မောင်စွမ်းရည် ● ကျွန်တော်တို့ရဲ့ဖွားဖက် “ကြီးပွားရေးစာအုပ်တိုက်” နှစ် ရှစ်ဆယ်ပြည့်ပြီ

မောင်စွမ်းရည် ● ကျွန်တော်တို့ရဲ့ဖွားဖက် “ကြီးပွားရေးစာအုပ်တိုက်” နှစ် ရှစ်ဆယ်ပြည့်ပြီ
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၈

ကြီးပွားရေးမဂ္ဂဇင်း၊ တိုးတက်ရေးမဂ္ဂဇင်း၊ သူရိယမဂ္ဂဇင်းတို့ဟာ ကိုလိုနီခေတ်မှာနာမည်ကြီးခဲ့တဲ့ မဂ္ဂဇင်းတွေပါ။ “မဂ္ဂဇိန်” လို့ခေါ်တွင်ခဲ့ရာက “မဂ္ဂဇင်း” လို့ခေါ်ဝေါ်သုံးစွဲမှု တည်မြဲသွားတာဟာ အဲဒီ မဂ္ဂဇင်းကြီး သုံး၊ လေးခု ယှဉ်ပြိုင်ထွန်းကားလာ တော့မှသာ ဖြစ်ပါတယ်။ အရင်က မဂ္ဂဇင်းဆိုတာ ပါဠိပျက်စကားလုံးအေက် မေ့လို့ မဂ္ဂ၊ ဇဉ်လို့တောင် ပုဒ်ခွဲပြီး ၀ိဂြိုဟ်ကျင်းခဲ့ကြ ဖူးတယ်လို့ ကြားဖူးပါတယ်။

ကြီးပွားရေး မဂ္ဂဇင်း ဟာ ၁၉၃၀ လောက်က ပေါ်ပေါက်ခဲ့တယ်။ မဂ္ဂဇင်းကြီး သုံး၊လေးခုယှဉ်ပြိုင်ပေါ် ထွန်းနေတဲ့ကာလမှာ အမျိုးသားကျောင်းအုပ်ဆရာကြီး ဦးသန့်(ပန်းတနော်ဦးသန့်)က မဂ္ဂဇင်းတွေဟာ တမျိုးစီ ကောင်းကြပြီး ကြီးပွားရေး မဂ္ဂဇင်းကိုတော့ ခေတ်အမီဆုံး မဂ္ဂဇင်းအဖြစ်နဲ့ အကြိုက်ဆုံးလို့ဆိုတဲ့သဘောနဲ့ ရေးသားခဲ့ဖူးပါတယ်။ အဲဒီ မဂ္ဂဇင်းကြီး လေးခုလုံးကို ကျွန်တော်က မြန်မာပြည်ကိုလိုနီခေတ်နှောင်းပိုင်း၊ ၁၉၄၈ မြန်မာပြည်လွတ်လပ်ရေးမရမှကာလအတွင်းမှာ မြင်ဖူး၊ တွေ့ဖူးလိုက်ပြီး ကျွန်တော့ရဲ့ “ငယ်ပေါင်း” မဂ္ဂဇင်းတွေ  ဖြစ်ခဲ့တယ်ဆိုတာကို ပြောပြချင်ပါတယ်။

