K ငြိမ်းချမ်း ● သူတို့ပြောတဲ့ ဒဂုန်တာရာ၊ သူတို့ပြောတဲ့ငြိမ်းချမ်းရေး - အပိုင်း (၁)

K ငြိမ်းချမ်း ● သူတို့ပြောတဲ့ ဒဂုန်တာရာ၊ သူတို့ပြောတဲ့ငြိမ်းချမ်းရေး - အပိုင်း (၁)
(မိုးမခ) မေ ၈၊ ၂ဝ၁၈

လာမယ့် မေလ ၁ဝရက်နေ့ဟာ ငြိမ်းချမ်းရေး ကဗျာဆရာကြီး ဒဂုန်တာရာ အသက် (၉၉) နှစ်ပြည့်ဖြစ်ပါတယ်။ ဆရာ ဒဂုန် တာရာဟာ အသက် ၁၅ နှစ်ကစပြီး ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးများ စာအုပ်ပေါင်းများစွာ ရေးသားခဲ့ပြီး ပြည်တွင်းစစ်ကြာင့် ငြိမ်းချမ်းရေးကို အစဉ်တောင်းဆိုခဲ့သူဖြစ်ပါတယ်။

ဆရာဒဂုန်တာရာဟာ ၁၉၁၉မေလ၁ဝရက်နေ့မှာ ကျိုက်လတ်၊ထိုင်ကူမြစ်တန်းရွာမှာ မွေးဖွားခဲ့ပြီး ဒဂုန်တာရာ ကလောင် အမည် အပြင် မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောတင်မူ၊ စောထွတ်၊ ဌေးမြိုင်၊ မောင်သစ္စာ၊ မောင်ဘတင့်၊ မောင်စ၊ ဗညား သီဟ၊ မောင်စိမ်းမြ၊ ဦးဒဂုန်၊ မောင်လင်းထက်၊ မောင်ကြာညွန့်စတဲ့ကလောင်ခွဲတို့ဖြင့်လည်း ရေးသားခဲ့ပါတယ်။

သခင်အောင်ဆန်း၊ သခင်နု၊ သခင်ဗဟိန်း၊ သခင်သန်းထွန်းအစရှိတဲ့ မြန်မာ့နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်များနဲ့ထိတွေ့ ဆက် ဆံခဲ့သော်လည်း နိုင်ငံရေးအာဏာရာထူးများကို ငြင်းဆိုခဲ့သူလည်းဖြစ်ပါတယ်။

ရန်သူမရှိ မိတ်ဆွေသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာပဲဆိုတဲ့ ဆရာ့ရဲ့အဘိဓမ္မာဟာ အထူးထင်ရှားပါတယ်။

၂ဝ၁၃၊ သြဂုတ်လ ၁၉ ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ယခု မေလ ၁ဝရက်နေ့မှာ ကျရောက်မယ့် ဆရာဒဂုန်တာရာ အသက် ၉၉ နှစ်ပြည့်မွေးနေ့မှာ ဆရာ့အတွက် ဆရာ အစဉ် တောင်းဆိုခဲ့တဲ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆရာဒဂုန်တာရာကိုချစ်ခင်ကြတဲ့ စာပေအသိုင်းအဝိုင်းမှ ကဗျာဆရာ၊ စာရေး ဆရာတွေရဲ့ အမှတ်တရ စကားသံများကို မိုးမခဝိုင်းတော်သား K ငြိမ်းချမ်းက တတ်နိုင်သမျှ စုစည်းဖော်ပြလိုက်ပါတယ်။

● မောင်အောင်ပွင့်
(မယ်ခိုတောင်မှာ နားနေတဲ့ ငြိမ်းချမ်းရေးသို့)

ငြိမ်းချမ်းရေးရှိရာ ငြိမ်းချမ်းရေးသာ သိတယ်။ မယ်နယ် တောင်တန်း သာမိုင်ခမ်း အလွမ်းသံစဉ်ရှည် ကျနော့်ကဗျာ၊ ဆရာ့ အတွက် ကျနော့်ငြိမ်းချမ်းရေး အမှတ်တရပါဆရာ။

