မောင်စွမ်းရည် ● ဂန္ထဝင်နဲ့ ခေတ်ပေါ်

မောင်စွမ်းရည် ● ဂန္ထဝင်နဲ့ ခေတ်ပေါ်
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၈

ယနေ့ မြန်မာစာပေလောကမှာ အမျိုးသားစာပေဆု(ကဗျာ) ရွေးချယ်ရေးနဲ့ ပတ်သက်လို့ ၀ိဝါဒ/ ဒွိဝါဒ အငြင်းအခုံလေး တွေဖြစ်နေတာကို ဖေ့စ်ဘုတ်ပေါ်မှာ ဘာကာစာလွှာပြုနေကြတာကို ဖတ်နေရပါတယ်။ ဆရာကြည်မင်း၊ ကာတွန်းဝင်း အောင်၊ စံငြိမ်းဦး စသဖြင့် ပါဝင်ဆွေးနွေးနေကြတာတွေလည်း တွေ့ရပါ တယ်။ ဟိုလို ဖတ်ရ၊ ဒီလို ဖတ်ရနဲ့ စိတ်ရှုပ် သလို ဖြစ်သွားရပေမယ့် သြော် ဒါဟာ ဒီမိုကရေစီပါလား လို့ စိတ်ဖြေလိုက်ရတော့လဲ ပျော်တောင်လာပါသေး တယ်။ မြန်မာစကား ရှိတယ်မဟုတ်လား။ အငြင်းသန် အမှန် ဆိုတဲ့။

အယူအဆ နှစ်မျိုးကွဲကြတာက အမျိုးသာစာပေ(ကဗျာ)ဆု ရွေးချယ်ရာမှာ နှစ်မျိုး ခွဲပြီးရွေးမလား၊ ပေးမလားဆိုတဲ့ ပြဿနာ ပါ။ နှစ်မျိုးဆိုတာက ...

(၁) ရှေးရိုးမြန်မာ ကဗျာစပ်နည်းပုံသဏ္ဍန် ဖြစ်တဲ့ ကာရန်စနစ် ၄-၃-၂၊ ၄-၃-၁၊ ၄-၂-၄ စတဲ့ ကာရန်ယူနည်းများ၊ ဒွေးချိုး၊ လေးချိုး၊ တြွိချိုး စတဲ့ အချိုးပုံစံ စပ်နည်းများနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာစာအုပ်တွေထဲက တစ်ဆု။

(၂) ကာရန်စနစ်မသုံးဘဲ၊ လွတ်လပ်ကဗျာ စံအမျိုးမျိုးနဲ့ရေးဖွဲ့ထားတဲ့ ခေတ်ပေါ်ကဗျာ၊ မော်ဒန်ကဗျာတွေထဲက တစ်ဆု။
အဲသလို ကဗျာဆု နှစ်ဆုရွေးမလား၊ ပေးမလားဆိုတဲ့ ပြသနာပါပဲ။ ခု နောက်ဆုံး အကဲခတ်ရတာကတော့ ကဗျာဆုရွေးတာဟာ စပ်နည်းပုံစံ မှန်-မမှန် တွေးတာသက်သက်မဟုတ်ဘူး။ ကဗျာ ကောင်း/မကောင်းကို ရွေးတာ။ အတွေး ရော၊ အရေးပါ (စပ်နည်းရော၊ စိတ်ကူးပါ) ဘက်စုံးပေါင်းစည်းကောင်းမွန်တဲ့ ကဗျာမျိုးကိုရွေးတာ။ ဒါ့ကြောင့် ကဗျာကောင်း တစ်ပုဒ်ပဲရွေးရမှာ ပေါ့ဆိုတဲ့ သလောထားကပဲ နောက်ဆုံးမှာ ရှေ့တန်းရောက်လာတာ တွေ့ရပါတယ်။ ကျွန်တော်လည်း ကဗျာဆရာတစ် ယောက်အနေနဲ့ဝင်ပြောရရင် အတွေးရော၊ အရေး ပုံစံပါ ဘက်စုံကောင်းတဲ့ကဗျာမျိုးတွေကိုပဲ နှစ်မျိုးကောင်းတစ်အုပ်သာ ဆိုတာပဲ သဘောပေါက်ပါတယ်။

တော်သေးတယ်။ စကားပြေစာအုပ်တွေမှာလည်း ရှေးဟောင်းစကားပြေနဲ့ ရေးတာတွေထဲက တစ်ဆု။ ခေတ်ပေါ် စကား ပြောသလိုရေးတာတွေထဲက တစ်ဆုဆိုပြီး စကားပြေဆု နှစ်မျိုးပေးသင့်တယ်လို့ ပြောမလာကြဘူး။ မပြောလိုက် ကြပါနဲ့နော်။ ကျုပ်တို့က ခေတ်ပေါ်စကားပြေနဲ့ ရေးနေတာဆိုတော့ …။ ထားပါ တော့ ပြသနာနှစ်ခု ဖြစ်ကုန်ရောပေါ့။

