စမ်းစမ်းတင် - တွံတေး၊ ဆူးအက်နဲ့ ကရာတူးမြောင်း တွေက ပေးတဲ့အတွေး


စမ်းစမ်းတင် - တွံတေး၊ ဆူးအက်နဲ့ ကရာတူးမြောင်း တွေက ပေးတဲ့အတွေး
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၈


တလမ်းတည်းနဲ့ ကမ္ဘာအနှံ့ပတ်မယ့် တရုတ်နိုင်ငံရဲ့ အိပ်မက် OBOR- one belt one road ကမ္ဘာ့ ပတ်လမ်း စီမံကိန်း အစပျိုးတဲ့ တစိတ် တဒေသ အနေနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း က Kra တူးမြောင်း ဖောက်မယ့် ကိစ္စ နီးစပ်လို့လာပြီဆိုတဲ့ အသံကြားရပြန်ပါပြီ။ 

တရုတ်ရဲ့ ခေတ်သစ် ပိုးလမ်းမကြီး one belt one road ဟာ ရှေးခေတ် ပိုးလမ်းမလို ကုန်းတွင်းလမ်း ချည်း မဟုတ်တော့ဘဲ လေကြောင်း ရေကြောင်းတွေလည်း ပါပါမယ်။ ရေကြောင်းလမ်းတွေအတွက် တူးမြောင်းတွေက အရေးပါတာကို သတိရမိရင်း တွံတေးတူးမြောင်းနဲ့ ဆူးအက်တူးမြောင်းဟာ အင်္ဂလိပ်ကိုလိုနီကို အကျိုးဖြစ်ထွန်းစေခဲ့တာ၊ မြန်မာ့ဆန်တွေ အလီလီဖြတ်သန်းဖူးတာတွေ တွေးမိရပြန်။

တွံတေးတူးမြောင်း-မြန်မာ တွံတေးတူးမြောင်းကို ဗြိတိသျှကိုလိုနီလက်အောက် ကျရောက်ချိန် ၁၈၈၁ ခုနှစ်မှာ စ တည်ဆောက်တာ ၁၈၈၃ ခုနှစ်မှာဖွင့်လှစ်နိုင်တာမို့ တည်ဆောက်ကာလက နှစ်နှစ်၊ ရန်ကုန်မြစ်နဲ့ ဧရာဝတီမြစ်လက်တက် ဖြစ်တဲ့ တိုးမြစ်ကို တွံတေးတူးမြောင်းက ဆက်သွယ်ပေးလိုက်တာ။ ဒါ့ကြောင့် တူးမြောင်းကိုဖြတ်ပြီး ရန်ကုန်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသလွယ်လွယ်ကူကူ သွားနိုင်၊လာနိုင်၊ ကုန်သွယ်နိုင်တာ အဲဒိခေတ်ကတည်းက။ 

ခုလို ပုသိမ်-ရန်ကုန်ကားလမ်း မရှိခင်ကဆို တွံ့တေးတူးမြောင်းဟာ ရန်ကုန်နဲ့ မြစ်ဝကျွန်းပေါ်ဒေသ အတွက် အင်မတန် အဖိုးတန်တဲ့ ရွှေလမ်းငွေလမ်း ဖြတ်လမ်း ဆိုရမှာပါ။ အဲဒီလို မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရန်ကုန်ရေလမ်းခရီးပေါက်သွားတဲ့အခါ အင်္ဂလိပ်လက်ထက်မှာပဲ တည်ဆောက်ခဲ့တဲ့ ရန်ကုန်ဆိပ်ကမ်းက တဆင့် ပြည်ပကို မြန်မာ့ဆန်တင်ပို့ပါလေရော။

ဆန်အဓိကစားတဲ့ အရှေ့တောင်အာရှကို ဥရောပတိုက်သားတွေ လာရောက်မခြယ်လှယ်ခင် ကာလတွေမှာ လယ်သမားတွေဟာ စားလောက်ရုံနဲ့ ဒေသတွင်းဈေးတွေမှာ ရောင်းချလောက်ရုံပဲ စပါး စိုက်ပျိုးလေ့ပဲရှိတာ ရိုးတာလွန်းတယ်လို့များ ကွက်ကျော်မြင်တဲ့ အင်္ဂလိပ်တွေကက ထင်လေ သလား။ အာရှဆန် ကမ္ဘာဖြန့်ဖို့ အာရှတိုက်သားတွေက အင်္ဂလိပ်လိုမမြင်။ မြင်တဲ့ အင်္ဂလိပ်က အာရှဆိုင် ပြည်ပပို့လေတော့ အရှေ့တောင်အာရှမှာ ပြည်တွင်းမှာပဲ စားသုံးရာက ပြည်ပကို ဆန် ပထမဆုံးတင်ပို့နိုင်တာကတော့ ကိုလိုနီလက်အောက်က မြန်မာနိုင်ငံ။

