ဇင်လင်း ● မစ်ဆုံရေအားလျှပ်စစ်စီမံကိန်းများ (သို့မဟုတ်) အငြင်းပွားဖွယ် တရုတ်ရင်းနှီးမြှုပ်နှံမှုပြဿနာ

ဇင်လင်း ● မစ်ဆုံရေအားလျှပ်စစ်စီမံကိန်းများ (သို့မဟုတ်) အငြင်းပွားဖွယ် တရုတ်ရင်းနှီးမြှုပ်နှံမှုပြဿနာ
(မိုးမခ) ဇွန် ၂၄၊ ၂ဝ၁၈

မကြသေးမီက ဟောင်ကောင်အခြေစိုက် ANI သတင်းက တရုတ်အစိုးရဟာ မြန်မာပြည်မြောက်ပိုင်းက မြစ်ဆုံ ရေလှောင် တမံ ရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရေး မျှော်လင့်ချက်ကို စွန့်လွှတ်သေးပုံမရကြောင်း ဖေါ်ပြတယ်လို့ ကြားရ တယ်။ ၂ဝ၁၈ ဇွန်လ ၁၇ ရက်နေ့စွဲပါ အေးရှားတိုင်း စာစောင်မှာလည်း  “အငြင်းပွားဖွယ် မြစ်ဆုံဆည် စီမံကိန်းကို တရုတ် နိုင်ငံက ပြန်လည်စတင်လိုပုံရတယ်” (China wants to restart disputed Myitsone dam in Myanmar) ဆိုတဲ့ သတင်း
ဆောင်းပါးဖေါ်ပြခဲ့တာ တွေ့ရတယ်။ ရေးသူက Bertil Lintner ဖြစ်တယ်။ တရုတ်နိုင်ငံဟာသူ့အတွက် ပိုမိုအရေးပါတဲ့ ‘ကျောက် ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း’ ကို အမြန်အကောင်အထည်ပေါ်လာစေရေးအတွက် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို အသုံးချဖွယ် ရှိတယ်လို့ ဖေါ်ပြတာ တွေ့ရတယ်။ အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံ ကုန်ကျမယ့် မြစ်ဆုံဆည် စီမံကိန်းကို မြန်မာနိုင်ငံ တနံတလျားက ပြည်သူတွေ ကန့်ကွက်ခဲ့ကြလို့ သမ္မတ ဦးသိန်းစိန် လက်ထက် ၂ဝ၁၁ ခုနှစ် စက် တင်ဘာလမှာ ရပ်ဆိုင်းထားခဲ့ရတယ်။ စီမံကိန်းပြီးရင် ထွက်ရှိမယ့် လျှပ်စစ်ဓါတ်အားရဲ့ ၉ဝ ရာနှုန်းကို တရုတ်ပြည်က ရရှိ မှာဖြစ်တယ်။ တဖက်မှာ တရုတ်အစိုးရကလည်း စီမံကိန်း ဆက်မလုပ်ရင် မြန်မာအပေါ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ ရဲ့ ယုံကြည်မှု ကျဆင်းသွားမှာဖြစ်တယ်လို့ဝေဖန်တယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမူဝါဒတွေ အကောင်အထည်ဖေါ်ရေး အတွက် စိုးရိမ်စရာဖြစ်လာလိမ့်မယ်လို့ မြန်မာအစိုးရကို နားချနေကြောင်း တရုတ်အစိုးရရဲ့ ဇွန်လ ၁၄ ရက်နေ့ထုတ် ဂလိုဘယ်တိုင်း သတင်းစာ (Global Times) က ဖေါ်ပြတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကတော့ မြန်မာပြည်လူထုတရပ်လုံး လက်မခံနိုင်တဲ့ကိစ္စဖြစ်တယ်။၂ဝဝ၆ ခုနှစ်မှာ  မြစ်ဆုံ ဆည်စီမံကိန်းတည်ဆောက်ရေးအတွက် တရုတ်နဲ့မြန်မာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြတယ်။  ၂ဝဝ၉ ခုနှစ်မှာ ဆောက်လုပ် ရေးလုပ်ငန်းတွေကို တရုတ်အစိုးရပိုင် China Power Investment (CPI) ကုမ္ပဏီက ဦးဆောင် စတင် တည်ဆောက်ခဲ့တယ်။ မြစ်ဆုံဆည် စီမံကိန်းအတွက် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်ခဲ့တယ်လို့ဆိုပါတယ်။ မေ ခ၊ မလိခ မြစ်တွေပေါ်မှာရှိတဲ့ ရေကာတာစီမံကိန်းတွေအတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂ဝ အထိ ရင်းနှီးမြှုပ်နှံ ထားတယ်လို့လည်း ဆိုပါတယ်။ မြစ်ဆုံစီမံကိန်းက ရေအားလျှပ်စစ် မဂ္ဂါဝပ် ၆,ဝဝဝ ထုတ်လုပ်မှာဖြစ်ပြီး၊ အများစုကို တရုတ် နိုင်ငံကရယူဖို့ သဘောတူထားကြောင်း ကနဦးသတင်းတွေက ဆိုပါတယ်။