ကျွန်တော်က တစ်သက်လုံးလုပ်လာတာ မြန်မာစာ ဆရာပါ။ ဒါ့ကြောင့် မြန်မာစကားလုံးအသုံးအနှုန်းနဲ့ပတ်သက်လို့ တစ်ခုလောက်တော့ ၀င်ပြောချင်ပါ သေးတယ်။ ဂန္ထ၀င်ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး ပြောချင်တာပါ။ တကယ်တော့ အဲဒီစကားလုံးက မြန်မာစကားလုံး မဟုတ်ရှာပါ။ ပါဠိစကားပါ အဓိပ္ပါယ်ကို အဘိ ဓာန်မျိုးစုံမှာပါတဲ့အတိုင်း ပြောရရင် စကောင်းပေမွန်အဖြစ်၊ စံတင်တဲ့ စာပေ တဲ့။ အများအားဖြင့်တော့ ရှေးကရေးခဲ့ကြတဲ့ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလ၀ံသ၊ နတ်ရှင်နောင်၊ န၀ဒေး၊ လှိုင်ထိပ်ခေါင်တင် တို့ရဲ့စာပေတွေဟာ သူ့ခေတ်နဲ့သူ စာကောင်းပေမွန်တွေပေါ့။ ဂန္ထ၀င်မြောက်၊ စံတင်လောက်တဲ့ စာတွေပေါ့။ အဲဒီ စာတွေက ရှေးခေတ်ထဲမှာကျန်နေခဲ့ပြီမို့ တချို့က ဂန္ထ၀င်စာပေဆိုတဲ့စကားကို ရှေးစာပေ၊ ခေတ်ဟောင်းစာပေလို့ အဓိပ္ပါယ်ကောက်ကြပြန်ပါတယ်။ မမှားပေမဲ့ လည်း အမှန်တော့ပြောလို့မဖြစ်ဘူး။ ရှေးဟောင်း ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ စကောင်းပေမွန်ဆိုရင် ဂန္ထ၀င်ပါပဲ။ ဒါ့ကြောင့် မျက်မောက်ခေတ်က စာကောင်း ပေမွန်များကိုလည်း ခေတ်ပေါ်ဂန္ထဝင် (မော်ဒန်ကလပ်ဆစ်) လို့ ခေါ်ကြတာဖြစ်ပါတယ်။

ရှေးက ဂန္ထ၀င်ကဗျာတွေကို ရတု၊ ရကန်၊ အဲ၊ အထပ် စသဖြင့် ကဗျာပုံစံ တွေနဲ့ရေးပါတယ်။ ကာရန်စနစ်တွေကို အသုံးပြုပြီး ရေးကြပါတယ်။ ဒါ့ကြောင့် ဂန္ထဝင် ကဗျာရေးခဲ့တဲ့ နည်းစနစ်တွေကို ဂန္ထ၀င်နည်းလို့ ခေတ်လူငယ်တွေက ခေါ်ကြပါတယ်။ ခေါ်သင့်တာလည်း မှန်ပါတယ်။ ဒါပေမယ့် ခုခါ အမျိုးသားစာပေ ဆု ကဗျာကိုရွေးကြမယ်ဆိုတော့အလွယ်လိုက်ကြဟန်တူပါ ရဲ့။ဂန္ထ၀င်ကဗျာထဲက  တစ်အုပ်။ ခေတ်ပေါ်ကဗျာထဲက တစ်အုပ် နှစ်အုပ် နှစ်မျိုးရွေးကြမယ်လို့ သုံးနှုန်း ပြောဆိုဆွေးနွေး လာကြတာကို တွေ့လိုက်ရပါတယ်။ တကယ်တော့ဂန္ထ၀င်ကဗျာ တွေထဲက တစ်အုပ်လို့ပြောတာဟာ ဘာအဓိပ္ပါယ်နဲ့ပြောတယ် ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် ခုရှုပ်မှနောင်ရှင်း ဆိုတဲ့မြန်မာစကားလည်း အရှိသားမဟုတ်လား။ ပြောလိုရင်းက ဂန္ထဝင် ကဗျာတွေထဲကတစ်အုပ်လို့ ပြောချင်တာမဟုတ်ပါ။ ဂန္ထ၀င်ကဗျာစပ်နည်းတွေနဲ့ ရေးဖွဲထားတဲ့ကဗျာတွေထဲက တစ်အုပ် လို့ ပြောချင် တာဖြစ်ပါတယ်။

