လင်းသက်ငြိမ် ● ဝမ်းနည်းစရာ သတင်းစကား

 
လင်းသက်ငြိမ် ● ဝမ်းနည်းစရာ သတင်းစကား
(မိုးမခ) ဇွန် ၂၁၊ ၂၀၁၈


အခုထိလွင့်နေတဲ့ နာဂါဆာကီက မီးခိုးငွေ့တွေလို။ ဓာတ်ဆီတိုင်ကီနားမှာမှ ဆေးလိပ်မီးညှိလိုက်မိသလို။ ကိုယ်မတွေ့မီ လိုက်ရတဲ့ တော်လှန်ရေးကြီးအကြောင်း အခုမှစာအုပ်ထဲပြန်ဖတ်ရသလို။ ဝမ်းနည်းစရာသတင်းစကားဟာ နေရောင်ခြည်လို အကျိုအကြားထဲကနေ ထိုးဖောက်ဝင်ရောက်လာတယ်။ နေ့တိုင်း လူတွေ ဖွားမြင်နေကြ။ နေ့တိုင်း လူတွေသေဆုံးနေကြ။သတင်းစကားဆိတ်သုဉ်းတဲ့နေ့ဆိုတာ ကမ္ဘာမှာရှိလို့လား။ ရေးလက်စကဗျာကို မေ့လျော့သွားရတယ်။ တွေးလက်စအတွေး တွေ အငွေ့ပျံပျောက်ဆုံးသွားကြတယ်။ ကောင်းသောစကားကိုဆောင်ယူတတ်သော တမန်တော်ကိုသာ အလိုရှိပါတယ်။ ဝမ်းနည်းစရာသတင်းစကားဟာ အမှန်တရားတခုရဲ့ဒဏ်ရာတွေကနေ သွေးနဲ့အတူ စီးထွက်လာခဲ့တယ်။ ခေတ်က တိုး တက်လာတော့ ပျော်စရာပဲဖြစ်ဖြစ်၊ ဝမ်းနည်းစရာပဲဖြစ်ဖြစ် အလျင်အမြန်ထိုးကျလာနေတယ်။ ကောင်းခြင်းဆိုးခြင်းကို ဘာနဲ့ အနက်ခွဲမလဲ။ ဒီနိုင်ငံမှာ ပန်းပွင့်တယ်ဆိုတဲ့သတင်းက ရွှေထက်ရှားပါတယ်။

ချစ်သောသူတို့ရဲ့ နှုတ်ဆက်ထွက်ခွာခြင်းခံရတဲ့အခါ ကျန်နေသူတွေက ဘယ်သီချင်းကို သီဆိုနေရစ်ခဲ့ရမှာလဲ။ မျှော်လင့်ခြင်း များအတွက် ချောက်နက်ကြီးများ အဆင်သင့်ရှိတည်ရှိနေကြတယ်။ အပြုံးတွေပျောက်ပျောက်သွားတတ်လွန်းလို့ အမှတ် တရကျန်ရစ်အောင် ဓာတ်ပုံရိုက်ယူထားရတဲ့နိုင်ငံတော်မှာ အမှတ်တရဆိုတာထက် အမှတ်တမဲ့တွေအိုင်ထွန်းသိုင်းဖွဲ့လို့။ ဝမ်းနည်းစရာသတင်းတိုင်းကို မှားယွင်းပါစေလို့ ငါဆုတောင်းခဲ့ဖူးတယ်။`ကာလာဟလဆိုတာ ပုံကြီးမချဲ့ပဲမနေတတ်´ တဲ့ ဖတ်လက်စ မိုဗီဒစ်ဝတ္ထုထဲကစာသား။ ကောင်းမွန်သော သတင်းစကားတွေက ခြေထောက်မသန်တဲ့ မြင်းလိုခရီးတွေကို ရွံ  မုန်းနေတတ်တာ သတိထားမိရဲ့။ လူတွေမထင်ထားတဲ့ သတ္တုတွေလေပေါ်ပျံတဲ့ကိစ္စက အခုထိမှန်ကန်တိုးတက်လို့။ လူတွေ ထင်ထားတဲ့နိုင်ငံတော်က အခုထိ ရေဝဲထဲရောက်နေတဲ့ ရွက်သင်္ဘောလို။ မျက်လုံးမှိတ်ပြီး တစုံတရာကို ကောက်ကိုင်လိုက် ခင်ဗျားလက်ထဲရောက်နေတာ ပျော်ရွှင်မှုမဖြစ်ဖို့ အာမခံပါတယ်။ အဲ့ဒီလို ပရိဒေဝတွေ သေချာနေတဲ့နှစ်တွေဟာ အခုထိ ရှင် သန်နေတုန်းပါပဲ။