ဒါကြောင့် မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးကို ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား အသီးသီးက ကန့် ကွက်မှုတွေ ဆက်တိုက်လုပ်ခဲ့ကြတယ်။ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့မှာ ကျင်းပခဲ့တဲ့ လွှတ်တော် အစည်း အဝေးတွေကတဆင့် သမ္မတဦးသိန်းစိန်က စီမံကိန်းကို သူ့အစိုးရသက်တမ်းအတွင်း ဆက်လက် အကောင် အထည်ဖော်ခြင်း မပြုဘဲ ဆိုင်းငံ့မယ်လို့ ကြေညာခဲ့ရတယ်။ ၂ဝ၁၃ ဒီဇင်ဘာ ၂၆ ရက်က သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ဆိုင်းငံ့ထားတဲ့ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး  “လူမှုဘဝ ဖွံ့ဖြိုးရေး ပူးပေါင်းတာဝန်ယူမှုဆိုင်ရာ ညွန်းကိန်း (CSR)” အစီရင်ခံစာ အသစ်တစောင် ထွက်ပေါ်လာခဲ့တယ်။  တရုတ်နိုင်ငံပိုင် China Power Investment (CPI) ကုမ္ပဏီနဲ့ ဧရာဝတီမြစ်ဆုံ အထက်ပိုင်း ရေအား လျှပ်စစ်ထုတ်လုပ်ရေးကုမ္ပဏီ Ayeyawady Confluence Basin Hydropower Company Limited (ACHC) တို့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ အဆိုပါ CSR အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် ဒေသခံပြည်သူတွေ ဦးဆောင်ပြီး ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများလုပ်ဆောင်ဖို့ တိုက်တွန်းထားတဲ့ တရုတ်ရဲ့ CSR အစီရင်ခံစာကို အယုံအကြည် မရှိကြောင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ (KDNG) က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတယ်။

တရုတ်နိုင်ငံရဲ့ ဧရာဝတီ  မြစ်ဆုံ၊ မြစ်ညှာ၊  မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရေးရဲ့ တာဝန်ရှိသူတွေဟာ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနဲ့ လွှတ်တော်ကော်မတီကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း RFA သတင်းက ဖေါ်ပြခဲ့တယ်။

မြစ်ဆုံဆည် စီမံကိန်းတွေဟာ ပြည်သူတရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တာကြောင့် တစုံတရာမှတ်ချက်ပေးခဲ့တာ မရှိဘူးလို့ တွေ့ ဆုံရာမှာပါဝင်ခဲ့တဲ့ ကချင်ပြည်နယ်လွှတ်တော် စီးပွားရေးနဲ့ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီ အတွင်း ရေးမှူး ဦးအောင်သင်းက ပြောကြောင်း သတင်းအရ သိရတယ်။

"ဘာမှ မှတ်ချက်မပေးလိုဘူးလို့။ ကျနော်တို့အနေနဲ့က ဒါ ပြည်ထောင်စုတခုလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ။ ကျနော်တို့ လွှတ်တော် တခုတည်းနဲ့ ဆိုင်တဲ့ကိစ္စမဟုတ်ဘူးလို့။ ဒီမိုကရေစီစနစ်အရ ပြည်သူလူထုရဲ့အသံကို နားထောင်ပြီးမှ ကျနော်တို့က လုပ်ရ တဲ့လူတွေလို့။ ကျနော်တို့က ဘာမှဝေဖန်ခြင်း၊ ပိုင်းခြားခြင်း၊ ထောက်ခံခြင်းဆိုတာ ဘာမှပြောလို့မရဘူးလို့။ ဒါ နိုင်ငံတော်ကပဲ ဆုံးဖြတ်ရမယ့်အလုပ်။ ပြည်သူတရပ်လုံးနဲ့ ဆိုင်နေတဲ့ကိစ္စ။ ဒါက မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်နေပြီ။ ဒါ ပြည်သူရဲ့ ဆန္ဒပဲလေ"