ကျွန်တော်တို့ရွာဟာ မြင်းခြံမြို့ရဲ့အရှေ့ဘက်မှာ မော်တော်ကားလမ်း၊ မီးရထားလမ်း၊ မီးသင်္ဘောလမ်း တွေမပေါက်ရောက်ဘဲ နွားလှည်းသာပေါက်ရောက်တဲ့နေရာဖြစ်ပါတယ်။ အိမ်ခြေက ခုဆိုရင် (၂၀၁၀ မှာ) ၈၁ အိမ်ပဲရှိသတဲ့။ အရင်ကတော့ ၁၀၀ ကျော်မှာပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီရွာလေးဟာ သူကြီးအုပ်တဲ့ရွာကလေးဖြစ် လို့ ကျေးရွာတစ်ရွာရဲ့ ဂုဏ်အင်္ဂါနဲ့ညီတဲ့ရွာကလေးတရွာတော့ ဖြစ်မှာပါ။ ဈေးတော့မရှိဘူး။ အောက်ပြည်ကျေး ရွာတွေမှာလို တရုတ်အပေါင်ဆိုင် ခေါက်ဆွဲလည်းမရှိဘူး။ ကုလားကွမ်းယာဆိုင်၊ ကျူလယာဆိုင်လည်း မရှိဘူး။ တခါတလေတော့ ငါးပိငါးခြောက်တို့၊ ဖန်လက်ကောက်တို့၊ စွန်ပလွန်ယိုတို့လာရောင်းတတ်တဲ့ ခေါင်းရွက်ဈေး သည်လေး၊ ဘာလေးတော့ ရှိခဲ့ပါရဲ့။ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။ မလူတန်းကျောင်း တစ်ကျောင်း ရှိ ခဲ့ဖူးတယ်။ စာကြည့်တိုက်လေး ခနော်ခနဲ့ရှိခဲ့ဖူးလေရဲ့။

ရွာမှာ သူကြီးသား လေးယောက်အနက် သားကြီးသုံးယောက်က သတ္တမတန်းကျော်လို့ ဒသမတန်းထိ မြို့ကျောင်းမှာ သင်ခဲ့၊ အောင်မြင်ခဲ့ကြသူတွေဖြစ်တယ်။ စတုတ္ထတန်း အောင်ဖူးသူလည်း ၄-၅-၆ ယောက်လည်း ရှိခဲ့ဖူးတယ်။ သူကြီးသားတွေထဲမှာ ကျောင်းဆရာလည်းပါ၊ မြေတိုင်းစာရေးလည်းပါခဲ့ပါတယ်။ အဲဒါတွေကရွာမှာ အမြင့်ဆုံးအစိုးရအမှုထမ်း နှစ်ဦးပါ။ မူလတန်းအောင်ဖူးသူတွေက နောင်အခါ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ကျော် ဇော်တို့ရဲ့ ဘီအိုင်အေတပ်ထဲပါသွားပြီး စစ်ပြန်ရဲဘော်တွေဖြစ်လာခဲ့ပါတယ်။ စစ်ပြန်ရဲဘော် လေးယောက်နဲ့ ကျောင်းဆရာ ညီအစ်ကိုလေးယောက်ပေါင်းရင် ကျေးလက်ပညာတတ် ရှစ်ယောက်ရှိခဲ့တယ်လို့ ကြွားနိုင်ပါ တယ်။ အိမ်ခြေ ၈၀ လောက်မှာ ရှစ်ယောက်လောက် ကျေးလက်ခေတ်ပညာတတ်ရှိခဲ့တာဆိုတော့ အိမ်ခြေ ၁၀ မှာ ကျေးလက်ခေတ်ပညာတတ် တစ်ယောက်လောက်ရှိခဲ့ရာ ရောက်ပါတယ်။ အိမ်နီးချင်း ရွာငယ်လေးတွေမှာ အဲဒီလို ခေတ်ပညာတတ် မရှိရှာပါ။

အဲဒီကျေးလက်ခေတ်ပညာတတ်များကပဲ ကျေးရွာကာကွယ်ရေးအတွက် “၀ါးချွန်တပ်” တည်ထောင်ပြီး  ကာကွယ်ရေးစစ်ပညာ သင်ပေးခဲ့ပါတယ်။ သေနတ်ကတော့ သူကြီးအိမ်မှာပဲရှိတယ်။ အစိုးရကပေးတဲ့ နှစ်လုံးပူး သေနပ်တစ်လက် ရှိဖူးပါတယ်။ အဲဒီလူငယ်တစ်စုက ကျေးလက်စာကြည့်တိုက်ကလေးကို ပြောင်းရိုးကာ၊ ထန်း လက်မိုးပြီး တည်ဆောက်ပေးခဲ့ပါတယ်။ ရွာအရှေ့ဖျားမှာ အပ်ချုပ်စက်နဲ့ ဆံပင်ညှပ်ဆိုင်ရှိတဲ့အိမ်ဟာ လူငယ် တွေရဲ့ စုရပ်ဖြစ်ပါတယ်။ အိမ်ခြံမြေ အတန်ကျယ်တဲ့အပြင်ရွာလယ်လမ်းမဘေးမှာကပ်လျက်တည်ရှိတာကြောင့် လူစုဝေးလို့ကောင်းပါတယ်။ သူကြီးအိမ်ခြံဝန်းက အုတ်တိုက်ကြီးသုံးလုံးနဲ့ ပျဉ်ထောင်အိမ် သုံးလုံးနဲ့ ကျယ်ဝန်း ပေမယ့်အိမ်ခြံဝန်းကိုဝါးထရံကာပြီး အမြဲတမ်းသော့ခတ်ထားတတ်ပါတယ်။ သူကြီးရှိနေရင် ခေါင်းရွက်ဈေးသည် တောင်မ၀င်ရပါ။