 ၁၈၆၀ ပြည့်လွန် နှစ်ဦးပိုင်းတွေမှာ အမေရိကန်ပြည်တွင်းစစ်ဖြစ်ပွားတဲ့အခါ ဗြိတိန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်က ခါတိုင်းဝယ်နေကျဆန် မ၀ယ်နိုင်ဘဲဖြစ်သွားပါတယ်။ ဒိမတိုင်ခင် မြန်မာနိုင်ငံအောက်ပိုင်းကို ဗြိတိသျှက ၁၈၅၂ ခုနှစ်မှာ သိမ်းပိုက်လိုက်ပြီးသားက ဖြစ်နေပြီ၊ အင်္ဂလိပ်ရဲ့ စီးပွားရှာနိုင်တဲ့ မျက်စိက စူးရှလွန်းတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဆန်အိုးအဖြစ်ဖန်တီးလိုက်တာ စားလောက်ရုံမက ပိုပိုလျှံလျှံ။ အဲဒါက သူ့အကြံ။ ဆူးအက်တူးမြောင်းကို ၁၈၆၉ မှာဖွင့်လိုက်ချိန်မှာတော့ မြန်မာ့ဆန်ကို ဥရောပကိုပို့နိုင်သွားတာပေါ့၊ အင်္ဂလိပ်လက်ထက် ၁၈၅၅ က ၁၉၂၀ အတွင်း မြန်မာ့ဆန်အထွက်က အဆ ၂၀ တိုးလာပေမဲ့ လယ်ရှင်ယာရှင် ငွေရှင်တွေကို လယ်သမားတွေကမယှဉ်နိုင်၊ ကြွေးတင်တဲ့ ဘ၀- လက်စားလိုက်တဲ့ ဘ၀ပဲ သက်ဆင်းရတယ်လို့ ဗြိတိန် သမိုင်းပညာရှင် စာရေးဆရာ Clive Ponting က A Green History of the World ဆိုတဲ့ ကမ္ဘာ့အစိမ်းရောင် သမိုင်းဆိုတဲ့ စာအုပ်မှာ ရေးထားတာ အတည့်အလင်း၊ မြန်မာ့လယ်သမားတွေ နင်းပြားဘ၀က မတက်နိုင်ချိန် ပင်လယ်ကိုအောင်နိုင်တာဟာ ကမ္ဘာကို အောင်နိုင်တာလို့ ယူဆတဲ့ ဗြိတိန်ဟာ ကုန်သွယ် ရေကြောင်းခရီး ချုံ့နိုင်အောင် ဆူးအက်တူးမြောင်းဖောက်ဖို့ အထူးအားသန်ခဲ့တဲ့အတိုင်း အကျိုးလည်း ထူးခဲ့တာ အမှန်။

ဆူးအက်တူးမြောင်း- အီဂျစ် ၁၈၈၂ ခုမှာ အီဂျစ်နိုင်ငံကို ဗြိတိန် ကျူးကျော် ၀င်သွားနိုင်ပြီး ၁၉၃၆ ခုနှစ် အင်္ဂလိပ်-အီဂျစ် သဘောတူညီချက်နဲ့ အီဂျစ်နိုင်ငံ လွတ်လပ်သွားပေမဲ့ ဆူးအက်တူးမြောင်းကိုတော့ ဗြိတိန်ကလက်မလွတ်၊ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း နေမ၀င်အင်ပါယာကျဆုံးခန်းလည်း နီးလာ၊ ဆူးအက်တူးမြောင်း ဇုံနယ်ကနေ ဗြိတိသျှတပ်တွေ ထွက်ခွာဖို့ အီဂျစ်ကလည်းတွန်းလုပ်လာ ဆိုတော့ ဗြိတိန်တွေသိပ်မဟန်တော့၊ ၁၉၅၆ ခုနှစ်မှာ အီဂျစ်သမ္မတ နာဆာက ဆူးအက်တူးမြောင်းကို ပြည်သူပိုင်သိမ်းလိုက်တဲ့အခါ ဗြိတိန်တွေ ဆူးအက်နဲ့ မဆိုင်တော့ပြီ။ 

