![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM-ygX_8XXylyALxqxs-aSYMRti3hNaFbGx6HfN1nu1Cv-x1gi6JJ0RVz5UVPxlfnGcxr36dWK3HrZpjlR35HS5l-waB_ZEG6umJDA_iFJrbGzHlf7viFm8RO32aoHm1U_geLuRqdmoarP/s640/apergia-mme.jpg)
အလင်းလက် ● အမေရိကန် ကျီးမည်းတွေအကြောင်း
(မိုးမခ) ဇွန် ၂ဝ၊ ၂ဝ၁၈
(မိုးမခ) ဇွန် ၂ဝ၊ ၂ဝ၁၈
(၁)
လိမ်တာ၊ ညာတာ မဟုတ်တာလုပ်တာတွေကို ထောက်လှမ်းစုံစမ်းပြီး ပြည်သူ့အတွက် ပြည်သူတွေသိအောင် ဖွင့်ချတဲ့သတင်းမီဒီယာတွေမရှိတဲ့နေရာမှာနေတဲ့ လူ့အဖွဲ့အစည်းမှာ လွတ်လပ်ခွင့်ဆိုတာမရှိပါဘူးလို့ အမေရိကန်သတင်းစာဆရာ ဝေါလတာလစ်မန်းက ပြောခဲ့ပါတယ်။
နယူးရောက်တိုင်းမ်းသတင်းစာဆရာ ဂျိမ်းရက်စတန်က သတင်းသမားနဲ့ အစိုးရဆိုတာ အမြဲရန်ဖြစ်နေသူပါ။ အစိုးရက မဟုတ်တာလုပ်ရင် သတင်းသမားကဖော်ထုတ်ဖွင့်ချတယ်။ သူတို့နှစ်ဦးကြား ရန်ပွဲက ဘယ်တော့မှမစဲလို့ ဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံရေးသမား ရောဘတ်ရိုက်ကတော့ ဒီမိုကရေစီဆိုတာ လွတ်လပ်ပြီးဘက်လိုက်မှုကင်း တဲ့စာနယ်ဇင်းတွေအပေါ်မှာမှီခိုရပ်တည်နေတာဖြစ်တယ်။ ဒါ့ကြောင့် မင်းစိုးမင်းညစ်မှန်သမျှဟာ အဲဒီစာနယ်ဇင်းတွေကို ဖိနှိပ်ချေမှုန်းဖို့ ကြိုးစား အားထုတ်တာပေါ့လို့ ဆိုခဲ့ပါတယ်။
(၂)
၁၉၇၂ ဇွန်၊ ၁၈ ရက် တနင်္ဂနွေမနက်ကထုတ်ဝေခဲ့တဲ့ ဝါရှင်တန်ပို့စ်သတင်းစာရဲ့ မျက်နှာဖုံးမှာ ဒီမိုကရက်တစ်ပါတီရဲ့ ရုံးခန်းကိုဖောင်ထွင်းတဲ့ လူငါးယောက်ကို ဖမ်းဆီးလိုက်ခြင်းဆိုတဲ့ သတင်းပါလာခဲ့ပါတယ်။ ဒီသတင်းကို သတင်းထောက် အဲလီဝစ်ရဲ့အမည်နဲ့ဖော်ပြခဲ့ပြီး အယ်ဒီတာရှစ်ဦးက တည်းဖြတ်ပေးခဲ့ပါတယ်။
နောက်နေ့ တနင်္လာနေ့မှာတော့ ပိုစ်ရဲ့ငယ်မွေးခြံပေါက်အယ်ဒီတာ နှစ်ဦးဖြစ်တဲ့ ဘုတ်ဝုဒ်ဝပ်နဲ့ ကားလ် ဘန်စတိန်း အပါ အဝင် သတင်းရေးသူရဲ့အမည်တွေနဲ့အတူ ဒီ ခိုးယူနားထောင်တဲ့ လူငါးယောက်ထဲမှာ အစိုးရ လုံခြုံရေးဌာနက သူတွေလည်း ပါဝင်နေတယ်ဆိုတဲ့ နောက်ဆက်သတင်းတစ်ပုဒ်ကို ထပ်ဖော်ပြခဲ့ပါတယ်။