တလောက အသိကဗျာဆရာတယောက် ကွယ်လွန်သွားခဲ့တယ်။ ရတဲ့စာမူခကလေးနဲ့ နာရေးကူလိုက်ရုံကလွဲပြီး ငါ ဘာမှ မတတ်နိုင်ခဲ့ဘူး။ မာကြောကြော ကြွပ်ဆတ်ဆတ်ကဗျာဆရာရဲ့အသံတွေကို ပြန်ကြားယောင်မိတယ်။ အခုကဗျာဆရာ တ ယောက်နေထိုင်မကောင်းတဲ့ သီတင်းကိုကြားရပြန်တယ်။ ဘာရယ်မှန်းမသိပဲ တနေ့လုံး စိတ်ထဲဂဏှာမငြိမ်ဖြစ်နေမိတယ်။ အီလျာအာရင်ဘတ်ရဲ့ကဗျာအနုပညာဟာလည်း အန္တရာယ်များတဲ့ လုပ်ငန်းခွင်ဆိုတဲ့စကားကို သတိရမိတယ်။ အော်တိုဗီ ယိုပတ်စ်ရဲ့ လူ့အဖွဲ့အစည်းအကြောင်းပြောထားတဲ့ စကားတခုကို စာထဲဖတ်ဖူးခဲ့တယ်။ မပျော်ရတဲ့ကိစ္စတွေကိုပဲ ရောင်း ကောင်းအောင်ထုတ်လုပ်နေတဲ့ ကမ္ဘာကို ငါအလိုမရှိဘူး။ နေရာတကာ အစီအစဉ်တကျ လွဲချော်နေတဲ့နိုင်ငံမှာ ကိုယ်ပူဇော် နေတာ နတ်ရုပ်လား ဘီလူးရုပ်လား မခွဲခြားနိုင်တဲ့ ခပ်ညံ့ညံ့ စာပေဝါသနာပါသူတွေဆိုတာတွေကိုလည်း အတော်စိတ်ကုန် မိပါတယ်။

ကဗျာဆရာတွေမပျော်ခဲ့တဲ့နှစ်တွေမှာကဗျာဆရာတွေကို ပျော်အောင်ထားဖို့ ဘယ်သူတွေစိတ်ကူးယဉ်ခဲ့ဖူးသလဲ။ ကဗျာဆို တာ လူ့အဖြစ်ရဲ့ ဆာဒါးဟင်းရည်အဖြစ် လူတွေအတွေးရောက်နေခဲ့တာကြာပါပြီ။ ဝမ်းနည်းစရာသတင်းစကားဟာ အဲ့ဒီလို လည်း ဖွင့်ဆိုဖို့ဖြစ်လာခဲ့တယ်။ အစိုးရတရပ်ကိုပံ့ပိုးပြီးတဲ့ အဖွဲ့အစည်းတခုဟာ သူတို့ထောက်ခံတဲ့ အစိုးရတရပ်ဖြစ်တည်ပြီး သွားတဲ့အခါ အိမ်ပြန်သွားလေ့ရှိသလား။ ဝမ်းနည်းစရာသတင်းစကားကို ဒီလိုကျွန်တော် ချဲ့ထွင်မိတယ်။ တဘဝလုံး စာရေး တဲ့ဆရာတွေက ငတ်မွတ်နေရပြီး။ မနေ့တနေ့ကစာ ထရေးပြီး တက်ကျမ်းကျေ စာရေးဆရာတွေက ဝီစကီနဲ့ အဲယားကွန်း ခန်းနဲ့ ငွေနဲ့ကြေးနဲ့ဖြစ်နေတဲ့ အခြေအနေကိုကော ဝမ်းနည်းစရာ သတင်းစကားထဲထည့်ရင် ကျွန်တော့်ကို မုန်းတီးကြမှာလား။