ဒီ ဆူးအက်တူးမြောင်းမပေါ်ခင် ပင်လယ်ကူးသင်္ဘောတွေဟာ ဥရောပတိုက်နဲ့ အာရှတိုက် အသွား-အပြန် ခုတ်မောင်းတိုင်း အာဖရိကတိုက်ကို ပတ်ပတ်သွားနေရတာမို့အချိန်ကုန် စရိတ်ကုန်။ တူးမြောင်းကြောင့် သင်္ဘောလမ်းကြောင်းတိုသွားပြီး အမြတ်အစွန်းလည်း ပိုရတာက ရတာ တကိစ္စ၊ တူးမြောင်းဖောက်တဲ့အခါ ဥရောပက အလုပ်သမားတွေရောက်မလာခင် အစပိုင်းမှာ အဓမ္မ လုပ်အားပေး ခိုင်းစေတာတွေလည်းရှိခဲ့။ တူးမြောင်းဖောက်လုပ်တဲ့အတွက် အလုပ်သမား ပဋိပက္ခ၊ ရောဂါဘယ ဖြစ်ပွားမှုတွေလည်း ကြုံခဲ့ရတဲ့ သမိုင်းကလည်းရှိခဲ့။ 

ကရာတူးမြောင်း-ထိုင်း ဒီလိုနဲ့ ဗြိတိသျှတို့ရဲ့ အင်ပါယာ နေ၀င်သွားတဲ့နောက် အာရှမှာ ကျားတွေ ခေါင်းထောင်လာပြီး ကျားတကာ့ကျား တရုတ်ကျားက တောင်တရုတ်ပင်လယ်ကို လွှမ်းမိုးနိုင်ဖို့ သူ့ပတ်ပတ်လည် နိုင်ငံတွေနဲ့ အချင်းများနေရင်းက ထိုင်းနိုင်ငံတောင်ပိုင်းမှာ Kra တူးမြောင်းဖောက်ဖို့ ကမ်းလှမ်းလာတာပါပဲ၊ ငွေအားလည်းတောင့်၊ နည်းပညာလည်းရှိ၊ နိုင်ငံရေးဦးဆောင်မှုပိုင်းလည်း အားကောင်း၊ တူးမြောင်းဖောက်ချင်တဲ့ သူ့ရည်ရွယ်ချက်က အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက ရေနံတင်သင်္ဘောတွေ မလက္ကာရေလက်ကြားကို ပတ်သွားစရာမလိုတော့ဘဲ ရေကြောင်း ခရီးချုံ့နိုင်ဖို့ပါပဲ။

 ဒီနည်းအတိုင်း မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ပြီး ရခိုင်ပြည်နယ်ကနေ- မကွေးတိုင်း-မန္တလေးတိုင်း-ရှမ်းပြည်နယ်ကို သွယ်တဲ့ ပိုက်လိုင်းကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ရေနံနဲ့ သဘာဝဓာတ်ငွေ့တင်ပို့နိုင်သွားပါပြီ။ တကယ်တော့ ဗြိတိသျှတွေ မအောင်မြင်ခဲ့တဲ့ အိန္ဒိယနဲ့ တရုတ်ကို စကြံ င်္ခင်းချင်တာ ဗမာပြည် စစ်အစိုးရလက်ထက်မှာ တရုတ်က အောင်မြင်သွားတဲ့ ဖြစ်ရပ်ပါပဲ။ 