(၃)
သတင်းဖော်ပြပြီး ခြောက်လကြာတဲ့အခါ ဝါရှင်တန်ပို့စ်ရဲ့ပိုင်ရှင်သူဌေးမကြီး ကက်သရင်းဂရေဟမ်က သူမရဲ့ အယ်ဒီတာ တွေဖြစ်တဲ့ ဘုတ်လ်နဲ့ ကားလ်ကို မနက်စာ အတူလာစားကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
တကယ်ဆုံချိန်မှာ အလုပ်ရှင်နဲ့တွေ့ဖို့ ကားလ်ကပျက်ကွက်ခဲ့ပြီး ဘုတ်တစ်ယောက်တည်းပဲ သူမရဲ့ ရုံးခန်းရှိရာ သတင်းစာ တိုက် ရှစ်ထပ်ကိုလာခဲ့ပါတယ်။ ကက်သရင်းနဲ့အတူ အုပ်ချုပ်မှုဒါရိုက်တာ ဟောင်းဝပ် ဆိုင်မွန်လည်း ရှိနေခဲ့ပါတယ်။ သူကပဲ ကက်သရင်းက အယ်ဒီတာတွေကိုပြောစရာရှိတယ်လို့ ကနဦးစကားဆိုလိုက်တော့ ဘုတ်တုန်လှုပ်သွားပြီ ဒါ အလုပ်ဖြုတ်ဖို့နိဒါန်းပျိုးတာလို့ ထင်ခဲ့ပါတယ်။
ဒီအချိန်ဟာ ဝါးတားဂိတ်ဖောက်ထွင်းမှုမှာ တာဝန်အရှိဆုံးလို့ယူဆရတဲ့ နစ်ဆင်မက်ကို ဒုတိယ အကြိမ်မြောက် သမ္မတရွေး ချယ်ခဲ့ပြီးတဲ့အချိန်၊ နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကက်ဆင်ဂျားနဲ့ တရားသူကြီးချုပ် ဂျွန်မစ်ချယ်တို့က ကက်သရင်းနဲ့ သူ့ဝိုင်း တော်သားတွေကို ပြောဆိုပြစ်တင်ဝေဖန်ရှုတ်ချနေချိန်၊ ပို့စ်ရဲ့ အစု ရှယ်ရာဈေးတွေကျဆင်းနေချိန်၊ ပို့စ်ရဲ့ ရုပ်သံလိုင်စင် ကိုနိုင်ငံတော်က ပြန်သိမ်းထားတော့မယ်လို့ စကားသံထွက်နေခဲ့တဲ့ ၁၉၇၃ ခုနှစ်ပါ။ ပြီးတော့ ဝါးတားဂိတ်သတင်းရင်းမြစ်ကို ဘယ်ကရတာလဲဆိုတဲ့ ချီကာဂိုထရီပြွန်း သတင်းစာရဲ့ တန်ပြန်မေးခွန်းကို ကက်သရင်းမဖြေနိုင်လို့ အလူးအလဲခံနေရချိန်မို့ သူမရဲ့အယ်ဒီတာတွေကိုခေါ်ပြီး မေးမြန်းရခြင်းပဲဖြစ်ပါတယ်။
ဒီသတင်းဟာ အိမ်ဖြူတော်နဲ့ အက်ဖ်ဘီအိုင်ကရဲတဲ့ သတင်းလိုလို ဘုတ်က ဆင်ဝှေ့ရန်ရှောင် ဖြေကြားခဲ့ပြီး၊ နောက်ဆုံးမှာ ဒီသရုတ် Deep Throat ဆိုသူက ပေးကြောင်း၊ အဲဒီလူကိုလည်း သူသေချာမမြင်ဖူးပါဘူးလို့ ပြောလိုက်ပါတယ်။
