K ငြိမ်းချမ်း ● ဘာလဲ မြို့ချစ်စိတ်၊ ဘယ်လဲ နိုင်ငံချစ်စိတ်

K ငြိမ်းချမ်း ● ဘာလဲ မြို့ချစ်စိတ်၊ ဘယ်လဲ နိုင်ငံချစ်စိတ်
(မိုးမခ) မေ ၁၉၊ ၂၀၁၈

၂ဝ၁၇၊ ၂ဝ၁၈ခုနှစ်တွေကတော့ မြန်မာနိုင်ငံအတွက် ရခိုင်အရေးကိစ္စများကြောင့် ဝေဖန်မှုနဲ့ အရေးယူဆောင်ရွက်မှုတွေ ခံနေရတာ လူတိုင်းအသိဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မောင်တောဒေသတလျှောက် လူမျိုးရေး၊ ဘာသာရေးများအပေါ် အခြေ ခံကာ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာမီးပွားများကြောင့် ဖြစ်ပါတယ်။

မည်သူမှန်/မှား ပြောဆိုဖို့ထက် မြန်မာနိုင်ငံအပေါ် စွပ်စွဲပြစ်တင်ဝေဖန်မှုများကို တုံ့ပြန်ဖြေရှင်းနေရတာ မြင်နေကြားနေရပါ တယ်။ နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များဖြင့် မိမိတိုင်းပြည်အပေါ် အထင်မြင်လွဲမှားမှုများကို တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေး အတွက်မဟုတ်ဘဲ အားသွန်ခွန်စိုက်ကို ပြုမှုဆောင်ရွက်နေကြရတာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ စဉ်းစားမိတာ နိုင်ငံချစ်စိတ်၊ မြို့ရွာချစ်စိတ် လူမျိုးရေးချစ်စိတ်တို့ဆိုတာ ဘယ်လိုပေါက်ဖွားလာသလဲ။ အဲဒီ အချစ်စိတ်တွေ လွန်ကြူးသွားရင်လည်း အစွန်းရောက်သွားတတ်ကြောင်းလည်း ဆင်ခြင်သုံးသပ်မိပါတယ်။

ရှိသင့်ရှိထိုက်တဲ့ငါစွဲတွေထက်ကျော်လွန်ကာ ငါ့နိုင်ငံမှ ငါ့နိုင်ငံ၊ ငါမြို့ရွာမှ ငါ့မြို့ရွာ၊ ငါ့ဘာသာရေးမှ ငါ့ဘာသာရေးလုပ် နေ ရင်တော့ မျက်ကန်းမျိုးချစ်သာ ဖြစ်သွားနိုင်တာကိုလည်း စဉ်းစာတွေးတောမိပါတယ်။

နိုင်ငံချစ်စိတ်လူမျိုးရေးချစ်စိတ်များကို စဉ်းစားနေတုန်းမှာပဲ ကဗျာဆရာဆောင်းဝေ (နတ်မောက်) ရဲ့ မြို့ချစ်စိတ် နိုင်ငံချစ် စိတ် အမည်ရတဲ့ မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာဆောင်းပါးများ စုစည်းမှုစာအုပ်ထွက်ရှိလာပါတယ်။

