မောင်လူပေ - ဒေါ်လာကတော့ ပန်းပန်လျှက်



မောင်လူပေ - ဒေါ်လာကတော့ ပန်းပန်လျှက်

(မိုးမခ) ဇွန် ၂၈၊ ၂၀၁၈

အခုတလော အွန်လိုင်းမှာတွေ့မိသမျှက မြန်မာပြည်မှာ ဒေါ်လာဈေးတွေတက်နေတဲ့အကြောင်းတွေချည်း ဖြစ်နေတယ်။ ၁၃၂၀နဲ့၁၃၅ဝကြားမှာ ရှိနေရာက ၁၃၈ဝဖြစ်သွားသတဲ့။ ဒေါ်လာကိုင်ထားသူတွေ ရွှေဖြစ်နေပြီပေါ့။ တချို့ကလည်း ဘာမှန်းမသိကြတော့ အစိုးရကိုအပြစ်တင်ကြတယ်။ သူတို့တွေ မေ့နေကြတာက မြန်မာပြည်မှာ ဒေါ်လာပေါက်ဈေးကို ကမ္ဘာ့ဈေးကွက်နဲ့အညီအရှင်လုပ်ထားတယ် ဆိုတာပဲ။

ဒေါ်လာဈေးတက်တာ မြန်မာပြည်တစ်ခုထဲမဟုတ်။ ကမ္ဘာသုံးငွေကြေးတစ်ခုပီပီ အဝယ်လိုက်နေတဲ့အတွက် တကမ္ဘာလုံးမှာဈေးတက်နေတာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာဟာ လောလောဆယ်အခြေအနေအရ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဘဝရောက်နေလေတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကုန်သွယ်ရေးမညီမျှမှုကို အကြောင်းပြပြီး ပြည်ပသွင်းကုန်တွေကို အထူးအခွန်ကောက်မယ်လို့ ကြေညာထားတော့ ကျန်တဲ့နိုင်ငံတွေကလည်း တန်ပြန်တဲ့အနေနဲ့ အမေရိကန်ပို့ကုန်တွေကို အခွန်တိုးကောက်မယ်လို့တုန့်ပြန်တယ်။ ဒီလိုဖြစ်လာရင် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပြီး အားလုံးအထိနာကြမှာပဲ။ အစစ အရာရာ ဈေးကြီးတော့မယ်သဘော။ ဖြစ်မလာသေးပေမဲ့ ရင်းနှီးမြှုတ်နှံသူတွေ ကြောက်နေကြပြီ။

ကမ္ဘာ့စီးပွားရေးမှာ အင်အားကြီးတစ်နဲ့နှစ်က အမေရိကန်နဲ့ တရုတ်။ သူတို့ပြိုင်ဆိုင်ကြရင် ဘယ်သူနိုင်မှာလည်းလို့ တွက်ကြတယ်။ လောလောဆယ်အခြေအနေအရ တရုတ်စီးပွားရေး နှေးကွေးနေတယ်။ ထုတ်လုပ်မှုအားရော၊ ရင်းနှီးမြှုတ်နှံမှုရော ကျဆင်းနေတယ်။ အဆင်းဘီးတပ်ပေးသလို ဖြစ်ရတာက ကုန်သွယ်ရေးစစ်ပွဲကို အကြောက်လွန်မှု။ တရုတ် စီးပွားရေးရဲ့အဓိက စတော့အညွှန်းကိန်းတွေက ပြီးခဲ့တဲ့(၆)လ အမြင့်ဆုံးဈေးနဲ့နှိုင်းရင် (၂၀)% အထိ ထိုးဆင်းသွားပြီ။ ဒါဟာ စတော့ဈေးကွက်အခေါ်အရ ဈေးကွက်ပျက်( Bear Market)တယ်လို့ ခေါ်တယ်။ စီးပွားရေးမတည်ငြိမ်မှုကြောင့် မျှော်လင့်ချက်နည်းပြီး ဈေးတွေထိုးကျတဲ့သဘော။ တရုတ်ယွမ်ငွေကလည်း အမေရိကန်ဒေါ်လာနဲ့ယှဉ်တဲ့အခါ တစ်ရက်ထဲမှာ(၅)% အထိ ကျဆင်းသွားရတယ်။

စီးပွားရေးနိုင်ငံရေးမတည်ငြိမ်တဲ့အခါ ရွှေဟာ ခိုင်မာမှုအရှိဆုံးပဲ။ လူတွေက ရွှေဝယ်စုထားတတ်ကြလေတယ်။ ဒါပေမဲ့ အခုက ပြောင်းပြန်။ စီးပွားရေးမတည်ငြိမ်ပေမဲ့ ရွှေဈေးကလည်း ကျပြီးရင်းကျပဲ။ ပြီးခဲ့တဲ့(၆)လက ဈေးနဲ့ယှဉ်ရင် ရွှေကလည်း အနိမ့်ဆုံးဈေးဖြစ်နေရတယ်။