အဲဒီလူက ဘယ်သူလဲလို့ ကက်သရင်းကထပ်မေးလိုက်တဲ့အခါ ပိုင်ရှင်သိရင်တော့ ပြောပြရမှာပေါ့လို့ ဘုတ်ကဆိုတဲ့အချိန် သူ့ရဲ့လက်ကိုသူမက ပုတ်လိုက်ပြီး ဒီအထုပ်ကို ငါဆက်မသယ်ချင်တော့ပါဘူးလို့ ပြောလိုက်ပါတယ်။
ပြန်မယ်ဆိုတဲ့အချိန်မှာ ကက်သရင်းက ဒါနဲ့ ဝါးတားဂိတ်ဖြစ်ရပ်မှန်သတင်းရင်းမြစ်ကို ဘယ်တော့သိရမှာလဲလို့ ထပ်မေးလိုက် ပါတယ်။ ဒါ သူ့အတွက် သေရေး၊ ရှင်ရေး မေးခွန်းပါပဲ။ ဒီသတင်းကို ကားလ်နဲ့ သူ နှစ်ယောက်ပဲရေးခဲ့တာပါ။ အမှုလုပ် မယ်ဆိုရင် ဒါဟာလုပ်ကြံမှုပါပဲ။ ဒါကြောင့် NEVER လို့ဆိုတဲ့ ဘယ်တော့မှ မပေးနိုင်လို့ပြောပြီး ထွက်လာခဲ့ပါတယ်။ ဒါ သူမ မကြားချင်းဆုံးစကားပါပဲလို့ ကက်သရင်းက အော်ပြောလိုက်ပါတယ်။ တက်ယတော့ ဒီသရုတ်ဆိုတဲ့အမည်ကို ဟောင်းဝပ် ဆိုင်မွန်က ပေးခဲ့တာပါ။
(၄)
၁၉၄၇၊ သြဂုတ် ၈ ရက် ဘုတ်နဲ့ကားလ်တို့ အလုပ်ခွင်မှာရှိနေတုန်း ရုပ်သံအစီအစဉ်ကနေ သမ္မတ နက်ဆင်က ကေင်းသောညနေခင်းပါ၊ အခုအကြိမ်နဲ့ဆို ကျွန်တော်ပြည်သူတွေကို အိမ်ဖြူတော်ကနေ စကားပြောတာ ၃ ကြိမ်ရှိသွားခဲ့ပါပြီ။ ကျွန်တော့်အနေနဲ့ ဘယ်တော့မှာရာထူးကနုတ်ထွက်မယ့်သူ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံတော်သမ္မတတစ်ယောက်အနေနဲ့ အမေရိကန်ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ ဆန္ဒကို ပထမ ဦးစားပေးရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့မနက်ဖြန်နေ့လယ်ကစပြီး သမ္မတရာထူးက အနားယူမှာ ဖြစ်ပါတယ်ဆိုတဲ့စကားကို ကြားခဲ့ရပါတယ်။
နောက်နေ့ သြဂုတ် ၉ရက်နေ့မှာ ၁၉၆၉၊ ဇန်နဝါရီ ၂ဝ ရက်က အမေရိကန်ရဲ့ ၃၇ ယောက်သမ္မတ ဖြစ်လာခဲ့တဲ့ နစ်ဆင်ဟာ အိမ်ဖြူတော်က မျက်ရည်ဝဲပြီးထွက်ခွါသွားခဲ့ပါတယ်။ ဝါးတားဂိတ်သတင်း စရေးချိန်နဲ့ နစ်ဆင်နှုတ်ထွက်ချိန်ဟာ နှစ်နှစ်နီးပါးကြာမြင့်ခဲ့ပါတယ်။
(၅)
၂ဝ၁၅၊ မေ ၃၁ ရက်က ထုတ်ဝေလိုက်တဲ့ Vanity Fair မဂ္ဂဇင်းကြီးဟာ အမေရိကန်ပြည်သူတွေ အဲဒိနေ့မှာသိခွင့်ရတဲ့ လွန်ခဲ့တဲ့ ၁၉၇၂ ခုနှစ်က အကြောင်းအရာတစ်ခုပါလာခဲ့ပါတယ်။