ပြောင်းရိုးကာ၊ ထန်းလက်မိုးတဲ့ စာကြည့်တိုက်ကလေးရှိတဲ့ ခြံမြေထဲမှာ တန်းဘား၊ ကွင်းဘားနဲ့ ခြင်းဝိုင်းလည်းရှိပါတယ်။ ဘောလုံးကစားလောက်အောင် ကျယ်တဲ့နေရာမရှိ။ ထုတ်စည်းထိုးလို့တော့ ရပါတယ်။ ခြင်းလုံးကလွဲလို့ ဘာဘောလုံးမလည်း မသိ၊ မမြင်ဖူးခဲ့ပါ။ အဲဒီစာကြည့်တိုက်ကလေးမှာ မှတ်မိတာက အထူဆုံး စာအုပ်ကြီးအဖြစ် ကုန်းဘောင်မင်းဆက် မဟာရာဇ၀င်ကြီးပါပဲ။ မူလပိုင်ရှင်က ကျွန်တော့ဦးကြီး၊ မြေစာရင်း အင်စပက်တော် ဦးသိန်းမောင် ဆိုထင်ပါရဲ့။ ကျွန်တော်တက္ကသိုလ်ထိယူလာမိတဲ့အတွက် သိန်းသန်းထွန်း လက်ကို ပါသွားခဲ့ပါတယ်။ မဂ္ဂဇင်းရယ်လို့ လေးမျိုးမြင်ဖူးခဲ့တာက သူရိယ၊ ဒဂုန်၊ တိုးတက်ရေး၊ ကြီးပွားရေးပါပဲ။ တချို့ မဂ္ဂဇင်းများရောက်ရှိလာပုံရင်းမြစ်ကို ကျွန်တော်သိရှိတာကတော့ ဂျပန်ခေတ်မှာ မြင်းခြံကိုဗုံးကျဲတဲ့အခါ ဗုံးအန္တရာယ်လွတ်အောင် မြို့ကပို့လိုက်တာဖြစ်ပါတယ်။ ရွာသူကြီးအိမ်ကိုပို့တော့ စာအုပ်ဗီရိုလေးတစ်လုံး ပါလာ တာတွေ့ရပါတယ်။ ခုထက်ထိ ကျွန်တော်သိမ်းထားပြီး မြင်းခြံကမန္တလေး၊ မန္တလေးမှရန်ကုန်ထိ ပါလာခဲ့ပါတယ်။ အဲဒီမှာလည်း မဂ္ဂဇင်းအဟောင်းအချို့ပါလာခဲ့ပါတယ်။ ကျွန်တော်က ရွာသူကြီးရဲ့ မြေးတစ်ယောက်ပါ။