● ကိုနေဝင်း
အရာအားလုံး ငြိမ်းချမ်းပါစေ။

● နေဦးဝေ
ငြိမ်းချမ်းရေးနဲ့အမျိုးသားသွေးစည်းညီညွတ်ရေးရရှိဖို့ အမှန်တရားဖော်ထုတ်ရေးတွေ နစ်နာသူတွေအတွက် တရားသဖြင့်ဖြစ် စေရေးတွေ အထူးလိုအပ်ပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ဘဝတာဟာ အဲဒီအမှန်တရားတွေနဲ့ သမိုင်း ဖြစ်ရပ်မှန်တွေကို နောက်မျိုးဆက်တွေလက်ထဲ ရောက်အောင် တစိုက်မတ်မတ် ကြိုးပမ်းခဲ့တဲ့ဘဝတာလို့ ကျနော်မြင်ပါတယ်။ ဒါကြောင့် ဆရာကြီးဟာ နောင်မျိုးဆက်ပေါင်းများစွာကြားမှာလည်း ဆက်လက်ရှင်သန်နေမှာပါ။ နောင်မျိုးဆက်တွေဟာ ဆရာကြီးပေး ထားတဲ့ အဲဒီသမိုင်းဖြစ်ရပ်မှန်အမွေတွေကို ပွေ့ပိုက်ပြီး ဆရာကြီးတောင့်တခဲ့တဲ့ ငြိမ်းချမ်းရေး တိုက်ပွဲကို ဆက်တိုက်ကြမှာပါ။ ဒါကြောင့် ဆရာကြီးရဲ့တန်ဖိုးဟာလည်း ဆရာကြီး မရှိတဲ့နောက်ပိုင်းမှာ ပိုလို့တောင်ကြီးမားနေမှာဖြစ်ပါတယ်။

● မောင်ကိုကို (အမရပူရ)
ဖတ်လိုက်တိုင်း အနုပညာ၊ ဖတ်လိုက်တိုင်း အဘိဓမ္မာ၊ ကျနော်တိုရဲ့ ဆရာဒဂုန်တာရာ။

● နောင်ကျော်
မသေခင်မှာ တိုင်းပြည်ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်လို့ ဆန္ဒပြင်းပြခဲ့ကြတဲ့ ဆရာကြီး သခင်ကိုယ် တော်မှိုင်းရော ဆရာဒဂုန်တာရာပါ မြင်သွားခွင့် မရခဲ့ကြဘူး။ ကျနော်တို့တတွေရော မသေခင်မှာ မြင်ခွင့်၊ တွေ့ခွင့်၊ ဆုပ်ကိုင် ခံစားခွင့်ရပါ့ မလား ငြိမ်းချမ်းရေးရေ။

● ညွှန့်လွင် (RIT)
ရန်သူမရှိ မိတ်ဆွေသာရှိသည်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာပဲဆိုသည့် ဆရာကြီးဒဂုန် တာရာသည် ၁၉၁၉ ခု မေလ၁ဝရက်နေ့တွင် ဖွားမြင်ခဲ့ရာ ယခု၂ဝ၁၈ခုနှစ်တွင် အသက်၉၉နှစ် ပြည့်ပြီဖြစ်၏။ သူသည် ငြိမ်းချမ်းရေးကို အစဉ်အမြဲ ယုံကြည်၏။ သူ ယုံကြည့်သည့်ငြိမ်းချမ်း ရေးရရှိစေရန် ဆုမွန်တောင်း လိုက်ရပါသည်။

● ကိုထက် (ရေဦး)
မြန်မာပြည်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုင်စွဲထားတဲ့ငြိမ်းချမ်းရေးနောက် တစိုက်မတ်မတ် လျှောက်လမ်းခဲ့သူ ငြိမ်းချမ်းရေးကို လိုလားအတောင့်တဆုံးသူအဖြစ် ဆရာဒဂုန်တာတယ်ရာရှိနေခဲ့ပါတယ်။ ဆရာ့ရပ်တည်ချက်၊ ဆရာ့နှလုံး သား၊ ဆရာ့စာကဗျာများဟာ ငြိမ်းချမ်းရေးဆီသို့ပါပဲ။ နှစ်များစွာ တိုက်စားသွားခဲ့ပြီးလည်း ဆရာကတော့ ငြိမ်းချမ်းရေး ဘက် မှာဆိုတာ အသေအချာပါပဲ။ ဆရာ့ ၉၉ ပြည့်မွေးနေ့နှစ်အထိတော့ ဆရာ လိုချင် ဆရာမြင်ချင်တဲ့ ငြိမ်းချမ်းရေးရုပ်လွှာ ဖြစ် မလာသေးပါဘူး။ ဆရာလိုချင်တဲ့ငြိမ်းချမ်း ရေး ကျနော်တို့လည်း စောင့်မျှော်နေရဆဲပါ။ ဆရာတာရာရဲ့ငြိမ်းချမ်းရေးအိပ်မက် ဟောဒီမြန်မာပြည်မှာ ပွင့်လာဦးမယ် ထင်ပါရဲ့။