ချီဖွေချောင်းပေါ်က ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံကနေ လက်ရှိမှာ ၉၉ မဂ္ဂါဝပ်ထွက်နေပြီး အဲဒီအထဲက ဓါတ်အား၂၅ ရာ ခိုင်နှုန်းကိုပဲ အသုံးပြုရသေးတာကြောင့် ကျန်နေသေးတဲ့ ဓါတ်အားတွေကို မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး ဒေသ အ တွင်းမှာ ဖြန့်ဖြူးပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုတယ်။ မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ခဲ့တဲ့ အရင် CPI ကုမ္ပဏီ ဟာ လက်ရှိမှာ State Power Investment Corporation (SPIC) လို့ အမည်ပြောင်းလဲထားကြောင်းလည်း သိရတယ်။ ဇွန် ၂၄ ရက်နေ့ကတော့ အဲဒီစီမံကိန်းတွေနဲ့ ဆက်စပ်နေတဲ့ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌဦးဆောင်တဲ့ အဖွဲ့နဲ့ ကချင်ပြည်နယ် လွှတ်တော် မှာ တွေ့ဆုံခဲ့တာဖြစ်ကြောင်း သိရတယ်။

မေခမြစ်ပေါ်မှာ ၅ ခု၊ မလိခမြစ်ပေါ်မှာ ၁ ခု နဲ့ ဧရာဝတီ မြစ်ဆုံမှာ ၁ ခု စုစုပေါင်းရေအားလျှပ်စစ်စက်ရုံ ၇ ခု တည်ဆောက်ဖို့ လျာထားတဲ့ အဲဒီ မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းကို တနိုင်ငံလုံးရှိ အလွှာအသီးသီးက ပြည်သူတွေ ဝိုင်း ဝန်းကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၃ဝ မှာ  သမ္မတ ဦးသိန်းစိန်အစိုးရက သူ့ရဲ့ အစိုးရ သက် တမ်းကာလအတွင်း မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ခဲ့ပြီး လက်ရှိအစိုးရလက်ထက်မှာ ဧရာဝတီ မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရက တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ လက်ရှိ အစိုးရလက် ထက်မှာ ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က အဖွဲ့ဝင် ၂ဝ ပါတဲ့ ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအား လျှပ်စစ်စီ မံကိန်းများ လေ့လာ၊ စိစစ်၊ သုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းပြီး  မြစ်ဆုံဒေသကို တကြိမ် ကွင်းဆင်းလေ့လာခဲ့ တယ်။ ဧပြီ ၂၄ ရက်နေ့ညနေပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး H.E Mr. Song Tao တို့ တွေ့ဆုံခဲ့ကြကြောင်း RFA သတင်းက ဆိုတယ်။ တရုတ်ထိပ်တန်း ကိုယ်စားလှယ်နဲ့ အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးနဲ့ လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီး စတဲ့ ပြည်ထောင်စုဝန်ကြီးနှစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ဧပြီ ၂၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြခဲ့ ကြောင်း သိရတယ်။