ဒဂုန် မဂ္ဂဇင်းမှာ အေ၀မ်းနဲ့မြန်မာ့အဆွေ ရုပ်ရှင်ကြော်ငြာတွေ ပါတယ်။ ဘိုင်စကုပ်ခေါ် ရုပ်ရှင်ကို မကြည့်ဖူးပေမယ့် ဓာတ်ပုံတွေမြင်ဖူးရပါပြီ။ တိုးတက်ရေး မဂ္ဂဇင်းမှာ “၀တ်လုံမောင်ကံ၊ အကြံပေးသည်။ တကြံ နှစ်ကျပ်” “ ဘမောင် သင့်ဓားတိုနေသော်၊ ရှေ့တလှမ်းတိုး၍ ခုတ်လော့” ဆိုတာမျိုးတွေပါလို့ သဘောကျတယ်။ သဘောအကျဆုံးကတော့ ကာတွန်းပါတဲ့ကြီးပွားရေးမဂ္ဂဇင်းပါပဲ။ ထွန်းလှိုင်ရဲ့ ဟစ်တလာရုပ်ပြောင်နဲ့ ဒေါက် တာဘမော်ရုပ်ပြောင်များကို ကူးဆွဲခဲ့ဖူးပြီ။ (နဂါးနီစာအုပ်များက လီနင်နဲ့စတာလင်ပုံများကိုလည်း ကူးဆွဲခဲ့ဖူးပါ တယ်)။ ကြီးပွားရေးက ကိုပြူးနဲ့မပြုံးကိုလည်း ကူးဆွဲခဲ့ဖူးပါတယ်။ ၁၉၃၇ ကြီးပွားရေးမဂ္ဂဇင်းတခုမှာတော့ မှတ် မှတ်ရရ စာပေဝေဖန်ရေးဆောင်းပါးတစ်ခုပါလာတာကို တွေ့ရဖူးပါတယ်။ ဆရာဇော်ဂျီက မဟာဆွေကို ဝေဖန် ထားတာပါ။ မကြာခဏပြန်လည်ကိုးကားဖူးပါတယ်။ မဟာဆွေဆိုတာ အဖေတို့၊ အမေတို့ အသဲစွဲစာရေးဆရာမို့ ဂရုပြုမိခဲ့တာပါ။ မဟာဆွေကို သူရိယမဂ္ဂဇင်းအဟောင်းလေးမှာလည်း ဖတ်ရဖူးပြီ။ မဟာဆွေဆိုတာ နာမည်ရင်း ဦးဘဆွေ။ ကြီးပွားရေးမဂ္ဂဇင်းဆောင်းပါးအရ ဇော်ဂျီအမည်ရင်း မောင်သိန်းဟန်ဆိုတာတွေလည်း သိလာခဲ့ပါပြီ။ မောင်ထွန်းလှိုင်ဆိုတာ ရွှေကိုင်းသားမှန်းဆိုတာတော့မသိခဲ့ပါ။ အဲဒါတွေက ကျွန်တော်မမွေးခင် စာအုပ်အ ဟောင်းတွေမှာ ဖတ်ရတာပါ။

ကြီးပွားရေးစာအုပ်တိုက်ကို ၁၉၃၈ မှာတည်ထောင်ခဲ့လို့ ဒီနှစ် ၂၀၁၈ မှာ နှစ် ၈၀ ပြည့်ခဲ့ပြီလို့ဆိုတော့ ကြီးပွားရေးတိုက်ဟာ ကျွန်တော်တို့နဲ့ဖွားဖက်ဖြစ်ပြီး၊ သက်တူ၊ ရွယ်တူပါလားလို့လည်း ခုမှသတိပြုမိပါတော့ တယ်။ မန္တလေး ပန်းချီ၊ ရုပ်ရှင်၊ ၀တ္ထုဆရာဝင်းဖေနဲ့ ကိုလေး အင်းဝဂုဏ်ရည်တို့ဟာ ၁၉၃၆ မွေးတာတဲ့။ မောင် မိုးသူ၊ မောင်ကြည်အောင်၊ မောင်စွမ်းရည်၊ ဇော်ဇော်အောင်၊ ကသာဝင်းကြွယ်၊ ညွန့်အေး(အင်းဝ)၊ ပေါ်ဦးသက် တို့ဟာ ၁၉၃၇ မွေးကြတာတဲ့။ မောင်ပေါက်စည်၊ မောင်သာနိုး၊ မောင်သိန်းနိုင်၊ တင်မိုးတို့က ၁၉၃၃-၃၄ မွေးကြ တာတွေတဲ့။ ဒီလူငယ်စာပေသမားတွေဟာ တပြိုင်တည်းလိုလို မန်းတက္ကသလိုကိုရောက်လာရင်းက တပြိုင် တည်းလိုလို လူထုကြီးပွားရေးတိုက်ကို ၀င်ထွက်သွားလာ စာပေသမားတွေဖြစ်လာကြတာပါ။ ဒါ့ကြောင့် ဒီလူ သိုက်ဟာ ကြီးပွားရေးနဲ့အတူဖွားပြီး အတူကြီးပြင်း အတူလူလားမြောက်ခဲ့သူတွေဖြစ်ပါတယ်။ သူတို့တည်းဖြတ် တဲ့ မန်းတက္ကသိုလ်နှစ်လယ်မဂ္ဂဇင်းတွေကို ကြီးပွားရေးပုံနှိပ်တိုက်မှာ ရိုက်နှိပ်ခဲ့ကြပါတယ်။ ကလောင်သွေးကြ တော့လည်း လူထုကြီးပွားရေးကလွဲလို့ နေရာမရှိ။ ကြည်အောင်တစ်ယောက်ပဲ ပဟိုရ်စည် သတင်းစာမှာ ရေးဖူး သတဲ့။ ပဟိုရ်စည်က အစောကြီးရပ်သွားခဲ့ပါတယ်။

