ရဲဘော်ဖိုးသံချောင်း - ဒီတိုင်းပြည်၊ ဒီပြည်သူနဲ့ ဒီ ဒီမိုကရေစီ


ရဲဘော်ဖိုးသံချောင်း - ဒီတိုင်းပြည်၊ ဒီပြည်သူနဲ့ ဒီ ဒီမိုကရေစီ
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၈

အခုတလောဗမာပြည်ရဲ့အကြောင်းပြောလေတိုင်း ဒီမိုကရေစီအစိုးရ၊ ဒီမိုကရေစီ အခွင့်အရေး၊ ဒီမိုကရေစီအပြောင်းအလဲစတဲ့ စကားတွေထိပ်တန်းကပါနေပါတယ်။ ဒီနေ့ အခါဒီနိုင်ငံမှာ ဒီမိုကရေစီအခွင့်အရေးတွေကို တကယ်ခံစားနေရပြီလား၊ ဘယ်လောက် ခံစားနေကြရသလဲ စတဲ့အကြောင်းတွေလည်း သဘာဝကျစွာပြောဆိုငြင်းခုံနေကြပါတယ်။ ပြည်ပမှာလည်းပြောကြ၊ ပြည်တွင်းမှာလည်းပြောကြနဲ့ ပြဿနာကြီးတခုလိုကို ဖြစ်နေတာ ပါ။ ဘာကိစ္စ၊ ဘာပြဿနာပဲပြောပြော ဒီအကြောင်းအရာကိုပဲ ထိပ်တန်းတင်တင်လာကြ တာတွေ့ရပါတယ်။ လူသတ်မှုတွေပြောမလား၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးပြောမလား၊ ငြိမ်းချမ်းရေးအကြောင်းပြောမလား၊ ကဗျာရွတ်ပွဲကိစ္စပြောမလား၊ ဘာကိစ္စ၊ ဘာအကြောင်း ပြောပြော နောက်ဆုံးတော့ဒီဘူတာပဲဆိုက်ရတယ် ဆိုတာလိုဖြစ်နေပါတယ်။ ရွေးကောက် ပွဲမှာမဲရဖို့ အတွက်လည်း ဒီအကြောင်းပဲပြော၊ ကိုယ့်အာဏာကိုထိန်းသိမ်းကာကွယ်ဖို့လည်း ဒီဟာနဲ့အကာအကွယ်ယူ၊ ဒီအကြောင်းဟာ တကယ့်ကိုပွဲတိုင်းကျော်လိုဖြစ်နေပါတယ်။ ဒါကြောင့် ဒါတွေနဲ့ပတ်သက်ပြီး ကိုယ်စဉ်းစားမိတာလေးတွေ ရေးကြည့်မိပါတယ်။

ဒီနေ့ဗမာပြည်မှာ ဒီမိုကရေစီမရှိတာမဟုတ်ပါဘူး၊ ရှိပါတယ်။ ရှိတာမှ ရာခိုင်နှုန်း ၁ဝဝ၊ ၁ဝဝကျော်ခံစားနေရသူတွေတောင်ရှိပါတယ်။ ဒီမိုကရေစီရဲ့အဓိကပြဿနာဟာ ဘယ်သူ တွေမှ ဒီမိုကရေစီရှိပြီး ဘယ်သူတွေမှာဒီမိုကရေစီမရှိဘူးလဲဆိုတာဖြစ်ပါတယ်။ ဒီမိုကရေစီ ခံစားရမှုအနည်းအများပြဿနာဖြစ်ပါတယ်။