မြစ်ဆုံဆည် စီမံကိန်းဒေသရဲ့ အကျယ်အဝန်းက စင်္ကာပူနိုင်ငံ အရွယ်အစား ပမာဏရှိပြီး ၂ဝဝ၉ ခုနှစ်မှာ စတင်ပြီး အချိန် အားဖြင့် ၁ဝ နှစ်ကြာမယ်လို့ ဆိုခဲ့တယ်။ အဲဒီ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ယဉ်ကျေးမှု အမွေအနှစ် စီးပွားရေး လူမှုရေးစသဖြင့် ကဏ္ဍအတော်များများ ထိခိုက်ပျက်စီးနိုင်တဲ့အတွက် ကန့်ကွက်နေကြခြင်းဖြစ်တယ်။ စီမံကိန်း နဲ့ ပတ် သက်လို့ တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁ဝဝ ကျော်ပါဝင်တဲ့ စူးစမ်းလေ့လာရေးအဖွဲ့က ၆ လကြာ သုတေ သန လုပ်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ဖူးတယ်။ သုတေသနပြုချက်တွေအရ စီမံကိန်းကြောင့် နောက်ဆက်တွဲဆိုးကျိုး အလွန် များပြားနိုင်တယ်လို့ ထောက်ပြမှုတွေလည်း ရှိခဲ့တယ်။ တကယ်တော့ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ဂုဏ်ထူးဆောင် ပထဝီဝင်အမှတ်လက္ခဏာဖြစ်သလို၊ ပြည်သူလူထု တရပ်လုံးရဲ့ အသက်သွေးကြောလည်း ဖြစ်ပါတယ်။ လယ်သမား၊ ယာသမားများ၊ စိုက်ပျိုးမွေးမြူရေးသမားများနဲ့ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်သားများဟာ ဧရာဝတီမြစ် ကို မှီခိုပြီး အသက်မွေးနေရတာဖြစ်တယ်။ မြစ်ကိုမှီ တည်မှီ အသက်ရှင်သန်ကြရတဲ့ ရေသတ္တဝါများ၊ မြစ်ရေကို မှီခိုကြရတဲ့ ငှက်မျိုးစိပ်များ၊ အခြား တိရိစ္ဆာန်သတ္တဝါများလည်း သေကြေပျက်စီးမှာ ဖြစ်တယ်။ နိုင်ငံတကာက ခရီးသွားဧည်သည်များ ဟာလည်း ဧရာဝတီမြစ်ကြောင်းတလျှောက် ခရီးသွား လေ့လာရတာကို အထူး နှစ်ချိုက်ကြတာတွေ့နိုင်တယ်။ မြစ်ဆုံကြောင့် ဧရာဝတီမြစ်ရဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ရင်၊ နိုင်ငံသားအားလုံးရဲ့ အသက်ရှင်သန်ရေးကိုပါ ထိခိုက်မှာ ဖြစ် တယ်။ ဒါကြောင့် ဒီမြစ်ဆုံ စီမံကိန်း ကိစ္စကို နိုင်ငံသားများက ကန့်ကွက်နေကြခြင်း ဖြစ်တယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလ ၂ဝ၁၆ ဇန်နဝါရီလ ၂ ရက်နေ့မှာ ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲမှာ သတင်းထောက်တွေက မြစ်ဆုံ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်က “ကျမက ဆိုလို့ရှိရင် ဒီစာချုပ်ထဲမှာ ဘာပါသလဲ ဆိုတာ ပထမကြည့်မယ်၊ ကြည့်ပြီးမှ အဖြေပေးမယ်၊ စာချုပ်ထဲမှာ ဘာပါမှန်းလဲ မသိဘူ။ ပြည်သူလူထုလည်း မသိဘူး။ ဒါ ပြည်သူ လူထုကို အသိပေးသင့်တယ်။ ပွင့်လင်းမြင်သာမှုဆိုတာ ဒါပဲ။ အဲတော့ ဘာတွေ ကတိကဝတ်တွေခံထားသလဲ။ နောက်ကျ တော့ ဒီကတိကဝတ်တွေကို ခံရမှာ ဒီနိုင်ငံကပဲ ခံရမှာ။  ပြည်သူကပဲ ခံရမှာ။ အဲဒီဟာတွေလည်း မသိဘူး။ ဘာကို သ ဘောတူညီထားမှန်းလည်း မသိဘူး။ အဲတော့ ဘာပဲပြောပြောပေါ့နော် ဒီစာချုပ်တွေကို လက်မှတ်ထိုးတဲ့သူတွေက တာဝန် သိစိတ်တော့ ရှိရမှာ၊ မသိချင်ယောင်ဆောင်နေလို့တော့ မရဘူး။ မသိကျိုးကျွန်ပြုနေလို့ မရဘူး။” လို့ ဖြေကြားခဲ့ဖူးကြောင်း အာအက်ဖ်အေသတင်းမှာ ဖေါ်ပြခဲ့ဖူးတယ်။

လွန်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ် မေလ ၉ ရက်နေ့က လက်ပံတောင်းတောင်စီမံကိန်း ဆန္ဒပြမှုဖြစ်နေစဉ် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ လူကန်း (Lu Kang) က လောလောဆယ် ဆန္ဒပြမှုများနဲ့ ပတ်သက်ပြီး တရုတ် ကုမ္ပဏီ တွေအနေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို အလေးဂရုပြုပြီး သတိထား လုပ်ဆောင်သင့်တယ်လို့ ပြောကြားခဲ့ ကြောင်း၊ တရုတ် ကုမ္ပဏီတွေ အနေနဲ့ အိမ်ရှင် မြန်မာနိုင်ငံရဲ့ ဥပဒေပြဌာန်းချက်တွေကို တိတိကျကျ လိုက်နာရမှာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က နေ့စဉ်သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရတယ်။