မြန်မာကာလပေါ် ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ ပန်းချီများကို သတင်းစာမဂ္ဂဇင်းမှာ စတင်ရေးသားခဲ့ကြပြီး နောက် ဒီကာတွန်း၊ ဒီပန်းချီ၊ ဒီကဗျာ စတာတွေကို ဒီတိုက်ကပဲ စုပေါင်းထုတ်ဝေပေးခဲ့တာမျိုး ဘယ်နေရာရှိပါ သလဲ။ ပထမဆုံး ပန်းချီဆောင်းပါးစာအုပ်ကို “ ဆင်ယင်ထုံးဖွဲ့မှု သမိုင်းကျမ်း” အဖြစ် ဆရာတော် ရွှေကိုင်းသား က ရေးသားပြုစုပြီး ၁၉၅၁ မှထုတ်ဝေခဲ့ရာ ပထမဆုံးအမျိုးသားစာပေဆု (စာပေဗိမာန်ဆု)ကို ရရှိခဲ့ပါတယ်။ ဆရာတော်က အဲသလိုသုတေသနဆောင်းပါးတွေကို ၁၉၃၂ ခုနှစ်က စတင်ရေးသားခဲ့ပြီး ဂျပန်ခေတ်မှာ သင်္ကန်းဝတ်နဲ့ ဆက်လက်ပြုစုခဲ့တာဖြစ်ပါတယ်။ ပထမဆုံးကာတွန်းစာအုပ်ကလည်း ကြီးပွားရေးကပဲ ထုတ် ဝေခဲ့တာပါ။