 ဒါ ဒီမိုကရေစီဆိုတာကြီးက မျက်နှာလိုက်၊ ဘက်လိုက်လို့မဟုတ်ပါဘူး။ တိုင်းပြည် အာဏာကိုချုပ်ကိုင်ထားသူတွေက မျက်နှာလိုက်၊ ဘက်လိုက်လို့ဖြစ်ပါတယ်။ လူတန်းစား တွေ၊ လူ့အလွှာတွေ ကွဲပြားနေတဲ့လူ့အဖွဲ့အစည်း(တိုင်းပြည်တွေအပါအဝင်)တခုမှာ ဒီမို ကရေစီကိုဘယ်သူတွေ၊ ဘယ်လူတန်းစားတွေ၊ ဘယ်အုပ်စုတွေက ဘယ်လောက် ခံစားစေဆိုတာကို အဲဒီကာလမှာအုပ် စိုးနေတဲ့၊ အာဏာရှိသူတွေကဆုံးဖြတ်ပါတယ်။ သူတို့ရဲ့အုပ်စိုးတဲ့စနစ်ကပြဋ္ဌာန်းပါတယ်။ ကျွန်တော်တို့ မမေ့သင့်တာက လူတန်းစား ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတခုမှာ နိုင်ငံရေးအခွင့်အရေးခံစားရခြင်းနဲ့ အရင်းအနှီး ပိုင် ဆိုင်မှုဟာ တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီနေ့လက်ရှိ ဗမာနိုင်ငံ လိုတိုင်းပြည်တွေမှာ ဥစ္စာဓနအချမ်းသာဆုံးလူတွေဟာ ဒီမိုကရေစီအခွင့်အရေးကို အခံစားရဆုံးဆိုရင် မမှားပါဘူး။ အာဏာရလို့ချမ်းသာ-ချမ်းသာလို့အာဏာရ ဆိုတဲ့တရား အတိုင်းပါ။ ဒါနဲ့တဆက်တည်း ဆက်ဖြည့်လိုက်ချင်တာက အဲဒီချမ်းသာကြွယ်ဝမှုကြောင့်ပဲ အာဏာကို အသေဖက်တွယ်ထားကြတာလည်းဖြစ်ပါတယ်။ တနည်းပြောရရင်အဲဒီချမ်းသာ ကြွယ်ဝမှုတွေအတွက် သူများတွေနဲ့ဒီမိုကရေစီကို ဝေမျှမခံစားနိုင်ကြတာဖြစ်ပါတယ်။ ဒီကနေနိဂုံးချုပ်လို့ရတာက ဒီမိုကရေစီခံစားရမှု ပြဿနာဟာ လူတန်းစားပြဿနာဖြစ်တယ် ဆိုတာပါ။

ဒီမှာရှင်းသွားတာက ဒီမိုကရေစီဆိုတာမရှိတာမဟုတ်၊ လူတချို့ကမောင်ပိုင်စီးထား၊ လက်ဝါးကြီးအုပ်ထားခြင်းခံရတာသာဖြစ်တယ်ဆိုတာပါ။ တရုတ်စကားပုံတခုမှာညွှန်းတဲ့ “အရာရှိမင်းကျတော့ရွာတွေကို မီးတိုက်ခွင့်ရှိပြီး ရွာသားတွေကျတော့မီးခွက်လေးတောင် ထွန်းခွင့်မရှိဘူး” ဆိုတာလို ဒီနိုင်ငံမှာ တချို့လူတွေဟာ လေယာဉ်ပျံကွင်းက လူမြင်ကွင်းထဲ၊ စီစီတီဗီကင်မရာအောက်မှာ အစီအစဉ်တကျ လူသတ်ခွင့်ရှိပြီး ဆင်းရဲသားတွေကျတော့ ကိုယ့်ဘိုးဘွားပိုင်မြေလေးလုသွားတာတောင် ပြန်တောင်းခွင့် မရှိတာတွေဖြစ်ပေါ်နေ ပါတယ်။

ဗမာပြည်မှာဒီမိုကရေစီကို ဘယ်သူတွေ၊ ဘယ်ရွေ့ဘယ်မျှခံစားခွင့်ရှိစေဆိုတာကို ဆုံးဖြတ်တာဟာ အုပ်စိုးသူတွေလို့အထက်မှာရေးခဲ့တော့ အဲဒီအုပ်စိုးသူကဘယ်သူတွေ လဲလို့ မေးစရာဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲဟာ တိုင်းပြည်ကို အုပ်စိုးမယ့်လူတွေကို ရွေးချယ်တင်မြှောက်တာ မဟုတ်ဘူးလားလို့ မေးကောင်းမေးလာ နိုင်ပါတယ်။ ဒါဆိုရင်ကျွန်တော်ကလည်း အခုအခါရွေးကောက် ပွဲမှာအနိုင်ရခဲ့တဲ့ ဒီချုပ်ကိုယ်တိုင် ရွေးကောက်ပွဲတုန်းက သူတို့ကတိပေးမဲတောင်းခဲ့တဲ့ ပြည်တွင်း ငြိမ်း ချမ်းရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်သူ့ဘဝတိုးတက်ရေး စတာတွေ ကို ဘယ်လောက်လုပ်ခွင့်ရနေပြီလဲ၊ ဘာတခုများအကောင်အထည်ဖော်နိုင်ပြီလဲလို့။ သူတို့ တတွေမဲတော့ရပါရဲ့ အာဏာမရဘူးဆိုတာရှင်းနေပါတယ်။ အထက်မှာပြောခဲ့တဲ့ အာဏာရှိသူတွေလို ဒီချုပ်အစိုးရအနေနဲ့ ဒီမိုကရေစီကို ဘယ်သူတွေ ဘယ်လောက် ခံစားခွင့်ရှိစေရမယ်လို့ ဆုံးဖြတ်ခန့်ခွဲခွင့်ရှိနေပါသလား။ ဒါမှမဟုတ်သူတို့ကိုယ်တိုင် သူများ ခန့်ခွဲပေးတဲ့ ဒီမိုကရေစီကိုခံစားနေရတာလား။