ဆောင်းပါးပေါင်း ၃၆ ပုဒ် ပါဝင်ပြီး လမ်းပေါ်က ဘဝများ၊ ကျောင်းသားလူငယ်နှင့် အပြုအမှုကိုသင်ကြားခြင်း၊ ကျောင်းသား၊ ပညာရေးနှင့် အနာဂတ်၊ မြို့ချစ်စိတ် နိုင်ငံချစ်စိတ်၊ ကလေးငယ်များနှင့် လွတ်လပ်စွာတွေးခေါ်ခွင့်၊ ကျောင်းသားလူငယ်နှင့် ဆက်ဆံရေး၊ မြေကြီးပေါ်မှာ၊ ပျော်ရွှင်မှုကို ရှာဖွေခြင်း၊ နာမည်များ၊ ပြဿနာကိုတည်ဆောက်ခြင်း၊ မနက်ခင်းထဲက ဘဝ များ၊ အမေသို့ ဦးညွတ်ခြင်း၊ ညီမျှခြင်းသီအိုရီ၊ ဦးခေါင်းတလုံး၊ အသက်ကို ဉာဏ်စောင့်၊ ရာသီဥတုကိုမှီခိုခြင်း၊ ကန့်သတ် ခံ ထားရတဲ့ သိမှုနယ်ပယ်၊ မိုးရာသီနေ့စွဲများ၊ ရေ၊ စာအုပ်စာပေ၊ စစ်ပွဲများကို မစဉ်းစားခြင်း၊ ရေစိုတောင်ပံနဲ့ပျံသန်း ခြေရာ များ၊ သတင်းများ၊ အိမ်ပြန်ကြသူများ၊ ရွှေနတ်ကယ်တောင်၊ လမ်းပေါ်က လူငယ်တွေ၊ အမွေခံ၊ ဗိဿနိုးမြို့ဟောင်း၊ အသံကို နားထောင်ခြင်း၊ ရွေ့လျားလူအုပ်၊ သွေးသည်အသက်၊ မြို့ပြလူနေမှုဘဝ၊ ရွှေဝါရောင် (သို့) ပျံသန်းခရီးစဉ်၊ မွေးနေ့ကို ဖြတ် သန်းခြင်း၊ ပိုက်ဆံ၊ အနံ့များတို့ ပါဝင်ပါတယ်။

ဆောင်းပါးများဟာ မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများတွင်ဖော်ပြခဲ့ပြီး အများစုမှာ ဆောင်းပါးများဟု အမည်တပ်ထားသော် လည်း အက်ဆေး ဆန်တဲ့အဖွဲ့အနွဲ့များကို ဖတ်ရပါတယ်။

အဖွင့်တပုဒ်ဖြစ်တဲ့ လမ်းပေါ်က ဘဝများမှာတော့ “ကျွန်တော်တို့အားလုံးဟာ နေ့စဉ်နေ့တိုင်းလမ်းတွေကို အသုံးပြုနေကြ ရပါတယ်။ လမ်းမရှိရင် ဘယ်မှမရောက်တော့ ကိုယ်ရည်ရွယ်ရာ ပန်းတိုင်ဆီရောက်ရှိဖို့အတွက် လမ်းတခုခုကိုတော့ အမြဲ အသုံးပြုကြရလေ့ရှိပါတယ်” လို့ ဆိုထားပြီး အဆုံးမှာတော့ “နိုင်ငံတခုအနေနဲ့ပဲဖြစ်ဖြစ် လူတယောက်အနေနဲ့ပဲဖြစ်ဖြစ် ကိုယ် လိုရာခရီးကိုအောင်မြင်စွာ ရောက်ဖို့ဆိုရင် ကိုယ်လျှောက်နေတဲ့လမ်းဟာ မှန်ကန်တဲ့လမ်း၊ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ ဖြူစင် သန့်ရှင်းတဲ့ လမ်း၊ ပန်းတိုင်ဆီရောက်အောင် ပို့ဆောင်ပေးနိုင်မယ့် လမ်းဖြစ်ဖို့လိုအပ်ပါတယ်” လို့ အဆုံးသတ်ထားတာကို ဖတ်ရပါတယ်။

ကျောင်းသားလူငယ်နှင့် အပြုအမှုကို သင်ကြားခြင်း၊ ကျောင်းသား၊ ပညာရေးနှင့် အနာဂတ်၊ ကလေးငယ်များနှင့် လွတ်လပ် စွာ တွေးခေါ်ခွင့်၊ ကျောင်းသားလူငယ်နှင့် ဆက်ဆံရေးစတဲ့ဆောင်းပါးတွေကတော့ သင်ကြားခြင်းသင် ယူခြင်းနဲ့ပတ်သက်ပြီး ပညာရေးဆိုင်ရာ ဆောင်းပါးများဖြစ်ပါတယ်။