● ကိုငြိမ်း (မန္တလေး)

 ရန်သူ့မြေပေါ် “ငှက်” လွှတ်သူ .........

● ချစ်ခြင်းလှိုင်
ငြိမ်းချမ်းရေးအတွက် ရေးတဲ့စာ

ကျမအဖေက ပြည်သူ့ရဲဘော်ပါတီကပါ။ ၁၉၅ဝကျော် ကာလများက ဖြစ် ပါတယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့ အချိန်တခုမှာ အဖေနဲ့သူ့ပါတီက ရဲဘော်တယောက်ဟာ တိုက်ပွဲထဲမှာ ပိတ်မိနေခဲ့ပါ တယ်။ ပစ်ရင်းခတ်ရင်းကနေ သူ့ရဲဘော်သူငယ်ချင်းဟာ သေနတ်မှန်သွားခဲ့ပါတယ်။ ဒါနဲ့ အဖေဟာ သူငယ်ချင်းကို တွဲပြီး တိုက်ပွဲထဲကနေ ထွက်ပြေးခဲ့ရပါတယ်။ ပုန်းလျှိုးကွယ်လျှိုးနဲ့ ချောက်တခုထဲ လှိမ့်ဆင်းချလိုက်ပြီး သေနတ်သံတွေနဲ့ဝေးရာ လျှို့တခုတည်းထဲမှာ ဝပ်နေခဲ့ပြီး နားရောမျက်စိရော ဖွင့် ထားခဲ့ရပါတယ်။ အသံတွေ ငြိမ်သက်တဲ့အခါမှ သူငယ်ချင်း ဒဏ်ရာကို ကြည့်ရပါတယ်။ အဲဒီအချိန်မှာ ဒဏ်ရာကသွေး တွေ တအားထွက်နေခဲ့ပြီး အဲဒီရဲဘော်ဟာ အားပြတ်နေခဲ့ပါပြီ။ အဖေက ရဲဘော်တောင့်ထား ဒီနားမှာ ရွာတရွာတော့ ရှိမှာပဲ။ ရောက်တော့မယ်ဆိုပြီး အားပေးခဲ့တယ်။ ပြီးတော့ သူ့စွပ်ကျယ် စုတ်ကိုဖြဲ၊ မီးရှို့လိုက်ပါတယ်။ အဲဒီပြာကို ဒဏ်ရာထဲဖိ သိပ် ထည့်ပြီး ပုဆိုးအနားကို ဖြဲစုတ် ပတ်တီးအဖြစ် တင်းတင်း စီးပေး လိုက်ပါတယ်။ နောက်လှည်းလမ်းကြောင်းပေါ်က အရိပ်ကောင်းတဲ့သစ်ပင်တပင်ခြေရင်းမှာ မှီထားခဲ့ပြီး ရဲဘော်ရေ လှည်းတစီးစီးတော့ လာမှာပဲ။ အဲတော့ ကယ်ကြပါလို့သာ အော် ကွာ၊ ဒီရွာက အစိုးရထောက်ခံတဲ့ရွာလား၊ အလံနီရွာလား၊ ကွန်မြူနစ်ရွာလား၊ ရဲဘော်ဖြူရွာလား မသိတော့ကျုပ်တော့ ပြေးရမှာ၊ ရဲဘော် ကတော့ ကံဆိုးကံကောင်းပဲ ဆိုပြီး တိုက်ပွဲ ဆန့်ကျင်ဘက် အရပ်ဆီ တခါတည်း ပြေးခဲ့ရပါတယ်တဲ့။ သူ့ ရဲဘော် သေသလားရှင်သလား မသိတော့ဘူးတဲ့။ သူလည်း သူ့ရပ်ရွာမပြန်ရဲတော့ဘဲ ကျောက်ပန်းတောင်းဘက်က အမေ့ ရွာဘက်မှာ ဇာတ်မြှုပ်နေခဲ့ရပါတယ်။ ပြည်တွင်းစစ်ရဲ့ဆိုး ကျိုးဟာ အဲဒီအချိန်ကတည်းက မိကွဲဖကွဲ ချစ်သူခင်သူရဲဘော်ရဲဘက်တွေနဲ့သေကွဲကွဲခဲ့ရ ရှင်ကွဲကွဲခဲ့ရတာပါ။