တိုင်းပြည်တပြည်မှာ၊ ဒါမှမဟုတ်အစိုးရတရပ်က ဘယ်လိုနိုင်ငံရေးစနစ်ကျင့်သုံး နေတယ်ဆိုတာကို ဒီမိုကရေစီ အခွင့်အရေးခံစားရမှုအပေါ်ကနေ သတ်မှတ်ပြောဆိုလေ့ ရှိကြပါတယ်။ အစိုးရဝါဒဖြန့်ချိရေး ယန္တရားတွေက ဘာတွေ၊ ဘယ်လောက်ကြီးပြောနေနေ ဘယ်သူတွေ ဒီမိုကရေစီခံစားရပြီး ဘယ်သူတွေ ဒီမိုကရေစီနဲ့ဝေးနေတယ်ဆိုတာကို သတိ ပြုကြည့်ရပါမယ်။

 တကယ်ကျတော့ နိုင်ငံတော်/အစိုးရဆိုတာဘာလဲ။ လူတွေရဲ့စိတ်ထဲရင်ထဲမှာ နားလည်ယူဆထားတာက ဘာကြီးပဲဖြစ်ပစေ၊ လက်တွေ့မြင်ရမှာက နိုင်ငံတော်/အစိုးရ ဆိုတာဟာ ပုလိပ်(ပြည်ထဲရေးဝန်ကြီးလက်အောက်)၊ စစ်တပ်(ကာကွယ်ရေးဝန်ကြီး လက်အောက်)၊ ရုံးနဲ့ထောင် (ပြည်ထဲရေးဝန်ကြီး လက်အောက်)စတာတွေဖြစ်ပါတယ်။ အခုအဲဒီဝန်ကြီးဌာနတွေဟာ ဘယ်သူ့လက်ထဲမှာလဲ။ ဝန်ကြီးဌာနတိုင်းလိုလိုမှာ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ထွက်တွေက နေရာကောင်းတွေကိုယူထားကြတယ် မဟုတ်ဘူးလား။ ဒါတွေအပြင် ဗမာနိုင်ငံရဲ့ထူးခြားချက်အနေနဲ့ အချိန်မရွေးအာဏာသိမ်းနိုင်တယ်ဆိုတဲ့ ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီးကိုရော၊ ထည့်မပြောကြတော့ဘူးလား။

စစ်အုပ်စုကအပြည့်အဝခံစားနေရပြီး ပြည်သူတွေမှာတော့ စစ်အုပ်စုထိပ်သီးတွေက ပေးကမ်းတာ လောက်ပဲ ခံစားရတဲ့ဒီမိုကရေစီ။ ဒီအပေါ်မှာစိတ်ကူးမယဉ်ကြသင့်ပါဘူး။

ဗမာပြည်သမိုင်းကနေ တကမ္ဘာလုံးကရလိုက်တဲ့သင်ခန်းစာတခုဟာ ဒီမိုကရေစီ အခွင့်အရေးတွေ ပိတ်ပင်ရုပ်သိမ်းမှုကနေပြည်တွင်းစစ်တွေဖြစ်တတ်တယ်၊ မပြီးနိုင်မဆုံးနိုင် ဖြစ်နေတတ်တယ်ဆိုတာပါပဲ။ ဒါ့အပြင် ဒီဒီမိုကရေစီပြဿနာကိုမဖြေရှင်းဘဲ ပြည်တွင်းစစ် ပြဿနာကိုလည်း မဖြေရှင်းနိုင်ဘူးဆိုတာဖြစ်ပါတယ်။

 ရဲဘော်ဖိုးသံချောင်း
၂၄-၆-၁၈

Comments