ရွှေကိုင်းသား ဦးသောဘိတခေါ် မောင်ထွန်းလှိုင်ဟာ ကြီးပွားရေးမဂ္ဂဇင်းရဲ့ ''ငယ်မွေးခြံပေါက်''လို့ ပြောရရင် ရိုင်းရာကျမလား မသိပါ။ ကြီးပွားရေးမှာ အင်းယားဆောင်သူမအမိနဲ့ အတူရေးခဲ့တာဖြစ်လို့ နောင် အခါ လူထုဒေါ်အမာကသူတို့နှစ်ဦးဟာ ''ဦးလှ မွေးထုတ်ခဲ့တဲ့ ကလောင်မောင်နှမ'' ပါတဲ့။ ဘဝဆက်တိုင်း မောင်နှမတော်ပါရစေလို့ အမြဲဆုတောင်းပါတယ်တဲ့။ ဆရာတော်ရွှေကိုင်း သားကလည်း အလားတူဆုတောင်း ပါသတဲ့။ အင်းယားဆောင်သူ က ရွှေမန်းသူဖြစ်လာတော့ ရွှေကိုင်းသားကလည်း ရတနာပုံဖိုးမှတ်စုဖြစ် လာခဲ့ပါတယ်။ ဦးလှဒေါ်အမာနဲ့ရွှေကိုင်းသားတို့ဟာ ကြီးပွားရေးမဏ္ဍိုင်ကြီးသုံးခုအဖြစ် တစ်သက်လုံးရပ်တည် သွားခဲ့ကြပါတယ်။ ကြီးပွားရေးတိုက်ကထုတ်တဲ့ သူတို့စာအုပ်တွေဟာ အမျိုးသားစာပေဆု(စာပေဗိမာန်ဆု) ပေါ်စကတည်းက ဆုရခဲ့ကြပါတယ်။ သူတို့နောက်က ဆက်လက်ထုတ်ဝေခဲ့တဲ့ကြီးများရေး တိုက်ထုတ်စာအုပ် များကလည်း ဒီနေ့ထိ အမျိုးသားစာပေဆုများ ရရှိနေပါတယ်။ တင်မိုး၊ ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ မောင်စွမ်းရည်၊ ညီပုလေးတို့နဲ့တကွမနှစ်က တစ်သက်တာစာပေဆုကြရတဲ့ ဒေါက်တာခင်မောင်ညွန့်တို့ မောင်သာနိုးတို့လည်း လူထုကြီးပွားရေးတွက် စာရေးဆရာတွေပါပဲ။

နေသူရိန်၏ ''မကြောက်တရား''ဆိုတဲ့ စာအုပ်ကို နှောင်းဆက် လူငယ်တွေတော့ ကြားဖူးမှာမဟုတ်။ ကျွန်တော်တို့က ကြီးပွားရေးရဲ့ဖွားဖက်တော်များအဖြစ်နဲ့ကြားဖူးဖတ်ဖူးခဲ့ပါတယ်။ နေသူရိန်ကလည်း ရွှေကိုင်း သားလို စစ်ကိုင်းဇာတိပါ။ မဟာဆွေရဲ့နာမည် ခွဲတစ်ခုပါ။ သခင်အောင်ဆန်းတို့? ကိုအောင်ကျော်တို့က ''နေသူရိန်'' ဆိုတာဘယ်သူလဲလို့ ကြီးပွားရေးဦးလှကို ကပ်မေးခဲ့ကြတာတဲ့။ ဦးလှကလည်းမသိဘူး။ နယ်က ပို့တာလို့လဲ ဖြေခဲ့သတဲ့။ နေသူရိန် လည်း ကြီးပွားရေးက မွေးထုတ်ခဲ့တာပေါ့နော်။ ဦးလေးလူထုဦးလှ ရယ်၊ မဟာဆွေရယ်၊ သခင်သန်းထွန်း(ဗကပ)စတဲ့ သူငယ်ချင်းမိတ်ဆွေ ၄၊ ၅ ယောက်တွဲပြီး ရိုက်ထားတဲ့ဓာတ်ပုံ တစ်ပုံတွေ့ရဖူးတယ်။ သခင်ဇင်၊ သခင်သန်းထွန်းတို့ကလည်း ကြီးပွားရေးထွက်တွေ၊ အဖွဲ့သားတွေပဲကိုး။ သခင်အုန်းမြင့်တောင်ပါလိုက်သေးတယ်။ ဒါကြောင့်ထင်ပါရဲ့ ဘယ်ပါတီနဲ့မှမဆက်၊ ဘာပါတီနိုင်ငံရေးမှ အကြိမ် ကြိမ်နှောင့်ယှက်ဖမ်းဆီးခဲ့တာဖြစ်ပေလိမ့်မယ်။ ဒီကြားထဲ အင်းယားဆောင်သူ မအမာက သူ့စာအုပ်တစ်အုပ်မှာ သခင်သန်းထွန်းရဲ့ အမှာစာတောင်းပြီး ထည့်ခံသေးတာ။ ဦးလှ ဒေါ်အမာတို့က ကွန်မြူနစ်ပါတီဝင်မဟုတ်ခဲ့ပေမဲ့ ကွန်မြူနစ်တွေက  လူငယ်များကြီးပွားရေးအသင်းအဖွဲ့ဝင်တွေဖြစ်ခဲ့ပေတာကိုး။ ဒီ အချက်ဟာ တိကျမှန်ကန်တဲ့ သမိုင်းဝင်အချက်အလက်တစ်ခုပါ။ ကွန်မြူနစ်တွေက ဦးလှရဲ့နောက်လိုက်တွေဖြစ်ခဲ့ကြပြီး ဦးလှကတော့ ကွန်မြူနစ်တွေရဲ့ နောက်လိုက်လုံးဝမဟုတ်ခဲ့ပါ။