အဲဒီ အဖြစ်အပျက်တွေ ဖြစ်ပျက်နေခဲ့တာ နှစ်ပေါင်းလေးဆယ်ကျော်ကြာမြင့်ခဲ့ပြီးတော့ စတေးခဲ့ရတဲ့အသက်တွေဟာ မပြီး ဆုံးသေးပါဘူး။ ကျမခင်ပွန်းသည် (ကဗျာဆရာ အုန်းမြင့်လှိုင်) နိုင်ငံရေးနဲ့ထောင်ကျနေချိန် ကျမသားကြီး ကျောင်း သားအရေးနဲ့အဖမ်းခံနေရချိန် ၁၉၉၂ခုလောက်ထင်ပါတယ်။ ကျောင်းသားတွေ ဆန္ဒပြပွဲတခု မန်းလေးမြို့ထဲမှာ ဖြစ်ခဲ့ပါ တယ်။ လူစုခွဲပြီး ပြေးလာခဲ့ကြတာက ကျမရဲ့ရွှေတြိဂံလက်ဖက်ရည်ဆိုင်ကို ဖြစ်ပါတယ်။ ဆိုင်အနောက်ဘက်က သစ်ပင် တွေ အကွယ်မှာ ကချင်ပုဆိုးတွေ အင်္ကျီအဖြူတွေချွတ်ပြီး တခြားအဝတ်အစားတွေနဲ့ ပြောင်းပြီး လဲဝတ်ကြပါတယ်။ နောက်ပြီး အဲဒီအဝတ်ထုတ်ကြီးကို ကျမဆီ လာအပ်ပြီး အန်တီဖွက်ထားပေးပါဆိုပြီးထားသွားခဲ့ပါတယ်။ သူတို့ကတော့ ခြေရာဖျောက်သွားကြပေမယ့် ကျမမှာတော့ ဒီအထုပ်ကြီးကို ဘယ်နားသွားထားရပါ့မလဲ။ တော်ကြာ ဟိုနား ထားလိုက် မဖြစ်သေူပါဘူးဆိုပြီး ဒီနားရွှေ့ထားလိုက်နဲ့စိုးရိမ်သောကတွေနဲ့ပါ။ ခဏနေတော့ ကျောင်းသားတယောက် ရောက်လာပြီး ကျနော့်အဝတ်တွေ လာယူတာ အန်တီ ကျေးဇူးပဲနော်လို့ ပြောပြီး ချက်ချင်းပြန် ထွက်သွားပါတယ်။ သူစက်ဘီးနင်း ထွက် သွားတာကို ကြည့်နေတုန်း ရှိပါသေးတယ်။ ကျမဆိုင်ကို အဓိကရုန်းနှိမ်နင်းရေး တပ်သားတွေ အပြည့်နဲ့ စစ်ကားလေး စီးရောက်လာပြီး ခြံထဲတောနင်းရှာတော့တာပါ။ ကျမကိုထိုင်ခိုင်းထားပြီး ဘက်နက်နဲ့နောက်ကနေ ချိန်ထားပါသေးတယ်။ ရှေ့က စစ်ဗိုလ်က ကျောင်းသားတွေ ရှိလား ဘယ်ဘက်သွားလဲ ဘယ်နှယောက်လဲနဲ့ ကျမကို စစ်မေးနေခဲ့ပါတယ်။ သူတို့ကျေနပ်အောင် ရှာဖွေမေးမြန်းပြီး ပြန်သွားမှ ကျမမှာ အသက်ဝဝ ရှူမိရပါတယ်။ ကျေးဇူးတင်ပါတယ် အန်တီလို့ နှုတ်ဆက်သွားတဲ့ကလေးတွေကို ကျမနောက်ဆုံးတွေ့လိုက်ရတာပါ။ အဲဒီကျောင်းသားခေါင်းဆာင်လေးက မြောက်ပိုင်း ကချင်ဘက်မှာ ကျဆုံးသွားတဲ့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်ပေါ့။ ပြည်တွင်းစစ်မီးတွေ တောက် လျှောက်လောင်မြိုက်ခဲ့လို့ အပြစ်မဲ့တဲ့လူငယ်လူရွယ်တွေ ပြည်သူတွေ ကလေးသူငယ်တွေ အသက်တွေ ပေးဆပ်လာ လိုက်ကြရတာ နှစ်ပေါင်း ၆ဝကျော်လာခဲ့ပါပြီ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဘကြီးမှိုင်းတို့ ဆရာဒဂုန်တာရာတို့က အစ ပြုပြီး တောင်းဆိုလာခဲ့ကြတာလည်း နှစ်တွေကြာညောင်းခဲ့ပါပြီ။ အခုချိန်ထိ ငြိမ်းချမ်းရေး မရသေးတာ ဘာကြောင့်ပါလဲ။ ဘယ်အရာက ဒီလောက်ခက်ခဲကြန့်ကြာနေရပါသလဲ။