ဒီ့အပြင် တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး ရှမ်း၊ ကယားနဲ့ ကရင်ပြည်နယ်မှာ ရေအားလျှပ်စစ်စီမံကိန်း ၆ခု တည်ဆောက်ဖို့ ပြင်ဆင်နေတာကို “သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်” က ၂ဝ၁၆ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ကန့်ကွက်ထားခဲ့တယ်။ တရုတ်နဲ့ မြန်မာအစိုးရတို့ဟာ ရေအားလျှပ်စစ်စီမံကိန်း ၁၈ ခု ဆောက်လုပ်ဖို့ သဘောတူထားပြီး စီမံကိန်းဆိုင်ရာ ကိစ္စရပ်တွေဖြေရှင်းဖို့ သဘောတူညီချက် မူကြမ်းတွေ ရေးဆွဲနေကြောင်း ၂ဝ၁၆ ဖေဖော်ဝါရီလ ၃ ရက်နေ့ က လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တယ်လို့ဆိုတယ်။

မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဇယားအရ တရုတ်နိုင်ငံက ထိပ်ဆုံးမှာရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်တဲ့ ၂ဝ၁၈ ခုနှစ် မေလ ၃၁ ရက် အစီရင်ခံစာအရ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မှာ စီမံကိန်း ၂၄၂ ခု လုပ်ကိုင်နေကြောင်းသိရတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း ၂ဝ,ဝ၁၁.၅၈၂  ရှိတယ်လို့ ဆိုတယ်။ မြန်မာနိုင်ငံတခုလုံးရှိ FDI ရဲ့ ၂၆.၂၇% ရှိတယ်လို့ ဖေါ်ပြထားပါတယ်။

ခြုံငုံသုံးသပ်ရရင် တရုတ်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာမှာ နိုင်ငံတကာကျင့်ဝတ်ကို လိုက်နာဖို့ ပျက် ကွက်ခဲ့တာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ကျင့်ဝတ်ပိုင်း စောင့်ထိန်း လိုက်နာမှု အားနည်းတဲ့ သတင်းတွေ မကြာခန ကြားနေရတယ်။ ဒီ့အပြင် မြန်မာ့ သစ်တော နဲ့သယံဇာတတွေကိုလည်း နည်းမျိုးစုံနဲ့ ကျင့်ဝတ်ကင်းမဲ့စွာ ခိုးယူကြတာမျိုးတွေလည်း ကြားနေရတယ်။ ဒါကြောင့် ယခင်က မြန်မာစစ်အစိုးရများနဲ့ တရုတ် အစိုးရပိုင် ကုမ္ပဏီများအကြား ချုပ်ဆိုထားခဲ့တဲ့ စာချုပ်တွေဟာ ထင်သာမြင်သာမှု(Transparency) မရှိ၊ တာဝန် ခံမှု (Accountability) မရှိတဲ့အတွက် တရားမျှတမှု မရှိဖို့များတယ်။ ဒါတင်မက သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုနဲ့ လူမှုဘဝထိခိုက်နစ်နာမှု အကဲဖြတ်ချက်များ (EIA/SIA) စစ်ဆေးမှုတွေကိုလည်း ဒေသခံ ပြည်သူတွေ မသိရှိခဲ့ရကြောင်း တွေ့ရတယ်။ ကိုယ့်မြန်မာဖက်က ဒီ မျှတမှုမရှိတဲ့ စာချုပ်တွေကို လက်မှတ်ထိုးခဲ့တဲ့ သူတွေဟာ နိုင်ငံနဲ့ပြည်သူ့မျက်နှာ မထောက်ထားဘဲ တာဝန်မဲ့ လက်မှတ်ရေးထိုးခဲ့ကြလို့ တရုတ်ကုမ္ပဏီတွေ ထင်သလို လုပ်ခွင့်ရခဲ့တာ ဖြစ်တယ်။ ဒီ အခြေ အနေတွေအရ လက်ရှိ သမ္မတ ဦးဝင်းမြင့်အစိုးရ အနေနဲ့ မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းစီမံကိန်း၊ ကျောက်ဖြူစီမံကိန်း၊ သံလွင်မြစ်ပေါ်က ရေအားလျှပ်စစ် စီမံကိန်းများအပါအဝင် တရုတ် ရင်းနှီးမြှုပ်နှံမှု စာချုပ်များ၊ MOU များကို မြန်မာနိုင်ငံ နစ် နာမှု မရှိစေဖို့ ပြန်လည် စိစစ် သုံးသပ် အကဲဖြတ်ရေးကိစ္စကို အလေးထား ဆောင်ရွက်သင့်တယ်လို့ထင်မြင်ယူဆ မိ ကြောင်းပါ။

Comments