတော့နောက် အပြင်မှာ ဆရာဝန်အလုပ်လုပ်နေရင်းနဲ့နောက်ထပ် အပိုဝင် ငွေလေးရအောင် အမျိုးသမီးကလည်း သူကိုယ်ပိုင်အလုပ်လေးလုပ်ချင်တယ်ဆိုတော့ အဲအချိန်မှာ ကိုယ့်မှာ စာအုပ် နှစ် ထောင်လောက်ရှိနေပြီဆိုတော့ ဖွင့်လို့ရနေပြီဆိုတော့ ဖွင့်လိုက်တယ်။ ကိုယ်ကျွမ်းကျင်တဲ့လိုင်းပဲဆိုတော့လေ။ နံပါတ် တစ် ကျနော်က စာအုပ်လည်း ချုပ်တတ်တယ်။ စာအုပ်လိုင်းလေးတွေလည်း သိတယ်။ စာရေးဆရာတို့နဲ့လည်းသိတော့ စာပေ ၀ါသနာကလည်းရှိပြီးသားဆိုတော့ ဖွင့်ဖို့ကြိုးစားလိုက်တယ်။

ဖွင့်ရင်းနဲ့မှ အရသာ ပိုပိုတွေ့လာတာက စာဖတ်ချင်တဲ့ သူ လေးတွေ ပိုက်ဆံ ၀ယ်ဖတ်ဖို့ မတတ်နိုင်လို့ ဒီမှာဖတ်လိုက်ရလို့ စာတောကြီးထဲရောက်သွားပြီး ပျော်သွားတဲ့အရသာကို ပီတိလေးခံစားရတာပေါ့။ အဲဒါလေးတွေတော့ စားရပါတယ်။ နောက်တစ်ခုက ကိုယ်ကိုယ်တိုင်လည်း ဖတ်ရ၊ ၃၊၄ယောက်ပဲ ငှားရဦး။ အရေးမကြီးဘူး။ မှန်တယ်။ ၃ထောင်တန်လောက် စာအုပ်ကို တစ်ထောင်ပဲရတယ်ထားဦး။ ကျနော်က ဒီစာအုပ်ကို ၂ထောင်နဲ့ဖတ်ရတယ်။ နို့မိုဆို ၃ထောင်နဲ့ဝယ်ဖတ်ရမယ့် စာအုပ် ၂ထောင်နဲ့ဖတ်လိုက်ရတယ်။

နောက်ဆုံးကတော့ ဇနီး မောင်နှံနှစ်ယောက် အတိုင်အဖောက်ညီလို့ဗျ။ သူကလည်း သူ့ဘာသာ ၀ယ်တယ်။ တယောက် က ကန့်လန့်ဆွဲနေရင် မရဘူးလေ။

မေး ။ ။ ဘယ်လိုစာအုပ်တွေ အငှားများလဲ။ ဒီမှာ ငှားရမ်းဖတ်ရှုသူတွေက ဘယ်အသက်ရွယ်တွေများလဲ။ အခြေနေလေး တွေလည်း ပြောပြပေးပါ။
ဖြေ ။ ။ ခပ်များများကတော့ လူငယ်တွေပါပဲ။ ၂၀၊၃၀၊၄၀ ၀န်းကျင်လူငယ်တွေပါပဲ။ ၀န်ထမ်းတစ်ဖက်နဲ့ ရတဲ့အချိန်လေး စုပြီးဖတ်တဲ့သူတွေ များပါတယ်။ ကျားနဲ့မ ခွဲပြောရရင် အမျိုးသမီးအရေအတွက် ပိုများပါတယ်။ တချို့မိဘတွေကျ က လေးက စာအုပ်ကိုင်ရင် နင်နဲ့ဘာဆိုင်လဲဆိုပြီး ပြန်ချခိုင်းတာလည်းရှိပါတယ်။ တချို့မိဘကျတော့ သူကိုယ်တိုင်မဖတ်ဘူး၊ ရော့ နင်နှစ်အုပ်လာငှား ဆိုတာလည်းရှိပါတယ်။ မိဘအပေါ်လည်း မူတည်တာပေါ့နော်။