ဆရာတာရာ အသက်ထင်ရှားရှိနေသေးရင်လည်း သူ တောင်းဆိုမယ့် အရာဟာ ငြိမ်းချမ်းရေး ပဲဖြစ်နေဦးမှာပါ။

● မင်းသက်ဇဉ်
ငြိမ်းချမ်းရေး ဘယ်လောက်အော်အော် မကြားဘူး၊ ဘယ်လောက် တောင်းတောင်း ရူးချင်ယောင် ဆောင်နေတယ်၊ ဘယ်လောက်ပြောပြောစောက်မှတ်မရှိဘူး၊ စောက်ရှက်မရှိဘူး။ ငြိမ်းချမ်းရေး အရှိုက်တည့် တည့်မှာ အနာကြီးနဲ့ ယင်တွေ တလောင်းလောင်း။

● သစ်ငြိမ်း
ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ဆရာ ငြိမ်းချမ်းရာအရပ်ကနေ မငြိမ်းချမ်းနိုင်သေးတဲ့တိုင်းပြည်ကို လှမ်း ကြည့်ရင်း စိတ်ထိခိုက်ခံစားနေရဦးမယ်လို့ထင်ပါတယ်။

● ဟာရီကိန်း
မကြွေတဲ့ ကြယ်၊ မသေတဲ့ ကဗျာ၊ ငြိမ်းချမ်းရေှးဗိသုကာ အနုပညာဖခင် ဒဂုန်တာရာ။

● စိုးဘားဒိုင်
ဆရာ့နှလုံးသားက ငြိမ်းချမ်းရေး၊ ဆရာ့ကဗျာတွေထဲက ငြိမ်းချမ်းရေး အကောင်အထည်ပေါ် အဓွန့်ရှည်ပါစေ။

● စိုးခိုင်ညိန်း
လေနုအေးသည် တနွဲ့နွဲ့နော့နေဆဲကိုတဲ့။ ဆရာကြီးကို အမေမာရဲ့မွေးနေ့ပွဲတောင်သမန်တောင်လေးလုံး ကျောင်းမှာ လူ တွေကြားထဲ တိုးဝှေ့ ကြည့်ခဲ့ရဖူးသည်။ လှိုင်းတွန့်တို့ဖြင့် ဖွေးဖွေးဖြူနေသော ဆံပင်တို့ကို လှန်ဖြီးထားကာ ဝှီးချဲပေါ်မှာ ထိုင်နေသော ဆရာကြီးမှာ ပုံတွေမှာ မြင်ဖူးထားသည့်အတိုင်း တထပ်တည်း ကျပါသည်။ တနှစ်က အင်းလေး သွားတော့ ကားပေါ်ကနေ သာမိုင်းခမ်းသို့ဆိုသည့်လမ်းညွှန်ဆိုင်းဘုတ်ကလေးကို ဖတ်လိုက်ရခိုက် ရင်ခုန်လှုပ်ရှားသွား သည်။ ဆရာကြီးကား မရှိတော့။ သူ့ အရိပ်တို့သည် အသက်ဝင်နေဆဲ။