ဥရောပငွေကြေးဖြစ်တဲ့ယူရိုတို့၊ အင်္ဂလန်ရဲ့စတာလင်ပေါင်တို့ကလည်း ဥရောပရဲ့ပြသနာပေါင်းသောင်းခြောက်ထောင်ကြောင့် အောက်ဆုံးက မတက်နိုင်တာကြာလှပြီ။ ဂျပန်စီးပွားရေးနှေးကွေးမှုကြောင့် ယန်းငွေတန်ဖိုးကျ။ ကမ္ဘာကြီးတစ်ခုလုံး စီးပွားရေးနှေးကွေးမှုဒါဏ် ခံနေရချိန်ပါ။

အမေရိကန်စီးပွားရေးကတော့ စတော့တွေ ပန်းပန်နေလေရဲ့။ ဒါကို စတော့ဈေးကွက်အခေါ်အဝေါ်အရ bull market တဲ့။ မျှော်လင့်ချက်တွေရှိတယ်၊ ဈေးကွက်က ကျွဲတစ်ကောင်လို တရှိန်ထိုး တက်တယ်ပေါ့။ တစ်နိုင်ငံလုံး အလုပ်လက်မဲ့နှုန်းက နှစ်နှစ်ဆယ်ကျော်မှာ အနိမ့်ဆုံးဖြစ်လို့။ ငွေဖေါင်းပွမှုကလည်း ထင်သလောက်မရှိ။ ဗဟိုဘဏ်ကလည်း အတိုးနှုန်းတွေ ဆက်မြှင့်မယ်လို့ကြေညာထားတယ်။ အဲဒါကြောင့်မို့ အမေရိကန်ငွေဈေးကွက်ထဲကို ရင်းနှီးမြှုတ်နှံမှုတွေ လှိမ့်ဝင်လာရော။ ဧပြီလကနေ မေလအထိ နှစ်လအတွင်းမှာပဲ အမေရိကားရဲ့ equity funds ထဲကို ဒေါ်လာဘီလီယံ(၄၀)နဲ့ loan funds ထဲကို ဒေါ်လာ(၈)ဘီလီယံအထိ ရင်းနှီးငွေတွေ ဝင်ရောက်လာခဲ့ပါသတဲ့။

အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတက်မယ် ကြေညာပေမဲ့ တရုတ်ဗဟိုဘဏ်ကတော့ အတိုးနှုန်းကို မတက်တော့ပဲ ထိန်းထားမယ်လို့ကြေညာခဲ့တယ်။ တရုတ်ဗဟိုဘဏ်ကြီးက အတိုးနှုန်းထပ်တက်ပေးမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ယွမ်တွေဝယ်ထားသူတွေအဖို့ အတော်အထိနာချက်ပဲ။ ဈေးကျလို့ရှုံးတာက အတိုးနှုန်းတက်မှ ကာမိမှာမို့ မတက်တော့ဘူးလို့ သိလိုက်ကြတဲ့အခါ ယွမ်တွေရောင်း၊ သေချာတဲ့ဒေါ်လာတွေ လိုက်ဝယ်ပြီးစုကြလေတယ်။

မြန်မာပြည်ရဲ့အဓိကကုန်သွယ်ရေးက တရုတ်ပြည်မှာ။ တရုတ်ငွေနဲ့ရောင်းဝယ်ကြတယ်။ ကုန်သည်ကြီးတွေက တရုတ်ငွေယွမ်တွေ ကိုင်ထားတာပါ။ ယွမ်ဈေးကျတဲ့အခါ လိုသလောက်ပဲထားပြီး ဒေါ်လာနဲ့လဲကြပါတယ်။ သူတို့တွေဝယ်အားမြင့်တဲ့အခါ ဒေါ်လာက ပြည်တွင်းမှာရှားသွားပြီး ဈေးတက်ပေါ့။ အရင်ကတော့ ဘိန်းပေါ်ရင် ဒေါ်လာဈေးတက်လေ့ရှိတာပါ။ ဘိန်းသမားတွေလိုက်ဝယ်ပြီလေ။ အခုတော့ ယွမ်ဈေးကြရင်ဒေါ်လာတက်တဲ့ခေတ်ရောက်ပြီပေါ့။

ဒါကြောင့်မို့ ဒေါ်လာဈေးတက်ပြီး ပန်းပန်နေတာဟာ အစိုးရနဲ့မဆိုင်ပဲ ကုန်သွယ်ရေးစစ်ပွဲကို မဖြစ်ခင်ထဲက ကြောက်နေကြတဲ့ အကြောင်းတရားကြောင့်သာ ဖြစ်ပါကြောင်း။

ချစ်တဲ့
မောင်လူပေ

Comments