တကယ့်မဟုတ်ပေမဲ့ လူအများကကွန်မြူနစ်ဟုတ်မဟုတ်ကို ''ဘာသာရေးမှတ်ကျောက်''နဲ့ စစ်ဆေး လေ့ရှိပါတယ်။ ဘာသာရေးမှတ်ကျောက်နဲ့သာစစ်ဆေးရင် ဦးလေးလို နေ့စဉ်ဘုရာဝတ်ပြုပြီး ငါးပါးသီလကို ခါးဝတ်(ဘောင်းဘီ)ကို၊ (ပုဆိုးကမှကျွတ်ကျနိုင်သေး) မြဲတာ ကျွန်တော့်တစ်သက်မှ ဦးလေးလူထုဦးလှပဲတွေ့ဖူး ပါတယ်။ ဦးလေးရော ဒေါ်ဒေါ်ရော အမြဲကိုးကွယ်တဲ့မိသားစုဆရာတော်ကြီးတွေရှိတဲ့အပြင် ဆွမ်းခံကိုယ်တော် ပဉ္စင်းခံကိုယ်တော်တွေပဲရှိပါတယ်။ ကထိန်းခင်းတာကိုလည်း စစ်ကိုင်းတောင် နှစ်စဉ်ပြုလုပ်လေ့ရှိပါတယ်။ မန္တလေးကဆရာတော်ကြီးတွေရဲ့ ထေရုပ္ပတ္တိအကျဉ်းပေါင်းချုပ်(သံဃာရုပ်ပုံလွှာတောင်မှ)ဒေါ်ဒေါ်ရေးပြီး ထုတ်ဝေဖူးပါတယ်။ မန္တလေးဘာသာရေးလောကကို ဦးလေး ဒေါ်ဒေါ်လူထုကြီးပွားရေးဇနီးမောင်နှံလောက် သိသူရှိမယ်တောင် မထင်ပါ။ (ဗေဒင်လောကဆိုရင်လည်း ပုဏ္ဏားတော်အဆက်စုံ အောင်သိသူတွေပါ။)

ကမ္ဘာနဲ့ချီပြီး ထူးခြားချက်ကိုပြောရရင်ကမ္ဘာမှာ လူထုရိုးရာပုံပြင် Folk Tales စာအုပ်တွေ (အုပ်ရေ လည်းများ အမျိုးအစား  လည်းများ) ၅ဝ ကျော်စုဆောင်းထုတ်ဝေခဲ့တာမျိုးကို ကြီးပွားရေး ပုံနှိပ်တိုက်ကလွဲလို့ ဘယ်မှာမှမရှိနိုင်ပါ။ အစိုးရရဲ့ထုတ်ဝေရေးတွေ ကြီးကျယ်တဲ့ တရုတ်၊ ရုရှားလို နိုင်ငံတွေမှာလည်းမရှိပါ။ အဲဒါက ဦးလေးတစ်ယောက်တည်းက စုဆောင်းထုတ်ဝေတာတွေပါ။ ဒီကြားထဲမှာ ဦးဇင်းပဲစုဆောင်းထုတ်ဝေတဲ့ ထောင်စာအုပ်တွေ၊ သတင်းစာသမိုင်းစာအုပ်မျိုးတွေ၊ ကျွန်တော်သံလွင်ဖောင်စီး ကျွန်တော်စတီးပွဲစား၊ ကျွန်တော်သတင်းစာဆရာလို လူမှုရေးစာအုပ်တွေကို အများကြီစးလုပ်ခဲ့တာပါ။ ဒေါ်ဒေါ်လုပ်ခဲ့တဲ့ ဇာတ်သဘင်၊ ရုပ်သေ၊ ပန်းချီ၊ ပန်းပု၊ ရွှေဆိုင်းရွှေချည်ကိုးစတဲ့ မြန်မာ့ ပန်းဆယ်မျိုး အနုပညာရပ်သုတေသနတွေက အလွန်အဖိုးတန်ပါတယ်။ ဆရာမင်းသုဝဏ်က 'သခင်ကိုယ်တော်မှိုင်းသာစာမဆိုခဲ့သော်'လို့ ဆိုသလိုပဲ တန်းတူ ထားပြီးပြောချင်ပါတယ်။ ''ကြီးပွား ရေးတိုက်သားမထုတ်ဝေခဲ့သော်''လို့ ပြောနိုင်ပါတယ်။ ပြောရဲပါတယ်။