● ကျော်ခန့်လူ
တောင်နှင့်မြောက် ကိုရီးယားတွေတောင် နူးညံ့သိမ်မွေ့နွေးထွေးတဲ့ဆက်ဆံရေးဆီ တဖြည်းဖြည်း ရွေ့လာ နိုင်ကြသေးတာပဲ။ ဒီနိုင်ငံထဲကတိုင်းရင်းသား အချင်းချင်း ဘာဖြစ်လို့ မရွေ့နိုင်သေးသလဲ။ ရန်မီးပွားမှုကို ဆက်လက် ဆုပ် ကိုင်ထားတဲ့နှစ်ဖက်ခေါင်းဆောင်တွေရဲ့သဘောထားကြီးခြင်းသေးခြင်းပေါ် မူတည်နေတာပါပဲ။ ငြိမ်းချမ်းရေးအတွက် အမြင်ကျယ်၊ သဘော ထားကြီးကြပါစေ။

● ဥက္ကာကျော်
အသက်၁ဝဝ ငြိမ်းချမ်းရေး ၁ဝဝ၊ ငြိမ်းချမ်းရေးကဗျာဆရာကြီး ဆရာတာရာ အသက် ၉၉ နှစ်ပြည့် ပါပေါ့လား။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ငြိမ်းချမ်းရေးခရီးစဉ်တွေတွဲလုပ်လာတာလည်း ကြာလှပေါ့။ ဆရာ ကြီး မရှိတော့တဲ့နောက် ငြိမ်းချမ်းရေးအလံကို ဆက်လက်ကိုင်စွဲပြီး လူငယ်တွေရှေ့က ဦးဆောင်ခဲ့တာတွေ ဆရာ့မွေးနေ့ကို ၂ဝဝဝပြည့်နှစ်မှာ စတင် ရောက်ရှိတော့ ငြိမ်းချမ်းရေးစကားတွေပဲ ပြောခဲ့တာ။ ခု ၁၈ နှစ်တောင် ရှိပါပေါ့။ သြော် ဆရာ့အသက်တစ်ရာပြည့် တောင် ကျနော်တို့တိုင်းပြည် ငြိမ်းချမ်းရေး ရပါဦးမလားဗျာ။

● ရဲဝင်းကျော် (အောင်ပန်း)
ငြိမ်းချမ်းရေး စကားသံတွေ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြည်ထောင်စုစစ်စစ် တကယ်ရ ဖို့ ငြိမ်းချမ်းရေးအဘရဲ့ခေါင်းချရာမြေ။ (ဆရာ ဒဂုန်တာရာ ၉၉နှစ်ပြည့် မွေးနေ့သို့)