ဘာစာအုပ်တွေ အငှားများလဲ ဆိုတာတော့ လိုင်းပေါင်းစုံ ငှားရပါတယ်။ နိုင်ငံရေးစာပေ၊ ဘာသာပြန်လည်းငှားရပါတယ်။ ရသပိုင်းကတော့ ပွင့်ပွင့်လင်း လင်းပြောရရင် အမျိုးသမီးစာရေးဆရာတွေကတော့ ထိပ်ကပေါ့။ ဆရာမ ဂျူးတို့ ခင်ခင်ထူး တို့ မစန္ဒာတို့ မိုးမိုး(အင်းလျား) တို့။ သင်္ကြန်တွင်းတုန်းကဆို အဲဒီဆရာမတို့ စာအုပ်တွေ ပြတ်တောင်ပြတ် မလိုဖြစ်သွား တယ်။ ရှိသမျှစာအုပ်တွေထဲက။ သမိန်ပေါသွပ် ကာတွန်းဆို တစ်အုပ်မှ မကျန်တော့တာ။ တွက်ပီဆိုလည်း သုံးပုံတစ်ပုံ လောက်ပဲကျန်တော့တာ။ ကျနော်တို့ ဘ၀တွေ ဘယ်လောက်မောနေသလဲပြတာပေါ့နော်။ ခုနောက်ပိုင်း အမျိုးသား စာရေး ဆရာတွေထဲကဆို ဆရာ့သင့်လူ ပေါက်လာတယ်။ အငှားများတယ်။

မေး ။ ။ စာအုပ်ကောင်းတအုပ်ငှားပြီး ပြန်လာ မအပ်မှာ မစိုးရိမ်ဘူးလား။ ဆိုင်ရဲ့စီမံခန့်ခွဲမှုအနေနဲ့ ဘယ်လိုစည်းမျဉ်းတွေနဲ့ ငှားရမ်းပေးနေတာပါလဲ။
ဖြေ ။ ။ စိုးရိမ်တာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ၇၄လောက်က ရွှေသွေးအတွဲ ၁၊ အမှတ် ၁က စရှိတယ်လေ။ အဲ စာ အုပ်က အပြင်မှာ သိန်းချီတန်တော့ စိုးရိမ်တာပေါ့။ ခက်တာက အဲ့စာအုပ်လှမ်းငှားတဲ့သူကို စပေါ်တစ်သိန်းခွဲဆိုပြီးလှမ်း တောင်းလို့လည်း မရ။ အဲဒီမှာ တော်တော်လေး ပြဿနာရှိတယ်။ ဒါပေမယ့် မငှားပြန်တော့လည်း မဖတ်ရဘူးပေါ့နော်။ ကျနော့်သမီးတွေဆို မသိတော့ နှစ်သောင်းသုံးသောင်းနဲ့ငှားထည့်လိုက်ရော ပူတာပေါ့နော်။ နောက်ဆုံး ကျနော့်မှာ ငှားတဲ့ သူဆီ ဖုန်းဆက်ရတယ်။ ဆရာ စပေါ်တော့ ထပ်မတောင်းပါဘူး။ ဒီစာအုပ်က သိန်းကျော်တန်တယ်၊ ဆရာ ပြီးလွယ် စီးလွယ်ထားမှာစိုးလို့။ ပြန်အပ်မယ်လို့ ယုံထားပါတယ်။ ဒီစာအုပ်က ဒီလောက်တန်တယ်တော့ ပြောထားရတယ်ပေါ့။ ပြန်လာပြီဆိုမှ ဟင်းချရတယ်ပေါ့ဗျာ။ တချို့စာအုပ်တွေကျတော့ သူလည်း အဆင်ပြေ ကိုယ်လည်း အဆင်ပြေ၊ မှတ်ပုံ တင်လေး ယူထားလိုက်ရတယ်။ သူလည်း ငွေကုန်ကြေးကျ မရှိဘူး။ လာအပ်မှ ပြန်ပေးလိုက်တယ်ပေါ့။

လိုချင်လို့ ယူသွားရင်တော့ မရဘူးဗျ။ တစ်ခါ တလေကျ စပေါ်ကို နှစ်သောင်းခွဲသုံးသောင်း ယူထားလိုက်တယ်။ ယူထား လိုက်ပေမယ့်လည်း စာအုပ် ၄၊၅၊ ၆ အုပ်ကို ရအောင်ငှားသွားပြီး ယူသွားတယ်။ ပြန်ကို မလာဘူး။ ဖုန်း ဆက်တယ် မကိုင် ဘူး။ ဒါပေမယ့် ကျနော်က တိန့်ရှောင်ဖိန်ရဲ့စကားကို စံနမူနာထားပြီးလုပ်လိုက်တာပေါ့။