နိဂုံးချုပ်ရရင် ကြီးပွားရေးစာအုပ်တိုက်က

၁။ သုတေသီစာရေးဆရာ၊ ကဗျာဆရာ၊ ဝတ္ထုရေးဆရာ၊ ပန်းချီကာတွန်းဆရာ ဘာသာစကား ဆရာ(မောင်သာနိုး၊ မောင်သိန်းနိုင်၊ တင်မိုးတို့လို မြန်မာစာဆရာ၊ အင်္ဂလိပ်စာဆရာတွေ) စုရပ်ထားပြီး ပြုစုပျိုး ထောင်မွေးထုတ်ခဲ့တယ်။

၂။ တိုင်းရင်းသားရိုးရာဓလေ့ပုံပြင်တွေ ကမ္ဘာနဲ့ယှဉ်ပြီးစုဆောင်းထုတ်ဝေနိုင်ခဲ့တဲ့ ပုဂ္ဂလိကစာအုပ်တိုက် ဖြစ်တယ်။

၃။ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ မန္တလေးရတနာပုံနန်းမွေ၊ မန်းမွေယဉ်ကျေးမှုအမွေအနှစ်တွေကို စုဆောင်း ထိန်းသိမ်းထုတ်ဝေနိုင် ခဲ့တယ်။

၎။ ဗမာပြည်မှာ သက်တမ်းအရှည်ဆုံးနဲ့ ပထမတန်းစား စာအုပ်မျိုးစုံကို နှစ် ၈ဝ အတွင်း အများဆုံး ထုတ်ဝေနိုင်ခဲ့တဲ့ စာအုပ်တိုက်ဖြစ်ပါတယ်။

အထက်ပါဂုဏ်ထူးတွေနဲ့ပြည့်စုံတဲ့ စာအုပ်တိုက်ရဲ့အရိပ်အာဝါသမှာကြီးပြင်းခွင့်ရတဲ့အတွက် ကျွန်တော် တို့ဟာ မန္တလေး လူထုကြီးပွားရေးတိုက်ထွက်များအဖြစ် လက်မထောင်ဦးခေါင်းမော့ နိုင်ခဲ့ပါတယ်။
ဗမာပြည်စာအုပ်ထုတ်ဝေရေးလောကမှာ သက်တမ်းအရှည် ဆုံးစာအုပ်တိုက်ဖြစ်တဲ့ လူထုကြီးပွားရေး စာအုပ်တိုက်ကြီး ဗမာပြည်တည်ရှိနေသမျှ အမြဲထာဝရတည်ရှိနိုင်ပါစေသတည်း။
ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်စာပေမိခင်ဖခင်များအဖြစ် ဦးလေးနဲ့ဒေါ်ဒေါ်တို့ကို မိရင်းဖရင်းများသဖွယ် အမြဲကန်တော့လျက် ပြုပြုသမျှကုသိုလ်များကိုလည်း အမျှဝေလိုက်ပါတယ်။ ဦးလေးတို့ ရောက်ရာဘဝက သာဓု ခေါ်နိုင်ကြပါစေသော်။


မောင်စွမ်းရည်
၂ဝ၁၈ ဇွန်၊ ၁၃
(နယူးယောက်)

Comments