အဲဒါက ဝါးတားဂိတ်သတင်းတွေပေးပို့ခဲ့သူ ဒီသရုတ်ဟာ ကျွန်တော်ပါပဲလို့ အသက် ၉၁ နှစ်ရှိနေပြီဖြစ် တဲ့ မတ်ဖဲ(လ်)က ဝန်ခံလိုက်ခြင်းဖြစ်ပဲဖြစ်ပြီး သူ့ဥပဒေအကြံပေး ဂျွန်အိုကွန်နာက အတည်ပြုပေးခဲ့ပါတယ်။ သူ ပေးပို့ခဲ့တဲ့သတင်းအပေါ် ရေးသားခဲ့တာကြောင့် အာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ရာက သမ္မတရာထူး က နှုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီအချိန်က မတ်ဟာ အက်ဖ်ဘီအိုင်ရဲ့ ဒုတိယဒါရိုက်တာဖြစ်ပြီး ငွေကြေးနဲ့ထင်ပေါ်မှုကို မလိုချင်သူ လည်းဖြစ်ပါတယ်။ အက်ဖ်ဘီအိုင်ဟာ ဝါးတားဂိတ်ကိစ္စနဲ့ပတ်သက်ပြီး အစိုးရလက်အောက်မှာရှိတဲ့ အဖွဲ့အစည်း ၈၆ ဖွဲ့ကို စစ်ဆေးခဲ့ပါတယ်။ နစ်ဆင်ကို ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်စေချင်တဲ့ အိမ်ဖြူတော်အရာရှိ တွေ၊ ရွေးကောက်ပွဲ ဝင်ရေး၊ ဝါဒဖြန့်ချိရေးအတွက် ဖွဲ့စည်းထားတဲ့အဖွဲ့နဲ့ စီအိုင်အေတာဝန်ရှိသူတွေက အမှန် မပြောပဲ ဖုံးကွယ်ထားခဲ့တာကြောင့် အခက်တွေ့ခဲ့ရပါတယ်။
ဒါ့ကြောင့် ဒီအဖြစ်မစခင် လေးလလောက်က ကွယ်လွန်သွားခဲ့တဲ့ အက်ဖ်ဘီအိုင်အကြီးအကဲဟောင်း ဂျေအက်ဂါဟူးထားရဲ့ ညာလက်ရုံးတပည့်အရင်းဖြစ်တဲ့ မတ်ဟာ ရေတပ်မှာ သူတာဝန်ထမ်းဆောင်တုန်းက သိခဲ့ရတဲ့ ဘုတ်ဆီကို သတင်းပေးဖို့လုပ် ခဲ့ရပါတယ်။ တာဝန်ရှိသူတွေနဲ့ အများပြည်သူတွေမသိအောင် လျှို့ဝှက် သင်္ကေတာတွေနဲ့ သူတို့နှစ်ယောက်ဆက်သွယ်ပြီး မြေအောက်ကားရပ်နားစခန်းရဲ့ အမှောင်ထဲမှာတွေ့ဆုံစကား ပြောခဲ့ကြပါတယ်။
သူ့ရဲ့လူတွေ အက်ဖ်ဘီအိုင်ရဲ့ အကြီးအကဲတွေဖြစ်လာအောင် နစ်ဆင်ကလုပ်ခဲ့ပြီး မတ်ကို အနေကျပ် စေခဲ့ပါတယ်။ ၁၉၇၈ မှာတော့ မတ်ကိုလွန်ခဲ့တဲ့ ၁ဝ နှစ်ကဖြစ်ခဲ့တဲ့ အမှုဟောင်းတစ်ခုမှာ တာဝန်ရှိတယ်လို့ တရားစွဲဆိုခဲ့ပေမယ့် ၁၉၈၁ မှာ အမှုကနေ တရားသေလွတ်မြောက်ခဲ့ပါတယ်။