စာအုပ်ခေါင်းစီး ဖြစ်တဲ့ မြို့ချစ်စိတ် နိုင်ငံချစ်စိတ်မှာတော့ “လူ့အဖွဲ့အစည်းအတွက် ကိုယ်ကျိုးမငဲ့ကွက်ဘဲ အနစ်နာခုံပြုစု လုပ်ကျွေူးခဲ့ကြသူများကို သမိုင်းမှတ်တမ်းများက ထည့်သွင်းမှတ်တမ်းတင်ထားလေ့ရှိရာ လူသေသော်လည်း နာမည်မသေ ကြသောသူများအဖြစ် ကိုယ့်မြို့ကိုယ့်နိုင်ငံကို ဂုဏ်မြင့်စေကြသောသူများအဖြစ် ကျွန်တော်တို့ အမှတ်ရလေ့ရှိပါသည်။ ”လို့ လည်းဆိုထားပြီး တိုင်းပြည်အပေါ် မစားဘဲ စွန့်ခဲ့သူ အမျိုးသားခေါင်းဆောင်ကြီး သခင်အောင်ဆန်းဇာတိ နတ်မောက် မြို့ ဟာ အချိန်ကာလတခုအထိ ဖုံးကွယ်ခံခဲ့ရတာကြောင့်  သိသူနည်းပါးခဲ့တဲ့အကြောင်းတွေပါ ဖတ်ရှုရပါတယ်။

“ကျွန်တော်က နတ်မောက်ကပါဟု ပြောလိုက်သည့်အခါ သူတို့မျက်နှာမှာ ဝမ်းသာကြည်နူ့းသွားသည့်မျက်နှာ အံ့သြသွား သည့်ပုံစံမျိုးဖြစ်မည်ဟုထင်ခဲ့သော်လည်း သူတို့က ကျွန်တော်တို့မြို့ကို မသိကြတာမျိုး မကြာခဏ ကြုံတွေ့ခဲ့ဖူးပါသည်။ ကျွန်တော်ငယ်ငယ်က ကျောင်းစာအုပ်များထဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သောကဗျာတပုဒ်ကို သင်ယူခဲ့ရပြီး ထို ကဗျာထဲတွင် “ဇာတိနတ်မောက်၊ မကွေးခရိုင်၊ သိကြများ ခုတိုင်”ဆိုသော စာသားပါခဲ့ရာ ကိုယ့်မြို့နယ်ကို လူအကုန် လုံးကို သိရှိနေလိမ့်မည်ဟု ထင်မြင်ခဲ့သော်လည်း တကယ့်လက်တွေ့မှာ မသိကြတာမျိုး ကြုံတွေ့ခဲ့ဖူးပါသည်။”

“ပြီးခဲ့သော ၂ဝ၁၅ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏အသက် ၁၀၀ ပြည့်နှစ်အဖြစ် ဂုဏ်ပြုပွဲများ ပြုလုပ်ခဲ့ကြရာ မီဒီယာများ၏ ကျေးဇူးဖြင့် အဲဒီအခါကျမှ နတ်မောက်မြို့ဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ဇာတိမြို့ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ထဲတွင် တည်ရှိကြောင်း မြန်မာပြည်အလယ်ပိုင်းတွင် တည်ရှိနေတာဖြစ်ကြောင်း လူအတော်များများသိရှိ သွားကြသည် ဟု ထင်မိပါသည်။”