တံခါးဖွင့်လိုက်ရင်တော့ လေကောင်းလေသန့်လည်း ၀င်လာတယ်။ ယင်ကောင်လည်း ၀င်လာတယ်။ ယင်ကောင် ကြောက် နေရင်လည်း လေ ကောင်းလေသန့် လည်း မရဘူး။ ဒီတော့ အတိုင်းအတာတစ်ခုထိ စပေါ်လေး ယူထားလိုက်၊ စာအုပ်ပြန် ရှာဖို့ ပိုက်ဆံလေးတော့ ရတာပေါ့။ စာအုပ်ကလည်း ရှာရခက်တယ်။ကျနော်တို့တိုင်းပြည်က သိတဲ့အတိုင်းပဲ၊ ဖြန့်ချိတော့ ၅၀၀၊ တစ်ထောင်ဖြန့်တာ၊ လိုချင်လို့ တစ်အုပ်ပြန်ရှာတော့ အလွန်ခက်ပါတယ်။

မေး ။ ။ ယနေ့ မြန်မာစာပေလောက ဈေးကွက်မှာ ထုတ်ဝေသူတွေ ညည်းတွားနေကြတယ်။ အငှားဆိုင်ယဉ်ကျေးမှုဟာ လည်း လက်ချိုးရေလို့ရအောင်ဖြစ်လာတဲ့အခြေအနေမှာ ၁၄ နှစ်တိုင်အောင် ဘယ်လို တောင့်ခံခဲ့ရပါသလဲ ပြောပြပါဦး။
ဖြေ ။ ။ ကျနော်တို့တွေ့နေရတာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တကယ့်တကယ်က ၀ါသနာပါလွန်းလို့သာ လုပ်နိုင် တာပါ။ ကြီးကြီးကျယ်ကျယ်ပြောရရင် ၀ါသနာလေး စေတနာလေးပါပဲ။ ၀ါသနာမပါရင် ကျနော်တို့ဖွင့်တဲ့ဆိုင်ခန်းနေရာကို ငှားစားရင်တောင် ဒိထက်မက ရတယ်။ လက်စိုက်စရာလည်း မလိုဘူး။ ကိုယ်တိုင်လည်း စာအုပ်ချုပ်စရာမလိုဘူး။ ဆိုင်က ၅နာရီနဲ့ ၁၀နာရီဖွင့်တယ်ဆိုပေမယ့် တချို့တွေဆို စနေတနင်္ဂနွေလိုမျိုး အချိန်မရွေး လာပြီး ဘဲလ်တီးတယ်။

စနေတနင်္ဂနွေလိုမျိးဆို အမျိုးသမီးအစား ကျနော်ထိုင်ပေးတယ်။ အဲဒီလိုရက်တွေမှာလည်း တော်ကြာ ဘဲလ်တီးလိုက်၊ အပ်ချင်လို့ဆို ဆိုတော့ ကိုယ်ပိုင်အချိန် မရှိသလောက်ဖြစ်လာတာပေါ့။ တစ်ဖက်ကတော့လည်း ဈေးကွက်က ပြတ် သ လိုဖြစ်နေတာပေါ့။ ဒါပေမယ့် တစ်ဖက်ကလည်း စာဖတ်တဲ့ပရိသတ်တွေက ဖုန်းတွေပွတ်တာ မောလာလို့လား မသိဘူး။ နည်းနည်းလေး ပြန်ဖတ်လာသလိုပဲ။ အဲလိုလည်း ရှိတယ်။ တချို့တော်တော်များများက ၀ယ်ဖတ်မှ ရမယ့်အနေအထား ဖြစ်သွားတာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော့်ဆိုင်မှာတော့ သိပ်မထားဘူး။ လွန်းထားထားတို့ဘာတို့လို အပျော် ဖတ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တင်သင့်တာပဲ။ ရှိသင့်တာပဲ။ အဲဒီကတစ်ဆင့် တစ်ဆင့် လှေကားထစ်လိုပေါ့။

တစ်ခါတ လေကျ လာရှာတဲ့ကလေးတွေ ရှိတယ်။ သိုင်းဝတ္ထုလိုမျိုး။ သိုင်းလည်းသိုင်းအလျောက် ကောင်းကွက်လေးတွရှိ တယ်။ အဲစာအုပ်တွေထားရင်လည်း ကျနော့်မှာ နေရာမရှိဘူး။ အဲပြဿနာပေါ့။ တကယ်သာဆိုင်ကြီးက ဒီထက် ၂ဆ ၃ ဆဆို သူတို့ အတွက်လည်း တစ်လိုင်းပေါ့။ အဲဒါလေးတွေ ထား ထားမယ်။ ဖတ်ရင်ဖတ်ရင်းနဲ့ အဲဒီဘက်ကနေ တစ်ဆင့် တစ်ဆင့် ကူးလာမယ်။ ဒါမျိုးလေးတွေပေါ့။