လူမသမာတွေ ပွဲခံနေတဲ့စင်မြင့်တွေ အောက်မှာအတွင်းဒဏ်ရာရနေတဲ့ အိုမင်းမစွမ်း တကယ့်စာပေအလုပ်လုပ်ခဲ့တဲ့လူတွေ ကို မြင်ကြည့်စမ်းပါ။ ကိုယ့်အကြောကိုယ်တင်းပြီး ငတ်မွတ်ခြင်းကို ရယ်မောခဲ့တဲ့လူတွေ။ ကိုယ့်ဘဝကိုယ်သွေးပြီး လူတွေရဲ့ နှလုံးသားကို ဆေးတိုက်ခဲ့တဲ့လူတွေရဲ့ ပျက်စီးနေတဲ့ဘဝတွေက ဝမ်းနည်းစရာသတင်းစကားပဲ။ ဝမ်းနည်းစရာသတင်း စ ကားသာ ကြွယ်ဝတဲ့နေရာမှာ လူတွေဟာ ရယ်မောစရာတွေကို တီထွင်တတ်လာတယ်။ ရယ်သံတွေမှာ လူ့အဖြစ်ဟာ လျှော ကျ ပြိုကွဲနေပြီဆိုတာကိုကော သတိထားမိရဲ့လား။ ရေပေါ်ဆီတွေပြောတဲ့အနုပညာဆိုတာ ဝမ်းနည်းစရာသတင်းစကားပဲ။ ဆေးထိုးအပ်နဲ့ ငွေကိုတူးဆွနေတာ ဝမ်းနည်းစရာသတင်းစကားပဲ။ ဥပဒေကိုငွေနဲ့ခုခုပြီး နင်းနေတာလည်း ဝမ်းနည်းစရာ သတင်းစကားပဲ။ မရှိသင့်တဲ့နေရာမှာရှိနေတဲ့လူတွေဟာ လူ့အဖွဲ့အစည်းကို အောက်ဆုံးအထိ ဆွဲချနိုင်စွမ်းရှိတယ်လို့ ကျွန် တော်ယုံမိတယ်။

မိတ်ဆွေတယောက်နဲ့ကဗျာဆရာတယောက်ရဲ့ကျန်းမာရေးအခြေအနေကိုပြောဖြစ်ရင်း ဒီစာကိုရေးမိတာပါပဲ။ ဖြတ်လမ်းတွေ သိပ်များလာတဲ့ အခြေအနေကိုတွေးရတာပျော်စရာကောင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အရာရာနာကျင်စရာတွေချည်းပဲလို့် လွယ်လင့်တကူထွက်ကျလာတဲ့ အဖြေကို ကျွန်တော်မုန်းမိတယ်။ ခေတ်ပြောင်းပြီလို့အော်နေသူတွေရဲ့ဝတ်ရုံက အရောင်အမျိုးမျိုးပြောင်းသွားကြတယ်။ ရောဂါအသစ်၊ ဆေးဝါးအသစ်၊ နည်းပညာအသစ်တွေနဲ့ ကမ္ဘာဟာ ဖြစ်ထွန်းလို့နေခဲ့တယ်။ ကျွန်တော်တို့ပျက်ကျနေခဲ့ရတဲ့နှစ်တွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ရေးမှတ်တမ်းဖြစ်တယ်။ ဆိုင်းဘုတ်ကိုင်ပြီးလမ်းပေါ်ထွက်မှ တော်လှန်ရေးလို့ ကျွန်တော်မယူဆပါဘူး။ ကိုယ့်ဘဝအတွက်ကိုယ် တိုက်ပွဲဝင်နေသူတွေကိုလည်း တော်လှန်ရေးသမားလို့ ကျွန်တော်ယူဆတယ်။ အဆင်မပြေသူတွေရဲ့သတင်းဟာလည်း အဖက်ဖက်ကယိုစိမ့်နေတဲ့ ခေတ်ကာလ အကျိုးအပျက်ရဲ့ နာမည်တခုပါပဲ။ နေ့စဉ်နဲ့အမျှကြားရတဲ့သတင်းတွေကို သိမ်မွေ့တဲ့ မွှေးရနံ့တခုခု ဆွတ်ပေးချင်မိတယ်။