ကိုယ့်တိုင်းပြည်ရဲ့လွတ်လပ်ရေးကို တိုင်းတပါးလက်မှ ယူဆောင်ပေး၊ မြန်မာ့တပ်မတော်ရဲ့ဖခင်ကြီးဖြစ်တဲ့ဦးအောင်ဆန်း ရဲ့ဇာတိမြို့ကို ဖုံးကွယ်ဖို့လုပ်ခဲ့သူတို့ကရော ဘယ်ဇာတိ ဘယ်မြို့ရွာက လာသလဲဆိုတာ အတွေးဆန့်လိုက်မိပါတယ်။ ကိုယ့်မြို့ကိုယ့်ရွာဟာ ကိုယ့်လုပ်ရပ်ကြောင့် အမည်းစက်မဖြစ်ဖို့တော့ သတိပြုဆင်ခြင်သင့်ကြောင်း ဆောင်းပါးဖတ်ရင်း ရ ခဲ့ပါတယ်။

နာမည်များဆိုသော အပုဒ်ကလည်း တိုင်းပြည်နဲု့ပြည်သူလူထုကို အကျိုးပြုခဲ့ရင် ပြည်သူကလည်း ထိုပုဂ္ဂိုလ်အား ကွယ်လွန် သွားသည့်တိုင် တသသဖြစ်နေကြမည်ဖြစ်ပြီး တိုင်းပြည်နဲ့လူမျိုးအပေါ်နှိပ်စက်ညှဉ်းပန်းလုပ်ခဲ့သောသူအား သူ့အမည်နာမ နဲ့တွဲပြီး စက်ဆုပ်ရွံရှာကြလိမ့်မည့်အကြောင်းဖြစ်ပါတယ်။

“ဥပမာ ‘ဟစ်တလာ’ ဟုဆိုလိုက်သည်နှင့် ကမ္ဘာတလွှားရှိ လူအများစုအနေဖြင့် သဘောကျလိမ့်မည် မဟုတ်ပါ။ မချစ်ခင် မနှစ်သက်ကြောင်းကို အမူအရာ၊ စကားလုံးများနှင့်ဖော်ပြလေ့ရှိပါသည်။”

“ဟစ်တလာ’ ဟူသော အမည်ကို မကြားသိလိုကြပါ။ ကြားသိရလျှင်လည်း စိတ်မချမ်းသာသောခံစားမှုများဖြစ်ပေါ်လေ့ရှိ ကြသည်။ သို့သော် ‘မဟတ္တမဂန္ဒီ’ ဟု ကြားလျှင်တော့ လေးစားဂုဏ်ယူစိတ်တို့ ရင်ထဲဖြစ်ပေါ်လေ့ရှိကြပြန်ပါသည်။”

“ထို့အတူ ကမ္ဘာ့တလွှားရှိ ဗုဒ္ဓဘာသာဝင်တို့အတွက် မြတ်စွာဘုရား(ဝါ) ဗုဒ္ဓဟုကြားသိရလျှင် သို့မဟုတ် သူ၏ ရုပ်ပွား တော်ကို ဖူးမြော်ရလျှင် စိတ်ကြည်နူးမှုရကာ ဦးညွတ်အရိုအသေရှိကြပါသည်။ သို့သော် “ဒေဝဒတ်” ဆိုစေသာ အသံ ကြား လိုက်ရလျှင်တော့ အလိုလိုမုန်းတီးစိတ် ဝင်လာလေ့ရှိကြပြန်ပါသည်။”လို့ ဆိုထားတာကြောင့် လူထုခေါင်းဆောင် နှင့်အပြိုင် နာမည်ဆိုးဖြင့် ကမ္ဘာကျော်ခဲ့ကြသော မြန်မာပြည်မှ ပုဂ္ဂိုလ်ကြီးတို့ကိုလည်း သတိရစေပါတယ်။
ပြဿနာကို တည်ဆောက်ခြင်း၊ မနက်ခင်းထဲက ဘဝများ၊ ဦးခေါင်းတလုံး၊ အသက်ကို ဥာဏ်စောင့်၊ ကန့်သတ်ခံထားရတဲ့ သိမှုနယ်ပယ်၊ လမ်းပေါ်က လူငယ်တွေ အစရှိတဲ့ ဆောင်းပါးများကတော့ ဖတ်ပြီး စဉ်းစားချိန်ဆသင့်တယ်လို့ ထင်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ဖြစ်တည်မှုတွေ၊ စိန်ခေါ်စမ်းသပ်ချက်တွေ၊ လမ်းညွှန်မှုတွေ ရောယှက် ပါဝင်နေပါတယ်။