မေး ။ ။ ငှားနေရင်းနဲ့ ငှားတဲ့သူက ရပ်သွားတာမျိုး ဆက်မငှားတော့တာရော ရှိလား။ ထက်တိုးလာတွေရော သတိထား မိလားဗျ။
ဖြေ ။ ။ အမျိုးမျိုးပါပဲဗျ၊ ရှိပါတယ်။ အထူးသဖြင့် ဆိုရှယ်မီဒီယာတွေကနေ တွေ့လာတဲ့အခါကျရင်လည်း ဝေါကနဲ တစ်နေ့ တည်းကို ၄၊၅၊ ၁၀ ယောက် ၀င်လာတာရှိတယ်။ အဲဒီထဲကလည်း ရေရှည်ကျတော့ တောင့်မခံနိုင်ဘူးပေါ့။ ဗဟန်းကနေ လာရတယ်။ တခုတ်တရလာရတယ်။ ကားတွေ ကျပ်တယ်။ အချိန်မပေးနိုင်ဘူး။ ယူသွားတယ် သုံးရက်လောက်နဲ့မပြီးဘူး။ ပြန်လာအပ်တယ်။ နှစ်ခေါက်လည်းကြာရော စပေါ်ပြန်တောင်းပြီး ပြန်ထွက်သွားတယ်ပေါ့။ အဲဒါမျိုးလည်းရှိတယ်။

အချင်းချင်းလက်တို့ပြီး ထပ်ထပ်လာနေတဲ့သူတွေလည်း ရှိပါတယ်။ အသစ်ကလေးတွေကလည်း လာနေတာရှိတယ်။ ကြား ထဲမှာတော့ စာပေ၀ါသနာပါတဲ့ ပုံမှန်ဖောက်သည်ကြီးတွေတော့ ကျန်ခဲ့တာပေါ့။

မေး ။ ။ မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လည်ပတ်ရမယ့် ယန္တရားတွေထဲမှာ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုဟာ ပင်နယံတစ်ခုဖြစ်တယ်လို့ ထင်ပါသလား။ ဘယ်လိုကြောင့်ပါလဲ။
ဖြေ ။ ။ ယူဆတာပေါ့ဗျာ။ အမှန်တကယ်ပေါ့။ ကျနော်တို့လည်း အဲဒါနဲ့ ကြီးပြင်းလာခဲ့တာ။ ကျနော်တို့ငယ်ငယ်တုန်းကဆို စာအုပ်ဆိုင် မသွားမနေရ။ အဲဒီစာအုပ်ဆိုင်က ဦးလေးကြီးကို ပိုင်အောင်ပေါင်းထား၊ ဦးလေး ဒီစာအုပ်လေး ချန်ထားပေးပါ။ ရလာရင် ပျော်၊ တကယ် လိုအပ်ပါတယ်။ အခုဟာ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုဟာ တဖြည်းဖြည်း ရှားပါးအဆင့်ထဲ ရောက် လာနေတယ်။

မေး ။ ။ အခုဆို ပြန်/၀န် ကလည်း စာရေးဆရာတစ်ယောက်ဆိုတော့ စာပေဖွံ့ဖြိုးရေးကွက်လပ်တစ်ခုဖြစ်တဲ့ အငှားဆိုင် ယဉ်ကျေးမှုတွေ ပြန်လည်ဖံွ့ဖြိုးဖို့ ဘာတွေ အကြံပြုပြောချင်တာရှိပါသလဲ။
ဖြေ ။ ။ စာအုပ်ဖတ်ချင်တဲ့သူတွေကလည်း ရှိနေမှာပဲ။ စာအုပ်တွေကလည်းထွက်နေတာပဲ။ ဖတ်ချင်တဲ့သူဆီ စာအုပ်က မရောက်တာလေ။ မရောက်တော့ မြို့နယ်အလိုက် ပြန်/ဆက်ရုံးတွေရှိမယ်။ တကယ်လို့များ စိတ်ဝင်စားတဲ့သူကို စီစဉ်ပေး နိုင်ရင်ပေါ့။ စာအုပ်ဆိုင်ရဲ့သဘော၊ စာကြည့်တိုက်တွေရဲ့သဘောကတော့ တစ်လတည်းနဲ့မပြီးဘူးလေ။ စာအုပ် တစ်ရာ ၀ယ်လှူလိုက်တယ်။ အဲတစ်ရာက ဟို ၃ လလည်း တစ်ရာပဲ။ ၄လည်း တစ်ရာပဲဆို အလုပ်က မဖြစ်တော့ဘူး။ လတိုင်း ထပ်ထပ်တိုးနေရမယ်။ တိုးနေဖို့ ဘတ်ဂျက်အပိုင်းတွေလိုလာမယ်။ အဲဒါမျိုးတွေအတွက် စာအုပ်ဈေးက သူ့အတိုင်းအတာနဲ့ ဖြစ်သင့်သလောက် လျော့ကျနေဖို့ လိုတာပါပဲ။ လျော့ကျနေဖို့ ပြန်ကြားရေးဝန်ကြီးအနေနဲ့ စက္ကူဈေးအနေနဲ့စီစဉ်လို့ရမယ်။ ကျနော်ပြောခဲ့ဖူးသလိုပေါ့။ ရန်ကုန်မှာ စာအုပ်အရောင်းဆိုင်ကြီးတွေက ဆိုင်ဖိုးနဲ့တင်ပိနေတာ။