● မောင်ကြူးရင့်
ငြိမ်းချမ်းရေး ကဗျာဆရာ ဒဂုန်တာရာ

ဆရာဒဂုန်တာရာဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့တ လျှောက် လုံး ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ချိုးဖြူသို့ပန်ကြားချက်အစရှိတဲ့ ငြိမ်းချမ်းရေး ကဗျာများ ကိုရေးသားခဲ့သူဖြစ်ပါတယ်။ အကြမ်းဖက်ဝါဒကို မုန်းပြီး ငြိမ်းချမ်းရေးကိုချစ်သူဖြစ်ပါ တယ်။ မုန်းသူမရှိ ချစ်သူသာရှိ နိုင်ငံ ရေးလုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်ရတာ၊ ဒါဟာ ဆရာ  ဒဂုန်တာရာရဲ့ထင်ရှား တဲ့ငြိမ်းချမ်းရေး အယူ အဆတခုဖြစ်ပါတယ်။ ဆရာဒဂုန်တာရာဟာ ငြိမ်းချမ်းရေး ကဗျာ တဦးလို့ သတ်မှတ်နိုင်သလို အနုပညာမှာ ဘက်စုံထူးချွန် သူတဦးဖြစ်ပါတယ်။ စကားပြေအနေနဲ့ ကဗျာ စာပေ နိုင်ငံရေးဆောင်းပါးတွေ အများအပြား ရေးသားခဲ့သလို ဝတ္ထုတွေ လည်း ရေးသားချန်ရစ်ခဲ့ သူဖြစ်ပါတယ်။ စကား ပြေမှာ ထင်ရှားအကျော်ကြားဆုံး လက်ရာ ကတော့ လူရုပ်ပုံလွှာအဖွဲ့အနွဲ့ အရေးအသားသစ်ဖြစ်ပါတယ်။ ဆရာဒ ဂုန်တာရာဟာ စန္ဒယားနဲ့ဆရာလည်းဖြစ်ပါတယ်။ တခေတ်တခါက ဗိုလ်ချုပ်အောင် ဆန်းတို့ သခင်ဗဟိန်းတို့ သခင်သန်းထွန်းတို့ သခင်ရဲဘော်များကို စန္ဒယားနဲ့ဖျော်ဖြေတင် ဆက်ရသူလည်းဖြစ်ပါတယ်။ ဆရာဒဂုန်တာ ရာဟာ ပန်းချီလည်းရေးပါတယ်။ သူရဲ့မယ်နယ်တောင်တန်းပန်းချီကားဟာ နာမည်ကြီးပါတယ်။ ဆရာဒဂုန် တာရာဟာ ၂ဝရာစုရဲ့တောက်ပတဲ့ငြိမ်းချမ်းရေးကဗျာဆရာကြီးတဦးဖြစ်ပါတယ်။ ဝမ်းနည်း စရာ အကောင်းဆုံးကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ဆရာဒဂုန်တာရာတို့ တွေ့လိုမြင်လိုတဲ့ ငြိမ်းချမ်းရေးဟာ ခုထိ မရသေးတာပါပဲ။ ဆရာ ဒဂုန်တာရာရဲ့၉၉ နှစ်ပြည့်တော့မယ့်အချိန်မှာ ကျနော်နဲ့မောင်သင်းခိုင် ဆရာ့အိမ်က အပြန်မှာ အိမ်ပြင်ထွက်ကာ ကျနော် တို့လက်တင်းတင်းဆုပ် အရေးတော်ပုံ အောင်ရမည် သုံးကြိမ်ဆို နှုတ်ဆက်တဲ့ ပုံရိပ်ဟာ ကျနော့် တသက် ဘယ်တော့မှ မမေ့နိုင်တဲ့ပုံရိပ်ဖြစ်ပါတယ်။
 

မောင်ခိုင်မွန်(ပလိပ်)
 ငြိမ်းချမ်းရေးမဟာကဗျာ ဆရာဒဂုန်တာရာ
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြီးရင်ဆရာတာရာဟာ မြန်မာ့နိုင်ငံရေး သမိုင်း မြန်မာ့စာပေအနုပညာရေးစီးကြောင်းနဲ့ မြန်မာ့ငြိမ်းချမ်းရေး လမ်းကြောင်းတွေမှာ အလွန်အရေးပါတဲ့ အသံ ထွက်စာမျက်နှာတွေပါ။ အဖိုးဆရာကြီး သခင်ကိုယ်တော်မှိုင်းက စာပေအနုပညာတပ်ဦးကနေ မြန်မာ့ငြိမ်းချမ်း ရေး အတွက်သာမက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ပါ အိုကြီးအိုမနဲ့သွားလာလှုံဆော်ကာ အသက် ၈ဝကျော် ၉ဝတွင်းမှာ သူမြင် ချင်တွေ့ချင်လှတဲ့ ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုသွားရရှာတယ်။ ဆက်ခံသူလို့ ဆိုရမယ့်ဆရာ ဒဂုန်တာရာက သူ့အလေ့ အလာ သူ့ဖြတ်သန်းမှု အတွေ့အကြုံကို ဗဟိုပြုလို့ ရန်သူမရှိ မိတ်ဆွေသာရှိ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဖော်ဆောင်ခဲ့ရင်း ကျနော်တို့နဲ့ထားသွားရရှာပြန်တယ်။ ကနေ့အထိ ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီးလုပ်နေကြတုန်း တိုင်းရင်းသားပြည်သူ ပြည်သားအားလုံးက “စစ်ပွဲတွေ ဆိုမှ ရပ်ပွဲတွေ စစ်ကြတုန်း” ။ ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်းနဲ့ရန်သူမရှိ မိတ်ဆွေသာရှိတဲ့ ဆရာဒဂုန်တာရာတို့ကို ကျနော်ဖြင့် အားနာလို့မဆုံး။  ငြိမ်းချမ်းအေးချမ်းကြပါစေ။