လမ်းပေါ်က လူငယ်တွေမှာ “ချစ်ခြင်းမေတ္တာကို မြတ်နိုးပါ။ ဥာဏ်ပညာကို တန်ဖိုးထားပါ။ အနုပညာကိုခံစား တတ်ပါစေ။ ပြီးတော့ ဒါတွေဟာ ငါတို့ရဲ့လက်နက်တွေလည်းဖြစ်တယ်။”လို့ တိုက်တွန်းရေးသားထားတာကိုလည်း ဖတ်ရပါတယ်။

နောက်တပုဒ်ပြောချင်တာကတော့ နာမည်ကျော် ရန်ကုန်မြို့ပြလူနေဘဝကိုရေးသားထားတဲ့ မြို့ပြလူနေမှုဘဝဆိုတဲ့ ဆောင်းပါးမှာတော့ ရန်ကုန်မြို့ရဲ့ခက်ခဲကျပ်တည်းလှတဲ့ နေထိုင်မှုဘဝအကြောင်းကို ရေးသားထားပါတယ်။

“ရန်ကုန်လို မြို့ကြီးမှာ လူဦးရေ ထူထပ်ပေါများလာပြီး နေထိုင်စရာ မလုံလောက်မှုနဲ့မွန်းကျပ်မှုပြဿနာကို ဒီလိုနေရာ တွေမှာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။ ရန်ကုန်မြို့လိုနေရာမျိုးမှာ လစဉ်အိမ်ပြောင်းနေရတာ၊ အိမ်ရှာရတာ၊ အိမ် ပြောင်း ပြီးတဲ့အခါတိုင်း ကလေးတွေအတွက် ကျောင်းပြောင်းအပ်ရတာ၊ အိမ်အသစ်၊ရပ်ကွက်အသစ်မှာ အလုပ်အကိုင် အသစ် ရှာဖွေရတာနဲ့ အခြားသော မြောက်များစွာ အခက်ခဲတွေဟာ အမြောက်များဆုံး ကြုံတွေ့ရလေ့ရှိတဲ့ မရိုးနိုင်တဲ့ မြို့ပြပြဿနာ တွေပါ။”

“မြို့ပြမှာတော့ ကျန်းမာရေးအတွက် လေကောင်းလေသန့် ရှူဖို့အတွက် မစဉ်းစားနိုင်ဘဲ ကားပေါ် ရထားပေါ်မှာ ကျပ်ညပ်နေတဲ့လူပေါင်းများစွာရဲ့ကြားထဲမှာ နေသားတကျရှိဖို့တောင် မနည်းကြိုးစားနေကြရတဲ့ အခြေအနေပါ။”

ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ပြယုဒ်ပါ။ အရှေ့တောင်အာရှမှာ စံပြုစံထားခဲ့ရတဲ့ လမ်းညွှန်ခဲ့ရတဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။ ဘယ် လောက် ဒုတိယမြို့တော်ဖြစ်သွားသွား ရန်ကုန်ကို နိုင်ငံတကာကအသိအမှတ်ပြုနေတုန်းပါပဲ။ မြို့တော်အဖြစ်ပဲ ရှိစေချင်ကြ သော်လည်း ရန်ကုန်ဟာ မြို့ပြကျပ်တည်းမှုတွေ၊ မလုံခြုံမှုတွေ ပြည့်နှက်စွာ မျက်နှာပျက်နေရပါတယ်။