၁၉၉၃ ခုနှစ်မှာ ဒီလျှို့ဝှက်ချက်ကို သေတဲ့အထိယူသွားမယ်ဆိုတဲ့ မတ်နဲ့ဘုတ် တွေ့ဆုံခဲ့ပြီး မတ်ကို အမှန်ပြောဖို့ ဘုတ်က တိုက်တွန်းခဲ့ပါတယ်။ အနံ့ရသွားတဲ့ အခြားသတင်းထောက်တွေက သိချင်လို့ကြိုးစားခဲ့ ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဒါပေမယ့် သမိုင်းမှတ်တမ်းတင်ရမယ့် လုပ်ရပ်တစ်ခု ဘဝမှာရှိခဲ့တယ်လို့ ကိုယ်တိုင်သိမြင်လာခဲ့တာမို့ အသက်ရှင်တုန်းမှာ ဖွင့်ပြောစေချင်တဲ့အားလုံးရဲ့ဆန္ဒအရ မတ်က အခုလိုဖွင့်ချခဲ့ခြင်းပဲဖြစ်ပါတယ်။
(၆)
၁၉၇၂၊ ဇွန် ၁၈ ရက်ကဖြစ်ခဲ့တဲ့ ဝါးတားဂိမ်အရှုပ်အထွေးဟာ ၂ဝ၁၈၊ ဇွန်လမှာ ၄၆ နှစ်ပြည့်ခဲ့ပါပြီ။ ဒီမို ကရက်တစ်ပါ တီဌာနချုပ်မှာ လူငါးယောက်ကိုဖမ်းမိပြီးနောက်ရက်မှာ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဂျွန် က ဒီ ဖြစ်ရပ်ကို တတိယတန်းစား ချိုးဖျက်ဝင်ရောက်မှုလို့ပြောခဲ့ပါတယ်။
ဝါရှင်တန်ပို့စ်ရဲ့သတင်းထောက်တွေကတော့ ဒီလိုမမှတ်ယူပဲ သတင်းခန်းထဲကရော၊ အပြင်လောကမှာ ပါ လိုက်စုံစမ်းခဲ့ပါ တယ်။ အခင်းဖြစ်တဲ့ ညက မှုခင်းသတင်းထောက်လည်းဖြစ်၊ တာဝန်ကျအယ်ဒီတာလည်း ဖြစ်တဲ့ မာတင် ဝီးလ်က မှုခင်း သတင်းထောက်တွေဟာ အချက်အလက်တွေကို ဆုပ်ကိုင်ထားသူတွေဖြစ်ပြီး မခန့်မှန်းဖို့နဲ့ စိတ်ထင်နဲ့ တွေးမကြည့်ဖို့ သူတို့ ကိုပြောထားတာပါ။ ဒါပေမယ့် အဲဒီအချိန်သတင်းခန်းထဲမှာရှိနေတဲ့ သူအချို့က ဒီကိစ္စဘာတွေ ဆက်ဖြစ်နိုင်တယ်ဆိုတာ သိခဲ့ကြတယ်လို့ ကျွန်တော်ခံစားရပါတယ်။
အဲဒီညက ကျွန်တော့် ရဲဘော်တွေရဲ့ ဆက်သွယ်ရေးရေဒီယိုကနေပါ ဝါးတားဂိတ်မှာ တံခါးတွေပွင့်နေ ကြတယ်လို့ပြောတာကို ကြားလိုက်ရတာနဲ့ သတင်းခန်းကို ဒီနေ့တခုခုများရှိလားဆိုတော့ ဟား..သိပ်ရှိတာပေါ့ တဲ့။ သူတို့တွေ စိတ်လှုပ်ရှားနေကြတယ်။ လှုပ်လှုပ်ရွရွနဲ့ပေါ့။ အဒီအချိန်က ရှိတဲ့သူတွေအားလုံးကို တာဝန်ချတယ်။ ကျွန်တော်က ရီပတ်ပလီကန်ပါတီနဲ့အဆက်အသွယ် လုပ်ဖို့ တာဝန်ကျတယ်။ ဒီခိုးဝင်မှုဟာ ရီပတ်တွေကစတာ၊ ဒါမှမဟုတ် ဘယ်သူကမှမပြောဘဲ ပြိုင်ဘက်တွေက လုပ်တာ ပဲလို့ ပြောကြပါတယ်။ အစောပိုင်းက ဝါရှင် တန်ပို့စ်က အတော်ကိုရှေ့ရောက်တယ်လို့ ထင်ခဲ့ပါတယ်။ သတင်းက ကောင်း တော့ အခြားသူတွေလည်း ဒါတွေ ကိုလိုက်ဖို့ ကြိုးစားနေဆဲပါ။