● အောင်ကောင်းမြစ်
ဘယ်တုန်းကမှ နိုင်ငံရေးသမား မဟုတ်၊နိုင်ငံရေးပညာကို လေ့လာလိုက်စားနေသော ကျောင်းသားတ ယောက်သာဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ပုံရိပ်ဖော်ခဲ့သူ၊ ငြိမ်းချမ်းရေးကို ဘဝတလျှောက်လုံး လိုလားတောင့်တလွန်းစွာ ရန်သူမရှိ မိတ်ဆွေသာရှိလို့ နောက်ဆုံးအချိန်ထိ ကျူးရင့်ခဲ့သူ။ ဆရာကြီးဒဂုန်တာရာရဲ့အိပ်မက်ဘုံ အထိ ဤမြေမှ ငြိမ်း ချမ်းရေးပန်းများ လှိုင်လှိုင်ပွင့်ဝေ ထုံထုံသင်းမည်ဟု ယုံကြည်ရင်း ဆရာကြီးအား အောက်မေ့ဦးညွှတ်လိုက်ရပါတယ် ခင် ဗျား။

● ကွန်စစ်ကောင်း
ငြိမ်းချမ်းရေးဆိုတာနှစ်မျိုးရှိတယ်။ အုပ်ချုပ်သူလူတန်းစားတွေက ပြောတဲ့ငြိမ်းချမ်းရေးနဲ့ပြည် သူတွေက ပြောတဲ့ ငြိမ်းချမ်းရေး။ ပြည်သူတွေက ပြောတဲ့ငြိမ်းချမ်းရေးကသာ ငြိမ်းချမ်းရေးအစစ်။

● နွေလယ်နေ
ဆရာ့မဲနယ်တောင်ပန်းချီကားမှာဆိုင်းနေခဲ့တာ ယမ်းခိုးတွေမဟုတ် မြူခိုးတွေသာ၊ ဆရာ့စန္ဒယား ခလုတ် တွေကြားက လျှံကျလာတာ စိန်ပြောင်းသံမဟုတ် ညင်းပျောင်းထံတျာ၊ မုန်းသူမရှိဆရာ့အဘိဓာန် ချစ်သူ သာ ပြည့်စတမ်း၊ ရန်သူကို မိတ်ဆွေဖွဲ့ခြင်းဖြင့် မီးကြွင်းကို အခိုးသတ်စေကွဲ့လို့ ဖြူရှင်းတဲ့ ဆရာ့အတွေးအခေါ် ကျနော်တို့မှာ သတင်းစာဖတ် ရင်းလွမ်း၊ ချိုးငှက်ကလေးခမျာလည်း လှောင်ချိုင့်ထဲမှာ နွမ်း။

● နိုင်ဝင်းသီ
ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ ဆရာဒဂုန်တာရာသာရှိနေခဲ့လျှင် လက်နက်ငယ် ပစ်ခတ်သံနှင့် လက်နက်ကြီး ပေါက်ကွဲသံတွေကို ကြားပြီး ထိခိုက်ကြေကွဲမှာ အသေအချာ။ ငြိမ်းချမ်းရေးချိုးငှက်သည်ပင် လင်းတတွေ ဝိုင်းဆိတ်လို့ အမွေးအတောင်တွေ ကျွတ်ထွက်ပြီး ဘယ်ဆီကိုရောက်နေမှန်းမသိရသော အခြေအနေမျိုး မဟုတ်လား။

● တင်လတ်ကို (အောင်ပန်း)
ဘာစိုက်စိုက် စိုက်သမျှ ပြန်ပေးတယ်။

Comments