နောက်ထပ်ထပ်မံညွှန်းဆိုလိုတဲ့ ဆောင်းပါးတပုဒ်ကတော့ ရန်ကုန်မှာပဲ အဖြိုခွင်းခံလိုက်ရတဲ့ ရဟန်းသံဃာတော်တွေနဲ့ မိဘပြည်သူတွေရဲ့ အာဏာရှင်တော်လှန်ရေးပုံရိပ်တခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့အထင်ကရမြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးအကြောင်းပဲဖြစ်ပါတယ်။

“ခုမှ မတော်လှန်ရင် ဘယ်တော့ တော်လှန်မလဲ။ ကျွန်တော်တို့မှ မတော်လှန်ရင် ဘယ်သူတော်လှန်မလဲ။ ကျွန်တော်တို့ နောက်မဆုတ်ခဲ့ကြတာ သေချာခဲ့ပါတယ်။”

ရဟန်းတွေကို အာဏာရှင်တို့ မိုက်ရိုင်းစော်ကားရာကနေစခဲ့တဲ့ သံဃာနဲ့လူထု ပူးပေါင်းတိုက်ပွဲမှာ အာဏာရှင်တို့ဘက်က အကျအဆုံးမရှိခဲ့ပေမယ့်လည်း ကမ္ဘာ့အလယ်မှာတော့ လက်နက်ကိုင်တို့ ကျက်သရေယုတ်ခဲ့ရပါတယ်။

ရွှေဝါရောင်အလံကို အာဏာရှင်ချေမှုန်းနေတဲ့ကြားက  လက်ဆင့်ကမ်းသယ်ဆောင်ချီတက်ခဲ့ရင်း  ကဗျာဆန်ဆန် အခြယ် အမှုန်းတွေကိုလည်း ဖတ်ရှုရပါတယ်။

“ရွှေဝါရောင်ဆိုတာ တောက်ပတည်ငြိမ်တဲ့ အဝါရဲ့အပေါ်မှာ ထပ်သုတ်လိမ်းထားတဲ့ ရွှေအရောင်၊ ရွှေဝါရောင်ဆိုတာ လူ့ အခွင့်အရေးကို အသက်နဲ့တောင်းခဲ့တဲ့ ပြယုဂ်၊  ရွှေဝါရောင်ဆိုတာ ဘဝတွေကိုပေးပြီး ရဖို့ခက်ခဲတဲ့ ဒီမိုကရေစီကို တောင်း ယူခဲ့တဲ့ အနုပညာ၊ တကယ်တော့ ရွှေဝါရောင်ဆိုတာ အဝါရောင်သန်းနေတဲ့ ရွှေပုရပုဒ်မှာရေးထိုးသင့်တဲ့ မြင့်မြတ်တဲ့ သံ ဃာတော်တွေ ဦးဆောင်ခဲ့တဲ့ လူထုတော်လှန်ရေးပါ။”

ဆယ်နှစ်ပြည့် ရွှေဝါရောင်အထိမ်းအမှတ်အဖြစ် တည်တည်ငြိမ်ငြိမ် ကဗျာဆန်တဲ့အဖွဲ့တွေနဲ့ ပြန်လည်ရေးသာနိုင်ခဲ့တာကို လည်းတွေ့ရပါတယ်။

အနှစ်ချုပ်ဆိုရရင် ဆောင်းပါးတွေဟာ ကိုယ့်ရှေ့ကဖြတ်သန်း ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝစုံ မြင်ကွင်းစုံတွေကို အမိအရ ရေးသားနိုင်ခဲ့တယ်လို့ပြောချင်ပါတယ်။ လူသားအရင်းအမြစ်၊ ပညာရေး၊ နိုင်ငံရေးကဏ္ဍတို့မှာ အပြုသဘောဆန်ပြီး တွေး တောစဉ်းစားစရာကောင်းတဲ့ အက်ဆေးများစုစည်းမှုလို့တောင် ဆိုလိုက်ရပါတယ်။
0