တကယ်ပြောချင်တာက မြန်မာရှေးရိုးကဗျာစပ်နည်းပုံစံများနဲ့ ရေးဖွဲ့ထား တဲ့ ကဗျာစာအုပ်တွေထဲက တစ်အုပ်ကိုလည်း သီးခြားခွဲပြီးကဗျာဆု ပေးစေချင် တယ်လို့ ပြောချင်ကြတာပါ။ ရှည်လို့ တိုအောင်ပြောလိုက်ကာမှ အတိုမှားသွားခဲ့ တာဖြစ်ပုံရပါတယ်။ တိုချင်ရင် ရိုးရာစပ်နည်းနဲ့ရေးဖွဲ့ထားတဲ့ ကဗျာတွေထဲက တစ်အုပ် သို့မဟုတ် ရိုးရာပုံစံတွေထဲက တစ်အုပ်လို့ ပြောလို့ရပါတယ်။ ရိုးရာပုံစံ ထဲ့က တစ်အုပ်၊ ခေတ်ပေါ်ထဲက တစ်အုပ်။ အဲသလိုပြောမှ အရှုပ်အရှင်း လုံးဝ ကင်းရှင်းသွားမှာပါ။

ခု ရွေးချယ်ရေးအဖွဲ့ဟာ ၀ါရင့်စာရေးဆရာကြီးတွေနဲ့ ဖွဲ့စည်းထားတာဖြစ် ပြီး ဆုရွေးချယ်ရာမှာ အထက်အာဏာပိုင်များ၊ အစိုးရအရာရှိများက ပါဝင်စွက် ဖက်တာ လုံးဝမရှိဘူးလို့သိရတဲ့အတွက် အထူးဝမ်းသာပါတယ်။ ဦးသော်ကောင်း ကတော့ စာရေးဆရာမဟုတ်ဘူး။ စာကြည့်တိုက်မှူးပါ။ အမျိုးစုံဖတ်လေ့ရှိတဲ့ စာပေသမားပေါ့။ ဒါပေမယ့် စာရေးဆရာတွေထဲမှာ ဘာစာမျိုးတွေရေးတာလဲ ၊ သူကိုယ်တိုင်က တခြားစာအမျိုးမျိုးနဲ့ကမ္ဘာ့စာကောင်းပေမွန်တွေကို ဦးသော် ကောင်းတို့လည်း ဖတ်လေ့ရှိသလားဆိုတာလည်း ကြည့်ရသေးတာကို။ တချို့က ၀ါရင့်ပေမယ့် အသက်ကြီးပြီး အချိန်မစီးတာမျိုးလည်း ရှိ တတ်ပါတယ်။ သမာသမတ်လည်း ရှိဖို့လိုတာပေါ့။ အလကားအားတိုင်း ဘေးကပူပန်မနေပါနဲ့လို့ ပြောချင်လည်းပြောကြပေ တော့။ ပူပန်မိတာတော့အမှန်ပါ။ အားတိုင်းတော့ မဟုတ်ပါ။ အသက်ကြီးလာလေ ဖတ်စရာစာကြွေးတွေ၊ ရေးစရာစာ ကြွေး တွေက များလာလေဖြစ်လို့ အားလပ်နေတယ်မရှိပါ။

ဘာပဲဖြစ်ဖြစ်။ ဆုရွေးချယ်ရေးအဖွဲ့ကို အစိုးရက ၀င်မစွက်ဘူး။ အဖွဲ့ဆုံး ဖြတ်ချက်အတိုင်း ဆုပေးတာပဲဝင်ရပ်ပေးမယ်လို့ဆိုတာကတော့ အလွန်ကောင်းတဲ့ ဒီမိုကရေစီအရသာပါပဲ။ ဟိုအရင်ခေတ်က အစိုးရကသဘောမကျတဲ့ စာရေး ဆရာကို ရွေးခွင်မရှိခဲ့ဘူးလို့ သိရပါတယ်။ တကယ်တော့ အရင်အစိုးရက စာရေး ဆရာစစ်စစ်တွေကို ဘယ်စာရေးဆရာကိုမှ မကြည် ပါ။ စာရေးဆရာတွေကလည်း အစိုးရကို မကြည်ခဲ့ပဲကိုး။ အစိုးရက ဘုန်းတော်ဘွဲ့၊ ဖီးတော်ဘွဲ့ရေးသူများကိုတော့ ကြည် ပေ့။ ခက်တာကစာရေးတဲ့လူတိုင်းကို စာရေးဆရာလို့ထင်မှတ်တာပဲ။  ဒါ့ကြောင့်လည်း စာပေလုပ်သားလို့ခေါ်ခဲ့တာ ဖြစ်မှာ ပေါ့။ စစ်တပ်လုပ်သားလို့တော့ မခေါ်ခဲ့ဘူးနော။ ဘာပဲဖြစ်ဖြစ် ကျန်းမာထိုက်သူတွေ ကျန်းမာကြပါစေ။

မောင်စွမ်းရည်
၂၀၁၈၊ ဇွန် ၂

Comments