လူဟာ အသက်ကြီးလာလေ ဝမ်းနည်းစရာသတင်းစကားတွေနဲ့ပိုမို တိုးတိုက်မိတတ်ကြတယ်လို့ ကျွန်တော်တွေးခဲ့ဖူးပါတယ်။ တယောက်အဆင်မပြေမှုကိုတယောက်က ဖေးမကူညီဖို့ဆိုတာ တယောက်ယောက်က အဆင်ပြေနေမှဖြစ်နိုင်တဲ့အခါ။ ကျွန်တော်တို့မတတ်နိုင်တဲ့ အခြေအနေတွေကကျွန်တော်တို့ကို ဒရွတ်တိုက်ဆွဲချသွားခဲ့ကြတယ်။ ကဗျာရေးသူဆိုတော့ ကဗျာ ဆရာတွေနဲ့ပိုမိုရင်းနှီးရတော့ အားလုံးဟာ ဒဏ်ရာတွေနဲ့ ကခုန်နေရတဲ့လူတွေဆိုတာ ကြာလေပိုသိလေ၊ကြာလေ ပိုခံစားရလေပါပဲ။ ကျွန်တော့်မိတ်ဆွေတွေ အကူအညီလိုနေတဲ့အချိန်မှာ ကျွန်တော်ဟာလည်း စိတ်ရောကိုယ်ပါ နိမ့်ဆင်း နေတဲ့အချိန်ဖြစ်နေတဲ့ အကြိမ်တွေလည်း များလာခဲ့ရတယ်။ အဲ့ဒီလိုအခြေအနေတွေဆို ကိုယ့်ကိုယ်ကို မကျေနပ်မှု၊ ကိုယ့်ညံ့ ဖျင်းမှုကို အထင်းသားတွေ့ရမှုတွေနဲ့ ဆောက်တည်ရာမရ ဖြစ်ရလေ့ရှိပါတယ်။

မနေ့တနေ့က ကျွန်တော်တို့လေးစားချစ်ခင်ရတဲ့ ကဗျာဆရာတယောက် နာမကျန်းဖြစ်နေတဲ့အကြောင်းကို သူငယ်ချင်းဆီက ကြားရတယ်။ ကျွန်တော်က အလုပ်လက်မဲ့ဖြစ်နေပြန်တယ်။ စီးပွားရေးသမားဖြစ်ချင်ရင် လူမဆန်ဖို့ အရင်လေ့ကျင့်ရမယ် လို့ တခါကပြောခဲ့ဖူးတဲ့ ဆရာတယောက်ရဲ့စကားကို ကျွန်တော်စိတ်ထဲကငြင်းခဲ့ဖူးတယ်။ အခုလိုအခြေအနေမျိုးကျ ကျွန တော်လူသားဆန်ချင်ခဲ့တာ မှားများမှားခဲ့ပြီလားဆိုတဲ့ အတွေးမျိုးအထိ ကျွန်တော်တွေးနေမိပြန်ပါတယ်။ ဖြစ်နိုင်ရင် ဝမ်း နည်းစရာသတင်းစကားတွေကို ကျွန်တော်မကြားလိုပါ။ တကယ်လို့ ကြားခဲ့ရရင်လည်း တခုခု အကူအညီပေးနိုင်တဲ့ အဖြစ် ကိုသာ အလိုရှိမိပါတယ်။ အခုထိတော့ ကျွန်တော်ဟာ ဝမ်းနည်းစရာသတင်းစကားတွေကို ဒီအတိုင်းငေးကြည့်နေရဆဲပါပဲ။

လင်းသက်ငြိမ်
0