ခု တခါ … ထိုင်းနိုင်ငံတောင်ပိုင်း ကရာတူးမြောင်းဖောက်ဖို့ တူးမြောင်းစီမံချက်ရှေ့ပြေးအဖြစ် တရုတ်-ထိုင်း Kra Infrastructure Investment and Development Company နဲ့ တရုတ်နိုင်ငံက ကွမ်ဂျိုးက Asia Union Group တို့၂၀၁၅ မေလကတည်းက နားလည်မှုစာချွန်ရေးထိုးထားပြီးသား၊ ကရာတူးမြောင်းစီမံကိန်းကို ၁၀ နှစ် အပြီးသတ်ဆောင်ရွက်မယ်၊ အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ ကုန်ကျမယ်လို့စင်ကာပူ သတင်းစာမှာ ဖော်ပြပြီးလို့ နောက်လေးရက်အကြာမှာ တူးမြောင်းဖောက်လုပ်ဖို့ နှစ်နိုင်ငံအစိုးရတရားဝင် ဘာတခုမှ သဘောတူထားတာမရှိပါဘူးလို့ နှစ်နိုင်ငံ အစိုးရက ငြင်းပြန်ပါတယ်။ ၀န်ကြီးချုပ်ဟောင်း ချာဗလစ်ယောင်ချာယွတ်က ထိုင်းဘက်က လက်မှတ်ရေးထိုးတာလို့ စင်ကာပူနိုင်ငံထုတ် The Independent သတင်းက ဖော်ပြပါတယ်။ ယောင်ချာယွတ်ဟာ ကရာတူးမြောင်းဖောက်ဖို့ နှစ်ရှည်လများ အားပေးနေတဲ့လူဆိုပဲ၊ ( ထားဝယ်အထူးစီးပွားရေးဇုံလည်း ထိုင်းက စတာပါပဲ။ သူ့နိုင်ငံက ဥပဒေတွေနဲ့ လုပ်ရခက်တဲ့ စက်ရုံတွေ ဗမာပြည်ဘက် မီးခိုးလာထွက်ဖို့ရည်ရွယ်ချက်နဲ့။ ) 

ကရာတူးမြောင်းအမှန်တကယ်အကောင်အထည်ပေါ်လာရင် ရေလမ်းကြောင်းကျတဲ့ စင်ကာပူဆိပ်ကမ်းအဖို့ သင်္ဘောဆိုက်ကပ်ခ ကောက်ခံနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် တရုတ်နိုင်ငံက ငွေရင်းမတည်မယ့် ကရာတူးမြောင်းဆောက်လုပ်တာကို စင်ကာပူကို အမှန်တကယ်ခြိမ်းခြောက်နေတယ်လို့ The Independent သတင်းစာကသုံးသပ်လေတာ။ 

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ လုံခြုံရေးအရလည်း ထည့်သွင်းစဉ်းစားဖို့လိုလာပါတယ်။ ကရာတူးမြောင်းသာ ဖောက်လိုက်မယ်ဆိုရင် တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာ ဖြတ်လမ်းလည်းဖြစ်သွားမှာပါ။ 

ဗြိတိသျှအင်ပါယာ နေမ၀င်ခေတ်က ပင်လယ်ကူးသင်္ဘောကြီးတွေနဲ့ ကမ္ဘာပတ် ကုန်သွယ်ရင်း ကိုလိုနီနယ်ချဲ့ခဲ့တာ သမိုင်းမှာ အထင်အရှား၊ ဒီနေ့ခေတ်မှာတော့ ကုန်တင်မက စီးပွားရေးတရှိန်ထိုးတက်လာတာနဲ့ အမျှ လောင်စာစွမ်းအင်လိုအပ်လာတာမို့ ရေနံတင်သင်္ဘောတွေပါ ပင်လယ်ကူးတဲ့ကာလ ရောက်လာပါတယ်။ 
တချိန်က ပင်လယ်ကိုအောင်နိုင်ခဲ့လို့ နယ်ချဲ့နိုင်တဲ့ ဗြိတိသျှနေရာ တခြားဘယ်အင်အားကြီးနိုင်ငံက ဘာအကြောင်းပြပြီး အစားထိုးဝင်နိုင်လာမလဲ စဉ်းစားစရာလည်း ရှိလာပါတယ်။ ပထ၀ီနိုင်ငံရေးအရ အင်အားကြီး အိန္ဒိယနဲ့ တရုတ်နှစ်နိုင်ငံကြားက မြန်မာနိုင်ငံအဖို့ ကရာ တူးမြောင်းဖောက်လုပ်တဲ့ ကိစ္စဟာ အိမ်နီးချင်းထိုင်းနိုင်ငံ ကိစ္စမို့ ကိုယ့်နိုင်ငံအရေး မဟုတ်ပေမဲ့ မြန်မာ့ လုံခြုံရေး ဘယ်လိုရှိလေမလဲဆိုတာကတော့ တွေးစရာ။

Comments