ဒီနေ့အထိ ဝါရှန်တန်ပို့စ်မှာလုပ်နေတဲ့သူဟာ ဝါးတားဂိတ်ဖြစ်ရပ်ကနေ အစိုးရအပေါ် သံသယအမြင်နဲ့ ကြည့်တာ၊ အတိုက် အခံလို ရပ်တည်ချက်တွေ အမွေကျန်ခဲ့တာက အကြောင်းတစ်စိတ်တစ်ပိုင်းပါ။ ရန်လိုတယ် လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သံသယအမြင်ကတော့ သေချာပါတယ်။ ပြီးတော့ သမ္မတဟာ သေချာစဉ်းစားပုံမရ ဘဲ မီဒီယာဟာရန်သူဖြစ်နိုင်တယ်ဆိုပြီး တစ်ခါတစ်ခါပြောပြစ်သလားလို့ ခံစားမိတယ်။ အစိုးရထဲ တစ်နေရာရာ က၊ ဒါမှမဟုတ် မီဒီယာထဲက လူအချို့က အိမ်ဖြူ တော်ကို ရန်သူအဖြစ် မြင်ကောင်းမြင်မယ်။ ဒါပေမယ့် ကျွန်တော် အဲဒီလိုလုံးဝမမြင်သလို ဒီမှာအဲဒီလိုမြင်တဲ့သူ အများကြီး ရှိမယ်လို့လည်း ကျွန်တော်မထင်ပါဘူး။
ဒီကိစ္စကို ဖွင့်ချတာဟာ သူနဲ့လုပ်ဖော်ကိုင်ဖက်တွေက စာနယ်ဇင်းတာဝန်အရလုပ်ခဲ့ကြတာဖြစ်ပြီး မိတ်ဆွေသတင်း သမား ဖြစ်တဲ့ ဘုတ်နဲ့ ကားလ်တို့ကို သတိရနေပါတယ်လို့ ဇူလိုင် ၁ ရက် ၂ဝ၁၇ က VOA သတင်းဌာနရဲ့ အမေးကို ဖြေကြားခဲ့ပါတယ်။
(၇)
ဒီအဖြစ်အပျက်ကြောင့် ဝါရှင်တန်ပို့စ်ဟာ သတင်းစာသမိုင်းမှာ စုံစမ်းဖော်ထုတ်ခြင်း သတင်းစာပညာ Investigative Journalism ရဲ့ခေတ်တစ်ခေတ်ကို တည်ထောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သတင်းလွတ်လပ်ခွင့် ရှိတဲ့နေရာမှာ မတရားမှုနဲ့ စိတ်ကွယ်ရာမရှိဘူးဆိုတာကို ပြနိုင်ခဲ့ပြီး တရားဥပဒေကိုဘယ်သူမှ ရှောင်ကွင်းလို့ မရဘူး။ ဘယ်သူကမှတရားဥပဒေကို ကျောခိုင်းလို့မရဘူးဆိုတဲ့ လောကသစ္စာစကားကိုလည်း သက်သေထူနိုင် ခဲ့ပါတယ်။ အမေရိကန်ကျီးမဲတွေဟာ ငါတို့အား လုံးက ကျီးမဲတွေပဲဆိုပြီး ဝိုင်းအာခဲ့ကြလို့ သမ္မတနှုတ်ထွက်ပေးခဲ့ရတဲ့ အသိတရားရစရာအဖြစ်အပျက်တစ်ခုပါပဲ။
အလင်းလက်
(၁) မောင်ရန်ပ၊ ဒီသရုတ်
(၂) VOA မြန်မာပိုင်းအစီအစဉ်။
၁-၇-၂ဝ၁၇
Comments