သူတို့ကိုပဲ ပြန်ကြားရေး ဘက်ကတတ်နိုင်တဲ့ သိမ်ဖြူလမ်းနေရာမျိုးတွေမှာ ဆိုင်ခန်းတွေပေးလိုက်မယ်ဆိုရင် ဆိုင်ခန်းဖိုး သက်သာသွားရင် စာအုပ် ကော်မရှင်နှုန်းကို အများကြီးလျှော့နိုင်မယ်။ စာအုပ်ကို ၃ထောင်နဲ့ရောင်းမယ့်သူက သူတို့ကို ၂ထောင်နဲ့ပေးရမယ့်အစား ဆိုင်က တစ်ထောင်မြတ်မှ ဆိုင်ခန်းခတွေ အလုပ်သမားခတွေလုပ်နေတယ်ပေါ့။ ပြန်/ဆက် အစီအစဉ်နဲ့ ဆိုင်ခန်းက သက် သာသွားတဲ့အတွက် စာအုပ် ၂၅၀၀နဲ့ရောင်းနိုင်ပြီဆိုတော့ စာဖတ်သူတွေက ၃ထောင်တန် စာအုပ်ကို ၂၅၀၀နဲ့ဖတ်လို့ ရနိုင် လာမယ်ပေါ့။ ကိုယ်ထဲကနေ စီစဉ်ပေးလို့ရတဲ့ဟာမျိုးလေးတွေပေါ့။ နည်းနည်းတော့ အသက်ရှူချောင်လာမယ်ပေါ့ဗျာ။ သူများနိုင်ငံတွေလို မီးတွေထိန်လင်းနေတဲ့ ကော်ဖီဆိုင်လေးတွေမှာ စာပေဟောပြောပွဲ ဆွေးနွေးပွဲလေးတွေ ရာသီမှ မဟုတ်ဘဲ တောက်လျှောက် ၃၆၅ ရက်လုံး စီစဉ်ထားမယ်ဆို အရမ်းကောင်းမယ်ပေါ့ဗျာ။ စာတွေအများကြီး ဖတ်နိုင်လာတဲ့အခါ ကျတော့ စာပေဖွံ့ဖြိုးဖို့ တကယ်အကောင်အထည်ဖော်ပြီးသားဖြစ်ပါလိမ့်မယ်။

မေး ။ ။ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင်-
ဖြေ ။ ။ စာအုပ်အငှားဆိုင်နဲ့ပတ်သက်လို့ကတော့ ကျနော်တို့လည်း ကြိုးစားနေရတယ်။ တခြားစာအုပ်အငှားဆိုင်လေး တွေလည်း ကြိုးစားနေရတာတွေ့တယ်။ နိုင်သလောက် တစ်နိုင်ဝန် ထမ်းနေကြတယ်လို့ယူဆပါတယ်။ ခပ်များများကတော့ စီးပွားဖြစ်ဆိုတာထက်စာရင် လုပ်လက်စမို့ စေတနာလေးနဲ့ ပေါင်းလုပ်နေကြတာပါ။

ပုံ 1 - ထင်ပေါ် စာအုပ်အငှားဆိုင် ပိုင်ရှင်ဇနီးမောင်နှံ- ဒေါက်တာဌေးအောင်နှင့် ဒေါ်စန္ဒာဝင်း

ပုံစာ-၂ - ထင်ပေါ်စာအုပ်အငှားဆိုင်



Comments